ကထိန်​ပုစ္ဆာ ၉ပါး

ကထိန်ပုစ္ဆာ ၉-ပါး
===========

၁။ မေး ကထိန်ခင်းသောအခါ တိစီဝရိတ် အဓိဋ္ဌာန်မဆောင်ဘဲ ကထိန်ခင်းသော သင်္ကန်းကိုသာ အဓိဋ္ဌာန်တင်၍ ခင်းအပ်မည်လော။ ပရိက္ခာရစောဠ အဓိဋ္ဌာန်ချ၍ ကထိန်သင်္ကန်းကို အဓိဋ္ဌာန်တင်၍ ခင်းအပ်မည်လော။

၂။ မေး ဂဏပူရဏ သံဃာနှင့် ကထိန်ကိုခံ၍ ထိုသံဃာတို့ပြန်သွားမှ တစ်ပါးတည်း ကထိန်ခင်းအပ်မည်လော။

၃။မေး တစ်ပါးသောကျောင်းသို့သွား၍ ဂဏပူရဏ ရဟန်းတို့နှင့် ကထိန်ကိုခံ၍ တဖန် မိမိဝါဆိုကျောင်းသို့ပြန်၍ ကထိန်ခင်းအပ်မည်လော။

၎။ မေး ကျောင်းတိုက်မှ တပါးသော ရွာတွင်းမဏ္ဍပ်စသည်၌ ဂဏပူရဏ ရဟန်းတို့နှင့် ကထိန်ကို အလှူခံ၍ မိမိဝါဆိုကျောင်းသို့ ပြန်၍ ကထိန်ခင်းအပ်မည်လော။

၅။မေး ပရိက္ခာရစောဠ အဓိဋ္ဌာန်ဆောင်သော ရဟန်းသည် ကထိန်ခင်းသောနေ့မှ ပရိက္ခာရစောဠ အဓိဋ္ဌာန်ကိုစွန့်၍ တိစီဝရိတ် အဓိဋ္ဌာန်ကိုတင်၍ ထိုတိစီဝရိတ်အဓိဋ္ဌာန်ကိုစွန့်၍ ကထိန်သင်္ကန်းကို အဓိဋ္ဌာန်တင်၍ ခင်းအပ်မည်လော။

၆။မေး သာမဏေတို့သည် အနုမောဒနာပြု၍ ကထိန်အာနိသင်ကို ရမည်လော။

၇။မေး ခဏ္ဍသိမ်၌ ကထိန်ခင်းအပ်မည်လော။

၈။မေး ကထိနာနိသံသကို မျက်မှောက်ရှိ သံဃာဆိုင်မည်လော။

၉။မေး ကထိန်သင်္ကန်းဟုဆို၍ လှူသော သင်္ကန်းသုံးထည်းကို သုံးထည်စလုံး ဥာသ်နှင့်ပေး၍ သုံးထည်စလုံး ခင်းအပ်မည်လော။

၁။ ပဋ္ဌမပုစ္ဆာ အဖြေ
ပရိဝါပါဠိတော်၌ ပစ္စုဒ္ဓိုရ်ကို သံဃာဋိသဒ္ဒါ ဥတ္တရာသင်္ဂသဒ္ဒါ အန္တရ၀ါသကသဒ္ဒါဖြင့် ရေတွက်သည်ကို ဟောတော်မူသောကြောင့် လည်းကောင်း ၀ိမတိ ၀ိနောဒနီဋီကာ၌ ၀ဿိကသာဋိကာ အစရှိသည်ကို ပစ္စုဒ္ဓိုရ်ပြု၍ ကထိန်မခင်းအပ်ဟု ဆိုသောကြောင့် လည်းကောင်း ၀ိနယာလင်္ကာရ ဋီကာ၌ တိစီဝရိတ်အဓိဋ္ဌာန်ကိုစွန့်၍ အသစ် ကထိန်သင်္ကန်းကို အဓိဋ္ဌာန်တင်ရမည်ဟု ဆိုသော ကြောင့်လည်းကောင်း အဋ္ဌကထာ၌လည်း ပစ္စုဒ္ဓိုရ်ပြုရာ သံဃာဋိသဒ္ဒါနှင့် ပြသောကြောင့်လည်းကောင်း တိစီဝရိတ်အဓိဋ္ဌာန် မဆောင်သော ရဟန်းသည် ကထိန်မခင်းအပ်၊ တိစီဝရိတ်အဓိဋ္ဌာန်ဆောင်မှ ထိုတိစီဝရိတ်အဓိဋ္ဌာန်တို့တွင် ကထိန်ခင်းလိုသော တိစီဝရိတ်တစ်ထည်ကိုစွန့်၍ ခင်းလိုသော ကထိန်သင်္ကန်းတစ်ထည်ကို တိစီဝရိတ် အဓိဋ္ဌာန်တင်မှ ကထိန်ခင်းအပ်သည်ဟု သန္နိဋ္ဌာန်ကျမှတ်ရမည်။ ပရိက္ခာရစောဠ အဓိဋ္ဌာန်ကိုစွန့်၍ ကထိန်မခင်းအပ်သည်ကိုလည်း သိလေ။

