သွေးနဲ့ ​ရေးတဲ့သံ​ယောဇဉ်

#သွေးနဲ့ရေးတဲ့သံယောဇဉ်
***********************

''ဘယ်သူလဲ ''

တဲအတွင်းဝင်လာသော အရိပ်တစ်ခု။
အကျင့်ပါနေသော စစ်မြေပြင်သတိကြောင့် ဖျတ်ခနဲ လန့်နိုးသွား
ရသည်။ခေါင်းအုံးအောက်မှာ ထားသော ပစ္စတိုကိုကောက်ကိုင်ပြီး
ကျည်ထိုးရင်း အိပ်ရာမှ ထ လိုက်ချိန် တဲအတွင်းမှာ ဘယ်သူမှ
မရှိ ။အပြင်ကို ထွက်ပြီး ကြည့်လိုက်တော့လဲ လရောင်အောက်မှာ
စခန်းတစ်ခုလုံး ဘာလှုပ်ရှားမှုမှ မတွေ့ရလောက်အောင် တိတ်ဆိတ်
ငြိမ်သက်လျက်ရှိသည်။

''ကင်းသမား ''

''ရှိ ဗိုလ်ကြီး ''

''ငါ့တဲထဲ ဘယ်သူဝင်သေးလဲ ''

သူ့အမေးကြောင့် ကင်းစောင့်ရဲဘော်က ဇဝေဇဝါနှင့် …

''ဘယ်သူမှ မလာဘူးလေ ဗိုလ်ကြီး ။ ဘာဖြစ်လို့လဲ ''

ဒီတစ်ခါ ဇဝေဇဝါ ဖြစ်သွားရတာက သူ…။

''ဘာမှမဖြစ်ပါဘူးကွာ ။မေးကြည့်တာပါ ''

ဒွိဟစိတ်နှင့် သက်ပြင်းတစ်ချက်ချရင်း တဲထဲကို ပြန်ဝင်လာခဲ့သည်။
အိပ်ရာပေါ် ထိုင်ရင်းနှင့် စဉ်းစားမိသည်။ငါပဲ အမြင်မှားတာလား ဟု။
မဖြစ်နိုင်။သူ သေချာတွေ့လိုက်ရတာပဲ။ဒါဆို ငါမြင်လိုက်ရတာက
ဘာလဲ။အဖြေက မရ။

စိတ်ရှုပ်ရှုပ်နှင့် ဘေးကစားပွဲပေါ်က လက်ကျန်ဆေးလိပ်တိုကို
လက်လှမ်းရင်း မီးကောက်ညှိလိုက်မိသည်။''ချောက်''ခနဲ လင်းသွား
သော မီးခြစ်မီးရောင်အောက်မှာ မြင်လိုက်ရသော မြင်ကွင်းကြောင့်
သူ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရ၏။

စားပွဲပေါ်မှာ တွေ့လိုက်ရသည်က citizen တံဆိပ် လက်ပတ်နာရီလေး
တစ်လုံး …။

''ဒါ ဒါ ငါ့နာရီပဲ ။ဘယ်လိုလုပ် ဒီရောက်နေရတာလဲ ''

နာရီကို ကောက်ကိုင်လိုက်မိချိန် သိလိုက်ရသောအတွေ့အာရုံက
ဒါ သူ့နာရီပါ ဆိုတာကို ပိုပြီးသေချာသွားစေခဲ့သည်။အပြင်ဘက်က
စခန်းပေါ်ဖြာကျနေသော လရောင်ကို တဲအတွင်းမှ အဓိပ္ပါယ်မဲ့
ငေးကြည့်ရင်း သူ ဆေးလိပ်တစ်ရှိုက် ဖွာထုတ်လိုက်မိသည်။
လွင့်ဝဲသွားသောဆေးလိပ်ငွေ့များအတွင်းမှာ လွန်ခဲ့သောရက်ပိုင်းက
အဖြစ်အပျက်များသည် အနှေးရုပ်ရှင်ပြနေသလို တစ်ကွက်ခြင်း
ပေါ်လာပါတော့လေသည်…။

