မဟူရာစံအိမ်​နှင့်​ တမလွန်ရွာ အပိုင်း၂

မဟူရာစံအိမ်နှင့် တမလွန်ရွာ
***************
အပိုင်း(၂)

        " ကားဆရာ ... ဟိုရှေ့က မဟူရာစံအိမ်မှာ ရပ်ပေးပါ "
        ဒေစီကျော်က ကားသမားကို ထိုသို့ပြောသဖြင့် ကားသမားက မဟူရာစံအိမ်တံခါးဝတွင် ကားကို ရပ်ပေးသည် ။
        ထို့နောက် ကားပေါ်မှ ပစ္စည်းများကို အောက်သို့ချကြသည် ။
        မာဂ သည် မဟူရာစံအိမ် ဟုခြံဝတွင်  ဆိုင်းဘုတ်တင်ထားသောအိမ်ကြီးကို ခြံပြင်မှ အကဲခတ်ကြည့်နေသည် ။
        အုတ်တံတိုင်းကာရံထားသောအိမ်ကြီးမှာ မဟူရာစံအိမ် ဟူသော ဘွဲ့နှင့်အညီ ကြီးမားသော အိမ်မည်းကြီးတစ်လုံးဖြစ်သည် ။
        ပျဉ်ထောင်အိမ်ကို ရေနံချေးနိုင်နိုင်သုတ်ထားသောကြောင့် နက်ပြောင်နေသည် ။
        ခြံဝန်းအတန်အသင့်ကျယ်ပြီး မြက်ရိုင်းကြီးများ က နေရာအနှံအပြားကို စိုးမိုးထားကြသည် ။ မြို့ပြင်တွင် သီးခြားဆောက်လုပ်ထားသောကြောင့် ပတ်ဝန်းကျင်တွင် အခြားအိမ်များမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည် ။
         ကားသမားပြန်သွားတော့ ဒေစီကျော်က သူမထံတွင် ပါလာသော သော့ဖြင့် ခြံတံခါးကိုဖွင့်သည် ။
        သော့ရလာပုံမှာလည်း ကတိအတန်ပေးကာ မရမကပြောဆိုတောင်းပန်လာရခြင်းဖြစ်သည် ။ ဒါတောင် ဒေါ်သီသီက မဟူရာစံအိမ်တွင် မတည်းဘဲ တည်းခိုခန်းတွင် တည်းရန်ပြောသည် ။
        နောက်တော့မှ တည်းခိုခန်းတွင်တည်းရန် မသင့်တော်သည်က တစ်ကြောင်း ၊ လွပ်လပ်စွာနေနိုင်ရန်ကတစ်ကြောင်းကြောင့် သော့ကို မပေးချင်ပေးချင်ဖြင့် ပေးခဲ့ခြင်းဖြစ်သည် ။
        " ပစ္စည်း တွေသယ်ကြဟေ့ "
        အပေါက်ပွင့်သွားပြီမို့ ပစ္စည်းများအထဲသို့ သယ်ကြသည် ။ ပါလာသောပစ္စည်းများမှာ အတော်များသဖြင့် တစ်ခေါက်နှင့် မပြီး ။
        ဒေစီကျော်က အိမ်တံခါးကို ဆက်ပွင့်ပေးသဖြင့် ပစ္စည်းများကို အိမ်ထဲသို့ သွင်းကြသည် ။
        အိမ်ကြီးမှာ အတော်ပင်ကြီးမားပြီး အခန်းပေါင်းမြောက်များစွာရှိသည် ။
        " ကဲ ... အခန်းဘယ်လိုယူကြမှာလဲ "
        ဒေစီကျော် ကမေးသည် ။
         " မိန်းကလေးတစ်ခန်း .. ယောက်ျားလေး တစ်ခန်းယူမှရမှာပေါ့ ... ကိုယ်နေချင်တဲ့လူနဲ့ တွဲနေလို့ရမလား "
         ဇာနည်က ဒေစီကျော်ကို နောက်လိုက်သဖြင့် ဒေစီကျော် ရှက်သွေးဖြာသွားသည် ။
         " ငါသိတာပေါ့ ကောင်စုတ်ရဲ့ ... အပေါ်ထပ်မှာနေကြမှာလား ... အောက်ထပ်လားမေးတာ "
         " ဒေစီရေ ... ငါတို့ အပေါ်ထပ်မှာနေရအောင် "
        " မာဂ .. တို့တော့ အောက်ထပ်မှာနေမယ်နော့် "
         ဝါဝါ နှင့်အပြိုင် ရဲရဲက ပြောသည် ။
         " ကောင်းတယ် ငရဲ ... အောက်ထပ်မှာနေမယ် "
        ရဲရဲစကားကို မာဂ က ထောက်ခံသည် ။
        " ဒေစီနဲ့ ဝါဝါ ... ငါတို့လည်း အောက်ထပ်မှာပဲ နေကြရအောင် ... နီးနီးနားနားနေတော့ ကောင်းတာပေါ့ .. ပြီးတော့ ... "
        " ဘာပြီးတော့လဲ "
        " ငါက သရဲကြောက်တတ်တယ် .. လူများများနဲ့ မှ အိပ်ရဲမှာ "
