မညှာမတာ...မိုး
----- ----- -----
`ကိုက အရမ်း.. ချစ်စရာကောင်းတာပဲ´
ရှေ့တည့်တည့်မှာ မျက်တောင်မခတ်တမ်း ကြည့်နေပြီး ပြောချ လိုက်တာက အဲ့စကား၊
တစ်ခါတစ်လေ သူမရှေ့၌ကိုယ့်မှာ ယောက်ျားလေး တန်မယ့် ရှက်ရွံ့သွား လောက်အောင် သူမက သေသေချာချာ စိုက်ကြည့်ဖူးသည်။
ပြီးရင် ပြောတတ် သေးသည်။ `ကြည့်လို့ကိုမဝဘူး´ ဆိုတာတွေ..။
အမြဲမပြတ် ကြည်မွေ့စွာ ပြုံးနေတတ်သည့် နှုတ်ခမ်းလေး တွေက ထုံးစံအတိုင်း အငြိုငြင်မရှိပြုံးနေဆဲ..၊ သို့သော်
`မိုး ကိုတို့လက်ထပ်ရအောင်..´
ဖြတ်ခနဲ ပြောင်းလဲသွားသော မျက်ဝန်းညိုထက်မှ မျက်မှောင်တွေ တွန့်ကုတ်သွားသည်။ ညို့ခနဲဖြစ်သွားသည့် မျက်ဝန်းလေးတွေက ဘာကိုဆိုလိုချင်မှန်းမသိ..။
ဒါပေမဲ့ ကိုယ်ကပဲ မှားယွင်းစွာ တောင်းဆိုလိုက်မိသည် ဟုခံယူလိုက်ပြီး
`မိုးအနေနဲ့ လက်မထပ်ချင်လောက်သေးတာကို ကိုနားလည်ပါတယ် ဒါပေမဲ့ ကိုတို့တွဲလာတာလည်း အတော်အသင့်ကြာနေပြီလေ မိုးနားလည်မှာပါ´
မျက်ခုံးတွေစုကျုံ့သွားခြင်း မျက်နှာပျက်သွားခြင်းတွေ ဖြစ်သွားတဲ့ ချစ်သူလေးကိုပဲ သေချာစိုက်ကြည့်နေမိရင်း သက်ပြင်းတစ်ခုကို မသက်မသာ ချလိုက်မိသည်။
`မိုး လက်မထပ်နိုင်ဘူး´
ချက်ချင်းလက်ငင်း ယတိပြတ် ငြင်းပယ်ပစ်လိုက်သော ချစ်သူလေးက ဘယ်တုန်းကမှ ဘယ်သောအခါမှ အားမနာတတ် သူလေး..။
`ကိုက ဘာလို့လက်ထပ်ချင်ရတာလဲ ကိုမိုးကိုဘာလို့ အပိုင်လိုချင်ရတာလဲ´
ခါးသီးသော မေးခွန်းများက ပြုံးနေဆဲ နှုတ်ခမ်းပါးလေးနဲ့ မလိုက်ဖက်စွာ..။
မကြုံဖူးဘူးလို့ ပြောရင် ယုံကြည်ဖို့ခက်ခဲနိုင်ပေမဲ့ သူမက အဲ့လိုမျိုး မိန်းကလေး..။
နားမလည်နိုင်ဘူးဆိုရင် ဘယ်လောက် ရှင်းလင်းနေပါစေ နားမလည်ဘူးဆိုတာပဲဖြစ်ကာ၊ ဘယ်လောက် ခက်ခဲတာ ဖြစ်ဖြစ် နားလည်ပါတယ်ဆိုရင် နောက်တစ်ခွန်းတောင် ပြန်မမေးတော့တာမျိုး..၊
နာကျင်သွားခြင်း ခံပြင်းသွားခြင်းတွေကို ဘေးဖယ် လိုက်ကာ
`ဘာလို့လက်မထပ်ချင်ရတာလဲ ကို့မှာ ဘာချို့ယွင်းချက် ရှိလို့လဲ လက်တွဲဖို့ အဆင်မပြေနိုင်တဲ့ အနေထားတွေ ကို့မှာရှိနေလို့လား ရှိနေတယ်ဆိုရင်တောင်..´
`မရှိဘူး လက်မထပ်ချင်တဲ့ အကြောင်းရင်းက လက်မထပ်ချင်လို့ပဲကို´
ရယ်ချပစ်သင့်လား ဂုဏ်ယူဝမ်းမြောက်သင့်လား ဒါမှမဟုတ် ငိုချလိုက်သင့်လား..။
အငြင်းပယ်ခံ နေရတဲ့ကိုယ်က နာကျင်ဖို့တွေးမိပေမဲ့ သူမမျက်ဝန်းမှာ ငွေ့ရည်ဖွဲ့ခြင်းတွေနဲ့..