၂။ဒုတိယ ပုစ္ဆာအဖြေ
ပရိဝါပါဠိတော်၌ ပုဗ္ဗကရဏ ၇-ပါးသည် အစ၊ ပစ္စုဒ္ဓိုရ် အဓိဋ္ဌာန်သည် အလယ်၊ ခင်းခြင်းသည် အဆုံးဟူ၍ လည်းကောင်း သံဃာသည် အနုမောဒနာပြုခြင်းကြောင့် ဂိုဏ်းသည် အနုမောဒနာပြုခြင်းကြောင့် ပုဂ္ဂိုလ်သည် ခင်းခြင်းကြောင့် သံဃာအား လည်းကောင်း ဂိုဏ်းအားလည်းကောင်း ပုဂ္ဂိုလ်အားလည်းကောင်း ကထိန်ခင်းအပ်သည်ဟူ၍လည်းကောင်း၊ အတ္ထာရကို တစ်ခု သော ၀စီဘေဒဖြင့်သာ ရေတွက်အပ်သည်ဟူ၍လည်းကောင်း လာသောကြောင့် ၀ိနိစ္စယဋီကာ ၀ိနယတ္ထမဉ္ဖူသာ ဋီကာတို့၌ ဥာသ်နှင့်ပေးသော ရဟန်းလေးပါး ထိုပေးသော သင်္ကန်းကို ခံယူသော ရဟန်းတစ်ပါးတို့အားဖြင့်  ရဟန်းငါးပါးရှိမှ အပ်သည်ဟု ဆိုသောကြောင့်လည်းကောင်း၊ ၀ဇီရဗုဒ္ဓိဋီကာ၌ ကထိန်ခင်းခြင်းကို နှုတ်မြွက်၍ ဆိုကာမျှဖြင့် ပုဂ္ဂိုလ်အား ကထိန်ခင်း အပ်သည် မည်သည်ဟု ဆိုသောကြောင့်လည်းကောင်း၊ ဂိုဏ်းပြည့်ရဟန်းတို့ကိုရ၍ ထိုရဟန်းတို့သည် ဥာသ်နှင့်ပေး၍ ပြန်သွားသည့်နောက် မှ တစ်ပါးတည်းသာ ကထိန်ကိုခင်းသော်လည်း ထိုနေ့ အရုဏ်မတက်မီအတွင်း၌ ခင်းမူ အပ်သည်ဟု မှတ်ရမည်။

