အမှောင်ခွင်းသည့်အလင်းကောင်းကင်
(၁)
“ သမီးအနားကို တစ်ယောက်မှမလာကြပါနဲ့၊ သမီး ဘယ်သူနဲ့မှမတွေ့ချင်ဘူး ”
ကလေးမလေးနှင့်ပထမဆုံးစတွေ့သည့်နေ့က အသံစူးစူးလေးနှင့်အော်ဟစ်ခံခဲ့ရသည်။ သို့သော် ထိုအသံ ပိုင်ရှင်ကလေးမလေးကို စိတ်မဆိုးရက်ခဲ့။ ထိုအသံ၏နောက်ကွယ်က ခံစားချက်များကို နှလုံးသားဖြင့်ခံစားမိခဲ့၍ ဖြစ်သည်။
“ သမီးက မိဘတွေဖြစ်တဲ့အဒေါ်တို့ကိုတောင် အတွေ့မခံတော့ဘူးလေ၊ သမီးကိုကြည့်ပြီး အဒေါ်တို့လည်း ရင်ထဲမချိပါဘူး ညီမရယ် ”
ကလေးမလေး၏မိခင်က စိတ်မကောင်းစွာပြော၏။
“ ကလေးက ဘယ်လိုဖြစ်ပြီး မျက်စိကွယ်ခဲ့တာလဲဟင်အစ်မ ”
ပထမဆုံးသိချင်သည့်စကားတစ်ခွန်းကိုအရင်မေးမိသည်။ ကျွန်မ ထိန်းကျောင်းပေးရမည့်ကလေးမလေးက မျက်လုံးနှစ်ဖက်စလုံးအလင်းကွယ်နေခဲ့၏။ အသက်ဆယ်နှစ်အရွယ်နှင့် အမြင်အာရုံချို့တဲ့သွားသည့် ကလေးမကို ကျွန်မ စာနာမိသည်။ ထို့ကြောင့်လည်း ထိုကလေးမအားထိန်းကျောင်းပေးမည့်တာဝန်ကို လိုလိုလားလားပင်လက်ခံ ခဲ့ခြင်းဖြစ်၏။
“ သမီးလေး ကိုးနှစ်အရွယ်မှာပေါ့ ညီမရယ်၊ အစ်မခင်ပွန်းနဲ့အပြင်ထွက်ရင်း ကားအက်ဆီးဒင့်ဖြစ်ခဲ့တာ၊ အစ်မခင်ပွန်းက အသက်ဆုံးခဲ့ရပြီး သမီးက မျက်လုံးတွေကွယ်သွားခဲ့တယ် ”
“ စိတ်မကောင်းပါဘူး အစ်မရယ်၊ ညီမလည်း ကလေးရဲ့အကြောင်းသိထားသင့်တယ်ထင်လို့မေးကြည့်တာပါ ”
“ အားကိုးပါတယ် ညီမရယ်၊ အရင်ကတော့ သမီးက အရမ်းကိုလိမ္မာတာပါ၊ အခုလိုအခြေအနေရောက်တဲ့ အချိန်မှ စိတ်ရောကိုယ်ပါ ကြမ်းတမ်းလာတာပါ ”
“ ဟုတ်ကဲ့ပါ အစ်မရယ်၊ ညီမက ကလေးတွေရဲ့စိတ်ကိုသိပါတယ်၊ ဒါကြောင့် စိတ်မပူပါနဲ့နော် ”
“ ကျေးဇူးတင်ပါတယ် ညီမရယ်၊ သမီးလေးကို စိတ်ရှည်ပေးပါနော် ”
ပထမဆုံးနေ့တွင် ကလေးမလေး၏အော်ဟစ်နှင်ထုတ်ခံရမှုနှင့်အတူ ကလေးမအမေ၏ အကူညီတောင်းမှု ကိုပါ လက်ခံခဲ့ရလေသည်။
(၂)
“ သမီးလေး ထတော့နော် .. မနက်လင်းပြီ သမီးရဲ့ ”
“ သမီးမျက်လုံးထဲမှာ မိုးချုပ်နေတယ်၊ သမီးဆက်အိပ်ဦးမယ် ”
