ရှင်‌တို့‌ယောက်ျား‌တွေရယ်‌ အပိုင်း၅ ဇတ်‌သိမ်း

"ရှင်တို့ ယောက်ျားတွေရယ်"

အပိုင်း(၅)(ဇာတ်သိမ်း)

ကို့ စကားများသည် ရွှန်းလဲ့ ရင်ကိုဓားထက်ထက်နှင့်ခွဲသလို ရင်ဘတ်ထဲစူးကနဲ နာကျင်စွာ အောင့်သက်သက်။
"ကို ဘယ်လိုပြောလိုက်တာလဲ"
"ဟုတ်တယ် ငါမင်းကိုမချစ်နိုင်တော့ဘူး "
"မဖြစ်နိုင်ဘူး၊ ကို ကျွန်မကိုမချစ်ဘူးဆိုတာလုံးဝမယုံဘူး"
ရွှန်းလဲ့ ခါးသီးစွာ ပြောလိုက်ပေမယ့် သူပြန်ပြောလာတာက
"မင်းမယုံလဲ မတတ်နိုင်ဘူး၊ မင်းနဲ့ငါ ရှေ့ဆက်လက်တွဲသွားလို့လုံးဝမဖြစ်တော့ဘူး၊ ငါတို့လမ်းခွဲမယ်"
ပြောရက်လိုက်လေခြင်း...
ရွှန်းလဲ့ဘယ်လိုခံစားရမယ်ဆိုတာမသိလို့ ဒီလိုစကားလုံးတွေပြောထွက်နေခြင်းပေလား...
"ကျွန်မဘက်က ဘာတွေမှားလို့ ဘာအပြစ်ရှိလို့ ဒီလိုလမ်းခွဲစကားတွေပြောနေရတာလဲ၊ ကျွန်မ မှားခဲ့လား၊ အပြစ်တွေရှိခဲ့လား၊အဲဒါဆို တောင်းပန်တယ် အနူးအညွှတ်ကိုတောင်းပန်ပါတယ် ကို ...ကျွန်မကို..."
"မင်းမမှားပါဘူး ငါမှားတာပါ၊ မင်းကိုချစ်ခဲ့မိတာကိုက ငါ့အပြစ် ငါ့အမှား၊မင်းမှာ ဘာအပြစ်မှမရှိဘူး"
ကို့ စကားလုံးများသည် ရွှန်းလဲ့ နှလုံးသားကို လက်ကြမ်းကြမ်းတို့ဖြင့် ဆုပ်နယ်ဖျစ်ညှစ်ထားသလို ရင်ထဲတင်းကြပ်ပိတ်ဆို့လာရသည်။မာနတွေ မချ ချင်ပေမယ့် ထိန်းချူ ပ်ရခက်စွာ ပါးပြင်ထက်မျက်ရည်များ အတားအဆီးမဲ့စွာစီးကျလာကြပြီး ပါးစပ်ကိုလက်ဝါးဖြင့်အုပ်ကာ ကြိတ်ငိုနေသည့်ကြားမှ ရှိုက်သံတို့ လွင့်ထွက်လာကြသေးသည်။
"နင် ငါ့ကို တစ်သက်လုံးအတွက်ရည်ရွယ်မထားရင် ဘာကြောင့်ချစ်တယ်လို့ပြောခဲ့ရတာလဲ၊ ဘာကြောင့် ဇာတ်လမ်းတွေစခဲ့တာလဲ"
နာကျည်းမှုကြောင့် ကို ဟု ချို သာစွာမခေါ်နိုင်တော့ဘဲ နင့်သီးစွာ ရှိုက်သံတစ်ဝက်ဖြင့်အော်ဟစ်ပြောဆိုလိုက်မိသည်။ယောက်ျားတစ်ယောက်အတွက် မျက်ရည်ကျ ရခြင်းသည် ကိုယ့်မာနတွေကို သူ့ခြေဖဝါးအောက် ချခင်းပေးလိုက်သလိုဖြစ်သွားပေမယ့် ရွှန်းလဲ့ မတတ်နိုင်။
