သရဲခြောက်သော အိမ်ကြီး ( သို့ ) စွမ်းအားရှင်တို့တိုက်ပွဲ ၂ Post By GLZ
ထိုမိစ္ဆာသည် သူ့တပည့်များထက် သာလွန်သော ကမ္မစိဒ္ဓိရှင်ဖြစ်ပြီး သဲမန်းဆန်မန်းလောက်ကိုတော့ မမှုသောသူပင်ဖြစ်ရမည်။ ထိုနောက်တွင် ကိုကျော်ရှိန်၏ ဆရာကြီး အဘအောင် ရောက်ရှိလာပါတော့သည်။
တိုက်ပွဲကား ဇာတ်ရှိန်မြင့်လာချေပြီ။ သို့သော်ငြား ကိုကျော်ရှိန်မှ ထပ်တိုးတိုက်ခိုက်ခြင်းကို မပြုချေ။ ရန်မီးမပွားစေလိုသောကြောင့် ဖြစ်လေသည်။ သို့သော်ငြားလည်း ……. ထိုလူမှ အခဲကြေပါချေ။
ကိုကျော်ရှိန်နှင့် အပြင်မှာလည်း ရန်မဖြစ်ဖူးပါ။ အိမ်နီးချင်းဖြစ်သော်လည်း မြို့နေလူထုစရိုက်ကို လိုက်၍ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ မရောနှောခြင်းသာဖြစ်သည်။ သူမွေးထားသည့် တပည့်များကို နှင်ထုတ်ခြင်း၊ ကိုကျော်ရှိန့်အိမ်မှ ၀န်ထမ်းကောင်လေးအားခေါ်စစ်စဉ် ပမာမခန့်လုပ်နေ၍ လက်ကို ကြိုးချည်ရိုက်လို့ သူအော်ရခြင်း၊ အိမ်ဝင်းအတွင်း သဲမန်းဆန်မန်းများ ပက်သောကြောင့် နောက်တစ်ကြိမ်ပြန်ဝင်လာသော သူ့တပည့်များ အထိနာခြင်းတို့ကြောင့် အခဲမကြေခြင်း ဖြစ်လိမ့်မည်ဟု တွေးမိသည်။
ထို့ကြောင့်ကိုကျော်ရှိန်တို့ မိသားစုအားလုံးအား အခါအခွင့်သင့်လျှင် သင့်သလို သူ၏ အောက်တန်းကျလှသော ပညာရပ်များဖြင့် သရဲတပည့်များကို ခိုင်း၍လည်းကောင်း ကိုယ်တိုင်လုပ်၍လည်းကောင်း နေ့နေ့ညည ရန်ပြုတိုက်ခိုက်ပြန်ပါသည်။ အမှန်အတိုင်းဝန်ခံရလျှင် ကိုကျော်ရှိန်မှ တိုက်ခိုက်လိုခြင်း မရှိတော့ပါ။ ဘုရားအဆုံးအမသည် တိုက်ခိုက်ခြင်းမဟုတ်ပါ။ သို့သော်ငြား မိမိက စိတ်မပါသော်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်လက်တိုက်ခိုက်လိုခြင်း ဆက်ဖြစ်နေခြင်းသည် အတော်ကို အညှိုးကြီးကြောင်းထင်ရှားလျက်ရှိပေသည်။