ပြန်ကြားလိုက်ရသည့်စကားကြောင့် ကျွန်မရင်ထဲ နင့်ခနဲဖြစ်ရသည်။ ကလေးမအပေါ် ပို၍ဂရုဏာဖြစ်မိ၏။ အမြင်အာရုံချို့တဲ့သည့်သူတိုင်း အမှောင်ကမ္ဘာတွင် ကျရှုံးရမတဲ့လား။ ဟင့်အင်း ။ အမှောင်ကမ္ဘာ၏လွှမ်းမိုးမှုကို ကျော်ဖြတ်နိုင်ကြောင်း ကလေးမကို သက်သေပြရမည်။
“ သမီးကို မမပြောပြမယ်နော်၊ မျက်လုံးတွေမမြင်တဲ့အခါမှာ ဘာနဲ့ကြည့်ရလဲသိလား ”
ကလေးမလေး၏လက်ကိုကိုင်ပြီး ကျွန်မပြောလိုက်သည်။ အစကတော့ ကျွန်မဆုပ်ကိုင်ထားသည့်လက်နှစ်ဖက် ကို အတင်းရုန်းသေး၏။ နောက်တော့ ရုန်းကန်မှုတို့ငြိမ်သက်သွားကာ ကလေးမထံမှ စကားသံသဲ့သဲ့ထွက်လာသည်။
“ သမီး မသိဘူး ”
ကျွန်မ ပြုံးလိုက်မိသည်။ ကလေးမ၏စိတ်တစ်ချို့ကို မှန်းဆမိပြီမို့ နောက်ထပ်ခြေတစ်လှမ်းကို ထပ်ပြင်လိုက် မိသည်။
“ ဒါဆို သမီးသိချင်လား၊ သမီးသိချင်တယ်ဆိုမှ မမပြောပြမယ် ”
ကျွန်မ ပြောလိုက်တော့ ကလေးမလေး အသံတိတ်သွားသည်။ ဖြည်းညင်းသည့် အသက်ရှူသံသဲ့သဲ့ကိုလည်း ကြားရ၏။ ကျွန်မဆုပ်ကိုင်ထားသည့် ကလေးမ၏လက်ကလေးတွေက တဆတ်ဆတ်တုန်ယင်နေလေသည်။
“ သမီးသိချင်တယ် ”
ကလေးမ၏ဖြေသံကိုကြားသည်နှင့် ကျွန်မရင်ထဲ လှိုက်ခနဲကြည်နူးသွားမိသည်။ အခြေအနေက ထင်ထား သည်ထက်ပို၍ကောင်းနေ၏။ အစက ကလေးမကို ကိုင်တွယ်ရခက်မည်ထင်ထားခဲ့သည်။ အခုတော့ ကလေးမ၏ တကယ့်စိတ်ကို ကျွန်မ မြင်တွေ့ရလေပြီ။
“ ဒါဆို မမပြောပြမယ်နော်၊ မျက်လုံးနဲ့ကြည့်လို့မရတဲ့အရာတွေကို နှလုံးသားနဲ့ကြည့်လို့ရတယ် သမီးရဲ့၊ သမီးတစ်ခါလောက်ကြည့်ကြည့်ပါလား ”
“ ဟင့်အင်း .. သမီးမကြည့်တတ်ဘူး၊ သမီးမျက်လုံးထဲမှာ မှောင်မည်းနေတယ် ”
“ အင်းပေါ့ .. အစဆိုတော့ ဘယ်ကြည့်တတ်မလဲ၊ နောက်ဆို အားလုံးကိုမြင်ရအောင် မမသင်ပေးမယ်နော်၊ မမစကားကို နားထောင်မယ်မဟုတ်လားဟင် ”
“ ဟုတ်ကဲ့ မမ၊ သမီး အားလုံးကိုမြင်ချင်တယ် ”