*************************
(၂)

''ကင်းသမား ''

''ရှိ''

''ဘယ်သူလဲကွ ''

''အောင်အောင်ပါ ဗိုလ်ကြီး ''

ညဘက် စခန်းကုန်းကို လိုက်စစ်ရင်းနဲ့ ကင်းစစ်နေခြင်းပင် ။
သူ ညဘက်ဆို စိတ်ချလက်ချ မအိပ်တတ်တော့ အခါအားလျော်စွာ
စခန်းကို ခဏ ခဏ ပါတ်ကြည့်မိသည်။

''တပည့်ကျော် မင်းကင်းချိန်က ဘယ်အချိန်ထိလဲ ''

''၂နာရီထိပါ ဗိုလ်ကြီး ''

''ဟာ ဟေ့ကောင် အခု ၃ နာရီထိုးနေပြီဟ
မင်း ကင်းအိပ်ပျော်ပြီး မချိန်းဖြစ်တာလား ''

သူ့စကားကြောင့် တပည့်ကျော်က ပျာပျာသလဲနှင့်

''မအိပ်ပါဘူး ဗိုလ်ကြီး
တပည့် နာရီမရှိလို့ပါ ''

သူ စိတ်မကောင်းဖြစ်သွားရသည် ။

''ဟာကွာ မင်းစောစောကတော့ မပြောဘူး
ရော့ ငါ့နာရီယူထား ''

''ဟုတ်ကဲ့ အဲ
ဒါပေမယ့် ဗိုလ်ကြီးကရော ''

သူက ပြုံးပြီး…

''ငါက အခုမလိုသေးပါဘူးကွာ ။မင်းယူထားပါ ရပါတယ်
ငါ ပေးအဖွဲ့တက်လာရင် မင်းအတွက်မှာလိုက်ပါ့မယ်
အဲကျမှ မင်းမလိုတော့ဘူးဆိုမှ ငါ့ကို ပြန်ပေးပေါ့ကွာ ''

''ဟုတ်ကဲ့ ဗိုလ်ကြီး ''

**********************
(၃)

သက်ပြင်းတစ်ချက်ချပြီး ဆေးလိပ်မီးခိုးငွေ့တွေကိုသာ မှုတ်ထုတ်
လိုက်မိတော့သည်။ဒီဇာတ်လမ်းက ဒီမှာတင်ပြီးသွားရင် ကောင်း
မှာပဲဟုလည်း တွေးမိလိုက်၏။ သို့သော်… …။

''ဝုန်း ဝုန်း ''

ပွိုင့် ၁၆၀၇ သို့ တိုက်ပွဲအတွက် ခဲယမ်းများသွားပို့ပြီး ပြန်လာချိန်။
မန်မော်ရွာအတက်နား ကွေ့မှာ သူစီးလာသော ပွိုင့်ကားနောက်မှ
ပေါက်ကွဲသံနှင့်အတူ မီးခိုးငွေ့များ လုံးခနဲထသွားတာကို ဘက်မှန်
ထဲမှ နေ၍တွေ့လိုက်ရသည် ။သူတို့ ခြုံခိုတိုက်ခံလိုက်ရပြီဖြစ်၏။

လက်ထဲမှာ အသင့်ကျည်ထိုးထားသော အမ်အေ-၁၁သေနတ်ကို
ထုတ်၍ချက်ချင်း counter fire ပြန်လုပ်လိုက်၏။

''ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ''

ငြိမ်သက်နေသော ပါတ်ဝန်းကျင်ကား အကျည်းတန်သွားချေပြီ။

'ကားဆရာ မောင်း မောင်း ရှေ့ကကွေ့ကို မောင်း ''