၃။တတိယ ပုစ္ဆာ အဖြေ
တတိယပုစ္ဆာ၌ စီဝရက္ခန္ဓက အဋ္ဌကထာ ဋီကာတို့၌ ကထိန်မခင်းမူ သီတင်းကျွတ်လ္ဆုပ်တစ်ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့် တိုင် သင်္ကန်းကာလ တစ်လအတွင်း၌လည်းကောင်း၊ ကထိန်ခင်းမူ သီတင်းကျွတ်လ္ဆုပ်တစ်ရက်နေ့မှစ၍ တပေါင်းလပြည့်တိုင် သင်္ကန်းကာလ ၅-လ အတွင်း၌လည်းကောင်း၊ ထိုရဟန်းတို့ ၀ါဆိုသောကျောင်း၌့ သံဃိကလှူသော ပစ္စည်းသည် ထိုကျောင်း တိုက် ဥပစာသိမ်အတွင်း ၀ါဆိုသော ရဟန်းတို့သာ ဆိုင်သည် ရထိုက်သည်ဟု ဆိုသောကြောင့် တစ်ပါးသောကျောင်းသို့သွား၍ ဂဏပူရက ရဟန်းတို့နှင့် ကထိန်သင်္ကန်းကို သံဃိက အလှူခံမူ ကထိန်မခင်းသော်လည်း သင်္ကန်းကာလဖြစ်၍ ထိုအလှူခံသော ကျောင်းတိုက်သံဃာသာ ဆိုင်သည်။ တစ်ပါးကျောင်းကလာ၍ ကထိန်ခင်းလိုသော ရဟန်းနှင့် မဆိုင် ရထိုက် မရထိုက်သည်သာ ဖြစ်၏။ ထိုကျောင်းတိုက်သံဃာတို့က သဘောတူ ပန်ကြား၍ ဥာသ်ကမ္မ၀ါစာနှင့်ပေးမူ ခင်းအပ်သည်ဟု ဆိုငြားအံ့၊ ကထိနက္ခန္ဓက အဋ္ဌကထာ ၀ိနယသင်္ဂဟ အဋ္ဌကထာတို့၌ ပထမလှူသော ကထိန်ထက် နောက်လှူသော ကထိန်သည် အာနိသင်များမူ နောက် လှူသော ဒါယကာ၏ ကထိန်သင်္ကန်းကို ခင်းရမည်၊ ပထမလှူသော ကထိန်သင်္ကန်း၏ဒါယကာကို ဒကာ ဥာသ်သင်္ကန်းကို လှူ ရသောသူနှင့် အာနိသင် အရံသင်္ကန်းကို လှူရသောသူသည် သံဃိကအလှူခြင်းတူ၍ အကျိုးတူသည်သာဖြစ်၏ အစရှိသည်ဖြင့် သိစေရမည်ဟူ၍သာ ဆိုသည်။ဒါယကာနှစ်ဦးလုံး၏ ကထိန်သင်္ကန်းကို အလှူခံ၍ လာဘ်များသော ဒါယကာ၏ ကထိန်ကို ထို ကျောင်း၌ ကထိန်ခင်းသော ပုဂ္ဂိုလ်အား ဥာသ်နှင့်ပေး၍ လာဘ်နည်းသော ဒါယကာ၏ ကထိန်သင်္ကန်းကို တစ်ပါးတိုက်က ရဟန်း အား ဥာသ်နှင့်ပေး၍ ခင်းစေအပ်သည်ဟု မဆိုသောကြောင့် မခင်းအပ်သည်ဟု မှတ်ရမည်။ ထိုအဋ္ဌကထာဝါကျကို ထောက်၍ပင် ကျောင်းတိုက်တစ်ခု၌ တစ်နှစ်တွင်း ကထိန်နှစ်ခါ မခင်းအပ်သည်ကိုလည်း သိလေ။ ထိုကျောင်းတိုက်၌ အလှူခံသော ကထိန်ကို အရံခြားသော တစ်ပါးကျောင်း၌ ပုရိမ၀ါဆိုသော ရဟန်းတို့သည်လည်း မအပ်ဟု အဋ္ဌကထာဆိုသောကြောင့် ထိုသို့ပြုလုပ်ခြင်း သည် မအပ်ဟု မှတ်သင့်သည်။

၎။စတုတ္ထပုစ္ဆာအဖြေ
စတုတ္ထပုစ္ဆာ၌ ကင်္ခါအဋ္ဌကထာ ၀ိနယသင်္ဂဟ အဋ္ဌကထာ စီဝရက္ခန္ဓက အဋ္ဌကထာတို့၌ ဥပစာရသိမ်ဟု ပြင်ပအရပ်၌နေသော ရဟန်းတို့ကိုမြင်၍ သံဃဿ ဒေမ ဟုဆို၍လှူမူ တစ်ဆယ့်နှစ်တောင် အတွင်း၌တည်သော ရဟန်းတို့ပိုင်ဆိုင်သည်ဟု ဆိုသည် မှာ ကထိန်သင်္ကန်းမှ တစ်ပါးသော သံဃိက အလှူကို ဆိုသည်ဖြစ်၍ ကထိနက္ခန္ဓက အဋ္ဌကထာ ၀ိနယသင်္ဂဟ အဋ္ဌကထာ ကင်္ခါ အဋ္ဌကထာ ၀ိနယာလင်္ကာရဋီကာ ကင်္ခါဋီကာတို့၌ ကထိန်သင်္ကန်းကိုလှူရာ ဥပစာရသိမ်ဖြင့် ပိုင်းခြာ၍ပြဆိုသောကြောင့် ဥပစာရ သိမ်မှ ပြင်ပရွာတွင်းမဏ္ဍပ်စသည်တို့၌ ကထိန်သင်္ကန်းကို အလှူခံမူ ထိုအဋ္ဌကထာ ဋီကာဆရာကြီးများကို လွန်ကျူးရာရောက်၍ မပြု မလုပ်အပ်ဟု မှတ်ယူသင့်သည်။

