စွမ်းအားရှင်တို့တိုက်ပွဲ အခန်း ( ၃ ) မြွေနဂါးမကြီး
* ဒီလိုပဲ မောင်ကျော်ရှိန်ရ သူတို့တွေမှာသာမာန်ထက် အားသာချက်တွေရှိတာ အဲတာတွေပဲ။ သူ့တပည့်တွေက သရဲတွေလေ ဒီကောင်တွေက အရင်အခေါက်က ဒို့နှင့်ထုတ်ထားတုန်းကလို မဟုတ်ဘူး။ အစွမ်းတွေ အဖိုးကြီးက ထပ်ပေးထားတယ်ကွ။ ဒါကြောင့် ဒို့သဲမန်းဆန်မန်းကို မမှုတော့ပဲ မင်းအခန်းသော့ခတ်ထားတာတောင် ၀င်ပြီး သဲတွေဖြူးထားခဲ့ပါရော မင်းသိသားပဲကို ။ အခုက အင်အားလည်း များလာတယ်။ အကောင် ၂၀ လောက်ရှိသကွယ့်။ ဒို့လည်း မအားသေးတာနဲ့ မနှင်ရသေးဘူး။ သူများကိုလည်း ကုလည်းကု ဒို့ကိုယ်တိုင်လည်း သတိထားရမယ်ကွယ့် နောက်ပြီး မင်းကို သတိပေးဦးမယ် မင်းတို့အိမ်ရှေ့က ပိတောက်ပင်အခြေကို မသွားနဲ့ကွ အဲမှာ ထောင်ခြောက်ရှိထားတယ် * * ဟုတ်ကဲ့အဘ ဘယ်လိုထောင်ခြောက်မျိုးလဲ အဘ *
* ဒီလိုလေ အရင်တစ်ခေါက်က ဒို့တွေ သူ့တပည့်သရဲ ၄ ကောင်ကို နှင်ခဲ့ပြီးတဲ့နောက် အဖိုးကြီးက တပည့်ထပ်မွေးဖို့ သရဲထောင်ဖမ်းတာကွ အဲဒီပိတောက်ပင်ခြေရင်းမှာ ဝိဉာဏ်ဏကကျော့ကွင်းရှိတယ်။ အဲတာနဲ့ မျှားပြီး ထောင်ဖမ်းတယ်။ ဖမ်းပြီးတော့ ပိတောက်ပင်ပေါ် တင်ထားမယ်။ အစွမ်းတွေ ပေးမယ်။ ပြီးတော့ မင်းတို့တွေရဲ့ အိမ်ဝင်းထဲကို ပိတောက်ကိုင်းလေးတွေ ချချပြီး ပိတုန်းလုပ်ပစ်တာကွ။ ပိတောက်၊ပဒိုင်း၊ ပန်းတောင်း(လှည်းဝင်ရိုး)၊ ပြဒါး၊ ပိတုန်း ပ၊ဖ၊ပ၊ဘ၊မ ကြာသပတေး ။ တ၊ထ၊ဒ၊ဓ၊န စနေ နံတူတဲ့အရာတွေနဲ့ အသက်သွင်းတဲ့အတတ်နဲ့ ပိတုန်းကောင်ဖြစ်လာတာ။ မင်းမိန်းမ ပိတုန်းအကိုက်ခံရတာ ၂ ကြိမ်တောင်ရှိပါပါကောလား။ * * ပထမ ကျွန်တော့်ဆီလာတာ ကျွန်တော် စူးစိုက်ကြည့်လိုက်တော့ ပျောက်သွားတာအဘ * * အင်းပေါ့*
* အဘ ကျွန်တော်တို့ သူများတွေဖြစ်တဲ့ ပယောဂတွေကို ကုသပေးနိုင်ပြီးတော့ ကိုယ့်ကျတော့လည်း သူတို့က လုပ်နိုင်တာပဲလား ကျွန်တော် အဲတာကို နားမရှင်းဘူး * * အေးကွယ် အဘလည်း အစက အဲလို ထင်ခဲ့မိတာ ပယောဂ ကုတဲ့ဆရာတော်တော်များများ အဲသလိုထင်ကြတာပဲ တကယ်တော့ သူတို့လုပ်ရင် အဘတို့လို