စွမ်းအားရှင်တို့တိုက်ပွဲ အခန်း ( ၄ ) တိုက်နွားဖြင့် တိုက်ခြင်း
နောက်တစ်နေ့နံနက်တွင် ဆရာကြီးဦးအောင်ခေါ်ယူထားသော ဆရာကြီး၏တပည့် ကိုကျော်ရှိန်နှင့် အမည်တူသောသူရောက်လာလေသည်။ သူ့ကို ဆရာကြီးက မောင်မောင်ဟုခေါ်သောကြောင့် ကိုကျော်ရှိန်လည်း ကိုမောင်မောင်ဟုသာခေါ်လိုက်တော့သည်။
ခရီးရောက်မဆိုက် အိမ်မျက်စောင်းထိုးရှိ လက်ဖက်ရည်ဆိုင်တွင် …
“ မောင်မောင်ရေ မင်းကိုအရေးတကြီးခေါ်လိုက်ရတာကတော့ ငါတို့ မနိုင်တော့လို့ပဲကွ ”
“ ဗျာ အဘဆရာကြီး ကျွန်တော် နားမရှင်းလို့ပါ ဘယ်လိုမနိုင်တာလဲခင်ဗျ။ ဆရာကြီးအနေနဲ့ ဘာမနိုင်စရာရှိသလဲခင်ဗျာ မဖြစ်နိုင်တာဗျာ ဆရာကြီးက ကျွန်တော့်ကို တွေ့ချင်တယ်ဆို ရိုးရိုးခေါ်ပါဗျာ အခုတော့ ’’ “ ဟကောင်လေးရ ငါပြောတာ နားထောင်စမ်းပါဦး ” “ ဟုတ်ကဲ့ဗျ ”
“ ဒီလိုငါ့ကောင်ရေ အဖိုးကြီးက မကျေနပ်ဘူးလေ ဘယ်ကျေနပ်မတုန်း ဒီကောင်ကျော်ရှိန်ကလည်း သူ့ကို လည်ပင်းကို သံဆူးပတ်ပြီး ရိုက်ထားတာ။ အဲနောက်ကျော်ရှိန်ရော ငါရောပါ ဒီအိမ်ထဲရှိတဲ့ သူ့တပည့်တွေကို နှင်ထုတ်ထားတာကိုးကွ ဒီလိုကွာ ငါ နှင်တုန်းက ၄ ကောင်ထဲရယ်၊ အဖိုးကြီးက အဲတာလည်း မကျေနပ်ဘူး။ လူထပ်စု အဲ အဲ သရဲထပ်စုတယ်ပေါ့ကွာ။ အကောင် ၂၀ လောက်အင်အားနဲ့ ထပ်တိုးပြီး အဖိုးကြီးက သဲမန်းဆန်မန်းကို တိုက်ဖျက်ပစ်လိုက်တယ်။ ” “ ရှူး အဘ ဟိုမှာ ဟိုမှာ ”
“ ဟိုမှာ အဖိုးကြီးထွက်လာတယ်ဗျ ” အဖိုးကြီးမှာ သူ့အိမ်ရှေ့မှ နေ၍ ကိုကျော်ရှိန်တို့အိမ်၏ အနောက်ဖက်ယွန်းယွန်းသို့ သွားရန် ပြင်နေသည်။ “ အဘ အဖိုးကြီးကြည့်ရတာ ကွတတနဲ့ဗျ။ လမ်းလျှောက်တာ ခါးကြီးလိမ်နေသလိုပဲဗျာနော် ” “ ဟုတ်ပါ့မောင်ရာ သူ့မှာလည်း ခံရရှာမှာပေါ့ မင်းအမေ မြွေနဂါးမကြီးက ခေါက်ချိုးထားတာကိုး၊ မင်းသေချာကြည့်ကြည့် သူ့မျက်နှာကို ။ ဖောသွပ်သွပ်ဖြစ်နေတာတွေ့လား ” “ ဟုတ်တယ်ဆရာကြီး တွေ့တယ်၊ ဆရာကြီးက မျက်လုံးတယ်ကောင်းတာပဲဗျ ”
“ အေး အဲတာ နဂါးငွေ့ နဂါးဆိပ်သင့်တယ်လို့ခေါ်တယ် မင်းကြည့်နေ သူ လမ်းကို အဝေးကြီး သိပ်မမြင်ရဘူး ” အဖိုးကြီးသည် ကိုကျော်ရှိန်တို့ အိမ်ရှေ့ရှိ ပိတောက်ပင်အရောက်တွင် ပိတောက်ပင်ကို ကိုင်လျက် ခဏ ရပ်လေသည်။ ထို့နောက် ကိုကျော်ရှိန့်အိမ်ဖက်သို့ အသာငဲ့ကြည့်ပြီး ယိုင်နဲ့ ယိုင်နဲ့ဖြင့် ဆက်လျှောက်သွားလေသည်။ ကိုကျော်ရှိန်တို့မှ သူ့အား ကြည့်နေသည်ကို မြင်ဟန်မတူပေ။
“ မောင်ကျော်ရှိန် မင်းကို သူပစ်လို့ ထိတာက မင်း ပုံမှန်လမ်းလျှောက်နိုင်တယ် စားနိုင်တယ်မလား၊ ဟိုကွာ မင်းအိပ်ယာပေါ် သဲခင်းထားတဲ့ကိစ္စလေ ” “ ဟုတ်ကဲ့ဆရာကြီး ကျွန်တော့်အဖို့ ပုံမှန်ပါပဲ။ ကျွန်တော်က အိပ်လည်း အိပ်လိုက်ရော အိပ်ယာက ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို တစ်ခုခုတက်လာတာကို သတိပြုမိလိုက်လို့ပါ ”
