မဟူရာစံအိမ်နှင့် တမလွန်ရွာ
***************
အပိုင်း(၁)
အထက်တန်းကျောင်း ။
နံနက်ခင်းအလင်းရောင်အောက်တွင် ကျောင်းရှေ့မျက်နှာစာရှိ မြက်ခင်းများပေါ်ဝယ် ကျောင်းသား ၊ ကျောင်းသူများ စာကျက်နေကြသည် ။
အုပ်စုလိုက်စာကျက်သူများရှိသလို တစ်ဦးချင်း ၊ နှစ်ဦးချင်း စာကျက်သူများလည်း ရှိသည် ။
ထိုသို့ စာကျက်နေကြခြင်းမှာ စာမေးပွဲကြီး ဖြေဆိုသောနေ့မို့ဖြစ်သည် ။
မြက်ခင်းတစ်နေရာရာတွင် ကျောင်းသူသုံးဦး ထိုင်နေကြပြီး စာကျက်နေခြင်းထက် စကားပြောနေခြင်းဟုဆိုက ပိုမိုမှန်ကန်ပေလိမ့်မည် ။
ထိုသူများမှာ ဒေစီကျော် ၊ သီရိ နှင့် ဝါဝါ တို့ဖြစ်ကြပြီး နဝမတန်းကျောင်းသူများ ဖြစ်ကြသည် ။
" ဒေစီ ... နင်ကျောင်းပိတ်ရင် ဘယ်သွားမှာလဲ "
" ဟဲ့ ဝါဝါ ..ကျောင်းပိတ်တာနဲ့ ငါက ဘယ်သွားရမှာလဲ "
" ဟုတ်ဘူးလေ ... အပျော်ခရီးလေး ဘာလေး မသွားဘူးလားလို့ "
" ဟုတ်တယ် ဒေစီ ... ငါတို့ သူငယ်ချင်းတွေစုပြီး အပျော်ခရီးထွက်ကြရင် မကောင်းဘူးလား "
ဝါဝါနှင့် သီရိတို့စကားကြောင့် ဒေစီကျော် တွေတွေလေးဖြစ်သွားသည် ။
" နင်တို့က ဘယ်သွားကြမှာလဲ "
" ငပလီတို့ ချောင်းသာတို့ပေါ့ "
" ဟင်း ... နှစ်တိုင်းရောက်နေတာ ... ငါမရောက်ဖူးနေရာ ခပ်ရှားရှားပဲ "
ဒေစီကျော် ၏ မိဘများသည် လွန်စွာချမ်းသာကြွယ်ဝသူများဖြစ်ပြီး တစ်ဦးတည်းသောသမီးလေးကိုလည်း မျက်နှာမညိုစေရဘဲ သွားချင်သမျှလိုက်ပို့ ၊ စားချင်သမျှဝယ်ကျွေးကာ အလိုလိုက်ထားခဲ့သည် ။
ယခုနှစ် နှစ်လယ်ပိုင်းလောက်က ဒေစီကျော်၏ ဖခင် ဦးမြတ်သာ ဆုံးပါးသွားခဲ့သည် ။
ရတနာဆိုင်ပိုင်ရှင် ဒေါ်သီသီက သမီးဖြစ်သူကို ခါတိုင်းထက်ပို၍ ဂရုစိုက်ခဲ့သဖြင့် ဒေစီကျော်အဖို့ လွတ်လပ်ပျော်ရွှင်မှုများ လျော့ပါးမသွားခဲ့ပါ ။
" ဒါဆို ဘယ်သွားကြမှာလဲ "
သီရိအမေးကို ခေတ္တစဉ်းစားဟန်ပြုပြီး
" ငါအကြံရပြီ "
ဟုပြောလိုက်ရာ သီရိရော ဝါဝါပါ ဒေစီကျော် ၏ စကားကို လွန်စွာစိတ်ဝင်စားသွားကြသည် ။
" ပြောပါဟ "
" ဘာအကြံလဲ "
" ဒီလိုဟ ... ငါ့အဖေ ရှမ်းပြည်ဘက်မှာ ဝယ်ထားတဲ့ အိမ်တစ်အိမ်ရှိတယ် .. တောင်ခြေမြို့လေးဟ .. အရမ်းသာယာတယ် ... ငါတို့ အဲ့အိမ်မှာနေပြီး တောထဲလျှောက်လည်ကြမယ် "
" တောထဲလည်မှာ ... ပျင်းစရာကြီး ဒေစီရယ် .. ငါမပျော် လောက်ဘူး "
" ဖြစ်ပါ့မလား ဒေစီရယ် ... တောထဲလည်ပြီး မြွေတွေ ကျားတွေနဲ့ တွေ့နေမှဖြင့် "