`မိုးသေချာစဉ်းစားပြီးမှ ငြင်းပါလား ကိုတို့ထားခဲ့တဲ့ သံယောဇဉ်တွေ အချစ်တွေ ဆိုတာက အတူတူဖြတ်သန်းဖို့ အတူတူလက်တွဲဖို့မဟုတ်ဘူးလား´
`အချစ်တွေ သံယောဇဉ်တွေဆိုတာက အတူတူ လက်တွဲဖို့လို့ ကိုခံယူထားရင် ဟုတ်မှာပေါ့ မိုးအတွက်တော့ မဟုတ်ဘူး လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းရာအတွက် ဘာကြောင့်ဆိုတာ မေးလာရင် မိုးမှာအဖြေမရှိဘူးကို မိုးရဲ့အဖြေက မဖြစ်နိုင်ဘူးဆိုတာ ကလွဲရင် မရှိဘူး ကိုက မိုးကို လက်ထပ်မှ ဖြစ်မယ် ဆိုရင် လက်ထပ်စရာ မလိုတဲ့ နည်းလမ်းကိုပဲ မိုးကရွေးချယ်ရတော့မှာ´
ပြတ်သားတော့မည် ဆိုလျှင်လည်း ဘယ်သူမျက်နှာမှ ထောက်မှာမဟုတ်ဘူး ဆိုသည့်အတိုင်း သူမ တကယ် ဆုံးဖြတ် သွားတော့မည်ဆိုတာ ကြိုပြီးများ သိခွင့်ရှိခဲ့လျှင်..၊
`ကို့အချစ်တွေက မိုးနဲ့ မထိုက်တန်ဘူး ဆိုတော့ ထိုက်တန်တဲ့သူ တခြားတစ်ယောက်ကို ကိုရှာတွေ့ပါစေ´
`မိုးအဲ့လိုလွယ်လွယ်မပြောနဲ့လေ ကိုတို့ တည်ဆောက်လာခဲ့တဲ့ သံယောဇဉ်တွေကို ဒီလို လွယ်လွယ်နဲ့ ..´
`အဲ့တာတွေကို ကိုပဲဖျက်စီးလိုက်တာ!´
သူ့စကားမဆုံးသေးခင် ဆောင့်ခနဲအော်လိုက်ပြီး ပြန်လည်ငြိမ်သက်သွားတဲ့ သူမကို နာကျင်စွာ ကြည့်မိလေသလား၊ ဒါမှမဟုတ် တအံ့တသြနဲ့လား။
`အခုလက်မထပ်သေးဘူးဆိုတာကို ကိုလက်ခံ ပေးနိုင်တယ်မိုး နောက်ဘယ်တော့မှ ဆိုတာကိုတော့ ကိုနားမလည်နိုင်ဘူး´
`မိုးလည်းကို့ကိုနားမလည်နိုင်ဘူး ဘာလို့ လက်ထပ်ချင်ရတာလဲ ယောက်ျားတစ်ယောက်ရဲ့ အချစ်ဆိုတာ မိန်းမတစ်ယောက်ကို အပိုင် သိမ်းပိုက်ခြင်းပဲလား လက်ထပ်ပြီးရင်ကော တစ်သက်လုံး တစ်ယောက်တည်းကိုပဲ ချစ်သွားမယ်လို့ သေချာပေါက် တွက်ထားလို့ကော ရရဲ့လား မဖြစ်နိုင်ဘူး´
`သိမ်းပိုက်တာ မဟုတ်ဘူးမိုး အရာအားလုံးကို နှစ်ယောက်အတူရင်ဆိုင်ဖို့ ချည်နှောင်လိုက်ကြတာပါ´
`မသေချာတဲ့အရာတစ်ခုကို အစမ်းလုပ်ကြည့်ပြီးမှ မှားသွားလို့ပါဆိုပြီး ပြန်လည်ပြင်ဆင်ခွင့်ရှိတာတွေထဲမှာ လက်ထပ်ခြင်း ပါရဲ့လား´
အမြဲတမ်းထူးဆန်းအံ့သြဖွယ်တွေ ပေးတတ်တဲ့သူမထံမှ ဒီတစ်ကြိမ်ပေးသော အံ့သြဖွယ်က ဘာနဲ့မှမတူ လေးနက် နာကျင်လွန်း လှသည်။
`မဖြစ်နိုင်ဘူးကို စမ်းသပ်ကြည့်လို့မရတဲ့အရာကို မိုးဘယ်တော့မှ မစမ်းသပ်ဘူး´
ခေါင်းလေးပါ ခါယမ်းပစ်လိုက်ပြီး သူမရဲ့လက်မခံနိုင်မှု ကိုပြသည်။