“ အေး သူ့မှာတော့ အခု မင်းမြင်တဲ့အတိုင်းပဲ၊ ထော့နဲ့ ထော့နဲ့ နဲ့ ဒါတောင် ဟိုနဂါးမက သတ်ဖို့တဲ့၊ ကြားထဲက တစ်ယောက်ယောက်က တားထားပုံရတယ်၊ ပူးတုန်းက ငိုလိုက်တာမှ အူလှိုက်သည်းလှိုက် နှပ်တွေကို ထွက်ကျတာပဲကွာ ဟား ဟား ဟား ”
“ ဟဲ ဟဲ ဟဲ ကျွန်တော် သိစိတ်လွတ်မသွားဘူးဆရာကြီး ဒါပေမယ့် ထိန်းမရဘူး သူဖာသာသူ ပြောချင်စိတ်ဖြစ်လာ ငိုချင်စိတ်ဖြစ်လာတာပဲ ” “ ဒါပေါ့ကွဲာဒါနဲ့ စောစောက စကား ပြန်ဆက်ကြရအောင် ”
“ သူက မကျေနပ်ဘူး။ ဒီလိုကောင်တွေက ဘယ်တော့မှလည်း ကျေနပ်တာမဟုတ်ဘူးကွ။ မလုပ်တော့ပါဘူးပြောလည်း လုပ်ထှာပဲ၊ အဲတာ လိမ်တာ မင်းတို့မှတ်ထား၊ ဒီလို မိစ္ဆာတွေပြောတဲ့စကား ဘယ်တော့မှ တစ်ခါတည်းမယုံလေနဲ့၊ သတိအမြဲထားရတယ်။ ” “ ဟုတ်ကဲ့ပါဆရာကြီး ”
“ သူက အခု မင်းတို့မြင်သားပဲ ပိတောက်ပင်ကို လာကိုင်တယ်မလား၊ အဲတာ သူ့အကောင်တွေကို လာစစ်တာဖြစ်ချင်ဖြစ် မဖြစ်ရင် ပါဝါလာပေးတဲ့သဘောပဲ၊ ငါတော့ ဒီညတော့ မြင်ယောင်နေတယ်ကွာ ” ကိုကျော်ရှိန်တို့ ၂ ယောက် သံပြိုင်ဖြင့် “ ဟာ ဆရာကြီးကလဲ” “ သြော် မင်းတို့ သတိ ၀ိရိယကပ်ဖို့ ပြောတာပါ၊ သတိဆိုတာ ပိုတယ်မရှိဘူးကွ ” “ ဟုတ်ကဲ့ပါဆရာကြီး ”
သို့နှင့် ကိုကျော်ရှိန်တို့ ၃ ဦးသားသည် အိမ်ပြန်လာခဲ့ကြသည်။ ၃ ဦးလုံး အိမ်ထဲသို့အရောက်တွင် ကိုကျော်ရှိန့်အိမ်ရှေ့တွင် ထိုအဖိုးကြီးပြန်ရောက်နေပြီ။ ဘာဖြစ်ဖြစ် အကြည့်ခြင်းကို ဆုံဖြစ်လိုက်ကြသည်။ ဆရာကြီးမှ ခါးကိုထောက်၍ ရင်ကို ကော့သည်။ အဖိုးကြီးက ပါးတစ်ခြမ်းထဲဖြင့် မလှပစွာ ပြုံးလေသည်။ * မမှုပါဘူးဆိုသည့် သဘော * ကိုကျော်ရှိန်တို့မှာ ချက်ချင်လက်ငင်း အိမ်ပြင်သို့ထွက်၍ စိတ်ရှိလက်ရှိ ရိုက်နှက်ပစ်လိုက်ချင်စိတ်ကို ထိန်းထားရသည်။ မိမိတို့အိမ်က လူများ ပစ်မှတ်များ၍တစ်ကြောင်း၊ အကြောင်းမဲ့သက်သက် ရန်ရှာလိုသည်မှာ မိမိတို့ မဟုတ်သည်ကတစ်ကြောင်း၊ အသာလေးငြိမ်နေတာကောင်းမည်ဟု တွေးလျက် မတုန့်ပြန်ခဲ့ချေ။ သို့မဟုတ်က အိမ်ရှိလူများ တစ်ယောက်ကုလို့မပျောက်သေး နောက်တစ်ယောက်ဖြစ်နေတာ ကြာရှည်လိမ့်မည်။ သို့သော် ကိုကျော်ရှိန်က နဂါးသိုက်ဆက်ရှိသူမို့ သိုက်မိခင်ကြီးက မနေနိုင်လို့ ၀င်ဆော်တာကြောင့် ထိုလူကြီး လိမ်ဖယ်လိမ်ဖယ် ရှိနေခြင်းကိုတော့ ပုထုစဉ်ပီပီ အားရလှပါသည်။ တကယ်တော့ ကိုယ်က အနိုင်မယူလိုသော်လည်း သူက ရည်ရွယ်ချက်များဖြင့် ဆက်လက်လုပ်ဆောင်နေခြင်းကြောင့်သာ တိုက်ပွဲကား ပိုမိုပြင်းထန်လာရသည်။ အလိုလို ရန်လိုနေသော အံ့ဖွယ်လူမိစ္ဆာ သရဲမိစ္ဆာများကြောင့် သရဲခြောက်သောအိမ်ကြီးက တိုက်ပွဲ၊ တနည်း စွမ်းအားရှင်တို့ရဲ့ တိုက်ပွဲ
“ အရေးကြီးတာလုပ်ရဦးမယ်ဟေ့ အခု အမှတ်ရလို့၊ ဟေ့ ဆိုင်ရာပိုင်ရာတို့က ဒီအိမ်ထဲမှာ ရှိနေတဲ့ သရဲမှန်သမျှ ကမ္မစိဒ္ဓိရှင်မှန်သမျှ အားလုံး ခြံထောင့်မှာ ချုပ်ထားလိုက်ကြစမ်း၊ ဒီအိမ်က လူအားလုံး ဒီအိမ်ကပြောင်းသွားပြီး ၂ ရက်နေမှ လွတ်စေ၊ ချုပ်ခြင်းသည် သွားလာခွင့်ကိုသာ ချုပ်ခြင်းဖြစ်သည်။ ကျန်တာ သရဲ ဘာသာဘာဝအတိုင်း ရှိနေစေ။ ငါဆရာအမိန့် မိစ္ဆာမှန်သမျှ ဖီဆန်နိုင်ခြင်းမရှိစေရ ” ထို့နောက် ကျန်ရှိလူများအား ကုသရန် ပြင်ဆင်ရပါသည်။