" ကျားတွေမရှိပါဘူးဟ ... ပြီးတော့ အရမ်းသာယာတယ် .. နင်တို့ပျော်မှာ အသေအချာပဲ ... အင်းလေးတို့ ၊ ပင်းတယ တို့လည်း သွားရင်သိပ်မဝေးဘူးဟ ... ပြီးတော့ အဲ့အိမ်ကြီးက စိတ်ဝင်စားဖို့ကောင်းတယ် "
" ဟင် ... ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတာလဲ "
ထိုစဉ် ယောက်ျားလေးသုံးယောက် သူတို့ အနားသို့ ရောက်လာသည် ။
မာဂ ၊ ဇာနည်နဲ့ ရဲရဲ ။
" ဟိတ် .. နင်တို့တွေ စာရပြီလား "
" ဟော ... မာဂ တို့ ရောက်လာပြီ ... လာ ထိုင်ကြ ... နင်တို့နဲ့ တိုင်ပင်စရာရှိလို့ "
" ဘာလဲဟ "
အားလုံးစုထိုင်ပြီးနောက် ဒေစီကျော်က ခရီးကိစ္စကို ပြောလိုက်သည် ။
" ဘာထူးခြားတာရှိလို့လဲ ဒေစီ ... စိတ်ဝင်စားဖို့ကောင်းမှ ငါက လိုက်မှာနော် "
ရဲရဲက ထိုသို့ နောက်သည် ။
သူတို့အုပ်စုသည် လွန်စွာရင်းနှီပွင့်လင်းကြပြီး မာဂ တစ်ယောက်မှလွဲလျှင် ကျန်လေးယောက်မှာ ဒေစီကျော်လောက် မချမ်းသာသော်လည်း အတန်အသင့် သုံးနိုင် ဆွဲနိုင်ကြသည် ။
မာဂ တစ်ယောက်သာ ဆင်းရဲသားရက်ကွက်တွင် နေထိုင်ရသော ဆင်းရဲသားတစ်ယောက်ဖြစ်သည် ။
မည်သို့ဆိုစေ့ အားလုံးက မာဂအပေါ်တွင် အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ တန်းတူရည်တူ ခင်မင်ကြသည် ။
ထိုအထဲတွင် ဒေစီကျော်က အဆိုးဆုံးဖြစ်သည် ။ မာဂ အပေါ်တွင် ဒေစီကျော်၏ အပြုအမူများသည် အခြားသူများအပေါ်တွင် ဆက်ဆံသည်ထက် အနည်းငယ်ပိုနေသည်ကို အားလုံးသိကြသည် ။
မာဂလည်း သိပေမယ့် မသိချင်ဟန်ဆောင်ကာ သာမန်သာ ဆက်ဆံသည် ။
ဒေစီကျော်၏ ဘဝနှင့် သူ့ဘဝ၏ ကွာဟမှုကို သူနားလည်ထားသည် မဟုတ်ပါလား ။ ပြီးတော့ အသက်လည်း ငယ်သေးသည် ။
ယခု ခရီးထွက်ရန် တိုင်ပင်ရာ၌လည်း မာဂ က ဝင်မဆွေးနွေးခဲ့ပေ ။ အဘယ့်ကြောင့်ဆိုသော် သူလိုက်နိုင်မှာမဟုတ်သောကြောင့်ဖြစ်သည် ။
နွေရာသီကျောင်းပိတ်တုန်း အဖေ့အလုပ်တွေကို ဝိုင်းကူလုပ်ပေးရမည် ။
မာဂ၏ ဖခင် ဦးဖိုးသာသည် အသီးအရွက်စိုက်ခင်းများ စိုက်ပျိုးခြင်းကို လုပ်ကိုင်ကာ မိသားစုဝင်ငွေရှာနေသူဖြစ်သည် ။
မိသားစု လေးယောက်သာရှိပြီး မာဂအောက်တွင် ညီငယ်တစ်ယောက်ရှိသည် ။
စိုက်ခင်းမှရရှိသော ဝင်ငွေသည် မပိုလျှံသောလည်း စားသောက်နိုင်ရန်တော့ ဖူလုံသည် ။ ထိုသို့ နေ့စဉ်ရက်ဆက် ပင်ပန်းကြီးစွာရှာဖွေကျွေးမွေးနေသော ဖခင်အား နွေရာသီ ကျောင်းပိတ်တုန်းသာ ကူညီပေးနိုင်သည် မဟုတ်ပါလား ။