`အိမ်ထောင်တစ်ခုပြုတယ် မိသားစုတစ်ခု တည်ထောင်တယ် ဆိုတာကလည်း ဘယ်သူကမှ ငါတော့ စမ်းလုပ်ကြည့်လိုက်ပါမယ် မကောင်းတော့မှ ပြန်ပြီး အလှဲအလှယ်လုပ်တာပေါ့ဆိုပြီး မတွေးကြပါဘူး အတူတူကြိုးစားကြမယ် အတူတူ တည်ဆောက်ကြမယ် အေးတူပူအမျှ ဆိုပြီးပဲတွေးကြတာပါ မိုးရယ်..´
ငြင်းဆန်ထားပြီးသည့် ကိစ္စတစ်ခုအတွက် သူမဘယ်လိုမှ ပြန်လက်ခံလာမှာ မဟုတ်တာကို သိနှင့်ပြီးသော်လည်း အယူခံ ဝင်ကြည့်ချင်သေးတာက သူမကို အဆုံးရှုံး မခံလိုသော ချစ်ခြင်းတွေလား ။
`အားလုံးနဲ့နှိုင်းမယ်ဆိုရင်တောင် မိုးက အမြဲတမ်း ကံဆိုးတတ်တာ ကိုသိပါတယ်´
`အတူတူ ကံဆိုးမှာပါ မိုးတစ်ယောက်တည်း မဟုတ်ပါဘူး´
`မဖြစ်နိုင်ဘူး တကယ်ကံဆိုးသွားပြီဆိုတဲ့အချိန်မှာ လက်ကမ်းဖို့ ဘယ်သူမှ ရှိမှာမဟုတ်ဘူး ကိုအပါဝင်ပဲ´
စကားလုံး စိမ်းစိမ်းတွေ အတွက်လည်း တစ်ချက်မှ အားနာသွားပုံမရှိပဲ သူမပါးပြင်မှ မျက်ရည်စက်တွေကို အညှာတာမဲ့ ပွတ်သုတ်လိုက်ပြီး
`မိုးကိုမိုးပဲအမြဲတမ်း ပိုင်ဆိုင်နေပါရစေကို အဲ့ဒီအတွက် မိုးအရင်းနှီးလုပ်လိုက် ရတာတွေထဲမှာ ကို့ကို ဘယ်တော့မှ မပါစေချင်ခဲ့ဘူး အခု ကိုပါပါသွားပြီဆိုတော့ မိုးကို ခွင့်ပြုပါအုံး´
ချက်ချင်း လက်ငင်းကျောခိုင်း လမ်းခွဲခံလိုက်ရတဲ့ ယောက်ျားသားတွေထဲမှာ လက်ထပ်ဖို့ခွင့်တောင်းလိုက်လို့ ဆိုပြီး ရှိဖူးပါသလား။ ရှိဖူးတယ်ဆိုရင် သူက နံပါတ် ဘယ်လောက်မြောက် ဖြစ်နိုင်မလဲ ။
ဘောင်းဘီအိတ်ထဲက လက်စွပ်လေးကို ကျစ်နေအောင် ဆုပ်ကိုင်ထားမိရင်း ထိုင်နေတဲ့နေရာမှာတင် မျှော်လင့်ချက်မဲ့စွာ..။
++++++++++++
သူမ မရှိတော့တဲ့ နေ့ရက်တွေက ဖြတ်သန်းဖို့ ခက်ခဲစွာ..၊
ခက်ခဲ လောက်အောင်လည်း သူမ စိုးမိုးထားနိုင် ခဲ့ဖူးသည်။ ဒါကမှော်ဝင်ခြင်း မဟုတ်ပေမဲ့ အသက်မဲ့ သွားလောက်အောင် သူမက ဖန်ဆင်း ထားခဲ့သည်။
နေ့တစ်နေ့ရဲ့ မိုးလင်းတိုင်းမှာ ကိုရေ ဆိုပြီး သူမက စတင်တတ်သည် ဖြစ်ရာ သူမအသံကို မကြားရခြင်းက အသက်မရှိစွာ နိုးထလာရသော စက်ရုပ်လို..၊
နေ့လည်ခင်းတိုင်းမှာ ဘာစားပြီးပြီလဲ ဆိုတာနဲ့ ဘာစားထားတယ် ဆိုတာကို မပျက်မကွက် ပြောခဲ့ဖူးတာလေးက နေ့စဉ်တိုင်းမှာမသိသာပေမဲ့ မကြားရတော့ဘူး ဆိုသည့် အချိန်တွင် ဒါတွေက တမ်းတစရာတွေ ဖြစ်ကျန်ခဲ့သည်။
ညနေတိုင်းရဲ့ ရုံးဆင်းချိန်တိုင်းမှာ လာကြိုနော်လို့ မှာတတ်ပြီး သွားကြိုရင်လည်း စောင့်မနေတတ်သည့် သူမက လမ်းခွဲပြီးချိန်မှာ မနေတတ်အောင် သင်ပေးခဲ့သည်။