ကိုမောင်မောင်ကား ယောင်္ကျားလေးတစ်ယောက်ကို ကုသပေးနေသည်။ (သိပ်မထူးခြား၍ မရေးတော့ပါ)
ဆရာကြီးနှင့် ကိုကျော်ရှိန်သည် အိမ်ရှိ အေးအေးဖြူဆိုသည့် ကောင်မလေးကို ကုသနေသည်။ ကုသနေစဉ်ကိုပဲ ကြားလိုက်ရသည်က ( ဝေးးးးးးးး ဟေးးးးးးးး အူးးးးးးးးး ) ခြံထောင့်မှ လာသော အသံများဖြစ်သည်။ ထိုစဉ် ခြံထဲတွင် သစ်ရွက်များမလှုပ်ပါပဲ ကပ်လျက်အိမ်ဖက်မှ လေပြင်းများ တိုက်ခိုက်လာသည်။ ထိုလေပြင်းနှင့်အတူ ခြံထောင့်ရှိ ( AirCon)ပုံးကြီးအား တစ်ခုခုဖြင့် ဘုန်းကနဲ ထိရိုက်မိသည့်အသံကြီးသည် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
“ ခြံထဲကကောင်တွေကို ချုပ်ထားလို့ အဲအကောင်တွေက အော်နေတာကွ၊ အပြင်က သူ့အိမ်ဖက်က အကောင်တွေက စစ်ကူပေါ့။ ဒီဖက်ကို လာမလို့ အားယူနေတာသာကြည့် သစ်ရွက်မလှုပ်ပဲ လေတိုက်လာတယ်။ မရတော့ ခဲနဲ့ထုတာ ဟား ဟား ဟား ၊ အင်း … ဒီအိမ်က မပြောင်းမချင်း ပြတင်းတံခါးတွေ မဖွင့်နဲ့ဟေ့၊ နောက်ပြီး သူ့အိမ်ရှေ့ကိုလည်း မဖြတ်ကြနဲ့ အကောင်းဆုံးက ကိုယ့်ကို သူမမြင်ရင် ပိုကောင်းတယ် အိမ်ထဲတော့ ဒီကောင်တွေ ငြိမ်သွားမှာပါ ”
“ ဒါနဲ့ မောင်ကျော်ရှိန်၊ မင်း အရင်တစ်ခေါက်က ကြက်တူရွေးလေး ၃ ကောင်မွေးထားတာ တွေ့ပါရော၊ အခု အဲအကောင်တွေ မမြင်ပဲ လှောင်အိမ်ပဲတွေ့လို့ မေးကြည့်တာ ” “ ဟုတ်တယ်ဆရာကြီး၊ ဆရာကြီး ခဏပြန်တဲ့နေ့က ကျွန်တော် ၀ယ်လာတာ၊ ၃ ကောင်စလုံး ချက်ချင်းကြီးကိုသေကုန်တာဗျ အတော်အံ့ဖို့ကောင်းတယ်။ ” “ ညှော်များ မိသလားဟ ”
“ မမိဘူးဆရာကြီး၊ ၀ယ်တဲ့ညက တစ်ကောင်ဗျာ အစာစားရင်း ခြေထောင်သွားတာ၊ နောက်ဒုတိယအကောင်က မနက်ကျတော့ သေပြန်ရော၊ အဲနေ့ခင်းထိ ကျန်တဲ့တစ်ကောင်က အကောင်းကြီး စားတယ်၊ ရေသောက်တယ်၊ အော်တယ်၊ ညနေခင်းကျမှ ချက်ချင်းကို ကုတ်ချိပြီးတော့ သေတာဗျာ ၁၅ မိနစ်လောက်ပဲ ကြာတာ ”
“ သြော် တိရိစ္ဆာန်တောင်မှ အလွတ်မပေးတော့ပါလားကွ ဟေ၊ ဒါနဲ့ ဒီအိမ်ကြီးက လစေ့ဖို့ ဘယ်လောက်လိုသေးလဲ ” “ ရက်ပိုင်းလောက်ပဲ လိုပါတယ်ဆရာကြီး ဟိုဖက်မှာ ပြောင်းဖို့ကလည်း အဆင်သင့်မဖြစ်သေးလို့ ဆက်နေနေရတာ နောက်ဆယ်ရက်ဆို ပြောင်းတော့မှာပါ ” “ အေးကွယ် မင်းတို့ ငါတို့လည်း ဒီအခါများမှ အေးအေးနေရမယ်နဲ့တူတယ် …. အဲ …. အဲ ဟုတ်သေးဘူး ၊ မင်းရော ငါရော သိုက်ဆက်တွေမောင်ကျော်ရှိန်ရေ အဲတာတွေလည်း အရေးကြီးသကွ ” “ ဟုတ်ကဲ့ပါဆရာကြီး အဲတာတွေက ရန်သူမဟုတ်တော့ အေးအေးဆေးဆေးပါဗျာ ” “ ဟာ မဟုတ်ဘူးကွ မင်းမသိပါဘူးကွာ အဲအခါကျမှ သိလိမ့်မယ် အခု ငါမပြောတော့ဘူး ”
ထိုညတွင် ကိုကျော်ရှိန်သည် အိပ်လို့ မပျော့်တပျော်အချိန်တွင် …….