ဆရာကြီးဦးအောင် ရောက်ရှိပြီး နောက်တစ်ရက်တွင် ကိုကျော်ရှိန်၏ဇနီး မနုသည် ရေချိုးခန်းသို့ဝင်ခိုက် လည်ပင်းတွင် ဆစ်ကနဲ့ ဖြစ်သည့် ဝေဒနာကို ခံစားလိုက်ရသည်။ အိပ်ခန်းသို့ သူမပြန်ရောက်လာသောအခါတွင် သူမဖြစ်ရပ်ကို ပြောပြလို့ ကိုကျော်ရှိန် ကြည့်လိုက်ရာ လည်ပင်းတွင် တစ်ယောက်ယောက်က ကိုက်ထားသည့် ဒါဏ်ရာကို တွေ့လိုက်ရသည်။ စုန်းကိုက်ခြင်းပင်ဖြစ်တော့သည်။ ဒီအတိုင်းဆို မဖြစ်တော့ချေ။ မိစ္ဆာအင်အားနှင့် ထိုသူတို့၏ အစွမ်းသည် သဲမန်းဆန်မန်းလောက်မျှဖြင့် မတားဆီးနိုင်တော့တာ သေချာနေပါပြီ။ ဆရာကြီး ဦးအောင်မှ လက်ရှိအိမ်ထဲတွင် သရဲအကောင် ၂၀ ခန့်ရှိနေပြီဟု ဆိုသည်။ ထိုသရဲများသည် သဲမန်းဆန်မန်း ပက်ထားခဲ့ပါလျက် ယခင်အခေါက်က သူတို့မွေးထားသည့် ကြောင်နက်ကြီး အိမ်အပေါ်ထပ်တွင် ၀ရုန်းသုန်းကားဖြင့် လှည့်ပတ်ပြေးခဲ့ပါလျက် ယခုမူကား မမှုတော့ပြီတကား။ သို့တည်းမဟုတ် အင်အားကြီးမားသော ဂရုတည်ဆောက်၍ တားဆီးထားသော အရာများကို တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ကျော်ဖြတ်ခဲ့ကြခြင်းလား။
ခက်သည်က သူတို့ကို ကိုယ်က မမြင်နိုင်။ နောက်ပြီးတော့ ကိုယ်က ရန်ပြုလိုစိတ်မရှိ။ ဒါကြောင့်မို့ ပြန်လည်မတိုက်ခိုက်ပဲ ပယောဂဖြစ်နေသူများကိုသာ ကိုကျော်ရှိန်နှင့် ဆရာကြီးဦးအောင်တို့မှ ကုသပေးနေခဲ့ရာ ဒီတစ်ယောက်ကုလို့ လျော့ပါးနေစဉ် နောက်တစ်ယောက်ဆော်ခံလိုက်ရ၊ ထိုနောက်တစ်ယောက် ကုနေစဉ် အရင်တစ်ယောက် ထပ်တိုးလိုက်ဖြင့် မုန့်လုံးစက္ကူကပ်သကဲ့သို့ လုံးခြာလိုက်နေလေတော့သည်။ အိမ်ရှိလူများ ၁၅ ယောက်ဝန်းကျင်ခန့် အထိနာနေလေပြီ။
တစ်ကြိမ်တွင် ဆရာကြီးဦးအောင် မီးဖိုခန်းအနီး ထမင်းစားနေခိုက် လူရုပ်အသွင်ဖြင့် မီးခိုးငွေ့များ နောက်ဖေးတံခါးပေါက်မှ ၀င်လာလေသည်။ သို့သော် ဆရာကြီးကား ထမင်းကို အာရုံစိုက်စားနေသဖြင့် ချက်ချင်းသတိမပြုမိချေ။ ထိုမီးခိုးငွေများ ဆရာကြီးအနားရောက်လာသောအခါ ဆရာကြီး၏ ခန္ဓာကိုယ်မှ ရုတ်တရက် မတည့်သည့် ဓာတ်တစ်ခုခုကို တွေ့လိုက်သကဲ့သို့ ဖြန်းကနဲ ထူးခြားသည့် အာရုံကို ခံစားမိလိုက်သည်။ ထို့ကြောင့် ၀င်လာသောအရာကို မျက်မှောင်ကြုံ့ကြည့်လိုက်သောအခါ ပြန်ထွက်ပြေးသွားလေသည်။ ပြေးသူကို ဘေးတိုက်ကြည့်ရသော အနေအထားအရ အသက်အရွယ် ၅၀ ခန့် မိန်းမတစ်ယောက်ဖြစ်ကြောင်းနှင့် သရဲမဟုတ်ပဲ လူမိစ္ဆာက အတတ်ပညာတစ်ခုဖြင့် လာရောက်ကြောင်း ဆရာကြီးမှ ပြောပြလေသည်။