မနေနိုင်စွာ သူမရှိသည့်နေရာကို သွားမိတော့ အေးစက် စိမ်းသက်သော စကားနဲ့ အကြည့်တို့က ပိုမို ခံရခက် ဆိုးဝါးလွန်းသည်။
တစ်စုံတစ်ဦးရဲ့မှားယွင်းမှုကြောင့်မို့ လမ်းခွဲတယ်ဆိုရင် ဖြေသာသေးသည်။ ဒါမှမဟုတ် ကြားလူဝင်လာလို့ ဆိုရင် စိတ်နာနိုင်သေးသည်။
လက်ထပ်ခွင့်တောင်းမိလို့ ဆိုသည့် အကြောင်းပြချက်နဲ့ လမ်းခွဲခြင်းကို ဘယ်လို သီကုံးခံစား နားလည်ရမှန်း မသိတော့..။
သူမနှင့် သူမထံမှ အရာအားလုံးကို ကျောခိုင်း နိုင်ဖို့အတွက် နည်းလမ်းက သူမရှိနေရာ ဒီမြို့ကနေ ထွက်ပြေး သွားရခြင်း ရယ်ပါ။
မိသားစုအပါအဝင် ဆွေမျိုး၊ သူငယ်ချင်းတွေကိုပါ ထားရစ်ခဲ့ပြီး ထွက်လာခဲ့ရတာက ထိုက်တန်ရဲ့လား ဒါမှမဟုတ် မထိုက်တန်ဘူးလားဆိုတာကိုပါ မတွေးပဲ မေ့ထားလိုက်ရသည်။
အလုပ်လို့ ခေါင်းစဉ်တပ်ပြီး အိမ်ကနေဆင်းလာခဲ့ပေမဲ့ တကယ်လုပ်ချင်တာက ဘာမှန်းမတွေးမိသေး..၊ ကြုံရာ တစ်ခုခုကို ဝင်လုပ်ပြီး နေသာသလိုနေ ဖြေတတ်သလို ဖြေနေရပေမဲ့ မတော်တဆဝင်လာမလားဆိုတဲ့ ရူးကြောင်ကြောင် မျှော်လင့်ချက်နဲ့ ဖုန်းလေးကို အချိန်တိုင်း ကြည့်နေမိဆဲ..။
သူမကိုမေ့ပစ်နိုင်ရန် လက်ထဲမှာ နောက်ဆုံး လက်ကျန် ဖုန်းလေးကိုပါ စွန့်ပစ်လိုက်ဖို့ အတွက် လမ်းဘေး အုတ်ခုံလေးပေါ် တင်ထားခဲ့လိုက်သည်။
ညဦးပိုင်းရောက်တော့ မနေနိုင်စွာ ပြန်သွား ကြည့်မိသေးသည်။ အုတ်ခုံလေးပေါ်က ဖုန်းလေးကိုတော့ ဘယ်သူယူသွားမှန်း မသိနိုင်စွာ ပျောက်ဆုံးသွားခဲ့ပါပြီ။
နောက်ထပ်မုန်းတီးစွာ သိခွင့်ရလိုက်တာက အခေါက် ပေါင်းများစွာ ခေါ်ဆိုခဲ့ဖူးသည့် သူမရဲ့ဖုန်းနံပါတ်လေးကို ရင်နာခြင်းတွေနဲ့အတူ မမေ့နိုင်သေးတာကိုပါ။
လက်ထဲမှာဖုန်းမရှိတော့ပေမဲ့ သူမကိုလွမ်းလာတော့ မနေနိုင်စွာ တခြားဖုန်းကနေ ခေါ်မိတာလည်းရှိသည်။
သူမထံက`ဟလို´လို့ စိတ်မရှည်နိုင်စွာ ခပ်ဆတ်ဆတ် ထူးသံလေးက ကျေနပ်စရာ။ ကျေနပ်မှုက ကြာရှည် မခံလိုက်ပါ။
သူမက ဆင်းကတ် ပြောင်းသုံး လိုက်ပုံရသည်။ လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ် ထားတယ်ရှင် ဆိုတဲ့ အသံကို တစ်ပတ်မျှ အားမလျော့တမ်း နားထောင်ပြီးမှ အမှန်တကယ်ပဲ သူမကို လက်လျော့ လိုက်ရတော့သည်။
မင်းပဲ ချစ်တတ်စေခဲ့တာမိုး..၊
မင်းပဲ သင်ပေးခဲ့တာ..၊
မင်းပဲ မင်းကိုလိုချင်စေခဲ့တာပါမိုးရယ်..၊
နောက်ဆုံးတော့ မင်းပဲပြတ်သားနိုင်တာပါမိုး..၊