ထို့ကြောင့် ဒေစီကျော် တို့တိုင်ပင်နေခြင်းကို မဆိုင်သလိုသာ နားထောင်နေလိုက်သည် ။
" ပြောပါဒေစီ ... ဘယ်လိုလဲ "
" ငါလည်း သေချာတော့ မပြောနိုင်သေးဘူး .. ငါငယ်ငယ်က နှစ်ခေါက်လောက်ပဲ ရောက်ဖူးတယ် .. ဒါတောင် ငါ့အဖေက ဘယ်မှ မသွားခိုင်း ၊ ဘာမှ မထိခိုင်းဘဲ မျက်စိဒေါက်ထောက်ကြည့်နေတာဟ "
" ဟမ် ... နင့်အိမ်က ဘာစိတ်ဝင်စားဖို့ကောင်းမှာလဲဟာ "
" ကျန်သေးတယ် ဇာနည်ရ ... အိမ်ကြီးနာမည်က မဟူရာ စံအိမ်တဲ့ .. နှစ်ထပ်အိမ် ၊ အတော်ကြီးတယ်ဟ .. မြေအောက်ခန်းလည်း ရှိတယ် ... ငါမြေအောက်ခန်းထဲ ဆင်းကြည့်မယ်လုပ်လို့ ငါ့အဖေက အထိတ်တလန့် နဲ့ ငါ့ကိုဆူတယ် ... နောက်တစ်ခါ ဘယ်တော့မှ ထပ်မဝင်နဲ့တဲ့ ... မြေအောက်ခန်းထဲမှာ တစ်ခုခုရှိနေတာ သေချာတယ် ... နောက်တော့ အဲ့အိမ်ကိုသွားရင် ငါ့ကို မခေါ်တော့ဘူး ... ငါ့အဖေတစ်ယောက်တည်းသွားတာများတယ် "
" နင့်အဖေက အလုပ်ကိစ္စနဲ့ သွားတာလား "
" မဟုတ်ဘူး သီရိ ... ငါပါသွားတုန်းကတော့ အပန်းဖြေသွားသလိုလိုပေါ့ ... ဒါပေမယ့် မကြာဘူး .. သုံးရက်လောက်နေပြီး ပြန်လာတယ် ... နောက်တော့ ငါ့အဖေတစ်ယောက်တည်း တစ်လ တစ်ခါလောက် ပုံမှန်သွားတယ် .. တစ်ရက် နှစ်ရက်ပဲ ကြာတယ် ... ဘာသွားလုပ်မှန်းတော့ ခုထိငါမသိဘူး ... ငါ့အမေကို မေးကြည့်တော့လည်း မပြောဘူး ..
ငါ့အဖေဆုံးသွားတာလည်း အဲ့အိမ်ကြီးက ပြန်လာပြီး တစ်ရက်အကြာမှာ ဆုံးသွားတာပဲဆိုတော့ ငါ့အဖေသေတာ အဲ့အိမ်ကြီးနဲ့များ ပတ်သတ်နေမလားလို့ "
ဒေစီကျော်၏ စကားအဆုံးဝယ် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည် ။ တစ်ယောက်တစ်မျိုးလည်း ဝေဖန်ကြသည် ။
" ကြောက်စရာကြီးပါလား "
" အင်း ... ငါတော့ စိတ်ဝင်စားသွားပြီ "
" အဲ့အိမ်ကြီးမှာ လျှို့ဝှက်ချက်ရှိနေလားမသိဘူး "
" နင်တို့ကလည်း ... တိုက်ဆိုင်တာလည်း ဖြစ်နိုင်တာပဲ "
" ဘာပဲဖြစ်ဖြစ် ... ငါတို့သွားကြမယ် ... အရှူံးမရှိပါဘူး ... ရှမ်းပြည်မှာ လည်ပတ်စရာတွေပေါတယ် ... အစားအသောက်လည်း ပေါတယ် "
ဒေစီကျော်၏ စကားကို အားလုံးထောက်ခံကြပြီး မာဂ တစ်ယောက်သာ ငူငိုင်ငိုင်ဖြစ်နေသောကြောင့် ဒေစီကျော်က မကျေမနပ်ဖြစ်နေသည် ။
" မာဂ .. နင်ဘာဖြစ်နေတာလဲ ... ငါတို့အားလုံးတိုင်ပင်နေကြတာကို ဘာမှ ဝင်မပြောဘူး "
" ငါ .. ငါမလိုက်ဖြစ်လောက်ဘူး "
မာဂ အဖြေသည် အခြားသူများအတွက် ဖြေနေကျစကားမို့ မထူးဆန်းသော်လည်း ဒေစီကျော် မှာ မခံမရပ်နိုင်ဖြစ်သွားသည် ။