ကုသနိုင်တဲ့လူတွေက သာမာန်လူလိုတော့ မခံရဘူးကွယ့် သို့သော် သူတို့ရဲ့ အားက ဦးရေအများကြီးက တစ်ချိန်တည်းမှာ စုပေါင်းပြီး လုပ်ရင် အထိုက်အလျောက်တော့ ထိတယ်ကွယ့် ဒါကို မင်းကို အဘ သတိပေးချင်တယ် ။ ဒါပေမယ့် မပူပါနဲ့ကွယ် အဘတို့က သာမာန်လူလို မထိပါဘူး ထိလည်း ရှပ်ပါးပေါ့ ကိုယ်ဖာသာ ကုလိုက် ပျောက်တာပါပဲ အဓိကက မင်းမိသားစုတွေအတွက် အဘ စိတ်ပူမိတယ်* * ဟုတ်ကဲ့အဘ *
* အဘကို ပြောတာကတော့ သူက အဘတို့ ၂ ယောက်ကို သူသေတောင် မကြေဘူးလို့ ညည ပြောနေတာ ကြားရတယ် * * အဘ သူ့ကို ဘာမှ မလုပ်ဘူးလား * * ရန်မပွားချင်ဘူးကွယ် အဘတို့ လောလောဆယ် ကုပေးနိုင်တဲ့လူက ၂ ယောက်တည်းရယ် မင်းအိမ်မိသားစုက များတယ် တစ်ယောက်ကုနေတုန်း နောက်တစ်ယောက်ကို ဆော်ဆော်သွားတာ ဒါကြောင့် သည်းခံနေတာပါကွယ် အဘတို့ မေတ္တာပဲ ပို့ပေးကြမယ်ကွာ မတတ်သာတဲ့အဆုံး ဘယ်တတ်နိုင်မလဲ သူက မိစ္ဆာလမ်းစဉ် ကိုယ်က ၀ိဇ္ဇာလမ်းစဉ် မကောင်းသူကတော့ ရှင်းထုတ်ပစ်ရမှာပဲ *
* အဘ * * ပြောကွယ် * * ကျွန်တော် မနက်က ကျွန်တော့်နှုတ်ကနေ …………. ကို လာခဲ့ဖို့ အလိုလို ပြောနေတယ်ဗျ။ * * ဟေ ဟုတ်လား ပြောစမ်းပါဦး * * …………… က မြွေမကြီးသိုက်ကတဲ့ ကျွန်တော်တို့ ၃ ယောက်ကို လာခဲ့ဖို့ နှုတ်က ထွက်လာတယ် * * ဘယ် ၃ ယောက်လဲကွာ * * ကျွန်တော်ရယ် ဆရာကြီးရယ် ကျွန်တော့်မိန်းမ မနုရယ်ပေါ့ နာမည်ပါ ပြောသွားတယ်ဗျ * ဘယ်သူတဲ့လဲ * ဒီပ ကလျာတဲ့ * * အင်း ငါတော့ ခက်ပါရောလားကွာ မြွေမကြီးသိုက်ဆိုတာ နဂါးသိုက်ကွ ငါတော့ နဂါးတွေနဲ့ မပတ်သက်ချင်ပါဘူးကွာ ဒါပေမယ့် အကြောင်းရှိလို့နေမှာပေါ့ သွားမယ်မလား* * သွားမယ် အဘ * * ဘယ်တော့လဲ * * အခုပဲဗျာ *
သို့နှင့် ထို ………………… အရပ်ဆီသို့ ၃ ဦးသား ကားလေးဖြင့် ထွက်ခွာခဲ့ကြလေသည်။ ထိုအရပ်ဒေသတွင် ကိုကျော်ရှိန်တို့ ၃ ဦးသည် တရားဘာဝနာအားထုတ် မေတ္တာပို့သပြီး ပြန်လာခဲ့ကြသည်။