သည်တစ်ခါတော့ ကလေးမက လိုလိုလားလားပင် ခေါင်းညိတ်လက်ခံလေသည်။ ကလေးမ၏ ငတ်မွတ် တောင့်တနေသည့် ဆန္ဒအမှန်ကို ကျွန်မ ဖော်ထုတ်နိုင်ခဲ့ပြီ။ ကလေးမသည် အမှောင်ထဲတွင် ပိတ်မိနေမည့်သူ မဟုတ်ကြောင်း ကျွန်မ ရဲရဲဝံ့ဝံ့အာမခံနိုင်လေပြီ။
(၃)
“ သမီးအိပ်နေတဲ့နေရာကဘာလဲဟင် ”
“ ကုတင်ပါ မမ ”
“ သမီးက အရမ်းတော်တာပဲကွယ်၊ ဒါဆို ကုတင်ပေါ်မှာ ဘာတွေရှိသေးလဲ ”
“ မွေ့ယာနဲ့ ခေါင်းအုံးတွေ စောင်တွေရှိတယ်မမ၊ ပြီးတော့ သမီးရဲ့အရုပ်လေးတွေလည်းရှိတယ် ”
စကားတွေအများကြီးပြောလာသည့် ကလေးမကိုကြည့်ပြီး ကျွန်မ ကြည်နူးမဆုံးဖြစ်ရသည်။ ကျွန်မ ရောက် လာသည့်တစ်ပတ်အတွင်း ကလေးမက တော်တော်လေးတိုးတက်လာပါသည်။ အရင်လို စိတ်ဓာတ်တွေလည်း ကြမ်းတမ်းမနေတော့ပါ။ စကားပြောလျှင်လည်း လိမ္မာလာသည်။
“ မှန်လိုက်တာ သမီးရယ်၊ သမီးက ဘယ်လိုသိတာလဲ ”
“ အရင်ကတည်းက သမီးအိပ်တဲ့နေရာမှာ အဲဒါတွေရှိတာ သိနေတယ် မမရဲ့”
“ ဒါပေါ့သမီးရယ်၊ သမီးက မွေးကတည်းက အမြင်အာရုံချို့တဲ့တာမှမဟုတ်တာ၊ သမီးအသက် ကိုးနှစ်အထိ ဒီအိမ်ထဲမှာ ပျော်ပျော်ရွှင်ရွှင်သွားလာနေထိုင်ခဲ့ဖူးတယ်လေ၊ အဲဒါတွေအားလုံးကို သမီးမြင်အောင် ပြန်ကြည့်တတ်ရ မယ် ”
“ သမီးက အရင်လိုလျှောက်သွားချင်တာ မမ၊ ဒါပေမဲ့ သမီးဘာမှမမြင်ရလို့ လမ်းလည်းမလျှောက်နိုင်တော့ ဘူး၊ ဘယ်မှလည်းမသွားနိုင်ဘူး မမရဲ့ ”
ထိုစကားကိုပြောပြီး ကလေးမက တသိမ့်သိမ့်ရှိုက်ငို၏။ ကျွန်မ နွေးထွေးစွာဖြင့် ကလေးမကို ပွေ့ဖက်ထား မိသည်။
“ သမီးက မကြည့်လို့ မမြင်တာပါကွယ်၊ ဒီအခန်းက သမီးအရင်ကတည်းကနေခဲ့တဲ့အခန်းပဲလေ၊ ဒီအခန်း ထဲမှာ ဘာတွေရှိလဲ သိသေးလား ”
“ သမီးသိတယ် မမ၊ အရင်က သမီးကုတင်ရဲ့ ဘယ်ဘက်မှာ သမီးရဲ့အ၀တ်အစားဗီဒိုလေးရှိတယ် မမ၊ ညာဘက်မှာ စာအုပ်စင်လေးရှိတယ်၊ ပြီးတော့ စာကြည့်စားပွဲလည်းရှိတယ်၊ အဲဒီစာကြည့်စားပွဲနဲ့ မလှမ်းမကမ်းမှာ တံခါးပေါက်ရှိတယ် မမ ”