အရင်နှစ်က ခေါ်တော့လည်း ငြင်းသည် ။ အရင်နှစ်ကတော့ ထားပါ ။ အပျော်သက်သက်မို့ ။ ခုဟာက အခြားအကြောင်းအရာပါ ပါနေတော့ မာဂ ကို မဖြစ်မနေ လိုက်စေချင်သည် ။
" ဘာ ... မာဂ .. နင်မလိုက်ဘူး ဟုတ်လား ... တကယ်လို့ နင်မလိုက်ရင် ငါ့ကို နင့်သူငယ်ချင်းအဖြစ်က ရုတ်သိမ်းလိုက်တော့ "
ဒေစီကျော် က မျက်နှာတည်တည်ဖြင့်ပြောလေသော် အားလုံးက ဒေစီကျော် ကို လှောင်ပြုံးပြုံးကာ ကြည့်ကြပြီး မာဂ မှာမူ လွန်စွာမျက်နှာပျက်သွားသည် ။
" အဲ့လိုတော့ မပြောပါနဲ့ ဒေစီရယ် .. ငါတို့သူငယ်ချင်းတွေက မူလတန်းကတည်းက ခင်ခဲ့ကြတာပါ "
" ဒါဆို လိုက်ခဲ့လေ "
" မဖြစ်လို့ပါ .. ငါ အဖေ့စိုက်ခင်းမှာ ဝိုင်းကူလုပ်ပေးရဦးမှာ ... အဖေလုပ်တာချည်း ထိုင်စားလာခဲ့တာ ကျောင်းလေးပိတ်တုန်း ပြန်ကူရမှာလေ ..
ငါ လိုက်တော့ လိုက်ချင်ပါတယ် ... တကယ် မဖြစ်လို့ပါ ... ပြီးတော့ အဖေကလည်း လွှတ်မှာမဝုတ်ဘူး "
" နင်လိုက်ချင်တာ သေချာလား မာဂ "
ဒေစီကျော်က မာဂကို သေချာကြည့်၍ မေးသည် ။
" ငါ စိတ်ဝင်စားပါတယ် ... အပျော်ခရီးသွားမှာထက် နင်ပြောတဲ့ အိမ်ကြီးကို လေ့လာချင်တာပါ "
" ဒါဆို ပြီးတာပဲ ... ငါကိုယ်တိုင် နင့်အဖေဆီမှာ ခွင့်တောင်းပေးမယ် .. ငါပြောလို့ မရရင် ငါးယောက်လုံး သွားပြောမယ်ဟာ "
" ဟာ ... ဒေစီမတို့တော့ လုပ်ချလိုက်ပြီ "
" ဉာဏ်ကြီးရှင်ပါပဲ "
" လေးစားတယ်ဒေစီ "
" ဟုတ်ပါတယ် ... ငါတို့ပါ ဝိုင်းပြောပေးကြရအောင် . တော်ကြာနေ မာဂ မပါလို့ ခရီးစဉ် ပျက်သွားပါဦးမယ် "
အားလုံး ဝိုင်းနောက်နေသဖြင့် မာဂ မျက်နှာမှာ ရဲတွတ်လာပြီး မျက်နှာမထားတတ်အောင် ဖြစ်လာသည် ။
" ကဲဟယ် .. ကဲဟယ် ... "
ဒေစီကျော်က နီးရာလူများကို စာအုပ်ဖြင့်ရိုက်လေရာ ထွက်ပြေးကြသည် ။
" ဒေါင် ... ဒေါင် ... ဒေါင် ... "
သံခေါင်းခေါက်သံကြားမှ စာကျက်နေသူများ အလျှို အလျှို အခန်းထဲသို့ ဝင်ကုန်ကြလေသည် ။
~~~~~~~~~~~~~
" ဘယ်လို သမီး ... မဟူရာစံအိမ်ကို သွားမလို့ .. ဟုတ်လား "
စာမေးပွဲပြီးသောနောက်ရက်တွင် ဒေစီကျော်က မိခင်ထံတွင် ခရီးထွက်ရန် ခွင့်တောင်းခြင်းဖြစ်သည် ။
ရှမ်းပြည်နယ်က မဟူရာစံအိမ် ဟူသောစကားကြောင့် ဒေါ်သီသီမှာ အထိတ်တလန့်ဖြင့် ဒေစီကျော် ကိုမေးလိုက်ခြင်းဖြစ်သည် ။