၅။ပဉ္စမ ပုစ္ဆာအဖြေ
ပဉ္စမပုစ္ဆာ၌ ၀ိနယာလင်္ကာရဋီကာ၌ ပရိက္ခစောဠ အဓိဋ္ဌာန်ဆောင်သော ရဟန်းသည် ကထိန်ခင်းကာနီးမှ ပရိက္ခာရစောဠ အဓိဋ္ဌာန် ကိုစွန့်၍ တိစီဝရိတ်အဓိဋ္ဌာန်ကိုတင်၍ ကထိန်ခင်းအပ်သည်ဟုဆိုသောကြောင့် ခင်းသောနေ့၌ပင် ပြုလုပ်သော်လည်း အပ်သည် ဟု မှတ်ယူသင့်သည်။ ထိုဝိနယာလင်္ကာရဋီကာစကားသည် ပါဠိ အဋ္ဌကထာတို့၌ ပစ္စုဒ္ဓိုရ်ပြုခြင်းကိုသာ ကထိန်ခင်းသောနေ့၌ လာသည်။ တိစီဝရိတ် အဓိဋ္ဌာန်တင်ပုံ အစအပိုင်းအခြားကို မဆို၍ ကောင်းသောဆိုခြင်းပင်တည်း။

၆။ဆဋ္ဌပုစ္ဆာအဖြေ
ဆဋ္ဌပုစ္ဆာ၌ ၀ဇီရဗုဒ္ဓိဋီကာ ၀ိနယာလင်္ကာရဋီကာတို့၌ ကထိန်မခင်းမီ သံဃာအားလှူသော အ၀တ်သင်္ကန်းကို သင်္ကန်းလ၌ လှူအပ်သောကြောင့် သာမဏေတို့အား အမျှပေးထိုက်သည်ဟုဆိုသောကြောင့် သာမဏေတို့အား ကထိန်အာနိသင်ကို အမျှဝေအပ်သည်။ အနုမောဒနာပြု၍ ရထိုက်သည်ဟု မဆို။ အနုမောဒနာပြုစေရာ၌လည်း ဘိက္ခုသဒ္ဒါအထူးပြု၍ ရဟန်းကိုသာ လာသည်။ ရဟန်းလည်း ကထိန်မခင်းမီ လှူအပ်သော သင်္ကန်းကို အနုမောဒနာပြု၍ ရထိုက်သည်မဟုတ် သင်္ကန်းကာလ၌ လှူ သောကြောင့် ရထိုက်သည်။  အနုမောဒနာပြုသည်မှာ မိမိလည်း ကထိန်ခင်းလို၍သာပြုခြင်းဖြစ်သည်။ ထို့ကြောင့် ၀ိနယတ္ထ မဉ္ဇူသာဋီကာ၌  သင်္ကန်းကာလ၌ ကထိန်မခင်းသော်လည်း တိစီဝရိတ်အဓိဋ္ဌာန်နှင့် ကင်း၍နေရသော အာနိသင်မှ တစ်ပါးသော လေးပါးသော အာနိသင်ကို ရထိုက်သည်ဟု ဆိုသည်။ သာရဋ္ဌဒီပနီဋီကာ ၀ိမတိဝိနောဒနီဋီကာ တို့၌လည်း သာသင်္ကသိက္ခပုဒ် အဖွင့်၌ လာသည်။ ပုရိမ၀ါသား ရဟန်းတစ်ပါးသည် ကထိန်ခင်းသောနေ့၌ ကထိန်ခင်းပြီးမှ လာရောက်သည်ဖြစ်အံ့၊ ကထိန်ခင်း သောနေ့ အရုဏ်မတက်မီအတွင်း၌ အနုမောဒနာ တိုက်တွန်း၍ အနုမောဒနာပြုမူ အပ်ဖို့ရှိသည်။ ကထိန်ခင်းသောနေ့ အရုဏ် တက်မူ မအပ်ဟု မှတ်ယူသင့်သည်။ ယခုကာလ၌ သာမဏေများကို အနုမောဒနာပြုစေသည်မှာ ကျမ်းဂံ၌ မရှိ ဆရာအစဉ်အလာ ပြုခြင်းသာဖြစ်သည်။ ပြုမှ အပ်သည်ဟု မမှတ်နှင့် မပြုသော်လည်း အပ်သည်။ ပြုသော်လည်း ၀မ်မြောက် ၀မ်းသာ လျှော်သည်ဟု မှတ်သင့်သည်။