ဒါပေမဲ့ မင်းမမှားပါဘူး၊ မင်းကအမှားတွေနဲ့ မှန်နေတာကိုး..။
+++++++++++++
သူမကို ရင်ဆိုင်နိုင်ပြီလို့ တွေးပြီးပြန်လာတော့ မိသားစုကို နှစ်နဲ့ချီ၍ ခွဲခွာသွားခြင်းအတွက် စိတ်မချတော့ဘူးလို့ ဆိုကာ အိမ်ထောင်ချပေးဖို့ ကြိုးစားလာသည်။
နားလည်ပေးနိုင်ပါတယ် ဆိုပြီး သက်ထားငယ်ဆိုသည့် မိန်းကလေးက သူ့ဘဝထဲကိုဝင်လာတော့ မိုးကို မေ့မေ့ ပျောက်ပျောက် ထားနိုင်ပြီလို့ ထင်နေခဲ့သည်။
`မောင်.. ထားတို့ရုံးမှာ မန်နေဂျာအသစ်က နယ်ပြောင်းနဲ့ ရောက်မှာ ဒီနေ့မိတ်ဆက်ပွဲရှိတယ်´
`ဟုတ်လား ထားဘာပြောချင်လို့လဲ ဆက်ပြောလေ´
ထားကသူမနဲ့ ဆန့်ကျင်စွာ တစ်ခုခုပြောဖို့ရှိလာတိုင်း စကားကိုကြိုတင် ပလ္လင်ခံလေ့ရှိသည်။
`ထားနဲ့မောင်က နောက်လဆိုစေ့စပ်တော့မှာဆိုတော့ ထားကလုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးချင်လို့ပါ´
`မန်နေဂျာအသစ် မိတ်ဆက်ပွဲဆို ကိုယ်လာလို့ ထားအဆင်ပြေပါ့မလား´
`ရပါတယ် ထားတို့က မန်နေဂျာအသစ်သတင်းကို ထောက်လှမ်းပြီးသား အသက်က ငယ်ငယ်လေး ပွဲလုပ်ချင်လည်း ရောက်ရောက်ချင်းလုပ်တဲ့ နယ်ပြောင်းနဲ့ ဆိုတော့ ဒီနေ့မှ ရောက်မှာ သူ့နာမည်လေးက တစ်မျိုးလေးပဲ မိုးဦးနွေတဲ့´
ဘာ! ဆိုတဲ့အာမေဋိတ်သံလေးတောင်မှ မထွက်နိုင်ပဲ တိတ်ဆိတ် သွားမိသည်။ မိုးမဖြစ်ပါစေနဲ့လို့ တိုးတိုးတိတ်တိတ် ဆုတောင်းမိပေမဲ့ ဆုတောင်းမှားကြီး ဖြစ်နေတယ်ဆိုတာကို သိနေပြန်သည်။
ဆန့်ကျင်ဖက်အရာတွေ ပေါင်းစည်းခြင်းဖြင့် သူမသည် နာမည်ကအစ မိုးဦးနဲ့နွေကို ပေါင်းစပ်ထားသည်။
`ထား မောင်ပြောပြဖူးတဲ့ မိန်းကလေးကို မှတ်မိလား´
`အင်း မှတ်မိတယ်´
`မောင် အဲ့မိန်းကလေးနဲ့ ပြန်မတွေ့သင့်ဘူးလို့ ထားတွေးမိတယ် ဆိုရင် ညနေကျ ထားဆီ မောင်မလာတော့ဘူး´
ထားသည် မိုးနဲ့ဆန့်ကျင်စွာ လက်ခံမှာကိုသိနေတာက မိုးရဲ့အမူကျင့်တွေကို အခုထိ မမေ့နိုင်သေးတာလို့ စွပ်စွဲခဲ့ရင် သူငြင်းနိုင်မှာမဟုတ်..။
ထားက မျက်နှာပျက်ယွင်းစွာဖြင့်..
`မောင်မတွေ့ချင်ဘူးဆိုရင် မတွေ့ပါနဲ့ ဒါပေမဲ့ မောင့်ရဲ့တစ်ယောက်ဆိုရင် ဘယ်လိုဆုံးဖြတ်မှာလဲ ဆိုတာကို ထားသိချင်တယ်´
မှားယွင်းတဲ့မေးခွန်းတွေမေးရင် မှားယွင်းတဲ့ အဖြေတွေပဲ ရတတ်တယ်လို့ ပြောဖူးတဲ့ သူမကို သတိရသွားမိပြန်သည်။
`သူသာဆို တွေ့ပြီးနှုတ်ဆက်ခိုင်းမှာ သူ အဲ့လို အတင်း လုပ်ခိုင်းလိမ့်မယ်´
ထားက မျက်နှာပျက်ယွင်း နေရာမှ အသံတွေပါ တုန်လာပြီး..
`ထားလည်းလုပ်ခိုင်းချင်တယ် မောင် ထားကို နာမည်လေး တောင်မှ မပြောပြနိုင်ခဲ့တဲ့ မိန်းကလေးရဲ့ နာမည်ကို အခု ထားမေးမယ် သူ့နာမည်က ဘာလဲ´
နောက်ထပ် မေးခွန်းအမှားတစ်ခု အတွက် သူ အဖြေ ပြန်ပေးသင့်ရဲ့လား။ လက်တွဲဖို့ ရွေးချယ်ထားတဲ့ ထားကိုလေ..။
`မိုးဦးနွေ သူ့နာမည်က မိုးဦးနွေ၊ ထားတို့မန်နေဂျာ ဟုတ်ချင်မှဟုတ်မှာပါ´
`ဟုတ်တယ် သူ့ကိုအားလုံးကမိုးလို့ခေါ်ကြတယ် မောင်နှမမရှိဘူး မိဘလည်းမရှိတော့ဘူး အဲ့အချက်တွေနဲ့ ဆိုရင် မောင်အတည်ပြုဖို့ လုံလောက်ပြီလား´
ထားသည် သူ့ကိုဖက်ထားရင်း ရှိုက်ငိုလေသည်။ သို့သော် သူ မချော့တတ်ပါ။ ချော့သည့်ပညာကို မသင်ခဲ့ဖူးတာ ကြောင့်လား သူကပဲ အလိုက်မသိတာလားတော့ မသိပေမဲ့ သူ မချော့တတ်ပါ။
မိုးဆိုရင် ဒီလိုမျိုး ငိုနေမှာမဟုတ်ဘူးဆိုတာတော့ သူသေချာပေါက် သိသည်။
`ထားကြောက်တယ် မောင်ကထားနားမှာနေနေပေမဲ့ ထားမောင့်ကိုပိုင်သလား မပိုင်ဘူးလားဆိုတာ ထားမသိတော့ဘူး တကယ်လို့သာ..´
`တကယ်လို့သာဆိုတာ မရှိဘူးထား သူနဲ့မောင်နဲ့က ပြီးပြီးသား ဇာတ်လမ်းပါ မောင်ကိုယ်တိုင်လည်း မေ့ထားပြီးသား သူ့ဘက်ကတော့ ပိုပြီးနေနိုင်မှာပါ´
`သူမနေနိုင်ဘူးဆိုရင် မောင်ကကော သေချာပေါက် နေနိုင်ပြီမို့လို့လား´
ဒီမေးခွန်းအတွက် အဖြေကိုတော့ ဆွံ့အသွားသည်။ ပြီးမှ ခေါင်းခါယမ်းလိုက်မိပြီး..
`အဲ့လိုဖြစ်စရာမရှိဘူးထား စမ်းသပ်ချင်တယ် ဆိုရင်တော့ ဒီနေ့ပွဲကို မောင်လာခဲ့မယ်´
ပြန်ပြီးတွေ့ကြဖို့ကို စိုးရိမ်မိတာတွေ ရှိသွားပေမဲ့ သူမကို တွေ့လိုက်တော့ အရင်နှစ်တွေကို ပြန်ရောက် သွားသည့်အတိုင်း..၊
သူမသည် တီရှပ်အဖြူလေးနဲ့ ဂျင်းပဲန်ရှည်ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။
ထားက သူ့ကိုမြင်တာနဲ့ သူ့လက်ကို လာတွဲရင်း..
`ဒါက ထားနဲ့လက်ထပ်တော့မယ့်သူလေ အားလုံးနဲ့ မိတ်ဆက်ပေးချင်လို့ ခေါ်ထားတာ ကိုလင်းအောင်တဲ့´
ထားရဲ့ စကားဆုံးတာနဲ့ သူမက သူတို့ဖက်ကို လှည့်ကြည့်ပြီး မျက်ခုံးလေး အနည်းငယ် တွန့်ကုတ် သွားတာကလည်း ခဏလေး..၊ ပြီးတော့ ခပ်ဖြည်းဖြည်း လှမ်းလာပြီး ထားရှေ့တွင်ရပ်သွားကာ
`ကွန်ကရက်ကျူလေးရှင်းပါ မသက်ထားငယ် ကိုလင်းအောင်က အရမ်းသင့်တော်တဲ့သူပါ မသက်ထားငယ် ကံကောင်းမှာပါ´
ဆိုတဲ့ စကားကို အပြုံးတွေနဲ့အတူ မျက်တောင် တစ်ချက်မခတ် ပြောသွားနိုင်သည်။
သူမ နေနိုင်မယ်ဆိုတာ သိနေရဲ့နဲ့ တကယ်ကြီး နေနိုင်တာကို စိတ်ထဲမှာနင့်သွားသည်။
ထားသည်သာ မျက်နှာပျက်လျက် သူ့ကို အဆက်မပြတ် အကဲခတ်နေသည်။ သူမကတော့ နောက်တစ်ချက်တောင်မှ ပြန်မကြည့်တော့ပါ။
အဲ့နေ့ အဖြစ်အပျက်ရဲ့ နောက်ဆက်တွဲအကျိုးရလဒ်က ထားနှင့် လက်ထပ်ဖို့ကို စောစီးစွာ ဆုံးဖြတ်ချက်ချရန် ဖြစ်သွားသည်။