        သီရိစကားကြားသော် ဝါဝါလည်း ထိတ်လန့်သလိုဖြစ်လာသည် ။
        " ဟုတ်တယ် ဒေစီ ... ငါလည်း သရဲကြောက်တယ် ... အောက်ထပ်မှာပဲ နေတော့မယ် "
        " ဟား ဟား ဟား .. ငကြောက်တွေ "
        ယောက်ျားလေးတွေဝိုင်းလှောင်တော့ သီရိနှင့် ဝါဝါတို့ အရှက်ပြေ အခန်းတွေကို လျှောက်ကြည့်နေကြသည် ။  

        နောက်တော့ အောက်ထပ်ရှိ အတန်အသင့်ကျယ်သော ကျယ်သော အခန်းနှစ်ခန်းကို လှဲကျင်းကာ သုံးယောက်တစ်ခန်းနေကြသည် ။
        အိမ်ကြီးအပေါ်ထပ်တွင် မွေ့ယာကြီးတစ်ခုသာရှိသဖြင့် မိန်းကလေးအုပ်စုကို သယ်ပေးကြ သည် ။
          အိမ်မှ စောင်ပါးများယူလာသဖြင့် အဆင်ပြေသည် ။ သို့သော် နွေရာသီပင်ဖြစ်လင့်စကား ရှမ်းပြည်၏ ဂုဏ်ဆောင် ချမ်းအေးမှုက ဒေသခံမဟုတ်သော သူတို့ကို အနည်းငယ် ဒုက္ခပေးနိုင်သည် ။
         ညနေပိုင်းရောက်တော့ မြို့ထဲသွားပြီး လိုအပ်သည်များ ဝယ်ယူကြရသည် ။
         ချက်ရေးပြုတ်ရေးအတွက် လျှပ်စစ်ရော ဂတ်စ် ပါ အဆင်မပြေသဖြင့် မီးသွေးတစ်အိတ်ဝယ်လာရသည် ။ အသုံးအဆောင်ပစ္စည်းအချို့နှင့် ဆန် ၊ ဆီ နှင့် ဟင်းချက်စရာ သီးနှံများကို ဝယ်ကြရသည် ။
         အိမ်တွင် မီးသွေးဖိုသုံးဖိုနှင့် အိုးခွက်ပန်းကန်များ အရန်သင့်ရှိနေသောကြောင့် ဝယ်စရာမလိုတော့ပေ ။
         ဖယောင်းတိုင်များကိုတော့ တော်တော်များများ ဝယ်လာခဲ့ကြသည် ။
        မြို့ထဲကပြန်ရောက်တော့ ချက်ပြုတ်ရေးအတွက် ဝိုင်းလုပ်သူလုပ် ၊ ရေချိုးသူချိုးဖြင့် စကြနောက်ကြ ပျော်စရာကောင်းလှသည် ။
        အိမ်နောက်ဖေးတွင် ရေတွင်းနှင့် အုတ်ကာထားသော ရေချိုးခန်းရှိသည် ။ ရေတွင်းထဲမှရေကို စက်သီးဖြင့် ဆွဲတင်ရသဖြင့် မိန်းကလေးများ မဆွဲနိုင်ရာ ယောက်ျားလေးများက ဆွဲတင်ပြီး အုတ်ကန်ထဲ ဖြည့်ပေးရသည် ။
        အားလုံးပြီးစီးသော် ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားသောက်ကြသည် ။ ပြောမနာဆိုမနာ သူငယ်ချင်းအရင်းအချာများပေမို့ စကားသံများဆူညံနေသည် ။
        " ငါတို့မနက်ဖြန် ဘယ်သွားကြမလဲ "
        " မိဝါ ... ခရီးပန်းလာတာ နားဖို့အရင်စဉ်းစားပါဟာ ... နောက်တော့ သွားနေပါလေ့ "
        " သီရိပြောတာဟုတ်တယ် ... တစ်ရက်နှစ်ရက်လောက် နားချင်သေးတယ် "
        " ပြီးရင်တော့ အင်းလေးအရင်သွားကြရအောင် .. အင်းလေးက ပျော်စရာကောင်းတယ်တဲ့ "
       " ဟဲ့ အဝါမ ... အဲ့လိုမှန်းသိရင် နင့်ကို ရွှေညောင်မှာ ချပေးခဲ့ပါတယ် "
       " ဟဲ့ အရဲကောင် ... နင်ရောမသွားချင်လို့လား "
       " ဟဲ့  မိဝါ .. ငါက နင့်လောက် မသည်းဘူး "
       " ဟဲ့ ငရဲ ... အတူတူပဲ "
       " အဝါတွေ အရဲတွေ တော်ကြပါတော့ ... အစားကောင်းကောင်းစားပါရစေ "
        ဇာနည်ထအော်မှ နှစ်ယောက်သား တိတ်သွားကြသည် ။
         " ဒေစီ "
         " ပြောလေ မာဂ "
         " နင်ပြောတဲ့ မြေအောက်ခန်းဆိုတာ ဘယ်မှာရှိတာလဲ "
        " ဟို အစွန်က အခန်းထဲမှာ ... ထမင်းစားပြီးမှ လိုက်ပြမယ် "
         ထို့ကြောင့် ထမင်းမြန်မြန်စားကြသည် ။