ဘုရားခန်းတွင်အိပ်သော ဆရာကြီးအား ရန်ပြုပုံ
သရဲများမှ ခြုံထားသော စောင်ကို ဆွဲချခြင်း ၊ အဝေးမှနေ၍ လက်လွတ်စက်ပညာဖြင့် တိုက်ခိုက်ခြင်း စသည်တို့ကြောင့် ဆရာကြီးဦးအောင်ကိုယ်တိုင်ပင် အိမ်သားများကို ကုသပေးနေလျက်က ရန်ပြုခံနေရလေသည်။ သို့သော်ငြားလည်း တစ်ဖက်မှ တိုက်ခိုက်သောအရာများသည် သေကွင်းသေကွက်များသို့ရည်ရွယ်တိုက်ခိုက်သော်ငြား ပြောပလောက်အောင် မထိကြောင်းနှင့် သပ်ချလိုက်လျှင် ပျောက်သွားကြောင်း ပြောပြပါသည်။ ထိုအထိ ကိုကျော်ရှိန်တို့ဖက်မှ လက်တုန့်မပြန်သေးပါ။ မိမိတို့သည် သူတို့ပိုင်နက်ထဲ ရောက်နေခြင်းလည်း ပါသည်။ လူများသောကြောင့် ကုသရသည်မှာလည်း လက်မလည်သောကြောင့် မနိုင်ချေ။ ဒါကြောင့် ဝေဒနာကိုသာ ကုသဖို့ပဲ စိတ်အားထက်သန်ခဲ့ကြသည်။
ဆရာကြီးဦးအောင်သည် ဆယ်ရက်ခန့်နေပြီး လိုအပ်သည်တို့ကို ကုသပေးပြီးနောက် အခြားသို့ အရေးကြီးကိစ္စရှိ၍ ရက်ပိုင်းမျှ ခရီးထွက်သွားလေသည်။ ထိုအိမ်ကြီးတွင် နေရစ်ခဲ့ရသော သူများမှာ ထိုအိမ်တွင် ဆက်၍ နေရသည်မှာ ဆရာကြီးလည်း မရှိခိုက် အားငယ်ကြောက်ရွံ့လာပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာကြီးဦးအောင်ကိုပင်လျှင် ညည အိပ်ရေးမ၀အောင် တိုက်ခိုက်ခံရခြင်းကို ဆရာကြီးမှ ၀န်ခံသောကြောင့် ဖြစ်သည်။
ဆရာကြီးပြန်ပြီးနောက် ဧည့်သည်အချို့ရောက်လာသည်။ ထိုဧည့်သည်များလည်း အငြိမ်မနေရပါချေ။ သူတို့က အားနာလို့သာ မပြောပဲ ကြိတ်မှိတ်နေခဲ့ကြသည်။ ( နောက်တစ်ခေါက် ပြန်တွေ့သောအခါ ဟာဗျာ ကျွန်တော့်ဗျာ လူက အိပ်ချင် ၊ အိုက်ကလည်း အိုက်၊ ဒါပေမယ့် ဧည့်သည်ဆိုတော့ အိပ်ရတာ စိတ်မလုံ စောင်ပတ်အိပ်တာပေါ့။ စောင်တွေ ဆွဲချတယ်။ စားပွဲတင်ပန်ကာလေး ပေးထားတော့ ပန်ကာဖွင့်မယ်ပေါ့။ ခလုတ်ကလေးနှိပ်လိုက်တယ်။ ပန်ကာလေက ခြင်ထောင်ကို လွင့်နေအောင်တော့ ရတယ်ဗျ။ ဒါနဲ့ အိပ်ယာထဲလည်း ၀င်လှဲရော ပန်ကာကသာ လည်နေတာ လေက မလာတော့ပြန်ဘူး။ တကယ်တမ်းက ပန်ကာနဲ့က ငါးပေလောက်ပဲ ဝေးတာဗျ။ ဘယ့်နှယ်ဗျာ ပန်ကာနဲ့ ကျွန်တော့်ကြားထဲ ဘာတွေ ကာထားလို့ ဘယ်သူတွေဝင်ရပ်နေမှန်းကိုမသိဘူး။ ပန်ကာကိုလည်း ၀ါးဝါးပဲ မြင်ရတယ်။ ကျွန်တော်လည်း ကြောက်တာနဲ့ အိုက်တာတွေဘာတွေ ဂရုမစိုက်တော့ဘူး။ မနက်မိုးလင်းဖို့ပဲ ဆုတောင်းအိပ်ရင်း အိပ်ပျော်သွားရတာပါဗျာ။ )