…… ဟား ….. ဟား….. ဟား …… ရုတ်တရက် ကိုကျော်ရှိန် လန့်သွားသည်။ နားမှ အလိုလို ကြားနေရသည့် ရယ်သံကြီးများမှာ တိတ်ဆိတ်နေသောည၀ယ် ခြောက်ခြားဖွယ်ကောင်းလှသည်။ ကိုကျော်ရှိန်၏ နှလုံးခုန်နှုန်းသည့် ရုတ်ချည်းဆိုသလို အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ ကိုကျော်ရှိန် အိပ်မှုန်စုံမွှားဖြင့် အသိကပ်တော့ ခြင်ထောင်သည် လှုပ်ခါယမ်းနေသည်။ ### လာပြန်ပြီလားကွာ။ ဆရာကြီးက ဒီကောင်တွေကို ချုပ်ထားတာပဲ ဘယ်လိုဖြစ်တာပါလိမ့် ၊ ဘာပဲဖြစ်ဖြစ် မေတ္တာကမ္မဌာန်းလေး လုပ်ရင်း အိပ်မယ်ကွာ ###
ကိုကျော်ရှိန်သည် လှိုက်ဖိုနေသော ရင်ကို ထိန်းသိမ်းလျက် ၀င်လေထွက်လေကို ဖြေးညှင်းစွာ စရှူသည်။ ၀င်လေမှာ ( သတ္တ၀ါအပေါင်း အေးချမ်းကြပါစေ )၊ ထွက်လေမှာ ( ရန်ပြုသူအပေါင်း အေးချမ်းကြပါစေ ) ထိုသို့ စရှုခါစပဲရှိသေးသည်။
“ ဟားးးးးးးး ဟားးးးးးးး ဟားးးးးးးး ဟားးးးးးးးး ကောင်လေးရာ၊ မင်းအတော်ရယ်ဖို့ကောင်းတာပဲ၊ မင်းပဲ ငါ့ဓာတ်ပုံကို မီးရှို့မယ်ဆိုကွ၊ ရှို့ဦးလေ၊ ရှို့လိုက်စမ်းဘာ ဟားးးးးး ဟားးးးးးး ဟားးးးးးးး ဟားးးးးးးး ”
ကိုကျော်ရှိန်မှ စိတ်မှ ဤသို့ ပြန်ပြောဖြစ်သည်။ ….. ကျွန်တော် တကယ်မရှို့ပါဘူး၊ ခင်ဗျားနဲ့လည်း နောက်ထပ် ပြဿနာမဖြစ်ချင်ဘူးဗျ၊ နောက်ပြီး ခင်ဗျားကိုလည်း ထပ်မလုပ်ချင်ဘူး။ ဒါကြောင့် မေတ္တာပို့နေတာပါ။ …….
“ လုပ်စမ်းပါကွာ၊ ဘယ်သူသေသေ အသေသာချကြေး၊ ငါက အသက်ကြီးပြီ / မင်းက ငယ်သေးတယ် မင်းသေရင်တန်တယ်ကွ ဟီး ဟီး ဟီး ဟား ဟား ဟား ”
ရော ခက်ပါရောလား …. ငါ့စိတ်က ပြောနေတာကိုလည်း သူက သိနေပြန်ရောဟ …
“ သိဆို မင်းမှာ ငါ့လက်ချက်က ပျောက်မှ မပျောက်သေးတာပဲကွ ဟ ဟ ဟ ” ခြောက်ကပ်ကပ်အသံကြီးဖြင့် ရယ်ပြနေပြန်သည်။ “ ဒါဖြင့် ခင်ဗျားရော မထိဘူးလား၊ ”
“ ထိထိကွာ ၊ ငါ့သေအောင်သတ်နိုင်ရင် သတ်ကွာ၊ ငါကတော့ မင်းတို့ သားအဖ မကျေဘူးကွ၊ မင်းတို့ကြောင့် ငါ့အုပ်စု ပြိုကွဲရတာ လက်စားခြေရမှ ကျေမယ်ကွ၊ အဲတာ မင်းတို့ ၃ ယောက်အသက်ပဲ ”
ကိုကျော်ရှိန်၏ နားထင်မှလည်း သွေးတိုးနှုန်းမြင့်မားသောကြောင့် နားရွက်များပါ လှုပ်နေသော်လည်း ပြင်ပကြောက်စိတ်ကား အလျင်းမရှိချေ။ သို့သော် ရန်မပွားချင်လို့သာ မိမိကုသသော လူနာအား မိစ္ဆာကိုခေါ်မသွင်းပဲ လက်ဖြင့် သပ်ချခြင်း ရေမန်းတိုက်ခြင်းတို့ဖြင့်သာ ကုသခဲ့လေသည်။ မိမိဖက်က တိုက်ခိုက်ခြင်း ထပ်မပြုတော့ပေ။ လိုအပ်ခဲ့သည်ကား သူတပါးကိုသာ ကုပေးနေခြင်းဖြစ်သည်။ မိမိကိုယ်တိုင်ကိုကား မကုသဖြစ်သေးချေ။ ထို့ကြောင့် ထိုလူကြီး၏ မိစ္ဆာစက်တို့ ကိုကျော်ရှိန် ရုပ်နာမ်တို့တွင် ရောက်နေသောကြောင့် ထိုလူကြီးပြောတာကို ကြားခြင်းဖြစ်လိမ့်မည်။ အိမ်အတွင်းသို့ လာရောက်ပြောကြားခြင်းလို့တော့ မယူဆပါချေ။