ထိုညတွင် * အဘရာ ကျွန်တော် စိတ်ထဲ မကျေနပ်သေးဘူး။ သူတို့ကလည်း ခေါ်သေးတယ် ဘာမှလည်း မထူးခြားပါဘူးဗျာ * * ဒါဖြင့် မင်းက ဘာလုပ်ချင်လို့လဲ သိုက်ပွဲပေးချင်လို့လား ငါတော့ စိတ်ညစ်တယ် အဲတာတွေ ဖြစ်လာလိမ့်မယ်လို့တော့ ကြိုသိထားခဲ့တယ် မင်းတို့ မယုံမှာစိုးလို့ မပြောခဲ့တာ * * သိုက်ပွဲ မပေးချင်ပါဘူး ကျွန်တော့်ကို ပူးလို့ရမလားမသိဘူး အဘ ခေါ်မေးဗျာ အဲဒီ မြွေမကြီးသိုက်ကို ကျွန်တော်နဲ့ ဘယ်လို ပတ်သက်ခဲ့တယ်ဆိုတာ သိချင်လို့ပါ* * အေးပါကွာ *
သို့နှင့် အဘဆရာကြီးမှ ကိုကျော်ရှိန်အား ပယောဂခေါ်စစ်သလို ထိုမြွေမကြီးသိုက်ကို ခေါ်လေသည်။ ထိုအခါ ကိုကျော်ရှိန်သည် ပုံမှန် ထိုင်နေရာမှ လက်များသည် လက်အုပ်ချီလျက် တွန့်လိမ်လူးလွန့်လို့ လာသည်။ ထို့ပြင် ကိုကျော်ရှိန်၏ မျက်ဝန်းအိမ်မှ မျက်ရည်စတို့သည်လည်း ထိန်းသိမ်းလို့မရတော့ပဲ အလျိုလျို ထွက်ကျလာလေတော့သည်။
ကိုကျော်ရှိန်၏ မျက်လုံးများမှာလည်း ပြူးကျယ်စူးရှလျက် နီရဲတောက်နေသည်။ မျက်နှာမှာလည်း နဂါးရစ်များ ထလျက် အတွန့်အတွန့်များ ထပ်လုနီးပါး ဖြစ်နေသည်။ နှာမှုတ်သံများသည် ဖားဖိုကြီးဆွဲသကဲ့သို့ တစ်ရှူးရှူးဖြင့် မြည်လာလေသည်။ တစ်ကိုယ်လုံး ယိမ်းထိုးပြီး မြွေနဂါးသိုက်မှ ၀င်စီးနေပါတော့သည်။ ထို့နောက် ကိုကျော်ရှိန်၏ အိမ်ကပ်လျက်ဖက်ကို လက်ညှိုးထိုးသည်။ အိမ်နောက်ဖေးသို့လည်း လက်ညှိုးထိုးပြန်သည်။ ထို့နောက် လေထဲတွင် တစ်ခုခုကို ဆွဲဖမ်းသကဲ့သို့ လုပ်သည်။ ထို့နောက်တွင် ၀င်စီးသော သိုက်ရှင်သည် ကိုကျော်ရှိန်၏ ညာလက်ညှိုးဆီသို့ ကျန်လက်ညှိုးတစ်ဖက်ဖြင့် ထိုးချိန်လိုက်လေသည်။ ထိုးချိန်ပြီး ညာလက်ညှိုးကို တစ်ခုခုဖြင့် ရစ်ပတ်ချည်သကဲ့သို့ လုပ်ပြန်သည်။
ကိုကျော်ရှိန်သည် ထိုအခြင်းအရာများကို အခြားလူများကို သူကိုယ်တိုင် အခြားသူများအား ပယောဂ စစ်ဆေးကုသပေးနေစဉ်တုန်းကလို လူစိတ်ပျောက်အောင်အထိတော့ မစီးပဲ မိမိသိစိတ်ရှိနေသည်ကိုလည်း သတိပြုမိသည်။ သို့သော်ကား ဘာကိုမှ ထိန်းလို့ မရပါချေ။ ထိုသို့ မိမိညာလက်ညှိုးကို ကျန်လက်ညှိုးတစ်ဖက်ဖြင့် ထိုးချိန်လိုက်ချိန်တွင် ကိုကျော်ရှိန်၏ ညာလက်ညှိုးသည် အလွန်အမင်းကို မီးစနှင့် ထိုးဘိသကဲ့သို့ ပူပြင်းသော အထိအတွေ့ကို သိရသည်။ လက်ညှိုးတစ်ချောင်းလုံး အရင်းအထိ ပူကျင်နေတာကလွဲလို့ ဘာမှ မသိတော့ပဲ ထိုညာလက်ညှိုးသည် တစ်ဆတ်ဆတ် တုန်ခါနေသည်။
