သေခြင်းတရားကို ဆင်​ခြင်​မှု

“သေခြင်းတရားကို ဆင်ခြင်မှု”

သေခြင်းတရားသည် သတ္တဝါတို့အား ရှောင်လွှဲ၍
မရသော သဘောတရားဖြစ်နေပါသည်။
ပဋိသန္ဓေတည်ပြီးသောသတ္တဝါတိုင်း သေကြေ
ပျက်စီးကြရမည်မှာ ဓမ္မတာဖြစ်သည်။ သို့သော်
သေခြင်းတရားကို ကြောက်လန့်သူတွေကများနေပါသည်။

တက်ကပ်ကာလခေတ်တွင် သေမှုဝေးသည့်အတွက်
သေခြင်းကိုမဆင်ခြင်နိုင်စေကာမူ ယခုခေတ်ကဲ့သို့
သက်တမ်းတိုသောခေတ်၊ သေလွယ်ပျောက်လွယ်သော
ခေတ်၌မူ သေခြင်းတရားကို ဆင်ခြင်ရန်အလွန်
သင့်လျော်ပါသည်။ သဘောလည်း
ပေါက်လွယ်ကြသည်။ ခဏ-ခဏလည်း
အသုဘပို့နေကြ၍ ထိတ်လန့်သံဝေဂရဖို့၊
ဆင်ခြင်သုံးသပ်ဖို့သတိပေးနေသကဲ့သို့
ဖြစ်နေပါသည်။

သေခြင်းကိုဆင်ခြင်မှုသည် ပစ္စက္ခဘဝမှာလည်း
အကျိုးဖြစ်ထွန်း၍ သံသရာတစ်ခွင်မှာလည်း
ကောင်းကျိုးပေးပြီး နိဗ္ဗာန်မျက်မှောက်ပြုနိုင်သည်
အထိ အကျိုးသက်ရောက်နိုင်ပါသည်။

ဗုဒ္ဓသည် နာတိကရွာ အုတ်တိုက်ပြဿဒ်ကျောင်း၌
သီတင်းသုံးနေစဉ် ရဟန်းတို့အားသေခြင်းတရားကို
ဆင်ခြင်သုံးသပ်ရန် အမြဲတိုက်တွန်း
နှိုးဆော်တော်မူပါသည်။

“ရဟန်းတို့...သေခြင်းတရားကို ပွားများနေလျှင်
အကျိုးကြီးသည်။ အာနိသင်ကြီးမားသည်။
အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သည်။
အမြိုက်နိဗ္ဗာန်လျှင်အဆုံးရှိသည်။
သို့အတွက် သေခြင်းတရားကို ဆင်ခြင်ပွားများကြလော့။”

ထိုအခါ ရဟန်းတော်အသီးသီးက မိမိတို့၏
သေခြင်းတရား ပွားများပုံအသီးသီး
လျှောက်ထားကြသည်။

“အရှင်ဘုရား...တပည့်တော်သည်
ဤကဲ့သို့ အကြံအစည်ဖြစ်ပါသည်။
ငါသည် တစ်နေ့တစ်ညဥ့်တာမျှ အသက်ရှင်ပါမူ
ကောင်းလေစွ။ ဘုရားရှင်၏အဆုံးအမကို
နှလုံးသွင်းလေရာ၏။ စင်စစ် ငါ့အား ရဟန်းကိစ္စများစွာ
ပြုအပ်သည်ဖြစ်ရာ၏၊ ဤကဲ့သို့ အကြံဖြစ်ပါသည်ဘုရား။”

အခြားရဟန်းတစ်ပါးက -ငါသည် တစ်နေ့တာမျှ
အသက်ရှင်ရပါမူ ကောင်းလေစွ။

အခြားရဟန်းတစ်ပါးက -ငါသည် ဆွမ်းတစ်ထပ်
စားချိန်တွင်း အသက်ရှင်ရပါမူ ကောင်းလေစွ။

အခြားရဟန်းတစ်ပါးက -ငါသည် လေး၊ ငါးလုပ်သော
ဆွမ်းကိုဝါးမျိုနေချိန်အတွင်း အသက်ရှင်ရပါမူ
ကောင်းလေစွ။