"အေး အဲဒီလို ငါ့ဘက်က ဇာတ်လမ်းစခဲ့လို့ ခုအဲဒီဇာတ်လမ်းကို ငါကိုယ်တိုင် ပြန်အဆုံးသတ်ပေးလိုက်တာလေ၊ ငါ မင်းကို လုံးဝမချစ်နိုင်တော့ဘူး အဲဒီလို လိုက်ရစ်နေတာတွေကို ငါအရမ်းမုန်းတယ်"
"ရစ်တယ်ဆိုတာ နင့်ဘက်က ငါ့ကိုဂရုမစိုက်လို့လေ ပစ်ပယ်ထားလို့လေ၊ငါ့ကို အချိန်တိုင်းဂရုမစိုက်နိုင်ရင်တောင် စက္ကန့်အနည်းငယ် မိနစ်အနည်းငယ်ဂရုစိုက်ပေးရင်ကို ငါကျေနပ်ပါတယ်၊ ငါပို့တဲ့ မက်ဆေ့ခ်ျပေါင်း၂၀ကျော် ၃၀နီးပါးကို နင့်ဘက်က ၁ဆောင်လောက်ပဲ replyပြန်ရင်ကိုငါကျေနပ်တယ်၊ ခုက နင့် လုပ်ရပ်တွေ...."
"တော်တော့ ရွှန်းလဲ့၊ ငါ့ကိုဘာမှထပ်ပြောမနေနဲ့တော့၊ မင်းဘာပြောပြော ငါမင်းနဲ့လမ်းခွဲရမှာပဲ၊ ငါ့မှာ...နောက်ထပ်ချစ်ရမယ့်သူရှိနေပြီ"
ဟင်!
ကို့ ဆီက ဘယ်လိုမှမျှော်လင့်မထားသော စကားကိုကြားလိုက်ရ၍ ရွှန်းလဲ့တစ်ယောက် ရှိုက်သံတို့တိကနဲရပ်သွားပြီး ငိုဖို့ပင်မေ့သွားရလောက်အောင်ထိ ရင်ထဲအောင့်ကနဲဖြစ်သွားသည်။
ကို....
နောက်တစ်ယောက်ရနေပြီတဲ့လား...
ဘယ်လိုဖြစ်နိုင်မှာလဲ...မဖြစ်နိုင်ဘူး
ကို ငါ့ကို ဘယ်လောက်ထိချစ်လိုက်သလဲ...
မဟုတ်ဘူး ကို ညာ နေတာ...
"ကို..."
ရွှန်းလဲ့ စကားပြောဖို့ ကြိုးစားလိုက်မိပေမယ့် ကိုယ့်ဘက်မှဖုန်းချသွားသည်။လက်မလျော့ဘဲ အကြိမ်ကြိမ်ဖုန်းထပ်ခေါ်ပေမယ့် ကိုက ဖုန်းမကိုင်။နောက်ဆုံး....
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"
ရွှန်းလဲ့ လက်ထဲမှဖုန်းလေးလွတ်ကျသွားရပြီး လူကလဲကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်ခွေကနဲ လဲကျသည်။ပြန်ထဖို့ အားအင်မဲ့စွာ လဲ ကျနေရင်းမှပင် သည်းသည်းထန်ထန်ရှိုက်ငိုနေမိသည်။အမှန်ဆို ဒီအခြေနေကြီးကို အိပ်မက်တစ်ခုဖြစ်သွားစေချင်တာပါ။သို့ပေမယ့် ဒါက အိပ်မက်မဟုတ်...ပုံပြင်မဟုတ်...
"သူနင့်ကို တကယ်မချစ်ပါဘူး"
ချစ်စုစကားကိုပြန်ကြားယောင်မိ၍ ခေါင်းကိုကြမ်းတမ်းစွာခါရမ်းလိုက်သည်။သို့သော် အတိတ်က ချစ်စု လှောင်ရယ်သံများ.....