တုံ့ဆိုင်းခြင်းမရှိပဲ ပြောသွားသည့် ကလေးမလေးကြောင့် ကျွန်မ ကြည်နူးရသည်။ ကလေးမသည် အမြင် အာရုံကွယ်ပျောက်ခြင်းသာဖြစ်၏။ အသိဥာဏ်တို့ဆုတ်ယုတ်သွားခြင်းမဟုတ်။ လူတစ်ယောက်တွင် တစ်ခုချွတ်ယွင်း သည်နှင့် အရာရာကိုစိတ်ဓာတ်ကျအရုံးပေးစရာမလိုကြောင်း ကလေးမလေးကို သိစေရမည်။
“ သမီးက အကုန်မှတ်မိနေတာပဲကွယ်၊ သမီးအခန်းကနေထွက်သွားရင်ရော ဘယ်တွေသွားနိုင်သေးလဲ ”
“ သမီးအခန်းကထွက်ပြီး လှေကားကဆင်းတာနဲ့ ဧည့်ခန်းရှိတယ်မမ၊ ပြီးရင် ထမင်းစားခန်း၊ ရေချိုးခန်း၊ မေမေ့ရဲ့အခန်း၊ ကားဂိုဒေါင်၊ အကုန်လုံးကို သမီးမြင်ယောင်နေမိတယ်မမရဲ့ ”
ကလေးမလေးက ပြောနေရင်း တက်ကြွလာသည်။ စကားသံတို့တွင် ရွှင်မြူးဟန်လေးပါလာ၏။ ကျွန်မလည်း ကလေးမလေးနှင့်အတူ လိုက်ပါကြည်နူးနေမိသည်။
“ ဒါဆို မမတို့ အောက်ဆင်းကြမလား၊ သမီးလည်း အခန်းထဲမှာချည်းနေရတာ ငြီးငွေ့နေရောပေါ့ ”
“ ဟုတ်ကဲ့ မမ၊ သမီးကို အင်္ကျီလှလှလေးဝတ်ပေးနော် ”
“ ၀တ်ပေးရမှာပေါ့ သမီးရဲ့၊ ကုတင်ပေါ်ကဆင်းပြီး အ၀တ်ဗီဒိုဆီသွားနော်သမီး၊ ပြီးတော့ သမီးဝတ်ချင်တဲ့ အင်္ကျီလှလှလေးကိုရွေးနော် ”
ကျွန်မပြောလိုက်တော့ ကလေးမလေးထံမှ အသံတိတ်ကျသွားပြန်သည်။ ထို့နောက် ရှိုက်သံသဲ့သဲ့ကိုကြားရ လျှင် ကျွန်မရင်ထဲ ထိတ်ကနဲဖြစ်ရ၏။
“ ဘာဖြစ်လို့ငိုတာလဲသမီးရယ်၊ အဲဒီလိုမငိုရဘူးနော်၊ သမီးဖြစ်ချင်တာ မမကိုပြောလေ ”
“ သမီးမှ မျက်စိမမြင်တာ အင်္ကျီလှလှလေးကိုဘယ်လိုရွေးမလဲမမရဲ့”
ထိုသို့ပြောပြီး ကလေးမက ငိုရှိုက်နေပြန်၏။ သည်လိုကလေးမျိုးက စိတ်အတက် အကျမြန်သည်။ စိတ်ပျော်ရွှင် လျှက်ရှိရာကနေ အခုကဲ့သို့အားငယ်စိုးရွံ့တတ်ကြသည်။
“ သြော် .. ဒါက ငိုစရာမှမဟုတ်တာသမီးရယ်၊ လက်လေးနဲ့ကိုင်ပြီးအရင်ခွဲခြားရတယ်၊ ပြီးရင် အင်္ကျီကိုကိုင် ကြည့်ပြီး သမီးနဲ့လိုက်ဖက်မှုရှိမလားလို့ မြင်ယောင်ကြည့်၊ ဒါဆို အဆင်ပြေသွားလိမ့်သမီးရဲ့”
ကျွန်မပြောလိုက်တော့ ကလေးမလေးဘက်က အသံတိတ်ကျသွားသည်။ ထို့နောက် ချိုးချိုးချွတ်ချွတ်နှင့် အသံများကို ကြားနေရသည်။ သိပ်မကြာလိုက်ချေ။ ကလေးမထံမှ ၀မ်းသာအားရအသံလေးထွက်လာလေသည်။