သို့နှင့် ထိုလူကြီးနှင့် ဆက်လက်အငြင်းပွားခြင်းကိစ္စကို ရပ်တန့်လိုက်ပြီး အိပ်မရတော့သည့်အဆုံး ဆရာကြီးဦးအောင်အားခေါ်၍ လက်ဖက်ရည်ဆိုင်(အလင်းဆိုင်)သို့ သွားမည်။ လိုအပ်တာများ တိုင်ပင်ဆွေးနွေး မေးမြန်းရင်ကောင်းမည်ဟု စဉ်းစားပြီး ကိုမောင်မောင်အား မခေါ်တော့ပဲ ၂ ယောက်သား ခြေလျင်ထွက်လာခဲ့ရာ ထိုအိမ်ရှေ့အရောက် အဖိုးကြီးမှာ သူ့အိမ်ထဲမှနေ၍ အပြင်ဖက်ကိုလှည့်ပြီး ပက်လက်ကုလားထိုင်ဖြင့် ထိုင်နေသည်ကို တွေ့ရလေသည်။ အချိန်ကား ညဥ့် ၁၂ နာရီတိတိ လကွယ်ည ။
ထိုလူကြီး ကိုကျော်ရှိန်တို့ကို မြင်သည် မမြင်သည်တော့မသိချေ။ မနက်၂ နာရီခန့် လက်ဖက်ရည်ဆိုင်မှ ပြန်လာသောအခါ သူ့အိမ်ရှေ့အရောက်တွင် ပြောင်းဖူးအကောင်းများ ပစ်ချထားသည်ကို တွေ့ရသည်။ ထိုအရာကိုဆရာကြီးမှ သိပြီး ထိုပြောင်းဖူးများကို ခြေထောက်ဖြင့် ပစ်ကန်ခဲ့သည်။ ထို့နောက် ပိတောက်ပင်အောက်အရောက်တွင် ခြံတံခါးဖွင့်နေခိုက် ကိုကျော်ရှိန်၏ ခြေထောက်တွင် စူး၍ ပူကျင်သော တိုက်ခိုက်မှုတစ်ခုကို သိလိုက်ရလေသည်။ သို့သော် ဆရာကြီးနှင့် စကားပြောမပျက်စေလို၍ အိမ်ထဲရောက်မှ ပြောမည်ဟု ချက်ချင်းမပြောသေးပဲ အိမ်ထဲအရောက်တွင် “ မောင်ကျော်ရှိန်ရေ ငါတော့ ထိပြီကွာ အဲဒီပိတောက်ပင်အောက်ကပဲ ငါ့ ကျောရယ် ခြေထောက်ရယ် ကင်းတုတ်တဲ့အတိုင်း အကြောင်းတွေက တန်းတက်လာတယ်။ မင်းစမ်းကြည့်စမ်း ”
“ ကျွန်တော်ရောပဲ ဆရာကြီး စကားစမပြတ်သေးလို့ ဆက်ပြောလာတာ ကျွန်တော်ပါထိတာဗျ ၊ ကျွန်တော် ဆရာကြီးကို စမ်းကြည့်မယ်ဗျ” ဟုဆိုကာ ဆရာကြီး၏ ကျောပြင်အား လက်တင်လိုက်သောအခါတွင် ကျောပြင်တစ်ခုလုံး ပူကြပ်နေပြီး လျှပ်စစ်စီးကြောင်းများသဖွယ် ကိုကျော်ရှိန်၏ လက်ပြင်သို့ လာရိုက်ခတ်သည်ကို သိလိုက်ရတော့သည်။ ကိုကျော်ရှိန်နှင့် ဆရာကြီး ဦးအောင်တို့သည် တစ်ယောက်ကို တစ်ယောက် ကုသပေးရင်း အိပ်ယာဝင်ခဲ့ကြတော့သည်။ သို့သော်ကား အိပ်၍ မပျော်ပါချေ။ အဘယ့်ကြောင့်ဆိုသော် ကိုယ်က နောက်ထပ် ရန်မီးမပွားချင်၍ မနှိပ်စက်လိုသောကြောင့်ဆိုသော်လည်း သူ့ဖက်က ဇွတ်တိုက်ခိုက်နေသည်။ မည်သို့ အေးဆေးစွာ အိပ်စက်လို့ ရအံ့နည်း။ မိမိတို့ ၂ ယောက်တည်းသာဆို သူသေသေ ကိုယ်သေသေ ချပြီးပြီ။ အခုတော့ ကျန်သူများကို ငဲ့ရဦးမည်။
အိမ်ထဲတွင် ချုပ်ထားသော အကောင်များမှ ရန်လာမပြုသော်လည်း လောလောလတ်လတ် အိမ်၏ပြင်ပတွင် မမြင်ရသော အားများဖြင့် အလုံးအရင်းများစွာ တစ်ပြိုက်နက် တိုက်ခိုက်သောအခါ ထိလာရသည်ကို လက်တွေ့ ခံစားခဲ့ရပြီး ဖြစ်လေသည်။ ထိုညလည်း အိပ်မပျော်ခဲ့ပါ။ ကြောက်၍ အိပ်မပျော်ခြင်းမျိုးတော့ မဟုတ်၊ အတွေးနယ်ချဲ့နေရင်းဖြင့် မိုးစင်စင်လင်းခဲ့ရသော ညများ များခဲ့ပါပြီ။
“ ဆရာကြီး ကျွန်တော် မရှင်းတာရှိလို့ မေးပါရစေဗျ ၊ ” “ မင်းကိုတော့ ရန်သူ့လက်ချက်ထိတာ ထားတော့ ငါလို ဆရာကြီးတောင် ဘာကြောင့် ထိသလဲလို့ မင်းမေးချင်နေတာမဟုတ်လား ” “ ဟုတ်ပါတယ်ဆရာကြီး ”