"သူနင့်ဆီ ဖုန်းပြန်ခေါ်မယ်ဆို မခေါ်ပါလား"
"ခေါ်မှာပါ...သူ ထမင်း စားပြီးရင် ခေါ်မယ်ပြောတယ်"
"ထမင်ားးတာ အဲလောက်ကြာလားဟယ်၊ ခုချိန်ဆိုစားပြီးလောက်ပါပြီ၊ မေ့များနေတာလား"
ချစ်စုစကားကြောင့် ရွှန်းလဲ့ ကို့ဆီဖုန်းခေါ်ကြည့်ရာ
"အင်း ပြော"
"ကို ဖုန်းပြန်ခေါ်မှာဆို"
"သြော် အင်း မေ့သွားတာ"
"ပြောတာတောင်၁နာရီမပြည့်သေးဘူး မေ့သွားတာလား၊ဘာတွေအလုပ်ရှုပ်နေလို့ မေ့သွားတာလဲ"
"ဖုန်ျးခ်ါဖို့ သတိရသေးတယ်၊ဒါပေမယ့် အိပ်ချင်နေတာနဲ့ မခေါ်တော့ဘဲ အိပ်နေတာ"
"အဟိ ဟား ဟား"
ကို့ စကားအဆုံး လှောင်သလိုလို အသံထွက်ရယ်လိုက်သော ချစ်စုကြောင့် ရွှန်းလဲ့ ရှက်ရွံ့စွာ တစ်ဖက်သို့မျက်နှာလွှဲပစ်ထားခဲ့ဖူးသည်။ကိုက ရွှန်းလဲ့ကို သိပ်ချစ်သိပ်အလေးထားကြောင်း ချစ်စုကိုကြွားထားမိပေမယ့် လက်တွေ့မှာ ထိုသို့ဖြစ်လာရမည့်အစား သူ့အလေးမထားမှုကြောင့် ချစ်စုလှောင်ရယ်တာကိုခံလိုက်ရသည်။
"နင် တော်တော်ရူးတာပဲ ရွှန်းလဲ့၊ ငါအတန်တန်ပြောပါတယ် အနေဝေးရင်သွေးအေးတယ် နင့်ကို သူ အချိန်ကြာကြာ လုံးဝမချစ်နိုင်ဘူး ၊လွယ်လွယ်ချစ်သူတွေဖြစ်ခဲ့ကြပြီး နင်တို့လွယ်လွယ်ပြတ်မှာမြင်ယောင်သေးတယ်၊ သိလား သူနင့်ကို တကယ်မချစ်ဘူး"
"သူနင့်ကို တကယ်မချစ်ဘူး"
"သူနင့်ကို တကယ်မချစ်ဘူး"
"အားးး......."
ချစ်စုစကားတွေ ကို အကြိမ်ကြိမ်ထပ်တလဲလဲပြန်ကြားယောင်နေမိ၍ နားနှစ်ဖက်လုံးကို လက်အစုံဖြင့် ဖိအုပ်ထားလိုက်ရင်း ခေါင်းကိုကြမ်းတမ်းစွာခါရမ်းကာ  နာကျည်းစွာအော်ဟစ်ပစ်လိုက်သည်။
"နင် သစ္စာမရှိဘူး...နင် ငါ့အပေါ်ဘာလို့ ဒီလိုလုပ်ရတာလဲ၊ ငါနင့်ကို ဘယ်လောက်ထိ ချစ်ခဲ့ရသလဲ၊ ငါ့အပေါ်ဘာကြောင့် ရက်စက်ရတာလဲ၊ နင်မကောင်းဘူး လုံးဝမကောင်းဘူး"
ဖြေသိမ့်ရခက်စွာ သည်းသည်းထန်ထန်ရှိုက်ငိုရင်း အရူးတစ်ယောက်လိုတစ်ယောက်တည်း ပြောဆိုအော်ဟစ်နေမိသည်။