“ သမီး အင်္ကျီဝတ်ပြီးသွားပြီ မမရဲ့၊ သမီးလှရဲ့လားဟင် ”
အသံလေးက အစကလို အားငယ်စိုးရွံ့သည့်အသံလေးမဟုတ်တော့ပါ။ ရွှင်လန်းတက်ကြွမှုအပြည့် စီးဝင်နေ လေသည်။
“ သမီးဘယ်လောက်လှလဲဆိုတာ မမ မပြောဘူး၊ အောက်ထပ်ရောက်မှ သမီးမေမေဘာပြောမလဲဆိုတာ နားထောင်ရအောင်နော် ”
“ ဟုတ်ကဲ့ မမ၊ သမီးတို့ မြန်မြန်ဆင်းရအောင်နော်၊ မေမေ့ကို သမီးတွေ့ချင်လှပြီ ”
ကလေးမလေးကပင် ကျွန်မလက်ကိုဆွဲကာ ဦးဆောင်လျှက်ထွက်သွားခဲ့သည်။ ကလေးမ၏ခြေလှမ်းတို့က သွက်လက်လွန်းလှ၏။ စမ်းတ၀ါးဝါးနှင့်လျှောက်နေသော်လည်း စိတ်ပျက်အားငယ်ပုံမျိုး ကလေးမထံတွင်မရှိတော့ ပေ။ ပန်းတိုင်တစ်ခုသို့ရောက်ရန် ကြိုးစားလျှောက်လှမ်းနေသည့်မာန်အပြည့်နှင့်ဖြစ်သည်။
လက်တစ်ဖက်ဖြင့်ကျွန်မကိုကိုင်ထားပြီး တခြားလက်တစ်ဖက်ဖြင့်လှေကားလက်ရန်းကိုကိုင်၍ ကလေးမလေး အောက်ထပ်သို့ဆင်းနေခဲ့သည်။ လှေကားထစ်များကိုကျော်ဖြတ်ပြီးနောက် ကြမ်းခင်းထားသည့်ကြွေပြား၏အေးစက် မှုကို ခြေဖ၀ါးကခံစားလိုက်ရသည်။ ထိုအခါ ကလေးမလေးက ၀မ်းသာအားရအော်ပြောလေသည်။
“ သမီးတို့ အောက်ထပ်ကိုရောက်ပြီ မမ ”
ကလေးမလေး၏ အသံက သက်ဝင်တောက်ပလွန်းလှသည်။ ကျွန်မလည်း ကလေးမလေးနှင့်အတူ ကြည်နူး ပျော်ရွှင်မှုကိုခံစားရ၏။ ကလေးမသည် ကိုယ်နေထိုင်ရာပတ်ဝန်းကျင်ကို နှလုံးသားဖြင့်စတင်ကြည့်ရှုတတ်ခဲ့လေပြီ။
(၄)
သည်တစ်ကြိမ်ကတော့ ကလေးမအတွက် လောကကြီးကိုကြည့်ရှုရန် ပထမဆုံးအကြိမ်ဖြစ်မည်ထင်သည်။ မျက်လုံးကွယ်ခဲ့သည့်အချိန်ကစပြီး အပြင်သို့မထွက်ခဲ့သည့်ကလေးမနှင့် ကျွန်မတို့အပြင်သို့ထွက်ခဲ့၏။ ကလေးမ၏ အမေက ကားမောင်းပို့ပေးသည်။ ကျွန်မနှင့် ကလေးမက ကားနောက်ခန်းတွင် ပျော်ရွှင်စွာဖြင့် စကားပြောလိုက် ရယ်မောလိုက်နှင့်။ ကလေးမလေးကလည်း အရင်ကထက် သွက်လက်တက်ကြွလို့နေသည်။
“ မမ .. သမီးတို့ဘယ်သွားမှာလဲဟင် ”
“ သမီးဘ၀ကိုပြောင်းလဲပေးနိုင်မယ့်နေရာတစ်ခုကိုပေါ့သမီးရဲ့ ”