“ ဒီလိုပါ မင်းရောငါရော သိုက်ဆက်တွေလေကွာ၊ သိုက်ကြိုးမဖြတ်ရသေးဘူး။ သိုက်ဆက်ပါဆိုမှတော့ ဒို့တွေရဲ့ ခန္ဓာကိုယ်တွေထဲမှာ သိုက်ကမ္မစိဒ္ဓိတွေ ရှိနေရတယ်။ ဒါကို ငါတို့ အစက သတိမပြုမိခဲ့ကြဘူး။ သတိမပြုမိတော့ သိုက်ကြိုးဖြတ်ဖို့ဆိုတာ ဝေလာဝေး မစဉ်းစားမိခဲ့ကြဘူးပေါ့။ ရှင်းရှင်းပြောရရင် သိုက်ကမ္မစိဒ္ဓိနဲ့ အခြားသော လူမိစ္ဆာ သရဲမိစ္ဆာ၊ စတဲ့ ကမ္မစိဒ္ဓိရှင်တွေရဲ့ စွမ်းအားနဲ့ ခပ်ဆင်ဆင်ပဲ။ သဘောတရားတူတယ်ကွ။ ဒီတော့ကာ အခုခောတ် မီးခိုးကို အာရုံခံပြီး လိုက်နိုင်စွမ်းတဲ့ ဒုံးကျည်တွေလိုပဲ ဒို့ကိုယ်က မီးခိုးတွေ ရှိနေသလိုဖြစ်တော့ ထိတော့တာပါပဲကွာ။ ဒါပေမယ့် ဒို့တွေ အားထုတ်ခဲ့ကြတဲ့ သမထအားလေး ပါနေလို့ ဒီလောက်ခံသာတာ။ နို့မို့ မလွယ်ဘူးမောင်ကျော်ရှိန်၊ မင်းရော ငါရော မင်းဇနီးပါ သိုက်ကြိုးဖြတ်ရလိမ့်မယ် ၊ ပြီးတော့ ဒို့တတွေဟာ အမြဲသတိရှိရမယ်ကွ၊ ငါတို့ သတိလက်လွတ်လို့ ဖြစ်ရတာတွေ ၊ မင်း အိပ်တဲ့အခါ စည်းချသလား၊ အပြင်ထွက်တဲ့အခါ စည်းချသလား” “ မလုပ်မိဘူးဆရာကြီး ” “ အဲတာလေး အမြဲမှတ်ထားပါကွယ် ”
“ ဟုတ်ကဲ့ပါဆရာကြီး၊ ကျွန်တော်သိုက်ဆက်လည်း ဖြတ်ပါမယ်၊ ဒါနဲ့ အဲလိုဖြတ်လိုက်ရင် သူတို့က ကိုယ့်ကို မမြင်ရတော့ဘူးလား၊ ကိုယ်ပြောတာတွေကို သူတို့ မကြားရတော့ဘူးလား။ ကိုယ်က ဥပမာ သူတို့ကို ကုသိုလ်လုပ်ပေးလို့ အမျှဝေရင် သူတို့ မရတော့ဘူးလားဗျ ” “ မဆိုင်ဘူးကွယ့် အဲတာတွေက အဲလောက်ထိ မသက်ရောက်ပါဘူး၊ သိုက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ အားလုံး ဖျက်စီးပစ်တာကိုသာ ဆိုလိုတာ ၊ အဲလို ဖျက်စီးလိုက်ရင် သူတို့တွေ မင်းကို ပူးလို့ မရတော့ဘူး ၊ နောက်ပြီး မင်းလည်း သိုက်ကို ပြန်သွားဖို့ တာဝန်မရှိတော့ဘူးလေ ”
“ နားလည်ပါပြီ ဆရာကြီး ”
သို့နှင့် ဆရာကြီး ဦအောင်၊ ကိုကျော်ရှိန်နှင့် ကိုမောင်မောင်တို့သည် ရသည့်အချိန်လေးတွင် အိမ်ရှိလူများရှိ စွဲကပ်နေသော ပယောဂတို့ကို ရှင်းထုတ်ကုသပေးကြလေသည်။
ထို့နောက် ကိုကျော်ရှိန်တို့သည် ထိုအိမ်ကြီးမှ ရက်ပင် မစေ့သေးပဲ ၅ ရက် ကြိုတင်ပြီး ပြောင်းရွေ့ကြတော့၏။ ပြောင်းဖို့ရာ အိမ်မှ ပစ္စည်းများကို ထုပ်ပိုးသယ်နေစဉ် ခြံထောင့်ဆီမှ အဘဆရာကြီးချုပ်ထားသော သရဲများသည် ပြတင်းတံခါးများအား တ၀ုန်းဝုန်းဖြင့် ထုနှက်နေသည်မှာ ကိုကျော်ရှိန်တို့ ပြောင်းတော့မှာမို့ ၀မ်းနည်း၍တော့ မဖြစ်နိုင်ပါချေ။ ၀မ်းသာလုံးဆို့၍ ကခုန်နေမည်လား မပြောတတ်။ သို့သော် ဆရာကြီးနှုတ်မိန့်ရှိထားသော ပြောင်းပြီး ၂ ရက်နေမှသာ လွတ်မြောက်ကြပေလိမ့်မည်။
ပြောင်းရွေ့သည့်ရက်တွင် ဆရာကြီး ဦးအောင်သည် စည်းမချပဲ သတိမေ့လျော့၍ ပိတောက်ပင်ခြေရင်းတွင် သွားရောက်ထိုင်မိပြန်ပါတော့သည်။