         မှောင်ရိပ်သန်းစပြုနေပြီမို့ အောက်ထပ်တွင် ဖယောင်းတိုင်များ လင်းထိန်စွာ ထွန်းထားကြသည် ။
         စားသောက်ပြီးသော် ဒေစီကျော်က ဦးဆောင်၍ အစွန်ဆုံးနေရာတွင်ရှိသော အခန်းငယ်လေးဆီသို့ ဓာတ်မီးများယူ၍ သွားကြသည် ။
         အခန်းဝရောက်တော့ သော့ခတ်ထားသည်ကို တွေ့ရသည် ။
        " ဒေစီ ... သော့ခတ်ထားတယ်ဟ ... နင့်မှာ သော့ပါလား "
        " မပါဘူး မာဂ ... ငါလည်း သော့ခတ်ထားမယ် မထင်မိဘူး ... ပြီးတော့ ငါ့အမေက ဒီအခန်းထဲကို မဝင်ဖို့ အထပ်ထပ်ကတိတောင်းလို့တောင် ကတိပေးခဲ့ရသေးတယ် "
        " ဒီအခန်းထဲမှာ တစ်ခုခုရှိနေတာ အသေအချာ ပဲဟ "
        " သော့မရှိတော့ ဘယ်လိုလုပ်ကြမလဲ "
        " သော့ဖျက်လိုက်ရင်ရော "
        " အရမ်းမလုပ်နဲ့ ဇာနည် ... ဒေစီ့သဘောကို မေးကြည့်ဦး "
         " မေးစရာ မလိုပါဘူးဟာ ... သဘောတူတယ် .. စတိုခန်းထဲမှာ သော့ဖျက်ဖို့  ပစ္စည်းရှိလိမ့်မယ် "
         ဒေစီကျော်က ထိုသို့ပြောသဖြင့် ဇာနည်နှင့် ရဲရဲတို့ စတိုခန်းကို သွားကြသည် ။ အားလုံး၏ ရင်ထဲဝယ် ထိုအခန်းနှင့် ပတ်သတ်ပြီး သိချင်စိတ်များ ပြင်းပြနေကြသည် ။
        မကြာမီ ဇာနည်နှင့် ရဲရဲတို့ ပြန်ရောက်လာသည်။
       " သံတူရွင်းပဲတွေ့လို့ ယူလာတယ် "
       ရဲရဲက ထိုသို့ပြောကာ သော့ကို ရိုက်ဖျက်ရန်ပြင်သဖြင့် အားလုံးနောက်ဆုတ်လိုက်ကြသည် ။
        တစ်ချက် ... နှစ်ချက် ... သုံးချက် ... လေးချက်မြောက်ရိုက်မှ သော့ပွင့်သွားသည် ။ ထို့နောက် ရဲရဲက တံခါးဖွင့်လိုက်သည် ။
        အပြင်တွင် မှောင်စသာ ရှိသေးသော်လည်း အခန်းလေးထဲတွင်မူ ပိန်းပိတ်အောင်မှောင်နေသည် ။
အလုအယက်ပင် ဓာတ်မီးများဖြင့် ထိုးလိုက်ကြသည် ။
        မာဂက အခန်းထဲသို့ ဦးဆောင်ဝင်သွားသဖြင့် အားလုံး နောက်မှလိုက်ပါလာကြသည် ။ စိတ်လှုပ်ရှားမှုကြောင့် ကိုယ့်နှလုံးခုန်သံကိုပင် ကိုယ်ပြန်ကြားနိုင်သည် ။
         အခန်းငယ်လေးတစ်ခန်းဖြစ်ပြီး အတွင်း၌ ရှင်းလင်းနေသည် ။ ဘာပစ္စည်း အတိုအထွာလေးမျှပင် မရှိ ။
        " ဒေစီ ... ဘယ်မှာလဲ မြေအောက်ခန်း "
        " အေးလေ .. ဘာမှလည်း မရှိဘူး "
        " အခန်းများ မှားနေတာလား "
        " ဒေစီတော့ အတည်ပေါက်နဲ့ နောက်လိုက်ပြီထင်တယ် "
        တစ်ယောက်တစ်ပေါက်ပြောသံများကို နားမထောင်နိုင်ဘဲ ဒေစီကျော် ကိုယ်တိုင် အံ့သြနေသည် ။ ဤအခန်းထဲတွင် မြေအောက်ခန်းသို့ အတက်အဆင်းပြုလုပ်သော အပေါက်ရှိသည် ။
         ယခုအခါ၌ ဘာမှရှိမနေပေ ။ အခန်းပြည့် ဖယောင်းဖြာကြီး ခင်းထားသည် ။
       " မဟုတ်ဘူး ... ဒီအခန်းမှာ ရှိတာသေချာတယ် ... ငါ နင်တို့ကို မနောက်ပါဘူး "
        ဒေစီကျော်က ထိုသို့ပြောသော်လည်း အားလုံးမှာ လက်တွေ့မြင်နေရသောကြောင့် မယုံကြည်နိုင်ပေ ။
        " အားလုံးခဏဖယ်ကြ .. "
        " ဘာလုပ်မို့လဲ မာဂ "
        " ဒေစီပြောတာသာ တကယ်ဆိုရင် ဒီဖျာအောက်မှာ ရှိနိုင်တယ် ... ဖျာကို လှန်ကြည့်ရအောင် "