“ အဲဒါဘယ်နေရာလဲဟင် ”
“ ဟိုရောက်မှပြောပြမယ် သမီးရဲ့၊ အဲဒီနေရာကို သမီးမေမေကားမောင်းပြီးပို့ပေးနေတယ်လေ ”
“ မမကလည်း သမီးက အခုသိချင်နေတာကိုမပြောပြဘူး ”
“ ဟုတ်တယ် သမီးရဲ့၊ သမီးမမက အရမ်းကို ပဟေဠိလုပ်တတ်တာ၊ သမီးမမ ပြောတဲ့ နေရာကိုရောက် တော့မှာ၊ မေမေလည်း အရမ်းသိချင်နေပြီ ”
ကားပေါ်တွင် စကားသံများ ညံစီနေသည်။ မကြာမီမှာပင် ကားက တသိမ့်သိမ့်နှင့်ရပ်သွား၏။ ကားရပ်လိုက် သည်နှင့် မြူးကြွကြွတေးသံတို့ပျံ့လွင့်လာသည်။
“ ဒါက ရံပုံငွေဖျော်ဖြေပွဲမဟုတ်လား ညီမ ”
ကလေးမ၏အမေက မေးလာသဖြင့် ကျွန်မခေါင်းညိတ်ပြမိသည်။
“ ဟုတ်တယ် အစ်မ၊ မျက်မမြင်ရံပုံငွေအတွက် ဖျော်ဖြေပွဲပါ ”
ကလေးမအမေ၏အမေးကို ကျွန်မ ပြန်ဖြေလိုက်သည်။ ထို့နောက် စားပွဲတစ်ခုတွင် ကျွန်မတို့သုံးယောက် ၀င်ထိုင်လိုက်၏။ ကလေးမလေးမှာ တိတ်ဆိတ်လျှက်ရှိသည်။ ခဏကြာလျှင် ဖျော်ဖြေပွဲစတော့၏။ ငြိမ့်ညောင်းသည့် တေးသံများနှင့် ချိုမြသည့်သီချင်းဆိုသံတို့ထွက်ပေါ်လာသည်။
ထိုနေ့က ဖျော်ဖြေပွဲပြီးမှသာ ကျွန်မတို့ပြန်လာခဲ့ကြသည်။ ကလေးမလေးမှာ စကားတစ်ခွန်းမှမဆိုပဲ ပွဲပြီး သည်အထိငြိမ်သက်စိတ်ဝင်စားစွာနားထောင်နေခဲ့၏။ အပြန်လမ်းတွင်မူ ကလေးမလေး၏မေးခွန်းတို့က ပြန့်ကျဲနေ လေသည်။
“ အဲဒီမမတွေ သီချင်းဆိုတာ အရမ်းနားထောင်ကောင်းတာပဲနော်၊ အရမ်းလည်းလှလားဟင် မမ ”
“ အင်းပေါ့သမီးရဲ့၊ သီချင်းဆိုနေတဲ့မမတွေက အရမ်းလှတယ်၊ ပြီးတော့ သူတို့ကသမီးလိုပဲ မျက်လုံးမမြင် ကြဘူးသမီးရဲ့ ”
ကျွန်မကိုမေးသည့်မေးခွန်းအား ကလေးမအမေကပင် ၀င်ရောက်ဖြေပေးလိုက်သည်။
“ ဟင် .. မျက်လုံးမမြင်ပဲ စင်ပေါ်မှာသီချင်းဆိုနိုင်ကြတယ် ”
ကလေးမက တအံ့တသြနှင့်ဆိုရှာ၏။ ကလေးမလေး၏အသိထဲတွင် မျက်လုံးမမြင်သည်နှင့် အရာရာကို အရှုံးပေးလိုက်ရပြီရထင်မှတ်နေပုံရလေသည်။
“ အဲဒီမမတွေက သီချင်းဆိုလည်းကောင်းကြတယ်၊ ပြီးတော့ ဘွဲ့ရပညာတတ်တွေချည်းပဲသမီးရဲ့ ”