ဒါကိုလည်းသူ မငြင်းပါ။ ကိုယ့်ရင်ထဲကဒဏ်ရာကို ကိုယ်သာ အသိဆုံး ဆိုတော့ မကျက်သေးသည့် အနာအတွက် ဆေးမရှိပေမဲ့ ပတ်တီးစည်းလိုက်ဖို့ သူကိုယ်တိုင် ဆုံးဖြတ်ပစ်လိုက်သည်။
++++++++++++
နှစ်ဖက် မိဘအသိုင်းဝိုင်းလေးနဲ့ အကျဉ်းချုံ့ စီစဉ်လိုက်သည့် မင်္ဂလာပွဲက အတော်အတန်တော့ ခမ်းနားသည်။ မင်္ဂလာခန်းမသို့ ကားတွေရောက်သွားပြီးမှ ခန်းမထဲဝင်ရန် အတွက် သူနဲ့ထားရဲ့ လက်တွေကို စံပယ်ပန်းကုံးနှင့် ခပ်ဖွဖွလေး စည်းနှောင် ပေးကြသည်။
ခန်းမထဲဝင်ဖို့ ခြေလှမ်းစလိုက်မိရုံရှိသေးသည်။ မိန်းကလေးတစ်ဦးနှင့် ယောက်ျားလေးတစ်ဦးက သူ့ရှေ့သို့ မျက်နှာပျက်ပျက်နှင့် အလောတကြီး ရောက်လာကာ
`ကိုလင်းအောင် ဆေးရုံကိုခဏလေး လိုက်လာပေးပါ မိုးအသည်းအသန်ဖြစ်နေလို့ပါ ခဏလေးပါ´
လက်မှာပတ်ထားသည့် စံပါယ်ပန်းကုံးကို တစ်စစီ ပြန့်ကျဲသွားအောင် ဆောင့်ဆွဲဖြုတ်မိလေသလား မသိတော့..၊
ထားမျက်နှာကို ငဲ့မကြည့်တော့ပဲ ဆေးရုံကို လိုက်လာခဲ့မိသည်။
ဆေးရုံရောက်တော့ အသည်းအသန်ဆိုတာထက် အခြေနေဆိုးနေကာ သွေးတွေပေနေတာချည်းပဲကို ရစရာမရှိတော့သည့် မြင်ကွင်းက နှလုံးသားကို အရှင်လတ်လတ် ဆောင့်ဆွဲထုတ်ပစ်လိုက်သည့်အတိုင်း..၊
မဟုတ်ဘူး မိုးက အဲ့လောက်ကံမဆိုးနိုင်ပါဘူး။ မြင်နေရတာ သေချာနေတာတောင် မဟုတ်ဘူးလို့ တစ်ယောက်ယောက် ပြောတာကို ကြားချင်နေသေးသည်။
သူ့ကိုမြင်တော့ ဘေးနားက လူတွေအားလုံး ဘေးသို့ရှဲသွားကြကာ သူက ကုတင်နားသို့ ရောက်သွားသည်။
`ကိုလင်းအောင်ကို ပြောစရာရှိလို့ စောင့်နေတာထင်တယ် ပြီးတော့ ဒါလေးကို သူအဆုံးရှုံးမခံနိုင်လို့ ဒီလိုဖြစ်သွားတာ ကားလာနေတာ တွေ့ရဲ့သားနဲ့ ဖုန်းလွတ်ကျသွားလို့ ပြေးကောက်တာ´
တုန်ယင် ဆို့နစ်နေတဲ့ အသံနှင့်ပြောပြီး သူ့လက်ထဲ ထိုးပေးလာသည့် သွေးတွေ စွန်းပေနေသောဖုန်းလေးကို လှမ်းယူ ထားလိုက်ရသည်။ ဟုမ်းကီးလေးကို နှိပ်လိုက်တော့ ဖုန်းလေးက ပွင့်လာသည်။
ဆင်တူအင်္ကျီလေးဝတ်ထားသည့် မိုးနဲ့သူ့ပုံလေးက ဖုန်းရဲ့ စကရင်ပေါ်မှာ ပျော်ရွှင်စွာ..၊
ရင်ထဲမှာ ဆို့နင့်စွာ ကုတင်ပေါ်မှ မိုးကိုယ်လေးကို မထိကိုင်ရက်စွာ ပွေ့ယူလိုက်သည်။
ထားကအနားမှာ ပါလာမှန်းသိနေပေမဲ့ မိုးမျက်နှာလေးကိုပဲ စိုက်ကြည့်နေမိ၏။
တဆတ်ဆတ်ခုန်နေတဲ့ နှုတ်ခမ်းဖျားလေးတွေက နာကျင်မှု ပမာဏကိုညွှန်ပြနေသည်။
`ကို မိုးကိုခွင့်လွတ်တယ် မဟုတ်လား´
တီးတိုးတောင်းဆိုမှုလေးက သနားစရာပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ရှေ့တည့်တည့်က သတို့သမီးရဲ့ သိက္ခာကလည်း ရှိနေတော့ ငိုချပစ်လိုက်ချင်တာတောင် အံကြိတ်မျိုသိပ်နေရသည့် ကိုယ့်အခြေနေကိုခါးသီးစွာ..၊