ဆရာကြီးဦးအောင် ပြန်မရောက်သေးခင် ထိုအိမ်ကြီးတွင် ကုသပေးနိုင်သူဆိုလို့ ကိုကျော်ရှိန်တစ်ယောက်တည်းသာ ကျန်တော့သည်။ တကယ်တမ်းက ကိုကျော်ရှိန်သည်လည်း ရွှေဘိုကပြန်လာသည့်နေ့မှာ မိစ္ဆာမှ အိပ်ယာပေါ် သဲများခင်းထားခြင်းကို ခံခဲ့ရဖူးသည်။ ထိုသဲများကို ဖယ်ပြီး အိပ်တာတောင် ကျောများ ယားယံခြင်း ခန္ဓာကိုယ်သို့ အငွေ့အသက်များ ရောက်ရှိခြင်းတို့ ဖြစ်ပေါ်သောကြောင့် မဖယ်ပဲ အိပ်မိလျှင်ကား မတွေးဝံ့စရာပါပေ။ မိမိကိုယ်တိုင်လည်း သူတပါးကို လက်ရှိကုသပေးနေသော်လည်း ထိခံထားရသည်မှာ ကုလို့ မပျောက်သေးဟုပင် စွဲထင်လျက်ရှိနေပေသည်။
တစ်ရက်တွင် ညဥ့်နက်သန်းခေါင်ကာလ ကိုကျော်ရှိန်သည် သူ၏အခန်းထဲတွင် စာရင်းလုပ်နေသည်။ ထိုစဉ် ဘာရယ်မသိ ကိုကျော်ရှိန်၏ မသိစိတ်က တံခါးဝမှာ ရန်သူဟူသည့် အသိဝင်လာ၍ ပိတ်ထားသော တံခါးဆီသို့ ကြည့်မိလိုက်ချိန်တွင် နောက်ကျသွားခဲ့ပေပြီ။ ရင်ဖက်တွင် ပြင်းထန်စူးရှသော အထိအတွေ့ဖြင့် ကိုကျော်ရှိန်၏ နှလုံးခုန်နှုန်းသည် နှလုံးရောဂါရှိသူပမာ ရုတ်တရက် တစ်ဒုန်းဒုန်းဖြင့် ခုန်နေခဲ့တော့၏။ တံခါးကတော့ ပိတ်ထားစဲ ပွင့်မသွားပါ။ သို့သော်ငြား ရန်သူဝင်လာသည်ကို မထင်မှတ်သော စိတ်က သိလိုက်သော်လည်း နောက်ကျသွားခဲ့သည်။ သို့သော် ကိုကျော်ရှိန်သည် မိမိထိသည်ကို အသာထား မမြင်ရပဲဝင်လာသူကို ချုပ်သည်။ လေထဲတွင် ရိုက်ပုတ်သည်။ ကိုင်ပေါက်သည်။ ကိုကျော်ရှိန်၏ လက်အစုံသည် စူးရှနေ၍ တစ်ဖက်သားကို ထိလိမ့်မည်ဟု ယုံကြည်သည်။ အားရလောက်အောင် လုပ်ပြီးခါမှ ဇနီးသည်ဖက်သို့ ကြည့်မိလိုက်သည်။ ဇနီးသည် မနုကား အိပ်မက်ဆိုးများမက်၍ လူးလွန့်ညည်းညူနေလေတော့သည်။ ထိုမျှလောက် ဒုက္ခပေးနေသောသူအား ကိုကျော်ရှိန် သည်းမခံနိုင်တော့ပါ။ လက်တုန့်ပြန်ရန် ဆုံးဖြတ်လိုက်တော့၏။ မိမိထိထားသည်ကိုလည်း ကိုယ်တိုင်ကုရပေလိမ့်ဦးမည်။