“ ဟင် .. မျက်လုံးမမြင်ပဲနဲ့ ကျောင်းတက်ပြီးဘွဲ့ရတယ် .. ဟုတ်လားမမ ”
“ ဟုတ်တာပေါ့ သမီးရယ်၊ မျက်လုံးမမြင်တာနဲ့ အရာရာကိုအရှုံးပေးစရာမလိုဘူးလေ၊ ကြိုးစားချင်စိတ်က အဓိကပဲသမီး ”
“ သမီးလည်း အဲဒီလိုဖြစ်အောင်ကြိုးစားချင်တယ်မမ ”
“ ဖြစ်ရမှာပေါ့ သမီးရယ်၊ အဲဒီလိုဖြစ်အောင်ကြိုးစားဖို့ မမကူညီပေးမယ်နော် ”
ကလေးမလေး၏စကားကိုကြားရသည့်အတွက် ကျွန်မ ပျော်မိသည်မှာ ဆိုဖွယ်ရာမရှိတော့ပါ။ ကလေးမလေးထံ တွင် ရွှေရောင်အိပ်မက်တို့ရှိလာခဲ့ပြီ။ ဤမျှအထိ စိတ်ဓာတ်အင်အားတို့ရှင်သန်နေသည့်ကလေးမလေးက အောင်မြင် ခြင်းပန်းတိုင်ကိုမရောက်နိုင်ဘူဟု မည်သူပြောဝံ့မည်နည်း။ ကလေးမက အမှောင်လောကကို အနိုင်ယူရန် ခြေလှမ်း ပြင်နေခဲ့လေပြီ။
(၅)
“ မမကို သမီးမြင်ချင်လိုက်တာ၊ မမကအရမ်းလှမှာပဲနော်၊ ပြီးတော့ မမကအရမ်းလည်းတော်မှာပဲ ”
ကလေးမက ကျွန်မလက်ကလေးကို ဆုပ်ကိုင်ကာ လှမ်းပြော၏။ ကျွန်မ နာကျင်စွာပြုံးမိပါသည်။ ဟိုရင်အချိန် ကလေးမလေးအရွယ်လောက်က ကျွန်မလည်း ထိုသို့မျှော်လင့်တကြီးမေးခဲ့ဖူးပါသည်။ ထို့နောက် ကလေးမလေးကို ကြည့်ကာ ကျွန်မပြောမိသည်။
“ မမလည်း သမီးကိုအရမ်းမြင်ချင်မိပါတယ်ကွယ် ”
ကျွန်မစကားအဆုံးတွင် ဆုပ်ကိုင်ထားသည့်ကလေးမ၏လက်ကလေးဆတ်ကနဲတုန်သွားသည်။ ထို့နောက် စကားတစ်ခွန်းက တုန်ယီစွာဖြင့်ထွက်ပေါ်လာသည်။
“ မမက သမီးကိုမမြင်ရဘူးလားဟင် .. ဒါ .. ဒါဆို .. မမလည်း သမီးလို ”
“ ဟုတ်ပါတယ် သမီး၊ မမလည်း သမီးလိုပဲ မျက်လုံးမမြင်ရဘူးလေ ”
ကလေးမလေးစကားမဆုံးခင် ကျွန်မ ပြောလိုက်မိသည်။ အံ့သြသွားသည်လား။ တစ်ခုခုကိုတွေးတောနေ သည်လားမသိ။ ကလေးမလေးက တဒင်္ဂနှုတ်ဆိတ်သွား၏။ ကလေးမနှင့်အတူ ကျွန်မလည်း နှုတ်ဆိတ်ကာနေလိုက် သည်။ ကာလတစ်ခုအထိ ကလေးမလေး အားကိုးတွယ်တာလာခဲ့သည့်ကျွန်မက မျက်မမြင်တစ်ယောက်ဖြစ်နေခဲ့ သည့်အတွက် ကလေးမလေး မယုံနိုင်အောင်ဖြစ်နေလိမ့်မည်။ ပြီးလျှင် ကျွန်မကို တစ်ခုခုပြောချင်လိမ့်မည်ထင် သည်။