" ဒီလိုပါအမေ ... သမီးသူငယ်ချင်းတွေနဲ့ အင်းလေး ၊ ပင်းတယ ဘုရားတွေ ဖူးချင်လို့ပါ .. မဟူရာ စံအိမ် မှာ တည်းပြီး လည်ပတ်ရင်ကောင်းမလားလို့ တွေးမိလို့ပါ "
" အို ... ဘယ်လိုပဲဖြစ်ဖြစ် မဟူရာစံအိမ်ကို သွားဖို့ မေမေခွင့်မပြုနိုင်ဘူး "
" ဘာလို့လဲ မေမေ "
" သမီးဖေဖေက သူဆုံးမယ့်နေ့က အဲ့အိမ်ကြီးကို ပြန်ရောင်းပစ်ဖို့ တဖွဖွမှာသွားတာ ... မေမေလည်း အလုပ်တွေများနေလို့ မစီစဉ်ဖြစ်သေးတာ..."
" မေမေရယ် ... သမီးတို့က အခြားနေရာမှာ လျှောက်လည်ကြမှာပါ ... မဟူရာစံအိမ်ကို သွားမယ်ပြောတာလည်း ခဏတဖြုတ် ဝင်နားရုံသက်သက်ပါ ... အဲ့အိမ်မှာ သမီးတို့လည်း မနေနိုင်ပါဘူး ... မြို့ပြင်မှာ .. ခေါင်ကခေါင်နဲ့ ..
ပြောသာပြောရတာ .. ဝင်ဖြစ်ချင်မှလည်း ဝင်ဖြစ်မှာပါ .. အဓိက က အခြားနေရာတွေ လည်ချင်လို့ပါ "
ဒေစီကျော်က စကားကို လိုက်လျောပြောလေရာ ဒေါ်သီသီမှာ စောစောကလောက် တင်းမာခြင်းမရှိတော့ ။
" အဲ့အိမ်ကြီးကို မဝင်တာအကောင်းဆုံးပဲလို့ မေမေပြောချင်တယ် သမီး ... အခြားနေရာတွေ လည်ချင်တယ်ဆိုရင်တော့ မေမေခွင့်ပြုပေးပါ့မယ် "
" ဟာ ... တကယ်လား မေမေ "
" ဒါနဲ့ သမီးသူငယ်ချင်းတွေ အားလုံးလိုက်ကြမှာလား "
ဒေါ်သီသီက ဒေစီကျော်၏ သူငယ်ချင်းများကို သိထားသည် ။ လူငယ်သဘာဝမို့ လွတ်လပ်ခွင့်ကို မပိတ်ပင်ထားပေ ။ နောက်ပြီး သီရိနှင့် ရဲရဲတို့၏ မိဘများနှင့် ဒေါ်သီသီမှာ လုပ်ငန်းသဘော ၊ လူမှုရေးသဘောများဖြင့် လွန်စွာရင်းနှီးသူများမို့ စိတ်ချနိုင်ခြင်းလည်း ဖြစ်သည် ။
" ဟုတ်တယ် မေမေ ... ဒီနှစ် မာဂ ပါလိုက်မှာ "
မာဂ ကိုလည်း ဒေါ်သီသီကောင်းကောင်းသိသည် ။
သူမကိုယ်တိုင်လည်း အောက်ခြေမှတက်လာသူမို့ အဆင့်အတန်းခွဲခြားဆက်ဆံခြင်းမျိုးမရှိပေ ။ မာဂ ကို ရိုးသားသော လူငယ်လေးအဖြစ် ဒေါ်သီသီ သိနှင့်ပြီးထားမို့ ပြဿနာမရှိပေ ။
" ကောင်းတာပေါ့ သမီး ... မရှိဆင်းရဲသား ဆိုပြီး နှိမ့်ချဆက်ဆံတာတော့ မေမေမကြိုက်ဘူးနော် ... ဆင်းရဲသားလည်း လူပဲ .. မာဂ အတွက် လိုအပ်ရင် အကူအညီပေးလိုက်ပါကွယ် ... ခရီးအတွက် လည်း ပိုက်ဆံပိုယူသွား ... သိပ်တော့ မကြာကြနဲ့နော် "
" ဟုတ် .. မေမေ ... ၁၅ ရက် ပိုပိုလောက်ပဲ နေမှာပါ "
" နောက်က ပိုပို ကိုပဲ မေမေကြောက်တာ ... ၁၅ ရက်ပိုပို လို့ကြိုပြောထားတော့ ပိုချင်သလောက် ပိုလို့ရတယ်မလား "
" ဟဲ ဟဲ ... အများကြီးမပိုပါဘူး မေမေရဲ့ ... သိပ်မကြာပါဘူး "
" ပြောတာပါဘဲ .. ဘယ်တော့သွားမှာလဲ သမီး"