        " အေးဟ .. ဖြစ်နိုင်တယ် ... သွားသွား .. နင်တို့ အပြင်မှာ ခဏသွားနေလိုက် "
        ဇာနည်က ထိုသို့ပြောသဖြင့် ကျန်လေးယောက် အပြင်သို့ ထွက်ပေးသည် ။
        မာဂနှင့် ဇာနည်တို့ ဖျာချပ်ကြီးကို တစ်ဖက်သို့ လိပ်လိုက်ကြသည် ။ ထိုအခါ ကြမ်းခင်းပေါ်လာသည် ။ မြေအောက်ခန်းသို့ သွားနိုင်သော အပေါက်ကိုမူ မတွေ့ရပေ ။
       " ဒေစီ ..  မြေအောက်တံခါးက ဘယ်နားလောက်မှာလဲ "
       ဒေစီကျော် ခေတ္တစဉ်းစားပြီး အခန်းတစ်နေရာကို ပြသည် ။
       " အဲ့နေရာလောက်ပဲ "
       " ဒါဆို ငါတို့ ပျဉ်ချပ်နည်းနည်းလောက် ခွာကြည့်မှ ရမယ်ထင်တယ် .. ဘယ်လိုလဲ ဒေစီ "
       " ရတယ် .. ခွာ .. ဒီအိမ်ကို ငါ့အမေက ပြန်ရောင်းတော့မှာလေ .. ဘာမှမဖြစ်ဘူး "
       ထိုသို့ပြောသဖြင့် သံတူရွင်းဖြင့် ပျဉ်အဆက်ကို ခက်ခက်ခဲခဲ ကော်ထုတ်ရသည် ။ အတော်ကြာမှ တစ်ချပ်လှန်သွားသည် ။
        မာဂက ပျဉ်ချပ်လွတ်သွားသောနေရာမှ အောက်သို့ ဓာတ်မီးဖြင့်ထိုးကြည့်ရာ လှေကားထစ်လိုလို တွေ့လိုက်ရသည် ။
        " ဟာ ... ဟုတ်တယ် ဒေစီ ... ဒီအောက်မှာ တစ်ခုခုရှိနေတယ် "
        မာဂစကားကြောင့် အားလုံးဝမ်းသာသွားကြ
သည် ။
         ပျဉ်တစ်ချပ် ကွာသွားသဖြင့် ကျန်အချပ်များကို အလွယ်ပင် ခွာနိုင်ကြသည် ။ ခဏအကြာ အောက်ဖက်ရှိ အုတ်လှေကားထစ်များ အတိုင်းသား ပေါ်လာလေသည် ။
         " ရပြီဟေ့ .. ဆင်းကြမယ် "
         ရဲရဲက တက်ကြွစွာပြောသော်လည်း မိန်းကလေးများမှာ ညအချိန် မြေအောက်ခန်းထဲဆင်းရမည်မို့ ထိတ်လန့်နေကြဟန်ရှိသည် ။
         " မနက်မှာ ဆင်းကြည့်ကြရင် မကောင်းဘူးလား "
         " အင်း .. ဟုတ်တယ် ... အထဲမှာ ဘာတွေရှိမှန်း သိတာမဟုတ်ဘူး "
         " ဟာ ...နင်တို့ကလည်း.. ညတော့ဘာဖြစ်လဲ .. အားလုံး ခြောက်ယောက်ကြီးတောင် .. ဘာပဲဖြစ်ဖြစ် ခဏလောက် ဝင်ကြည့်ကြရအောင် "
        " ငါတို့က ကြောက်တတ်တယ် မာဂ "
        " ဘာမှ မရှိလောက်ပါဘူး ... ဒီညမှ ဝင်မကြည့်ရရင် ငါအိပ်လို့ပျော်မှာ မဟုတ်ဘူး "
         " ငါတို့လည်း ဝင်ကြည့်ပြီး မအိပ်ရဲရင် ဘယ်လိုလုပ်မလဲ "
        " ဒီအတွက် မပူနဲ့ ဒေစီ ... မာဂ စောင့်အိပ်ပေးလိမ့်မယ် "
        " ဟဲ့ ဇာနည် ... ကြောက်နေရတဲ့ အထဲ လာနောက်နေသေးတယ် "
        " သွားကြရအောင်ပါဟာ ... ခဏပဲအခြေအနေကြည့်ပြီး ပြန်တက်ရအောင် "
        " ခဏပဲနော် "
        " ငါတို့က လိုက်ချင်တာမဟုတ်ဘူး "
        မာဂ ဦးဆောင်ကာ ဆင်းတော့ မိန်းကလေးများ က နောက်ဆုံးမှ မရဲတရဲ လိုက်ပါလာကြသည် ။
        အုတ်လှေကား ၁၀ ထစ်ခန့်ဆင်းသော် ပိန်းပိတ်အောင်မှောင်နေသောအခန်းကျယ်ကြီးထဲသို့ ရောက်ရှိသွားသည် ။
        ဓာတ်မီးဖြင့် နေကာအနှံ့ထိုးကြည့်သော် အခန်းအလယ်တွင် လေးထောင့်စားပွဲငယ်ဘေးတစ်လုံးမှ လွဲ၍ အခြားမည်သည့်ပစ္စည်းမှာ ရှိမနေပေ ။
        အားလုံးရင်ထဲဝယ် ထူးဆန်းအရာ ၊ ထိတ်လန့်ဖွယ်ရာမြင်ကွင်းမျိုး တွေ့မြင်ရလိမ့်မည်ဟု မျှော်မှန်းထားသော်လည်း ထင်သလိုဖြစ်မလာသောအခါ စိတ်ထဲတွင် အောင့်သက်သက်ဖြစ်သွားကြသည် ။