ည.......
မိုးစက်ဖွဲဖွဲကျကာ တစ်လောကလုံး အေးချမ်းစွာအိပ်မောကျနေကြပေမယ့် အိပ်၍မရနိုင်သေးဘဲ တွေးငေးနေသူလေး တစ်ယောက်တော့ရှိသည်။သူမက...ရွှန်းလဲ့ဝေ...
သူမ ရင်ခွင်ထဲတွင် ဂစ်တာလေးတစ်လက်ပိုက်ထားသည်...
သူမ ပါးပြင်တွေက တစ်ချက်ချက် လက်ကနဲဖြစ်သွားကြသေးသည်။ပါးပြင်တွေ မျက်ဝန်းလေးတွေ လက် ကနဲ ဖြစ်သွားရခြင်းမှာ အခြားမဟုတ် မျက်ရည်တွေကြောင့်သာ....သူမ...ငို နေသည်လေ။ထို့နောက် သူမ လက်ချောင်းလေးတွေသည် ဂစ်တာကြိုးပေါ် အသာအယာပြေးလွှားသည်။
"ဘာမှ မရှိတော့တဲ့ ငါ့ဆီမှာ နောက်ထပ်မင်း တောင်းဆိုချင်သေးလား..ပေးမယ် မင်းဓာတ်ပုံအပိုင်းစလေး...သိမ်းထားမနေနဲ့ ငါ့ဓာတ်ပုံလဲ မင်းငါ့လိုသာ ပစ်လိုက်ပါတော့ ဝေးပြီ...ငါ့အသည်းလဲတစ်စဆီကွဲ...အချိန်တွေအကြာကြီး မင်းနဲ့ငါ ချစ်ခဲ့ကြတယ် လမ်းခွဲရတယ်...ဘယ်သူအချစ်မျိုး ဘယ်လိုထူးလဲ နောက်တစ်ယောက်အသစ်ရှာချစ်သွားလား...ငါခံစားခဲ့ရတဲ့ နေ့တွေဟာ တဖြည်းဖြည်း မင်းအနားရောက်လို့လာမှာ..ငါမြင်နေကျ အရင်လိုအပြုံးတွေ ပြုံးပြဖို့တော့ မင်းအားတင်းထား"
"ထားခဲ့ရက်သူအတွက် မေ့ဖို့လဲ ကြိုးစားလို့ ငါနေရတုန်းပဲလေ မင်းမသိတော့တဲ့ အဖြစ်များ...ဒီစိတ်ကူးတွေနဲ့ အိပ်မက်တွေ
လဲ စက္ကန့်တွေနဲ့နေ့ရက်အချိန်တိုင်းလဲ မင်းပဲ...ငါအဆုံးသတ်လိုက်ချင်တယ်..အချိန်တွေအကြာကြီးမင်းနဲ့ငါ ချစ်ခဲ့ကြတယ် လမ်းခွဲရတယ်...ဘယ်သူအချစ်မျိုး ဘယ်လိုထူးလဲ နောက်တစ်ယောက်အသစ်ရှာချစ်သွားလား ငါခံစားခဲ့ရတဲ့နေ့တွေဟာ တဖြည်းဖြည်းမင်းအနားရောက်လို့လာမှာ ငါမြင်နေကျ အရင်လိုအပြုံးတွေပြုံးပြဖို့တော့ မင်း အားတင်းထား....."
သီချင်းစာသားတစ်လုံးချင်းစီတွင် သီဆိုလိုက်တိုင်း နှလုံးသားသည် မီးလောင်တိုက်သွင်းခံထားရသလို။ငိုကြွေးနေတာကြာပြီပေမယ့် မျက်ရည်တွေသည် ယခုထိကုန်မသွားခဲ့။
သီချင်းလေးဆုံးသွားတော့ မိုးစက်များက ရွှန်းလဲ့ သီချင်းလေးနှင့် မျက်ရည်တွေကို ဂုဏ်ပြု သည့်အနေဖြင့် တဝေါဝေါအသံပေးကာ သည်းထန်စွာရွာချလေသည်။
တစ်ချိန်က...
အရမ်းချစ်ပါသည်ဆိုသော...
တစ်ရက် ချစ်သူအသံလေးမကြားရရင် မနေနိုင်ပါဘူးဆိုသော...
ရွှန်းလဲ့သာ လောကကြီးထဲမှာမရှိတော့ရင် သူလဲပျောက်ကွယ်သွားပါမည်ဆိုသော...
တစ်နေ့နေ့တစ်ချိန်ချိန် လက်ထပ်ကြမယ်လို့ အကြိမ်ကြိမ်ဖွင့်ဟပြောဆို ကတိပေးတတ်ပါလေသော...ကို သည်
ယခု ရွှန်းလဲ့ကို ထားသွားချေ ပြီ။တတ်လဲ တတ်နိုင်တဲ့ သူပါလား။ချစ်သူရည်းစားထားတယ်ဆိုတာကို ကစားပွဲတစ်ခုကစားသလို ပေါ့ပေါ့လေးသဘောထားခဲ့သော သူ။သူပြောခဲ့ဖူးတဲ့ စကားတွေ ပေးခဲ့ဖူးတဲ့ကတိစကားတွေသည် သူ ပါးစပ်အရသာခံပြောခဲ့သော စကားလုံးများပေပဲလား။
တွေးရင်း ရွှန်းလဲ့ စာစုလေးတစ်ခုကိုပြန်လည် သတိရသွားမိသည်။
"ချစ်ခြင်းတရားသည်...ယောက်ျားတော်တော်များများ၏နှလုံးသားတွင် တသတ်မတ်တည်းရှိမနေခြင်းကို...ကမ္ဘာ့အတွေးခေါ်ပညာရှင်များ ရှင်းချက်မထုတ်ရသေးပါ"တဲ့

တခါတရံမှာ မိန်းမမာယာသဲကိုးဖြာပင်လျှင် သူတို့မာယာကိုလိုက်မမှီခဲ့။တိကျ ပိရိ သေသပ်စွာ လှည့်စားတတ်လွန်းသည်။ဘယ်တတ်နိုင်ပါ့မလဲ တကယ်ချစ်ခဲ့မိသူကပဲ ခံစားခဲ့ရဦးပေါ့။အငိုက်မိသွားတာပေမယ့် သူ့လှည့်ကွက်တွေက သိပ်ကိုသေသပ်ခဲ့တာပါ။အပြောင်းလဲမြန်စွာ...တတ်လဲတတ်နိုင်ပါပေ့။သြော်...ရှင်တို့ယောက်ျားတွေရယ်...

ပြီးပါပြီ။
လေးစားစွာဖြင့်
နန်းဝတီမေ

Post a Comment