“ မမကိုအားကျလိုက်တာ၊ မမက မျက်လုံးမမြင်ရပဲနဲ့ အရမ်းတော်တာပဲ ”
ကျွန်မ လုံးဝမထင်မှတ်ထားသည့်စကားပင်ဖြစ်သည်။ ကလေးမလေးက ထိုသို့ မွတ်သိပ်စွာပြောလာသတဲ့ လား။ ကျွန်မကို အားကျသည်တဲ့လား။ မျက်ရည်စို့မိသည်အထိ ကျွန်မ ကြည်နူးသွားမိလေသည်။
အခုလို မျက်လုံးမမြင်သည့်ကလေးတွေကို စိတ်ဓာတ်ခွန်အားတို့ရှင်သန်လာစေရန် ပြုစုပေးသည့်အလုပ်ကို လုပ်ခဲ့သည်မှာ အချိန်ကာလတစ်ခုရှည်ကြာခဲ့ပြီ။ ထိုသက်တမ်းတစ်လျှောက် ကျွန်မအရမ်းကိုရှက်ရွံ့ခဲ့ရသည့်စကား တစ်ခွန်းကို ရက်ရက်စက်စက်ရခဲ့ဖူး၏။
“ အကန်းက အကန်းကိုဆရာလာလုပ်နေတာလား၊ ဟင့်အင်း အခုချက်ချင်းအခန်းထဲကထွက်သွား ”
ကျွန်မ ထိန်းကျောင်းခဲ့ဖူးသည့် အသက်ဆယ့်ငါးနှစ်အရွယ်ကလေးမတစ်ယောက်ပြောခဲ့သည့်စကားဖြစ်သည်။ ထိုစဉ်က ကျွန်မ ဘယ်လိုစကားမျိုးနှင့်မှ ကလေးမကိုမပြုပြင်နိုင်ခဲ့။ ထိုကလေးမမှာ အခုချိန်အထိ အမှောင်ထဲတွင် အရှုံးနှင့်ကျင့်သားရစွာရှိနေဆဲပင်ဖြစ်သည်။
အခုကျွန်မတွေ့ရသည့် ကလေးမလေးမှာ စိတ်ဓာတ်အင်အားကောင်းလှသည်။ ဖြစ်ချင်စိတ်ရှိသည်။ ဖြစ်သင့် သည်ကိုနားလည်သည်။ ကြိုးစားချင်စိတ်လည်းရှိသည်။
“ သမီးရော မမလိုတော်လာမှာလားဟင်၊ သမီး ဘွဲ့ရပညာတတ်လည်းဖြစ်ချင်တယ်၊ သီချင်းလည်းဆိုချင် တယ်၊ ပြီးတော့ မမလို ဆရာမလည်းဖြစ်ချင်သေးတယ် ”
ကလေးမလေးက တက်ကြွစွာပြောနေလေသည်။ ကလေးမလေးပြောသမျှ ခေါင်းတညိတ်ညိတ်နှင့် ကြည်နူး နေမိသူမှာတော့ ကျွန်မဖြစ်သည်။ ကလေးမလေးက အမှောင်ကမ္ဘာထဲတွင်သာ ရောင့်ရဲတင်းတိမ်စွာနေလိုသည့် ဆန္ဒတွေမရှိတော့။
မျက်လုံးများမမြင်သော်လည်း စိတ်ဓာတ်ခွန်အားတို့ရှင်သန်ရုန်းကြွနေသည့် ကလေးမလေး၏ဘ၀ကောင်းကင် တွင် အောင်မြင်ခြင်းပန်းပွင့်များ ရှင်သန်ပွင့်ဖူးလာလိမ့်မည်ဟု ကျွန်မ အပြည့်အ၀ယုံကြည့်မိလေသည်။
ငွေတာရီမဂ္ဂဇင်း
၂၀၁၆ ခုနှစ် ၊ သြဂုတ်လ ။
ရသများဖြင့်ပြည့်စုံကြပါစေ
နတ်ရဲ (ရူပဗေဒ)
Post a Comment