သူ့အမိန့်သံကြားမှ ကားဆရာက သတိဝင်လာပြီး ဂီယာကို ထိုးကာ
ဝေါခနဲ ဆောင့်ထွက်၏။နောက်က ယာဉ်တန်းလုံခြုံရေးရဲဘော်တွေ
၏ တန်ပြန်ပစ်ခတ်သံကို လည်း ကြားနေရ၏။

ကားကို အကာအကွယ်ရောက်သည်နှင့် သူ တံခါးဖွင့်၍ ခုန်ဆင်း
လိုက်သည်။

''ဟေ့ကောင်တွေ ဆင်းစမ်း နေရာယူစမ်း ''

''ဒီကောင်တွေ လောင်ချာနဲ့ပစ်တာကွ
လက်နက်ငယ်နဲ့ မမှီဘူး ဘီအေ ၁၀၀ နဲ့ ၄၀ လာစမ်း ''

ရန်သူကား မြင်ကွင်းမှ ပျောက်သွားသော သူတို့ကားကို ရုတ်တရက်
ရှာမရဖြစ်နေဟန်တူသည်။သူ့နေရာကနေ လှမ်းကြည့်လိုက်တော့
ရန်သူ အချို့ကို ခပ်ဝါးဝါးတွေ့လိုက်ရ၏။

''ဟိုမှာတွေ့လား ခွေးသားတရုတ်တွေ ''

''တွေ့တယ် ဗိုလ်ကြီး ''

''အေး အဲဒီနေရာကို ရှိသမျှ အကုန်ထု
အရံနည်းနည်းပဲ ချန်ထား ''

''ဟုတ် ဗိုလ်ကြီး ''

တိုက်ပွဲကား ပြင်းထန်သည်။အလစ်ဝင်ဆွဲသော ခွေးသားတွေမှာ
ခွေးပြေးဝက်ပြေး ပြန်ဆုတ်ပြေးသွားရ၏။အရင်းစစ်လိုက်တော့
ကိုးကန့်များထံမှ သေနတ်တစ်လက်ရ၏။သူတို့ဘက်က ရဲဘော်တစ်ယောက်ကျ၏။ကျဆုံးသွားသူမှာကား တပ်သား
အောင်အောင်ပင်တည်း။

အလောင်းကို မြေမြှပ်သဂြိုလ်တော့ သူနာရီလေးကိုပါ ထည့်ပေး
လိုက်ခဲ့၏။ဘယ်မှာ ပြန်ယူရက်ပါတော့မည်နည်း ။အညတရတွေ၏
နောက်ဆုံးခရီးကား ငြိမ်သက်တိတ်ဆိတ်လွန်းလှပါချေသည်။

***************************
(၄)

ဆေးလိပ်ငွေ့တွေကို လေထဲသို့ မှုတ်ထုတ်လိုက်ရင်း သက်ပြင်းတွေ
တွင်တွင်ချလိုက်မိတော့သည်။

လက်ထဲကနာရီလေးကို အဓိပ္ပါယ်မဲ့ ပွတ်သပ်နေရင်းက ရင်ထဲမှာ
ဆို့နင့်လာသည်။သူ ကိုယ်တိုင်သတိမထားမိလိုက်ချိန်မှာပင်
သူ့မျက်ဝန်းမှ မျက်ရည်များတွင်တွင် ကျဆင်းလာခဲ့ရတော့သည်။

သူ့အဖို့ ဒီနာရီလေးကို ဘယ်သူထားသွားတယ်ဆိုတာကို
အထူးတလည် စဉ်းစားနေစရာ မလိုတော့ပြီ မဟုတ်လား။

''သြော် တပည့်ကျော်ရယ် …''

တိတ်ဆိတ်နေသော ညနက်ထဲ စခန်းကုန်းတစ်ခုပေါ်က
စစ်သားရင့်မာကြီး တစ်ယောက်ကြိတ်ငိုနေသော အသံသည်
ကျဆင်းလာသော မိုးနှင်းများအောက်တွင် တိုးမပေါက်နိုင်စွာ
ရှိနေလေတော့သည်တကား… …။

~ Zaya Kyaw Htin ~



Post a Comment