အခြားရဟန်းတစ်ပါးက -ငါသည် ဆွမ်းတစ်လုပ်ကို
ဝါးမျိုနေချိန်အသက်ရှင်ရပါမူ ကောင်းလေစွ။

အခြားရဟန်းတစ်ပါးက -ငါသည် ဝင်လေ-ထွက်လေ
ရှူထုတ်ချိန်အတွင်း အသက်ရှင်ရပါမူ ကောင်းလေစွ။

ထိုအခါ ဘုရားရှင်က တစ်နေ့တစ်ညဥ့်မျှ အသက်ရှင်ရပါမူ
ကောင်းလေစွ ဟုဆင်ခြင်သောရဟန်းမှသည်
ဆွမ်း လေး၊ငါးလုပ်စာအတွင်းအသက်ရှင်ရမူ
ကောင်းလေစွ ဟုဆင်ခြင်သော ရဟန်းအထိကို-

“မေ့လျော့စွာနေသော ရဟန်းဟူ၍ လည်းကောင်း၊
အာသဝေါတရား ကုန်ခမ်းရန်နှောင့်နှေးစွာ
သေခြင်းတရားကို ပွားများအောက်မေ့သော
ရဟန်းဟူ၍ ဆိုအပ်၏”

ဟူ၍ မိန့်ကြားပါသည်။ ဆက်လက်၍ ဘုရားရှင်က-

“ငါသည် ဆွမ်းတစ်လုပ်တည်းကိုဝါးမျိုနေစဉ်အတွင်း
အသက်ရှင်ပါမူ ကောင်းလေစွ ဟုဆင်ခြင်သော
ရဟန်း၊ ဝင်သက်ထွက်သက်အတွင်း အသက်ရှင်ပါမူ
ကောင်းလေစွ ဟုဆင်ခြင်သောရဟန်းတို့ကို
မမေ့လျော့စွာနေသောရဟန်း၊ အာသဝေါကုန်ခမ်းရန်
ထက်သန်စွာသေခြင်းတရားကို ပွားများ
အောက်မေ့သောရဟန်းဟူ၍ ဆိုအပ်၏”
ဟူ၍ ချီးမွမ်းတော်မူသည်။

“ချစ်သားတို့...သို့အတွက် မမေ့မလျော့နေကုန်အံ့။
အာသဝေါတရားတို့ကုန်ခမ်းရန် ထက်သန်စွာ
သေခြင်းတရားကမ္မဋ္ဌာန်းကိုပွားကုန်အံ့ဟူ၍
ကျင့်သင့်ကျင့်ထိုက်သည်” ဟု
မိန့်ကြားတော်မူပါသည်။
(အံ-ပါ-၂-၂၆၈- ၂၆၉- ၂၇၀)

ဤတရားတော်အရ သတ္တဝါတို့၏ အသက်ရှည်မှုသည်
မည်မျှတိုတောင်းလှသည်ကို သိသာနိုင်ပါသည်။

နတ္ထိမစ္စုဿနဂဟေ -သေခြင်းတရား မရောက်လာသော
နေရာမည်သည်မရှိ။သေမင်းသည် အချိန်မရွေး၊
နေရာတိုင်းမှာ ရောက်လာမည်မှာ ဧကန်ဖြစ်သည်။

မရဏံ မေ ဓုဝံ -ငါ၏သေခြင်းသည်မြဲ၏။
ဇိဝိတံ မေ အဓုဝံ -ငါ၏အသက်မူကားမမြဲ။
မရဏံ မေ ဘဝိဿတိ -ငါ့အတွက်
သေခြင်းတရားသည် အခါမရွေး၊ နေရာမရွေး ဖြစ်လတံ့။