" တစ်ရက် နှစ်ရက်လောက်နေပြီးရင် ထွက်ဖြစ်မယ်ထင်တာပဲ ... အခြားသူတွေနဲ့တိုင်ပင်ပြီး အဆင်ပြေတာနဲ့ သွားမှာပါမေမေ "
" အေးလေ ... ပြီးတော့ မေမေ့ကိုလိုအပ်တာပြောပေါ့ ... ခု မေမေ ဆိုင်သွားတော့မယ် "
" ဟုတ် "
ဒေါ်သီသီ ဆိုင်သို့ ကားဖြင့်ထွက်သွားသည်နှင့် ဒေစီကျော် စက်ဘီးထုတ်ပြီး သီရိထံသို့ ဦးစွာသွား သည် ။
ထို့နောက် ၅ ယောက်လုံးစုံသော် အနည်းငယ် တိုင်ပင်ပြီး မာဂ အိမ်သို့ ချီတက်လာကြသည် ။
မာဂ နေထိုင်ရာသည် မြို့စွန်ရှိ ဆင်းရဲသားများနေထိုင်ရာ ရက်ကွက်တွင်ဖြစ်သည် ။
ဇာနည်နှင့် ရဲရဲတို့က အမြဲလိုလို ရောက်ဖြစ်ကြသော်လည်း မိန်းကလေးများမှာ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည် ။
သွပ်မိုး ထရံကာ အိမ်တစ်လုံးရှေ့တွင် စက်ဘီးကိုယ်စီရပ်လိုက်ကြပြီး အိမ်ထဲသို့ ဝင်ခဲ့ကြသည် ။
" မာဂရေ ... မာဂ "
ရဲရဲ အသံကြောင့် အိမ်ထဲမှ မာဂ ဖခင်ဦးဖိုးသာ ထွက်လာသည် ။
" ရဲရဲနဲ့ ဇာနည်ပါလား ... ဧည့်သည်တွေလည်း ပါလာတာပဲ ... လာ ထိုင်ကြ "
သွပ်ဖီလေးထဲ ဝင်ထိုင်လိုက်ကြရာ လူများ သဖြင့် နေရာပြည့်သွားသည် ။
" မငြိမ်းရေ .. ရေနွေးအိုးနဲ့ လက်ဖက်ယူလာဦးဟေ့ "
ဦးဖိုးသာက နောက်ဖေးသို့ လှမ်းအော်ရင်း အပြုံးဖြင့် ဧည့်ခံသည် ။
" သား သူငယ်ချင်းတွေထင်တယ် "
" ဟုတ်ပါတယ် ဦး .. မာဂ မရှိဘူးလား "
" မင်းတို့ သူငယ်ချင်းက မိုးလင်းတာနဲ့ သူ့ညီကိုခေါ်ပြီး စိုက်ခင်းကိုသွားလေရဲ့ ... "
ထိုစဉ် ဒေါ်ငြိမ်းက ရေနွေးကြမ်းနှင့် လက်ဖက်ပန်းကန်လာချပေးသည် ။
" မငြိမ်းရေ ... ကလေးတွေကို ဧည့်ခံထားလိုက်ဦး ... ငါ စိုက်ခင်းကို လိုက်သွားပြီး သားကို ခေါ်ပေးလိုက်ဦးမယ် "
ဦးဖိုးသာက နေရာမှထရန်ပြင်နေသဖြင့် ဒေစီကျော်က ဝင်တားလိုက်သည် ။
" ရပါတယ် ဦး ... မခေါ်နေပါနဲ့ "
" သမီးတို့က သူနဲ့တွေ့ဖို့ လာတာမဟုတ်လား "
" သမီးတို့လာတာ ဦးဆီမှာ ခွင့်တောင်းချင်လို့ပါ "
" ဟေ .. "
" ဟုတ်ပါတယ် ဦး ... သမီးတို့ ရှမ်းပြည်ကို သွားလည်ကြမလို့ ... မာဂ လည်း လိုက်ချင်ပါတယ် ... စိုက်ခင်းအလုပ်တွေရယ် ... ဦးခွင့်မပြုမှာစိုးတာ ရယ်ကြောင့် မလိုက်ဘူးငြင်းနေလို့ပါ .. မာဂကို သမီးတို့နဲ့ လိုက်ခွင့်ပေးပါနော် "
ဦးဖိုးသာ နှင့် ဒေါ်ငြိမ်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အတန်ကြာ နှုတ်ဆိတ်နေကြသည် ။
ပြီးမှ ...