       မိန်းကလေးများမှာလည်း မျက်နှာများ ကြည်လင်ဝင်းပသွားကြသည် ။
       အားလုံး အခန်းအလယ်ရှိစားပွဲဆီသွားကာ စားပွဲကို ဝိုင်း၍ ထိုင်လိုက်ကြသည် ။
        ထိုသို့ထိုင်လိုက်လေလျှင် မာဂသည် စာပွဲပေါ်ရှိ ထူးခြားမှုအား သတိထားမိလိုက်သည် ။ ထို့ကြောင့် ဓာတ်မီးဖြင့် သေချာ ထိုးကြည့်လိုက်သည် ။
       " စားပွဲပေါ်မှာ စာတွေရေးထားတယ်ဟ "
        မာဂစကားကြောင့် အားလုံး စားပွဲပေါ်သို့ တိုးဝှေ့ကြည့်ကြသည် ။
         မှန်ပေသည် ။
         အနက်ရောင် စားပွဲမျက်နှာပြင်ကို စာများထွင်းကာ အဖြူရောင်ဆေးတစ်မျိုးသုတ်ထားသောကြောင့် စာများမှာ အထင်းသားပေါ်နေသည် ။
         စာလုံးလေးများမှာ လွန်စွာသေးငယ်သော်လည်း သေချာကြည့်၍ ဖတ်ပါက ရနိုင်သည် ။ စားပွဲ ပေါ်ရှိစာသားများနှင့် တည့်နေသူများက စာကို အသံထွက်၍ ဖတ်ကြသည် ။
       စားပွဲပေါ်တွင် ရေးထားသည်များမှာ အောက်ပါအတိုင်းဖြစ်သည် ။
                    ** တမလွန်ရွာ**
          ၁) အနီရောင် ဖယောင်းတိုင် လေးတိုင်ကို 
               ကျောက်ခွက်ပတ်ပတ်လည်မှာ ထွန်းပါ ၊
          ၂) အခန်းထောင့် လေးထောင့်တွင် တစ်တိုင်
               စီထွန်းပါ ၊
          ၃) ကျောက်ခွက်ထဲသို့ သွေး(တိရစ္ဆာန်သွေး)
               အပြည့်ထည့်ပါ ၊
          ၄) သွားလိုသူ၏ သွေးစက်သုံးစက်စီ ထည့်ပါ၊
          ၅) သွားမည့်သူအချင်းချင်း လက်ဆက်ထား
               ပါ ၊
      အထက်ပါကိစ္စများ ပြီးလျှင် သင်သည် ထူးဆန်းအံသြဖွယ်ကောင်းသော နေရာတစ်ခုကို ရောက်သွားပေလိမ့်မည် ။ ပျော်ရွှင်ကြည်နူးဖွယ်ရာခံစားမှုများ ခံစားရမည် ။

မှတ်ချက် ။ ။ တစ်ဦး တစ်ယောက်တည်း မသွားရ ။
                  နှစ်ဦးထက်ပို၍ သွားနိုင်ပြီး ပြန်လာလိုပါ
                  က လက်ချင်းဆက်ကာ အိမ်သို့ အာရုံပြု
                  ထားရမည် ။
                  အခန်းထဲတွင် သွားလိုသူမှအပ အခြား
                  လူများ ရှိမနေရ ။
     
       စာများဖတ်ပြီးသော် အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည် ။
       " ဘာစာတွေလဲဟ "
       " ဂိမ်းနဲ့တူတယ် "
       " တမလွန်ရွာဆိုတော့ ကြောက်စရာကြီး "
       " ဟေ့ ပြန်တက်ကြရအောင် .. မနက်ဖြန်ရောက်မှ ပြန်လေ့လာရအောင် "
        အားလုံးသဘောတူညီမှုဖြင့် ပြန်တက်လာကြသည် ။
        ရင်ထဲတွင်တော့ တမလွန်ရွာဟူသောခေါင်စီးအောက်မှ စာသားများက နေရာယူထားလေသည် ။
         အပေါ်ပြန်ရောက်တော့ စကြ ၊ နောက်ကြ ၊ ကစားကြ ၊ စကားပြောကြဖြင့် ညဆယ့်တစ်နာရီခန့်တွင် လူစုခွဲကာ အိပ်စက်ကြသည် ။
        ခရီးပန်းလာသောကြောင့် ကောင်းကောင်းအိပ်ပျော်ကြသည် ။

                         ~~~~~~~~~~~
 
          နောက်တစ်နေ့ ဆယ်နာရီခန့်တွင် မိန်းကလေးအုပ်စု အိပ်ရာနိုးလာရာ ယောကျာ်းလေးများ မရှိနေကြပေ ။
         " ဒေစီ ... ဒေစီ .."