သေခြင်းတရားကိုဆင်ခြင်ရန် ဗုဒ္ဓက ဤသို့
ထပ်ဆင့် မိန့်ကြားခဲ့သည်။

ပုဂ္ဂိုလ်သတ္တဝါတစ်ဦးသည် နေ့စဉ်သေခြင်း(၃)မျိုးဖြင့်
အမြဲရင်ဆိုင်ကြုံတွေ့နေရသည်။
ခဏိကမရဏ - တစ်ခဏ သေရခြင်း။
သမုတိမရဏ - ပညတ်အားဖြင့် သေခြင်း။
သမုစ္ဆေဒမရဏ - အဆုံးသတ်အဖြစ် သေခြင်း။

ဤ(၃)မျိုးတွင် သတ္တဝါတို့၏ခန္ဓာသည်
“ဖြစ်-တည်-ပျက်” အားဖြင့် (၁၇)ချက်ဝီထိစိတ်ရှိပြီး
ဖြစ်-ပျက်သေနေသည်။ ထိုသို့ ဖြစ်-ပျက်-သေနေ၍လည်း
ရုပ်တို့သည် ဆံဖြူခြင်း၊ သွားကျိုးခြင်း၊ နားထိုင်းခြင်း၊
ခါးကိုင်းခြင်းများဖြစ်ကြကာ ရုပ်ခန္ဓာကြီးခဏ-ခဏ
သေနေရမည်။

ပညတ်အားဖြင့် သမုတ်အပ်သော လူနတ်များစွာ
သတ္တဝါတို့၏သေခြင်းမျိုးကား မျက်မြင်တွေ့နေရသည်။

အဆုံးသတ်သေခြင်းကား ဘုရား၊ ရဟန္တာတို့
နိဗ္ဗာန်စံဝင်ခြင်းဖြစ်ပါသည်။ လူတိုင်းသည်
ရှောင်လွှဲမရနိုင်သော အနိစ္စမမြဲသောတရားကို
ဆင်ခြင်လျှက် မရဏနုဿတိ ဘာဝနာကို
ပွားများခြင်းဖြင့် သတိသမ္ပဇဉ် ရှိရပါမည်။

မအိုမီ-မနာမီကပင် ကြိုတင်၍ ဒါန၊ သီလ၊ ဘာဝနာ
ဟူသောသံသရာရိက္ခာထုပ်ကို ထုပ်ကြရပါမည်။

ထိုသို့အားထုတ်သဖြင့် သေခြင်းကို အသင့်ရဲဝံ့စွာ
ရင်ဆိုင်ရဲသောသူဖြစ်ရပါမည်။ အသက်ရှင်စဉ်၊
ကျန်းမာစဉ်ကပင် ဓမ္မလက်နက်နှင့်ရိက္ခာထုပ်
အပြည့်အစုံကို ကိုင်ထားသူသည် မရဏသေမင်းနှင့်
စစ်ခင်းသည့်အခါ အပြုံးမပျက် အောင်ပွဲခံနိုင်သူ
ဖြစ်ပါမည်။

အကြင်သူ တစ်ယောက်အား နေ့သေမလား-
ညသေမလား ဟုမေးခဲ့သော် လူ့ဘဝတွင်
ဒါန၊ သီလ၊ ဘာဝနာတို့ဖြင့် အကျိုးရှိစွာ
နေသောသူသည် လည်းကောင်း၊
ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ဖြင့်
ကောင်းစွာနေထိုင်သောသူသည် လည်းကောင်း၊
မြတ်သောနေခြင်းဖြင့် နေခဲ့၍ နေရဲသူဖြစ်သလို
တမလွန်ဘဝအတွက်လည်း မြင့်မြတ်ကောင်းမွန်သော
သေခြင်းဖြင့် သေရဲသူဖြစ်ပါမည်။

ထိုသို့သောသူသည် သေမှုအတွက် တစ်စိုးတစ်စီမျှ
ကြောင့်ကြမှု၊ စိုးရိမ်မှု၊ သောကဖြစ်မှု မရှိတော့ပါ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)】
Posted by►
www.facebook.com/youngbuddhistassociation.mm


Post a Comment