ထိုအခါ ကိုကျော်ရှိန့် သိစိတ်က ၃၀ ရာခိုင်နှုန်းခန့်သာ ကျန်တော့သည်။ မူးဝေမှိုင်းပြီး အားမာန်အပြည့်ဖြင့် စီးနေသည်။ ထိုသို့ မိမိညာလက်ညှိုး ပူလာခြင်းကို အတွေ့အကြုံအရ သိလိုက်ပြီ။ ထိုအရာသည် မိမိ၏ ကပ်လျက်အိမ်က လူကြီးကို သိုက်နန်းရှင်မှ ဖမ်းချုပ်ပြီး ပညာပေးတော့မည်ဟူ၍ပင် ။
ထိုစဉ် ကိုကျော်ရှိန်၏ နှုတ်မှ အသံများထွက်လာသည် * ဟွန်း ……….. ဟွန်း ဒင်းလားဟဲ့ ငါ့သားလေးနဲ့ သူ့မိသားစုကို ရန်ပြုနေတာ နင့်ပညာလောက်နဲ့ သေသွားမယ် ဘာမှတ်တုန်း ဟင်း တောက် !!!! *
ကိုကျော်ရှိန်၏ ညာလက်ညှိုးမှ တစ်ဆတ်ဆတ် ငြိမ့်ပြသည်။ ဟုတ်သည်ဆိုသည့်သဘောဖြစ်သည်။ * ငါလို အမေမျိုးရဲ့ သားကို နင်လုပ်ဝံ့တယ်နော် သေချင်တာလား * ညာလက်ညှိုးမှ ယမ်းပြသည်။ * နင် ငါ့ကို မကြောက်ဘူးလားဟဲ့ အကောင်ရဲ့ * ညာလက်ညှိုးမှ ယမ်းပြသည်။
* ဟဲ့ အကောင် ငါဘယ်သူလဲ သိသလား နဂါးတို့ မျက်စောင်း အကြောင်းမရွေးဘူးဟဲ့ နင့်ကိုငါ မှတ်လောက်အောင် ပညာပေးရလိမ့်မယ် ထုတ်စမ်းဟဲ့ ငါ့သားကို နင်လုပ်ထားတဲ့ဟာတွေ * ဟုဆိုပြီး ညာလက်ညှိုးကို ခေါက်ချိုးညှစ်ပါတော့သည်။ ထိုအခါ ညာလက်ညှိုးသည် စောစောက ပူသည့်ထက် ပို၍ ပူကျပ်လာပါတော့သည်။ ဟိုဖက်ကအကောင်ကြီး အလူအလွန့်ခံနေရပေပြီ။
ကိုကျော်ရှိန်သည် သူ့နှုတ်မှ ထွက်လာသည့် စကားများအရ ယခုသူ့ကို ၀င်ပူးနေသူသည် သူ၏ ဘ၀ဟောင်းက မိခင်နဂါးမကြီးဖြစ်ကြောင်း သိလိုက်ပြီးဖြစ်သည်။ နဂါးမကြီးသည် ကိုကျော်ရှိန်၏ ညာလက်ညှိုးကို မလွှတ်တမ်း ခေါက်ချိုးထားသည်။ ထိုလူကြီး၏ အသက်ဇီဝိန်သည် မိခင်နဂါးမကြီး ညှစ်ထားသော ကိုကျော်ရှိန်၏ ညာလက်ညှိုးတွင် တည်နေသည်။ ထိုသို့ ညှစ်လိုက် ပြန်လျှော့လိုက်ဖြင့် ဆုံးမတိုက်ခိုက်နေပါတော့သည်။