         " ဟဲ့ အဝါမ ... အလန့်တကြားနဲ့ ဘာဖြစ်လာတာလဲ "
        " မာဂတို့ မရှိတော့ဘူး "
        " ဟေ ... ဘယ်သွားကြတာလဲ "
        " ငါလည်း သိပါ့မလား ... သူတို့အခန်းတံခါးပွင့်နေလို့ ခေါ်ကြည့်တာ မရလို့ အထဲဝင်ကြည့်တာ မတွေ့ဘူး ... ခြံထဲမှာလည်း ရှာပြီးပြီ "
        " အပြင်သွားတာ နေမှာပါ ... ရေနွေးတည်ထားလိုက်ရအောင် ... သူတို့ပြန်လာတော့ ကော်ဖီသောက်ကြတာပေါ့ "
        ဒေစီကျော်ပြောပြီး ဒေစီကျော်ပင် ရေနွေးသွားတည်လိုက်သည် ။
         မကြာပါ ။
         မာဂတို့ အထုပ်တွေဆွဲပြီး ပြန်လာကြသည် ။
        " နင်တို့ကလည်း မြို့ထဲသွားတာတောင် ငါတို့ကိုမစောင့်ဘူး "
         ဝါဝါက ဆီးကြိုရန်တွေ့သည် ။
         " အဝါရယ် ... နင်တို့ခရီးပန်းလာပြီး အိပ်နေတာ မနှိုးရက်လို့ပါ ... ခု နင်တို့အတွက် တို့ဟူးနွေးဝယ်လာတယ် "
         " ဟယ် ... ကျေးဇူးတင်လိုက်တာ ... ပေးပေး "
        သီရိက မာဂ လက်ထဲမှ အထုပ်တွေကို ယူကာ မိုးဖိုခန်းထဲ ပြေးဝင်သွားသည် ။
        " ကရော် ... ကရော် ... ကရော့ "
        " ဇာနည် ... နင့်လက်ထဲက ကြက်ကြီးက ဘာလုပ်မို့လဲ "
        " ဘာမှ မလုပ်ပါဘူး ... လှလို့ဝယ်လာတာ "
        ဇာနည်က ထိုသို့ပြောကာ ကြက်ဖကြီးကို တစ်နေရာတွင် ကြိုးဖြင့်ချည်ထားလိုက်သည် ။
        " ပြီးပြီဟေ့ .. စားကြမယ် "
         သီရိအော်သံကြောင့် စကားဖြတ်ပြီး မနက်စာစားရန် ဝင်သွားကြသည် ။
         တို့ဟူးနွေး နှင့် ကော်ဖီပူပူ ။
         စားသောက်ပြီးသည်နှင့် မြေအောက်ခန်းသို့သွားရန် တိုင်ပင်ရာ အားလုံးတက်တက်ကြွကြွဖြစ်နေကြသည် ။
         ထို့ကြောင့် မြေအောက်ခန်းသို့ ဆင်းကြသည် ။
         မြေအောက်ခန်းကို လေဝင်လေထွက်ကောင်းရန်နှင့် အလင်းရောင်ရရန် စနစ်တကျပြုလုပ်ထားပုံရသည် ။

         မနေ့ညက မြင်ရသော မြင်ကွင်းနှင့် နေ့ခင်းမြင်ရသောမြင်ကွင်းက မတူညီပေ ။
         ညက အမှောင်ထဲတွင် စိုးရိမ်စိတ်များနေ၍ သတိမထားမိသော မြေအောက်ခန်းနံရံသည် ယခုအခါ၌ အရုပ်များ ၊ စာများဖြင့် နေရာမလပ်ရှိနေသည်ကို အံ့သြဖွယ်ရာ တွေ့လိုက်ကြရသည် ။
         အဖြူရောင်နောက်ခံပေါ်တွင် အနီရောင်ဖြင့် ရေးဆွဲထားသည်များမှာ ထူးဆန်းလှသည် ။
         အချို့နေရာတွင် သစ်ပင်လိုပုံများ ၊ အချို့နေရာတွင် တောင်ကုန်းတောင်တန်းများ ၊ စမ်းချောင်း၊ ရေအိုင်ကြီးငယ်တို့အပြင် အခြားသူတို့မသိသော အရုပ်များစွာ ပါဝင်လေသည် ။
         စာသားများမှာလည်း မှော်စာလိုလို ၊ ကျောက်စာလိုလို ၊ အရုပ်စာလိုလိုဖြင့် တစ်ခုမှ နားမလည်ကြပေ ။
       သူတို့မသိသော သက်ေတ ပေါင်းမြောက်များစွာကိုလည်း တွေ့ရသည် ။
        အခြားသူများက နံရံပေါ်မှအရာများကို စိတ်ဝင်စားနေကြသော်လည်း မာဂ မှာ အခန်းအလယ်ရှိ စားပွဲဘေးတွင်ထိုင်ကာ စားပေါ်ပေါ်မှ စာများကို စဉ်းစားကြည့်နေသည် ။
        " ကျောက်ခွက် ... ကျောက်ခွက်က ဘယ်မှာရှိတာလဲ ... "
         အခန်းထဲတွင်လည်း ခွက်နှင့်တူသောအရာ ဟူ၍ပင်မရှိ ။  အတန်ကြာစဉ်းစားပြီးနောက် စားပွဲကို မ ရွှေ့လိုက်သည် ။
        " ဟင် ... "
         စားပွဲအောက်မှ ထူးခြားသောအရာကြောင့် မာဂ အံသြသွားသည် ။
         အကြောင်းမှာ ...