ထို့နောက်ရက်တွင် ဆရာကြီးဦးအောင် ပြန်လည်ရောက်ရှိလာပါသည်။ ကိုကျော်ရှိန်မှ အကြောင်းစုံ ပြောပြသည်။ ဆရာကြီးမှ ကိုကျော်ရှိန့်အား စမ်းသပ်သောအခါ အတွင်းကျကျကို ထိမိထားကြောင်း ပြောလေသည်။ သို့သော်ကား ကိုကျော်ရှိန်မကြောက်ပါ။ မိမိတို့ မိသားစုကို ဘယ်လိုအညှိုးနှင့်များ ဒီလောက်လုပ်နေသလဲ။ သူ့အတွက်က ဘာရမှာမို့လဲ။ လာစမ်း တွေ့မယ် ။
နောက်တစ်နေ့နံနက် ထိုလူကြီး၏ မျက်နှာချင်းဆိုင်မှ လက်ဖက်ရည်ဆိုင်တွင် ထိုင်လျက် အခြားလူများအား မေးမြန်းဖြစ်လေသည်။ ကိုကျော်ရှိန်တို့ ငှားနေသည့် အိမ်ကြီး၏ မူလပိုင်ရှင်မှာ တစ်ဦးတည်းနေခဲ့ကြောင်း၊ နောက်ဆုံးတွင် ရပ်ကွက်ထဲမှ အပုပ်နံ့နံ၍ သော့ဖျက်ကြည့်ရာ သူ့အခန်းထဲတွင် သေဆုံးနေပြီးဖြစ်ကြောင်း သိရသည်။ ထို့နောက် သေဆုံးသူ၏ သားချင်းဖြစ်သူက အမွေဆက်ခံရရှိပြီး ထိုအိမ်မှာ မနေထိုင်ပဲ ငှားရမ်းခဲ့ကြောင်း ၊ ထိုအိမ်ကြီးသည် သရဲအလွန်ခြောက်ကြောင်းနှင့် ခင်ဗျားတို့မို့လို့ ဒီလောက် ၂ နှစ်လောက်နေနိုင်တာ သူများဆို ၁ နှစ်ငှားရင် ၆ လနဲ့ပြေးပြီဟူသတတ် ။ ထိုအခါမှ ကိုကျော်ရှိန်သည် အိမ်ရှင်မှ သူတို့အား အခန်းတစ်ခန်းကို သော့မပေးပဲ ၀င်ခွင့်မပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ တဖန် ကပ်လျက်အိမ်က လူကြီးအကြောင်းကို မေးမြန်းကြည့်ရာ*အာ ဒီမယ်ဗျာ အဲတာတော့ မပြောချင်ဘူး ခင်ဗျားတို့နဲ့ ကပ်လျက်က သူ့အိမ်၊ သူနဲ့ ကပ်လျက်က ခင်ဗျားတို့တစ်အိမ်ကျော်ဝိုင်းကို ကြည့်လိုက် အုတ်တံတိုင်းကို မလိုအပ်ပဲ အမြင့်ကြီးခတ်ထားတာကိုကြည့် ဒါပဲ ပြောတော့မယ် ကျန်တာ ခင်ဗျားတို့အပိုင်း တဲ့။ ထိုစဉ် ကိုကျော်ရှိန်တို့ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သူ့အိမ်ထဲမှ ထိုလူကြီးထွက်လာလေသည်။
* အဘ ဓာတ်ပုံရိုက်ဗျာ * * မင်းဘာလုပ်မလို့လဲ * * မီးရှို့မလို့ * ဆရာကြီးဦးအောင်သည်လည်း သည်းမခံနိုင်တော့ချေ။ ထိုလူကြီးလုပ်၍ သူလည်း အိပ်ပျက်ညပေါင်းများလှချေပြီ။
အဘဆရာကြီးဦးအောင်မှ ဖုန်းကိုယူ၍ ထိုလူကြီးအား ဓာတ်ပုံရိုက်ရန် ထွက်သွားလေသည်။ ထိုလူကြီး၏ ရှေ့တည့်တည့်မှ နေ၍လည်းကောင်း ဘေးတစောင်းအနေဖြင့်လည်းကောင်း ၃/၄ပုံခန့် ရိုက်ယူခဲ့လေသည်။