* သတ်မယ် ဒင်းကို အရှင်ထားရင် ငါ့သားလေး ထိခိုက်မယ် ဒင်းကို ငါ့လက်နဲ့သတ်မယ်ဟဲ့ * ဟုဆိုကာ စောစောက ညှစ်ထားသည့် အားထက် ပိုမိုသောအားဖြင့် ညှစ်ထားပါတော့သည်။ သို့သော်ကား ခဏအကြာ ပြန်လျော့သွားပြန်သည်။ မြွေနဂါးမကြီးသည် အတော်ပင် သားဇောကပ်၍ ပဋိဒေ၀မီးများ တောက်လောင်လျက် ရှိနေသည်။ မြွေနဂါးများသည် မိမိသေချင် သေပါစေ သားသမီးကို အထူးစောင့်ရှောက်သည်ဟု မှတ်သားရဖူးလေသည်။
* ဟဲ့အကောင် ငါ နှစ်ပေါင်းထောင်ချီပြီး စောင့်ထိန်းလာတဲ့ သီလတွေ ပါရမီတွေ ကျိုးချင်ကျိုးပါစေ ပျက်ချင်ပျက်ပါစေတော့ နင့်ကို ငါသတ်ရမှ ကျေနပ်မယ်ဟဲ့ * ဟု ဆိုတာ လက်ညှိုးကို ထပ်ညှစ်ပြန်ပါသည်။ သို့သော်လည်း ခဏအကြာ ပြန်လျော့သွားပြန်ပါသည်။
* အဘရယ် သမီးကို ခွင့်ပေးပါ ။ သမီး သည်းမခံနိုင်တော့လို့ပါ။ ဒင်းတို့ လွန်လွန်းပြီ။ သားလေး အတော်ကို စိတ်ညစ်နေပါပြီ။ သမီးကို ခွင့်ပေးလိုက်ပါအဘရယ် * မြွေနဂါးမကြီးသည် သူမအား ပုဂ္ဂိုလ်တစ်ပါးပါးက တားဆီးနေသည့်နှယ် လက်အုပ်ချီကာ ခွင့်တောင်းခံနေပြန်ပါသည်။ မိခင်တစ်ယောက်၏ သားသမီးကို ချစ်ခင်တွယ်တာသည့်သဘောကို ထိုနေရာတွင် ကိုကျော်ရှိန်မှ မှိုင်းဝေနေလျက်ကပင် သိလိုက်ရသည်။ သို့သော်ကား ထိုပုဂ္ဂိုလ်မှ ခွင့်ပြုဟန်မတူပါချေ။ မြွေနဂါးမကြီး ခေါင်းယမ်းသည်။
* အေး နင်တို့ကို အဘက သတ်ခွင့်မပေးလို့ ငါ မသတ်တော့ဘူး၊ ဒါပေမယ့် ဒဏ်တော့ ပေးလိုက်မယ်၊ နောက်တစ်ခါ ငါ့သားကို ထိလို့ကတော့ ဟင်း ဟင်း ….. ငါက သတ်ခွင့်မရလို့ ရှိစေတော့။ ဟဲ့ ငါ့အစေအပါး နတ်နဂါးများ …… ငါ့သားဘေးမှာ စောင့်ကြပ်ပြီး သူတို့ လုပ်တာနဲ့ ငါ့အမိန့် မစောင့်နဲ့ ဟဲ့။ သူတို့ အိမ်ပတ်လည်မှာလည်း နင်တို့ရှိနေကြစမ်း။ ဟဲ့ အကောင် နင်တို့ ထပ်လုပ်ရင်တော့ နင်တို့ထိုက်နဲ့နင်တို့ကံ * ဟုဆိုကာ ညာလက်ညှိုးကို ပါးစပ်ထဲသို့ ထည့်၍ အာငွေ့ဖြင့် ဟားးးးးးးးး ဟားးးးးးးးးး ဆိုပြီး မှုတ်ပါတော့သည်။ ထိုသို့ အားရာကျေနပ်လောက်အောင် တိုက်ခိုက်ဆုံးမပြီးသောအချိန်လောက်တွင် ကိုကျော်ရှိန်၏ ဇနီးသည် မနုသည် အိပ်ယာမှ နိုးလာပါတော့သည်။ ထိုအခါ မြွေနဂါးမကြီးသည် မနုအား လက်ယက်ခေါ်ယူ၍ ဖက်လဲတကင်း ငိုကြွေးပြန်ပါသည်။