         မြေတိုက်အောက်ခြေကို သရိုးကိုင်ကာ အချောသပ်ထားခြင်းဖြစ်ပြီး စားပွဲအောက်တည့်တည့်ရှိနေရာတွင် ကျောက်သားကို ခွက်သဏ္ဌာန် ပုံဖော်ထား ခြင်းဖြစ်သည် ။
        ထို့ပြင် ထိုကျောက်ခွက်၏ ပတ်လည်တွင် ဖယောင်းတိုင် ထွန်းညှိထားဟန် ဖယောင်းစက်များကို တွေ့ရသောကြောင့်ဖြစ်သည် ။
        " ဇာနည် ရေ "
        မာဂ ခေါ်သံကြောင့် ဇာနည်က လှည့်ကြည့်သည် ။ မာဂက ခေါင်းဆတ်ပြလိုက်ရာ ဇာနည်အနားသို့ ရောက်လာသည် ။
        " စီစဉ်လိုက်တော့ ... ဒီမှာ စာထဲမှာပါတဲ့ ကျောက်ခွက်ကိုတွေ့ပြီ ... ဖယောင်းတိုင်ထုပ်ပါ တစ်ခါတည်းယူခဲ့ "
        မာဂ ထိုသို့ပြောရာ ဇာနည် အပေါ်သို့တက်သွားသည် ။
        " ဟေ့ ... အားလုံးလာကြဦး "
        မာဂအသံကြောင့် ကျန်လူများ မာဂအနားသို့ ရောက်လာကြသည် ။
        " ဒေစီ .. ဝါဝါနဲ့ သီရိ ... နင်တို့ ဟိုစားပွဲပေါ်က စာတွေကို စိတ်မဝင်စားကြဘူးလား "
        မာဂ အမေးကြောင့် သုံးယောက်သား အူကြောင်ကြောင်ဖြစ်သွားကြသည် ။ ဇာနည် ၊ ရဲရဲနှင့် မာဂတို့က မနက်ကတည်းက တိုင်ပင်ပြီးသားမဟုတ်ပါလား ။
         " စိတ်ဝင်စားတယ် "
         " ဟုတ်တယ် ... အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
         " ငါလည်း သေချာတော့ မပြောနိုင်သေးဘူး .. ဒါပေမယ့် ပျော်စရာကောင်းတဲ့ ဂိမ်းတစ်ခုလို့ ငါတော့ထင်တယ် "
        " မဖြစ်နိုင်ပါဘူး မာဂရယ် "
        " အေးလေ .. တမလွန်ရွာ လို့ရေးထားတာကို "
        " နင်တို့က အဲ့ဒါပဲ ဖတ်တာလေ ... အောက်မှာရေးထားတာ မတွေ့ဘူးလား ... အံဖွယ်ထူးခြားတဲ့ နေရာတစ်ခုကို ရောက်သွားပြီး ပျော်စရာကောင်းပါတယ်တဲ့ဆို "
         " အေး မာဂ ... ငါလည်း စိတ်တော့ ဝင်စားတယ် "
         ဒေစီကျော်က မာဂတို့ဖက် ပါချင်လာပြီ ။
        " ဒေစီရယ် ... ဘာမှန်းမသိပဲနဲ့ "
        " နေပါဦး သီရိရယ် ... မာဂ. .. နင် စမ်းသပ်ကြည့်မလို့လား "
        " အင်း ... ငါတို့အားလုံးစမ်းကြမယ်လေ .. ဒီမှာ ကျောက်ခွက်လည်း ရှိနေပြီ "
       " မစမ်းကြပါနဲ့ဟာ .. အန္တရာယ်ဖြစ်နေရင် ဒုက္ခ "
       " ဟုတ်တယ်ဟ .. ငါတို့တော့ စမ်းသပ်တဲ့ထဲ မပါဘူး "
        သီရိနှင့် ဝါဝါ တို့က အကြောက်အကန်ငြင်းကြသည် ။
        " အန္တရာယ် ရှိရင် ဒီစာတွေကို ဘယ်သူက ရေးခဲ့မှာလဲ ... နောက်ပြီး အချိန်မရွေး ရပ်လိုက်ခို့ရပ်တာပဲ ... ဥပမာ အန္တရာယ်ရှိတယ်ထင်ရင် အဆုံးသတ်လိုက်မှာပေါ့ "
         ထိုစဉ် ဇာနည်တစ်ယောက် ပစ္စည်းများနှင့် အပေါ်မှ ဆင်းချလာသည် ။
        ဇာနည်ကိုင်လာသော ခွက်ထဲမှသွေးများကိုမြင်သဖြင့် မိန်းကလေးများ လန့်သွားကြသည် ။
        " ဟယ် ... ဇာနည်..  ဘယ်ကသွေးတွေလဲ "
        " ခုနက ငါတို့ကြက်ဝယ်လာတာ အကြံနဲ့ဟ ... ငါတို့သုံးယောက် တိုင်ပင်ပြီး ဝယ်လာကြတာ "
        သီရိ နှင့် ဝါဝါတို့မှာ မျက်နှာပျက်နေကြသည် ။
        " နင်တို့ တကယ်လုပ်တော့မှာပေါ့နော် "
        ထိုအခါ ရဲရဲက စိတ်မရှည်တော့
        " ဟုတ်ပါတယ်ဆို .. နင်တို့ မပါဘူးမလား ... မပါတဲ့သူတွေ အခန်းထဲမှာ မရှိရဘူးဆိုတဲ့ စည်းကမ်းချက်ရှိတယ် ... နင်တို့ အပေါ်တက်တော့ ... အပေါ်မှာ သရဲခြောက်ရင်တော့ ငါတို့လည်း မသိဘူးနော် "
        " ဘယ်က သရဲခြောက်ခြောက် မကြောက်ရေးချာ မကြောက် "