ဆရာကြီးဦးအောင်နှင့် ကိုကျော်ရှိန်တို့အား ၊ အဖိုးကြီး၏ ပယောဂစက်နှင့် သိုက်ဆက်ဖြတ်ပုံကို နောက်အပိုင်းတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။ ထိုအပိုင်းများတွင် မြန်မာပြည်ရှိ အထင်ကရနေရာများ သမိုင်းတွင်သည့် အမည်များ ပါရှိသောကြောင့် အမည်နာမ တိကျစွာဖော်ပြမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
“ အ … အ မောင် .. မောင် ကျော် ရှိန် ….. ငါ့ ထိ ပြီကွာ အား … တစ်ကိုယ်လုံးကို ကိုင်ရိုက်ထားတဲ့အတိုင်း အား … လုပ်စမ်းပါကွာ ” ဒယီးဒယိုင်ဖြင့် ခြံတံခါးကို ကိုင်ပြီး ခြံထဲသို့ အဘဆရာကြီး ၀င်လာသည်။ ကိုကျော်ရှိန်နှင့် ကိုမောင်မောင်တို့သည် သူတို့၏ဆရာကြီး ယခုကဲ့သို့ ဝေဒနာခံစားနေရခြင်းကို အတော်လေး စိတ်မကောင်းဖြစ်ကြသည်။ ဒေါသလည်း အလွန်ထွက်နေကြသည်။
“ ဆရာကြီးရာ ဒီလူကြီးတော့ ကျွန်တော် အပြင်မှာကို သတ်မိတော့မယ်ဗျာ ” “ ဟာ မလုပ်ပါနဲ့ မောင်မောင်ရာ ဒို့လည်း ပြောင်းတော့မယ့်ဟာပဲ စိတ်အေးအေးထားပါလေ ပညာရပ်နဲ့ တိုက်ခိုက်ရင် ပညာရပ်နဲ့ပဲ ဖြေရှင်းရမယ်ကွယ် ကြားလား ကဲ ကဲ ပြောင်းမယ်အိမ်ကို သွားကြပါစို့ ”
ထိုအိမ်ရောက်သော် ခဏ ကုပြီးသည်နှင့် အဘဆရာကြီးအား
“ ဆရာကြီး နေသာရင် ဘယ်လိုဖြစ်ရတယ်ဆိုတာလေး ပြောပေးပါလား ”
“ အေး … ငါကိုယ်တိုင် သတိပေးမိတဲ့ ထောင်ခြောက်၊ ငါကိုယ်တိုင် သွားထိုင်လျက်သားဖြစ်တာကွာ၊ ဒီလိုမှန်းသိရင် သူစလုပ်ကတည်းက ဖျက်စီးပစ်ပါတယ် ဒါပေမယ့် အဲတုန်းကလည်း အားမှ မအားတာ ၊ ” “ ဟုတ်ပါတယ်ဆရာကြီး ”
“ဒီလိုကွ ဆရာကြီးက ညက အိပ်ရေးပျက်တာကြောင့်ဖြစ်မယ်။ ခေါင်းထဲ မူးရိပ်မူးရိပ်ဖြစ်လာလို့ အဲဒီပိတောက်ပင်ကို မှီပြီး ပင်စည်ကိုကိုင်လိုက်မိတာ အဲဒီမှာကွာ ကောင်းကင်ကနေ ဠင်းတတွေ ကျီးကန်းတွေ သိန်းငှက်လို အကောင်ကြီးတွေလည်းပါတယ် ပြုံပြီး ထိုးဆင်းလာကြတာ ငါ့ကို ထိုးဆိတ်ကြပါလေရော ၊ ငါလည်း ရိုက်ထုတ်လိုက်တော့ သိန်းငှက်တစ်ကောင်ကို ရိုက်မိတယ် အမွှေးတွေ ဖွာကနဲ ပွစာတက်အောင် ရိုက်ချပစ်လိုက်တယ်ကွာ ။ အဲဒီလို ငှက်တွေ ပြုံပြီး ဆင်းမလာခင်မှာ ငါ့ခြေထောက်တွေက လှုပ်မရတော့ဘူး။ တကယ်က ထောင်ခြောက်မိနေတာ။ နောက်ကနေပြီး တစ်ယောက်ယောက်က သိုင်းဖက်ထားသလို ခံစားရတယ် သိနေတယ် ၊ ဒါနဲ့ ငါက တံတောင်နဲ့ တွက်တာ မပြုတ်ဘူးဗျာ။ ဒီလို ငါ့ကို ချုပ်ထားဖို့ဆိုတာသည်လည်း တော်ရုံတန်ရုံအားနဲ့ မရပါဘူး။ ဒီငနဲကြီးက တော်တော်ကို အစားမကျေနေတာကွာ ၊ သူ့တပည့်တွေတောင်မှ တစ်ဗိုလ်ကျတစ်ဗိုလ်တက်စံနစ်နဲ့ စီမံကွပ်ကဲထားပုံရတယ်။ အနာခံပြီးတော့ကို လုပ်တယ်ကွယ့်။ သူ့အိမ်ထဲက တိုက်နွား ၂ ကောင်ကလည်း ငါ့ကို ပြေးခွေ့(ဝှေ့)တယ် ၊ နွားခွေ့တာကိုတော့ မခံရပါဘူး ငါ လမ်းကနေ ဖြတ်ပြီး ငယ်ထိပ်ကို ချိန်ပြီး လက်နဲ့ရိုက်ချပစ်လိုက်တယ်။ နွားတွေ ဖင်ထိုင်လဲကျသွားတယ်ကွ ပြန်ထမလာတော့ဘူး။ တကယ်တော့ သရဲတွေပါ၊ နွားသရဲ။ ဒီနွား ၂ ကောင် သေတာနဲ့ ကျန်တဲ့အကောင်တွေ ရှဲကုန်ကြတယ်။ အခု ငါ့ကို ဆော်တာတွေ အားလုံးကလည်း သရဲတွေများတယ်၊ စုပေါင်းပြီး အချိန်တစ်ခုတည်းမှာ လုပ်တော့ အားအင်အစွမ်းတွေက ကြီးမားလာတယ်ကွ။ ငါတို့မှာက ကုနေတာတစ်ဖက် မိမိသတိလစ်ဟင်းမှုကို တစ်ဖက်က ဂွင်ကောင်းစောင့်နေတာကြောင့် ပေါ့ဆလိုက်တာနဲ့ ခံလိုက်ရတယ် ၊ တစ်ခု ရှိသေးတယ် တကယ်က အဘခန္ဓာမှာကို ကမ္မစိဒ္ဓိရှိနေတာ မင်းတို့ကို ပြောပြီးပြီပဲ အဲတာကတော့ သိုက်ဆက်ကမ္မစိဒ္ဓိတွေပဲ၊ ဒါတွေကို မရှင်းထုတ်လို့ကို မရဘူး သူတို့ကအဓိက မိန်းကျတယ်။ သူတို့ကမ္မစိဒ္ဓိတွေ ဒို့ကိုယ်မှာ ရှိနေလို့ သဘောသဘာဝတူတဲ့ ဒီလို မိစ္ဆာတွေရဲ့ လက်နက်ဟာ ဒို့လို သမထအားထုတ်ထားတဲ့ လူကိုတောင် ထိစေနိုင်တယ်ကွ ”
ထို့နောက် ကိုကျော်ရှိန်တို့သည် နောက်ပြောင်းသည့် အိမ်သစ်တွင် ရောက်ရှိသွားပြီး ထိခိုက်သည်များကို ဆက်လက် ကုသကြရလေသည်။ တစ်ရက်တွင် ကိုကျော်ရှိန်သည် အိပ်ယာထက်တွင် လျောင်းနေခိုက် သူ၏နားရွက်ကို တစ်ခုခုကို လာပုတ်တို့လိုက်သည့် သဖွယ် ခံစားရလေသည်။ သူ၏ စိတ်မှ ထိုအကြောင်းအရာဟာ ဘယ်လိုကြောင့်ဖြစ်ရတာလဲဟု မေးခွန်းထုတ်သောအခါ သူ၏နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည်က “ ဘီလူး ” ဟု ခပ်ဆတ်ဆတ်ပြန်ပြောသံကို ကြားရလေသည်။ ဒါဖြင့် ထိုအဖိုးကြီးနဲ့ ပတ်သတ်တာလား ဟု စိတ်ဖြင့်သာ ပြန်မေးသောအခါ “ အေး ငါတို့ လုပ်တာက မင်းတစ်ယောက်တည်းတင် မဟုတ်ဘူးကွ အားလုံး အားလုံး ” ဟု ပြန်ပြောသံနှင့်အတူ အိပ်ယာထဲလျောင်းနေသော ကိုကျော်ရှိန်၏ ရင်ဘက်ကို လက်ဖြင့် ပုတ်သကဲ့သို့ ထိသိခံစားရလေသည်။ အဖိုးကြီးသည် ကိုကျော်ရှိန်တို့အား အခဲမကျေသေးပဲ ဘီလူးများကို တပည့်မွေးကာ ဆက်လက်တိုက်ခိုက်နေသေးကြောင်း ထင်ရှားလာပါသည်။
ကိုကျော်ရှိန်၏ နားသည်လည်း အကြားအမြင်ရဘိသကဲ့သို့ သူတို့အချင်းချင်း ပြောဆိုနေကြသံများကိုပါ ကြားရလေတော့သည်။ “ ကျော့ကျော့ခင် ညည်း ဒီည တာဝန်ကျတယ်၊ သေသေချာချာလုပ် ကြားလား ” “ အောင်မာ ဘူဘူချင်း တစ်မလုပ်နဲ့ နင်လည်း တပည့် ငါ့လည်း တပည့် နင်က ငါ့ထက် ပိုထက်နေလို့ ငါ့ကို ဆရာလာလုပ်နေတာလား အကောင်က ။ နင်တို့တုန်းက နင်တို့ခံခဲ့ရပြီးတော့များ ” “ အေးပါ ငါက နင့်ကို စိုးရိမ်လို့ သတိပေးတာပါ ”
….. ခက်ပါရောလား အဖိုးကြီးရေ။ ကျုပ်က ထပ်ပြီး မတိုက်ခိုက်ချင်ဘူးဗျ။ အင်း ခင်ဗျားကလည်း သေတောင် လျှော့မယ့်လူမဟုတ်ဘူး။ ကဲ လုပ်စမ်းကွာ၊ ကျုပ်ဖက်က သည်းခံနိုင်တဲ့အတိုင်းအတာတော့ လွန်လာပြီ။ ….. ကိုကျော်ရှိန်၏ အတွေးမှ တွေးနေခြင်းဖြစ်ပါသည်။ ထို့နောက် သူ အိပ်ပျော်သွားတော့၏။
စွမ်းအားရှင်တို့တိုက်ပွဲ အခန်း ( ၄ ) တိုက်နွားဖြင့် တိုက်ခြင်း ပြီး၏။
Post a Comment