ခွင့်လွတ်လား ဆိုတာနဲ့ မှားသွားပါတယ် ဆိုတာက မိုးအတွက် ထပ်တူမကျနိုင်ဘူး ဆိုတာကို သိနေသည် ဖြစ်ရာ..၊ ခွင့်လွတ်လား ဆိုတဲ့ မေးခွန်းကိုဖြေဖို့ အဖြေမရှိသည့်အတွက် ခေါင်းညိတ် ခေါင်းခါတွေ မလုပ်ပြနိုင်သေးပဲ ဖြစ်နေမိသည်။
ခွင့်လွတ်တယ် ဆိုရအောင်ကလည်း သူမက ကျောခိုင်းသွားတဲ့သူ ကိုယ်ကကျန်ခဲ့ရတဲ့သူ ဆိုတော့..၊
အားငယ်ရိပ်သန်းသွားတဲ့ မျက်ဝန်းလေးတွေက ဖြတ်ခနဲ အကြည့်လွဲသွားပြီး
`မိုးသိပါတယ် ကိုခွင့်မလွတ်နိုင်ဘူးဆိုတာ မိုးနားလည်ပါတယ်´
ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းပါးလေးနဲ့ ဆန့်ကျင်စွာ သူမလေးရဲ့မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက်က ကိုယ့်လက်ဖျံပေါ်သို့ ကြွေကျလာသည်။
ပြီးတော့ ရင်ခွင်တစ်ခြမ်းမှာ ဖှေးတင်ပြီး ငြိမ်သက်သွားသည့် သူမမျက်နှာလေးက ယဲ့ယဲ့လေး ပြုံးထားခြင်းတွေ ဆိတ်သုဉ်းမသွားပဲ၊
အဆက်မပြတ် ပြုံးနေတတ်ပေမဲ့ နာကျင်စရာရှိပြီဆို ပြုံးနေရင်းနဲ့ မျက်ရည်ကျတတ်သော၊ မကြောက်တတ်ဘူး လို့ပြောပြီး ကြောက်နေတဲ့ချိန်ဆို နေစရာမရှိဖြစ်တတ်သော၊ နူးညံ့တော့မလိုလိုနဲ့ ပြတ်သားတတ်သော၊ အားမနာတတ်ဘူးလို့ ပြောပြီးရက်စက်တတ်သော..၊
သူမကို သူကိုယ်တိုင်လည်း ရင်နဲ့ရင်းပြီး ချစ်မြတ်နိုးခဲ့ ဖူးပါသည်။ တစ်ဘဝစာ ပိုင်ဆိုင်ဖို့ တောင်းဆို ပိုင်ခွင့်မရှိသည့် ကိုယ့်အဖြစ်အတွက် ကျောခိုင်းခြင်း ကိုလည်း သူမဘက်က လုပ်သွားခဲ့သည် ဖြစ်ရာ..၊
`မောင် ငိုချင်ငိုလိုက်လေ ထားကရပါတယ်´
ကိုယ့်လက်ထဲမှာပဲ ငြိမ်သက်သွားပြီဖြစ်သည့် မိုးကိုယ်လေးကို တင်းကျပ်စွာပွေ့ပိုက်ထားမိရင်း တကယ်ကို ငိုချလိုက်ချင်နေပါပြီ။
ဒါပေမဲ့ ရပါတယ်ဆိုတာ မိန်းကလေးတွေက မလုပ်နဲ့ လို့တားလိုက်တာလို့ ပြောပြဖူးသည့် မိန်းကလေးက ကိုယ့်ရင်ခွင်ထဲမှာ ဆိတ်ငြိမ်စွာ..။
မိုးမသနားတတ်ဘူး မိုးကိုလည်းမသနားနဲ့ သနားတယ် ဆိုတာကိုမုန်းတယ် လို့ကြွေးကြော်ဖူးသည့် မိန်းကလေးကို ကိုယ့်ကိုသနားသောအားဖြင့် မျက်လုံးတွေ ပွင့်လာပေးဖို့ တောင်းဆိုကြည့်ချင်သည်။
တစ်ယောက်ယောက်က အနားတိုးလာပြီး မိုးကို အသက်ရှိမရှိ စမ်းကြည့်လိုက်မှာကို ကြောက်သည်။ အသက်မရှိတော့ပါဘူး လို့ပြောလိုက်မှာကိုလည်း မကြားရဲစွာ..၊
မင်းရဲ့အမှန်တရားတွေနဲ့ မင်းပျော်အောင် နေနေပါလားမိုးရယ်။ မင်းကို မှန်နေခွင့်တွေ ကိုယ် ပေးခဲ့ရတာပဲ။ မင်းရဲ့အမှန်တရားတွေကို ရင်ဆိုင်နိုင်ဖို့ ကိုရင်းခဲ့ရတဲ့နှစ်တွေ နည်းလို့လား။
နောက်ဆုံး မင်းကိုယ့်ကို ဒီပုံစံနဲ့နှုတ်ဆက်တာလား။ ဒါဆိုရင်တော့ မင်းမတရားဘူး မိုး။
`မင်းမတရားဘူး မိုး..´
တီးတိုး ရေရွတ်သံ အဆုံးမှာ သူ့အတွက် ကမ္ဘာတစ်ခြမ်း ပြိုသွားလေ သလား..။
++++++++++++
ပြီးပါပြီ။
စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။
စွဲညို့
Post a Comment