" ဒါက ဒီလိုရှိတယ် သမီးတို့ရဲ့ ... ဦးတို့ကတော့ ခွင့်မပြုနိုင်စရာအကြောင်းမရှိပါဘူး ... သား ငြင်းရတယ်ဆိုတာက ခရီးတစ်ခုသွားဖို့အတွက် အခြားအခက်အခဲရှိလို့ပါ .. ရှင်းရှင်းပြောရရင် ဦးတို့က ငွေကြေးပြည့်စုံသူတွေမဟုတ်တော့ အပျော်ခရီးထွက်ဖို့ဆိုတာ မလွယ်ကူဘူးလေ ...
သားက ဒါကိုကြိုသိလို့ ငြင်းတာဖြစ်ပါလိမ့်မယ် .. ဦးတို့ကိုတော့ ဂျီကျတောင်းဆိုတာမျိုးမလုပ်ဘူး .. လိမ္မာတဲ့ သားလေးပါကွယ် "
ဦးဖိုးသာ စကားဆုံးသည်နှင့် ဇာနည်က ဝင်ပြောသည် ။
" ဒါတော့ မပူပါနဲ့ ဦး ... ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံးတိုင်ပင်ထားပြီးသားပါ .. ငွေရေးကြေးရေးအတွက် ကျွန်တော်တို့ တာဝန်ယူပါတယ်ဦး "
" အဲ့လိုဆိုပြန်တော့လည်း သားက လက်ခံမယ် မထင်ဘူး ... ဘာလို့လဲဆိုတော့ သူငယ်ချင်းဆီက ပိုက်ဆံယူသုံးရမှာဆိုတော့ ... "
ထိုအခါ ဒေါ်ငြိမ်းကပါ ဝင်ပြောလေသည် ။
" ဟုတ်ပါတယ် သားတို့ သမီးတို့ရယ် ... ကိုယ့်ဖာသာပဲ သွားကြပါလားကွယ် ... သားလိုက်ဖြစ်မယ်မထင်ပါဘူး "
ငါးယောက်လုံး လွန်စွာစိတ်ပျက်သွားသည် ။ အဖြေတစ်ခုရရန် အပြေးအလွားစဉ်းစားနေရင်း ဒေစီကျော် ခေါင်းထဲသို့ အကြံတစ်ခုဝင်လာသည် ။
" ဒါဆို ဒီလိုလုပ်ပါလား ဦး ... မာဂမသိအောင် သမီးတို့က ဦးကို ပိုက်ဆံပေးထားမယ် ... ခရီးထွက်ခါနီးမှ အဆင်ပြေသလိုပြောပြီး မာဂကို ပေးလိုက်ပေါ့ "
ဒေစီကျော် စကားကို အားလုံးထောက်ခံကြသည် မို့ အဆုံးတွင် ဦးဖိုးသာ လက်ခံလိုက်ရသည် ။ သူတို့လေးတွေ ဆန္ဒပြင်ပြနေသည် မဟုတ်ပါလား ။
ပြီးတော့ သားတွင် ယခုကဲ့သို့ သူငယ်ချင်းကောင်းများရှိနေခြင်းကိုလည် ဝမ်းသာမိသည် ။ သူငယ်ချင်းများ၏ သားအပေါ်ထားသော စေတနာ ကိုလည်း အသိအမှတ်ပြုကာ လေးစားမိသည် ။
သားပြန်လာလျှင် လိုက်သွားဖို့ တိုက်တွန်းပေးရမည် ။
မိမိလိုက်ပို့မှဆိုလျှင် သားရောက်ဖူးဖို့ မလွယ် ။ အခွင့်သင့်တုန်း လိုက်သွားဖို့ ပြောရမည် ။
~~~~~~~~~~~
ညနေရောက်တော့ ဇာနည် ဆိုင်ကယ်တစ်စင်းဖြင့် ပေါက်ချလာပြီး မာဂ ကိုအအေးဆိုင်တစ်ဆိုင်သို့ ခေါ်လာခဲ့သည် ။
ဆိုင်ထဲတွင် အားလုံးရောက်နေကြပြီ ။