* သမီးလေးရယ် သမီးကတော့ ဘ၀တွေ ခြားသွားတော့ အမေ့ကို မသိတော့ဘူးပေါ့လေ ဟီး ဟီး သမီးနဲ့ သားလေးမှာ အန္တရာယ်တွေ များနေတယ်။ အမေတို့ တတ်နိုင်သလောက် စောင့်ရှောက်ပေးပါမယ်။ အဟီး ဟီး အီး ….. ဒါပေမယ့်သမီးရယ် သမီးက ယုံမှာ မဟုတ်ဘူး။ ဒါတွေ သမီး မသိဘူး။ သမီးလေး ရယ် * ဟုဆိုကာ ကိုကျော်ရှိန်၏ ခန္ဓာသည် မနုကိုယ်ပေါ်သို့ မှီချလိုက်ပြီး မျက်နှာချင်းအပ်လျက် အူလှိုက်သည်းလိုက်ကြီးကို ငိုကြွေးနေပါတော့သည်။ * သမီး မကြောက်နဲ့နော် အမေတို့ရှိနေမယ်။ ငါ့သားနဲ့ ငါ့သမီး အိပ်တဲ့အခါကျရင် လက်ဝါးနှစ်ဖက်ကို ဦးခေါင်းဘေးဗယ်ညာ ပုခုံးနားလေး ပက်လက်ကလေးထားပြီးသာအိပ် ၊ အမေတို့ စောင့်ရှောက်ပါမယ်သမီးလေးရယ်။ ကဲ အမေသွားမယ်နော် * ဟု ဆိုကာ ကိုကျော်ရှိန်သည် ထိုင်နေလျက်က ဇတ်ဆို အရုပ်ကြိုးပြတ် ပစ်ကျသွားလေရာ မနုမှ လှမ်းပွေ့လိုက်ရလေသည်။
* ကဲ မောင်ကျော်ရှိန် ရေလေး သောက်လိုက်ဦး၊ အခုမင်းကို အဘ မပြောမဖြစ် ပြောရတော့မယ်ကွယ် * ရေ သောက်ပြီးသော်
* တကယ်တော့ မင်းရယ် အဘရယ် ဟောဒီသမီးလေးရယ်က သိုက်ဆက်တွေပါကွာ* * ဟုတ်ကဲ့အဘ ကျွန်တော်လည်း အဲလိုပဲ သိထားပါတယ်* * အဲ တယ်ဟုတ်ပါလားကွဟေ ဒါနဲ့ ဘယ်လိုများသိပါလိမ့် * * ကျွန်တော့်ကိုပူးတာ လူစိတ် မပျောက်ဘူးခင်ဗျ တော်တော်များများ သိနေပြီးတော့ ထိန်းလို့သာမရတာ * * အေးကွယ် ဒါလည်းပဲ အကူအညီတစ်ခုတော့ လောလောဆယ် ရသပေါ့ကွယ် ဒါပေမယ့် သူတို့သည်လည်း ကမ္မစိဒ္ဓိရှင်တွေကွ * * ဟုတ် အဘ *
* မင်းကို ပူးကပ်နိုင်ဖို့ သူ့ခမျာ အတော်အားစိုက်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်းလုပ်ထားတဲ့ သမထအားတွေရှိနေလို့ပဲ။ မင်းကလည်း လက်တွေ့သမားမို့အခက်သား၊ အေး …. မင်းလည်း သိမှာပါ၊ သိုက်ဆက်မှန်ရန် သိုက်ကြိုး ဖြတ်ရဦးမယ်ကွယ်၊ မင်းရုပ်ခန္ဓာမှာ နဂါးတို့ရဲ့အစွမ်းဗီဇတွေ ပါလာတာ။ မဖြတ်ရင် မင်း တရားအလုပ်တကယ်လုပ်ရင် သူတို့က သမုဒယနွှယ်နေတာနဲ့ လာလာ ဖျက်ဆီးသလို ဖြစ်တတ်တယ်။ တကယ်တော့ မင်းမျက်နှာက အကြောင်းတွေ ပတ်ပြေးနေတာတွေက နဂါးစက်တွေပါကွယ် * * ဟုတ်ကဲ့ အဘ ဖြတ်တာပေါ့ဗျာ ဒါပေမယ့် ကျွန်တော် သိချင်သေးတယ် လောလောဆယ် မဖြတ်သေးဘူး * * အေးပါကွာ မင်းသဘောပါ ဒါပေမယ့် ဖြတ်ရမယ်ဆိုတာတော့ မင်း သိထားရမယ် *
ထိုဖြစ်ရပ်များ ဖြစ်ပြီးနောက် ကိုကျော်ရှိန်၏ ဗယ်ဖက်မျက်လုံးသည် အသားလှုပ်သလို လှုပ်လှုပ်နေသည်ကို အခြားလူကို ပြောပြလျှင် ယုံနိုင်မည်မဟုတ်သော်လည်း အဘအောင်အား ပြောပြရာ အဘမှ လက်ဖြင့် စမ်းသပ်ကြည့်လေသည်။ မိခင်နဂါးမကြီးမှ နဂါးမျက်စောင်းအစွမ်း ပေးအပ်ထားခဲ့ကြောင်း သိရလေသည်။
* ပြန်ထုတ်လိုက်ပါသားရယ် အဲတာ ကမ္မစိဒ္ဓိအစွမ်းတွေ ကြာရင် မကောင်းဘူး၊ သိဒ္ဓိနဲ့ သဘောသဘာဝလည်း မတူဘူးကွယ်၊ သိဒ္ဓိရဲ့ ရွေ့လျားပုံလေးက နူးညံ့သိမ်မွေ့ပြီး သွားလာတဲ့သဘော မင်းသိသားနဲ့ ။ အခု မင်းမျက်လုံး ကြမ်းရှရှနဲ့ မလား၊ မတူဘူးသား ပြီးတော့ နဂါးဆိုတာ ဒေါသအမျက် အလွန်ကြီးတဲ့အမျိုး သူ့မျက်စောင်းလိုမျိုး မင်းဖြစ်လာခဲ့ပြီဆိုတော့ မင်းဒေါသဖြစ်တဲ့အခါ ထိုးမိတဲ့မျက်စောင်းဟာ နဂါးမျက်စောင်းလို တစ်ဖက်သားကို ထိလိမ့်မယ်ကွ။ ငါ အခု ဖယ်ထားလိုက်ပြီ။ ဒါပေမယ့် မင်းအမေက ထပ်ထည့်လိမ့်ဦးမယ်ကွ ။ * * ဗျာ * * ဟုတ်တယ် သူ မင်းကို အလွန်အမင်း စိုးရိမ်နေတာ *
* ဒါနဲ့ အဘနဲ့ အဲဒီနဂါးမကြီးကရော ဘာများ တော်စပ်ခဲ့သလဲ မသိလိုက်ရဘူးနော် * * အာ … ထားလိုက်ပါတော့ကွာ မင်းကလည်း မသိချင်စမ်းပါနဲ့၊ သိပ်လည်း မစွဲလမ်း မတွယ်တာမိပါစေနဲ့ သိုက်နဂါးနဲ့ လူ သဘောသဘာဝ တူမှ မတူတာကွယ်၊ သူလည်း သူ့ဘ၀နဲ့သူ ရှိပါစေ၊ အဓိကက ဒို့တွေ ဒီလူကြီးရဲ့ အတိုက်အခိုက်တွေကို အမြန်ရှင်းထုတ်ပေးဖို့ အဓိက တာဝန်ပဲ။ စောစောက မင်းခန္ဓာကိုယ်ကိုလည်း မင်းအမေ ပွတ်သတ်ပြီး ဆွဲထုတ်ပေးသွားတာ ၊ အကုန်တော့ မဟုတ်လောက်သေးဘူး ကျန်သေးတယ် ။ မင်း ငါအထင်တော့ ဟိုကောင်ကြီး လက်နက်မချလောက်သေးဘူး *
စွမ်းအားရှင်တို့တိုက်ပွဲ အခန်း ( ၃ ) မြွေနဂါးမကြီး ပြီး၏။
Post a Comment