ထိုပုံများကို ရိုက်ယူပြီးနောက် ကိုကျော်ရှိန်သည် ကာလာပရင်တာမရှိရကား ရိုးရိုးစက္ကူပေါ်တွင် သူ့ပုံများကို ထုတ်ခဲ့သည်။
ထိုရက်ပိုင်းများတွင် ကိုကျော်ရှိန်မှာ အခြားအလုပ်များဖြင့် ရှုပ်နေသောကြောင့် ပုံကို မီးရှို့မည်ဆိုသည့်ကိစ္စကို မလုပ်ဖြစ်ပါချေ။ တကယ်တမ်းကျတော့လည်း ပုထုစဉ်ပီပီ သည်းမခံနိုင်တော့သောကြောင့်သာ ထိုသို့ လုပ်လိုက်တော့မည်ဟု လျှောက်ပြောနေသော်လည်း ထိုသို့လုပ်လျှင် ထိမည်လား မထိမည်လား မသိပါချေ။ ထိုသို့ လုပ်ရသည်ဟူ၍လည်း မကြားဖူးခဲ့ပါချေ။ ထိုသို့လုပ်ခြင်းသည် ဘာသာရေးနှင့် ဆန့်ကျင်ကြောင်းကိုတော့ ကိုကျော်ရှိန်ရော အဘဆရာကြီးပါ သိပါသည်။ ထို့ကြောင့် မီးမရှို့ဖြစ်တော့ပဲပုံကို အမှိုက်ပုံးထဲ ထည့်ပစ်လိုက်တော့သည်။
ထိုညတွင် ကိုကျော်ရှိန် အိပ်ပျော်ခါနီးအချိန်လောက်တွင် နားက ကြားလာသည်က ( အေးခင် လေ အေးခင်ရောက်နေတယ်ကွ ) အေးခင်ရောက်နေတယ်ဆိုပါလား ဘယ်ကအေးခင်လဲ ဘယ်နားရောက်နေတာလဲဟု ကိုကျော်ရှိန့်အတွေးက ရှိနေခိုက် ( အဲဒီ မှန်ရဲ့ အနောက်ဖက်နားမှကွ ) အေးခင်က ကျွန်တော်နဲ့ ဘာပတ်သက်သလဲ ခင်ဗျားကရော ဘယ်သူလဲဗျ … ကိုကျော်ရှိန့်စိတ်မှ မေးမြန်းနေခြင်းပါပေ။ သို့သော် တစ်ဖက်မှ ပြောသောအသံများကိုကား ထပ်ကြားရခြင်းမရှိတော့ချေ။
သို့နှင့် ကိုကျော်ခင်သည် ညအိပ်မီးမှိန်မှိန်လေးထွန်း ခြင်ထောင်လေးချလျက် လျောင်းနေလျက်က အာနာပါန လျောင်းကမ္မဌာန်းလေးကို အိပ်မပျော်သေးခင် ရှုနေလိုက်လေသည်။ ဇနီးသည် မနုကား ကိုကျော်ရှိန့်ဘေးတွင် အိပ်ပျော်နေပေပြီ။
ထိုစဉ် ကိုကျော်ရှိန်တို့၏ ခြင်ထောင်ထဲသို့ တစ်စုံတစ်ခု ပျံသန်းပြီး ၀င်လာသည်ကို မီးရောင်မှိန်မှိန်အောက်တွင် တွေ့လိုက်ရသည်။ ခြင်ထောင်ကိုလည်း လေးဖက်လေးတန် ဖိထားပါလျက်နှင့် မည်သို့ ၀င်လာသနည်း။ ၀င်လာသောအရာသည် သတ္တ၀ါတစ်ကောင်ဆိုတာထက် ပျားထက်ကြီးသော ပိတုန်းလိုလို ဖြစ်လေသည်။ (ဆရာကြီးဦးအောင်ပြောကြားချက်အရ ပိတုန်းဖြစ်သည်။ )ကိုကျော်ရှိန်မှာ ထိုပိတုန်းကောင်ဝင်လာတာကို သိလိုက်သည်နှင့်စူးစိုက်ကြည့်လိုက်လေရာ ပိတုန်းကောင်သည် မြင်ကွင်းမှ ပျောက်သွားလေသည်။ မီးကြီးဖွင့်ပြီး ရှာကြည့်သော်လည်း ခြင်ထောင်ဟသည့်နေရာလည်း မတွေ့ရပဲ ပျောက်ချင်းမလှ ပျောက်သွားလေသည်။ သို့နှင့် ကိုကျော်ရှိန်သတိလေးနှင့် အိပ်မည်ပြုရာ ခဏနေတော့ ထိုပိတုန်းသည် ခြင်ထောင်ထဲတွင် ပြန်ပေါ်လာပြီး အိပ်ပျော်နေသော မနုအား ကိုက်ခဲပြီး ပျောက်ကွယ်သွားပြန်လေသည်။ မနုကား အလွန်တရာနာကျင်သောကြောင့် ယောင်ယမ်းပြီး လက်များပင် ယမ်းမိရာ ကိုကျော်ရှိန့်မျက်နှာနားသို့ ကပ်၍ သွားတော့သည်။ ၀ှူး မလွယ်ပါလား …. ။
* အဲတာ နာနာရုပ်အတတ်လို့ ခေါ်တယ်ကွ တကယ့်ပိတုန်းမဟုတ်ဘူး ပိတောက်သားကို ပြဒါးနဲ့ စီရင်ပြီး ပိတုန်းဖြစ်အောင် နာမ်သွင်းရတာ ၊ မင်းရိုက်ထည့်လိုက်လို့ အဲအကောင်လေးက သေတယ်မရှိဘူး သူက တကယ်တော့ ပိတောက်သားပဲကိုး * * အံ့သြစရာပဲနော် ဆရာကြီး၊ ကျွန်တော်တို့ကို ဘာကြောင့်များ ဒီလောက်ညှိုးနေလဲမသိဘူးဗျာ * * သူကတော့ ညည ငါ့ လာပြောတယ်ကွ၊ မင်းရယ် ငါရယ်ကို ဘယ်တော့မှ မကျေဘူးတဲ့ကွ * * ဗျာ ကျွန်တော်တို့က သူ့ကို ဘာလုပ်လို့လဲဗျာ၊ တစ်ခါလေး သူ ပေကပ်ကပ်လုပ်လို့ ရိုက်လိုက်တာပဲဗျ * * အေး … မင်းက ဒီဖက်က ပူးနေတဲ့ကောင်လေးရဲ့ လက်ကို ကြိုးချည်ရိုက်တာ၊ သူ့မှာ လည်ပင်းကို သွားထိရရှာတယ်။ နောက်ပြီး မနေ့ညကငါ့ကို လာပြသေးတယ်ကွ၊ ဖျာလိပ်သုံးလိပ်ထမ်းလာတယ်။ မင်းတို့ သဲမန်းဆန်မန်းပက်လို့တဲ့ ငါ့ကောင်တွေ သေကုန်ပြီဆိုပြီး ငါ့ရှေ့လည်း ရောက်ရော ဘုန်းဆို အလောင်းတွေကို ပစ်ချလိုက်တာ * * ဟာ ဆရာကြီးကလည်း သရဲက သေတယ်ဆိုတာ ရှိလို့လားဗျ * * ဟကောင်လေး ဘုရားဟောက ဘယ်သတ္တ၀ါ မသေပဲရှိတုန်းဟ ၊ သေတာပေါ့ * * ဟောဗျာ * * ဒါပေမယ့်ကွာ သရဲက သေပြီး သရဲပြန်ဖြစ်တာများပါတယ်၊ သူ့တပည့်တွေ သေကုန်တာထက် ဒို့က သဲမန်းဆန်မန်းပက်တော့ သူ့တပည့်တွေ အစွမ်းလျော့ကုန်တောပေါ့။ ဒီတော့ ဆရာကြီးဖြစ်တဲ့သူက နောက်ကနေ ထပ်ထပ် ထည့်ပေးနေတဲ့သဘောပဲ အခုနောက်ပိုင်း သတိသာထားနေ ကောင်ရေ *
တတိယပိုင်း ဆက်ရန်
Post a Comment