ထို့နောက် ခရီးအတွက် ပြောဆိုဆွေးနွေးကြသည် ။
မာဂ လည်း စောစောကမှ ဖခင်ဆီမှ ခွင့်ပြုကြောင်းပြောထား၍ စိတ်အားထက်သန်စွာ ပြောဆိုဆွေးနွေးသည် ။
" နင်တို့ကို ပြောရဦးမယ် "
" ဒေစီရယ် .. စကားပလ္လင်ခံစရာမလိုပါဘူး ... ပြောစရာရှိသာတာ ပြော "
သီရိက စိတ်မရှည်သလိုပြောသည် ။
" ငါ ငါ့အမေဆီမှာ မဟူရာစံအိမ်ကြီးကို သွားလည်မယ်ပြောတာနဲ့ ငါ့အမေက မသွားရဘူး ဆိုပြီး ဖြူးဖြူးခါနေတာ ... ဒါနဲ့ ငါလည်း အဆင်ပြေသလို လျှောချပြီးပြောမှ ခွင့်ပြုတာ ... မဟူရာစံ အိမ်ကို ဖြစ်နိုင်ရင် မဝင်ဖို့ မှာလိုက်သေးတယ် "
ဒေစီကျော် စကားကြောင့် မာဂ ပို၍ စိတ်ဝင်စားသွားသည် ။
အပျော်သက်သက်ဆို သူ ဒီခရီးကို လိုက်ဖြစ်မည်မဟုတ် ။ မဟူရာစံအိမ်ကြီးကို စိတ်ဝင်စားခြင်းကြောင့်သာ လိုက်ပါရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ။
" ဒါဆိုရင်တော့ မဟူရာစံအိမ်ကြီးမှာ ထူးခြားတဲ့ လျို့ဝှက်ချက် ရှိကိုရှိရမယ် "
" မာဂပြောတာ ဟုတ်တယ် ... ငါအတော် စိတ်ဝင်စားနေပြီ ... မြန်မြန်သွားကြရအောင် "
အားလုံးမှာ မဟူရာစံအိမ်ကြီးကို လွန်စွာစိတ်ဝင်စားနေကြပြီး ခရီးအတွက် တက်ကြွနေကြသည် ။
" အားလုံးစီစဉ်ပြီး သန်ဘက်ခါ သွားကြရင် မကောင်းဘူးလား "
" ကောင်းတယ် ဒေစီ ... အားလုံး သဘောတူကြတယ်မလား "
" တူတယ် "
" တူတယ် "
" မတူဘူး "
အားလုံးသဘောတူကြောင်းပြောအပြီး ရဲရဲ အသံက နောက်ဆုံးက ထွက်ပေါ်လာသည် ။
" ဘာဖြစ်တာလဲ ရဲရဲ "
" ဘာလို့လဲဟ "
ရဲရဲကို ဝိုင်းမေးကြသည် ။
" ငါက မနက်ဖြန်သွားချင်တာ "
" သေလိုက်ပါလား "
မိန်းကလေးများက ဝိုင်းပြီးထောပနာပြုကြ သည် ။
ည ကိုးနာရီခန့်တွင် အားလုံးလူစုခွဲပြီး အိမ်ပြန်ကြသည် ။
မာဂ ကို ဇာနည်က ဆိုင်ကယ်ဖြင့် ပြန်လိုက်ပို့သည် ။
သူတို့ သန်ဘက်ခါ မှာ ခရီးထွက်ဖို့ အတည်ပြုလိုက်ပြီမို့ အားလုံးစိတ်လှုပ်ရှားနေကြသည် ။
###########
အပိုင်း(၂) >>>
>>> မဟူရာစံအိမ်ကြီးကို ရောက်သွား
တဲ့ သူတို့ရဲ့ အဖြစ်တွေကို အား
ပေးကြမှာလား ???
ဂမ္ဘီရရွာ
မဟူရာစံအိမ် နှင့် တမလွန်ရွာ အပိုင်း ၁
in
မဟူရာစံအိမ်
- on 2:22 AM
- No comments
Post a Comment