        " အေး မကြောက်နဲ့ အဝါမ ... ညက ငါတို့ အပေါ်ထပ်က ခြေသံတွေကြားရတယ် ... လှေကားပေါ်ပြေးတက်သံတွေရော .. နင်တို့ကြောက်မှာစိုးလို့ မပြောတာ .. မကြောက်ရင် သွားနေကြ  "
        ရဲရဲစကားကြောင့် သီရိနှင့် ဝါဝါတို့ ကတုန်ကယင် ဖြစ်သွားကြသည် ။
        " ဟုတ် ... ဟုတ်လို့လား "
        " မယုံရင် သွားနေကြည့်လေ "
        " ငါတို့ နှစ်ယောက်တည်း မနေရဲပါဘူး .. ဟဲဟဲ ..  ငါ .. ငါတို့လည်း ပါမယ် "
         ဝါဝါ့စကားကြောင့် လေးယောက်သား ကြိတ်၍ ပြုံးမိကြသည် ။ စည်းရုံးမရသော နှစ်ယောက်ကို ရဲရဲက ဉာဏ်သုံးကာ ပညာပေးလိုက်ခြင်းဖြစ်သည် ။
        ညက ခြေသံကြားဖို့နေနေသာသာ ဆင်လာပြီး တက်နင်းသွားရင်တောင် နိုးမှာမဟုတ်ဘူး ။ သီရိနှင့် ဝါဝါတို့သိပါက ရဲရဲကျော့ကော့မည်မှာ အမှန်ပင် ။
         ခြောက်ယောက်လုံး သဘောတူသဖြင့် အစီအစဉ်ကို စရန်ပြင်ကြသည် ။
        ဦးစွာ အနီရောင် ဖယောင်းတိုင်လေးတိုင်ကို ကျောက်ခွက်ပတ်ပတ်လည်ရှိ နေရာဟောင်းများပေါ်၌ ထပ်၍ ထွန်းသည် ။
        ပြီးလျှင် အခန်းထောင့် လေးထောင့် ။
        ကြက်သွေးကို ကျောက်ခွက်လေးထဲထည့်လိုက်တော့ ကွက်တိ ။
         ခြောက်ယောက်သား ကျောက်ခွက်ကို ပတ်ဝိုင်းရပ်နေကြပြီး မာဂမှ စတင်ကာ လက်ထိပ်ကိုဖောက်၍ သွေးစက်သုံးစက်ကို ကျောက်ခွက်ထဲသို့ ချလိုက် သည် ။
         တစ်ယောက်တစ်ယောက် ထည့်ကြပြီး တုန်ယင်နေသော မိန်းကလေးလက်များကို ဇာနည်က သွေးဖောက်ပေးရာ မိန်းကလေးများမှာ မျက်နှာရှုံ့မဲ့ ကာ တစ်ဖက်သို့ လှည့်ထားကြသည် ။
         အားလုံးပြီးသော် တစ်ယောက်လက်ကို တစ်ယောက်ဆက်ထားသဖြင့် စက်ဝိုင်းသဏ္ဌာန်ဖြစ်နေသည် ။
         ထိုစဉ် ...
         အာမေဋိတ်သံ များ စိတ်ထဲမှသာ ပြုကြပြီး ပါးစပ်မှ ထွက်မလာစေရန် အတော်ပင်ထိန်းလိုက်ကြရသည် ။
        အဘယ့်ကြောင့်ဆိုသော် ....

       ကျောက်ခွက်ထဲမှ သွေးများသည် သွေးကြောများ ယှက်ဖြာသကဲ့သို့ ဖြစ်ကာ ကြမ်းပြင်၌ ရွေ့လျားသက်ဝင်နေကြသည် ။
        ဟိုမှသည်မှ အခက်အလက်များ ယှက်ဖြာရွေ့လျားရင်း ခဏအကြာ မြေအောက်ခန်းအခြေတစ်ခုလုံး ပြည့်နှက်သွားလေသည် ။
        သွေးကြောများသည် ထိုမျှနှင့် မရပ်တန့်သေးဘဲ နံရံပေါ်သို့ ထိုးတက်သွားကြပြန်လေသည် ။
         သူတို့အုပ်စုမှာ ပါးစပ်အဟောင်းသားဖြင့် မျက်နှာချင်းဆိုင်နံရံများကို ကြည့်နေမိကြသည် ။
        သွေးကြောလေးများနှင့် ထိမိသော ရုပ်ပုံလေးများမှာ အသက်ဝင်လာကြသည်ကို အံ့သြဖွယ် တွေ့မြင်ရပြန်သည် ။
         သစ်ပင်ရုပ်ကို သွေးကြောများထိပါက သစ်ပင်သည် စိမ်းစိုကြီးထွားလာပြီး လေတိုးသဖြင့် သစ်ကိုင်းများပါ လှုပ်ခတ်နေသည် ။
        ထိုနည်းတူစွာ တေင်တန်းကို ထိပါက တောင်တန်းအစစ်သဏ္ဌာန် ပြောင်းသွားခြင်း ၊ ရေချောင်းများကို ထိပါက ရေစီးသံများ ကြားလာရခြင်းတို့နှင့်အတူ သူတို့ပတ်လည်တွင် သစ်ပင် ချုံနွယ်များမှာ အလိုလို ပေါက်လာကြသည် ။
         ကြည့်နေရင်းမှပင် မြေအောက်ခန်းအသွင်ပျောက်သွားပြီး တောနက်ကြီးတစ်ခုအသွင်သို့ ကူးပြောင်းသွားလေတော့သည် ။

                        #########
အပိုင်း(၃)>>>>
               >>>> ဆက်ရန်
                                                       ဂမ္ဘီရရွာ


Post a Comment