၇။သတ္တမပုစ္ဆာအဖြေ
သတ္တမပုစ္ဆာ၌ ၀ိနယာလင်္ကာရဋီကာ၌ ဥပစာရသိမ်အတွင်း၌ တည်သော ဗဒ္ဓသိမ်ရှိမူ ထိုဗဒ္ဓသိမ်၌ ကထိန်သင်္ကန်းကို ဥာသ်နှင့်ပေး ၍ ထိုဗဒ္ဓသိမ်၌ ခင်းသော်လည်း အပ်သည်။ ထိုဥပစာရသိမ် ကျောင်းတိုက်အတွင်း၌ ဗဒ္ဓသိမ်မရှိမူ ထိုကျောင်းတိုက်မှ ပြင်ပအရပ် ဗဒ္ဓသိမ်ရှိရာသို့ ဖြစ်စေ ဥဒကုက္ခေပ သိမ်ရှိရာ အရပ်သို့ဖြစ်စေ သွား၍ ကထိန်သင်္ကန်းကို ဥာသ်နှင့်ပေး၍ တဖန်ကျောင်းတိုက်သို့ ပြန်လာ၍ ၀ါဆိုသော ဥပစာရသိမ်အတွင်း၌သာ ခင်းအပ်သည်ဟု ဆိုသောကြောင့် ၀ါဆိုသောကျောင်းတိုက် အတွင်း၌ ခဏ္ဍသိမ် ရှိမူ ထိုခဏ္ဍသိမ်၌ ဥာသ်နှင့်ပေး၍ ထိုခဏ္ဍသိမ်၌ ခင်းလိုမူ ခင်းအပ်သည်။  ဥပစာရသိမ်အတွင်းကျ၍ ဥပစာရသိမ်၌ ခင်းသည်မည် သောကြောင့်တည်း မခင်းလိုမူ ထိုခဏ္ဍသိမ်မှ ထွက်၍ ၀ါဆိုသော ဥပစာရသိမ်အတွင်း အလိုရှိရာ အရပ်၌ ခင်းအပ်သည်။ ထို ဥပစာရသိမ်မှ ပြင်ပအရပ်၌ရှိသော ခဏ္ဍသိမ် ဥဒကုက္ခေပသိမ်တို့၌ မခင်းအပ်ဟု မှတ်ရမည်။ ထိုဝါဆိုသော ဥပစာရသိမ်အတွင်း၌ ခဏ္ဍ ဗဒ္ဓသိမ်မရှိ၍ တစ်ပါးသော ကျောင်းတိုက်၌ရှိသော ခဏ္ဍ ဗဒ္ဓသိမ်ရှိရာသို့ သွား၍ ဥာသ်နှင့်ပေးမူ ထိုကျောင်းတိုက်သံဃာနှင့် စပ်ဆိုင်သည်ဟု ဆိုငြားအံ့၊ စီဝရက္ခန္ဓကပါဠိ အဋ္ဌကထာ ဋီကာတို့ ၌ မိုးလ၌ တစ်ပါးတည်းနေသောရဟန်းအား သံဃိကလှူသော သင်္ကန်းကို သင်္ကန်းလ၌ တစ်ပါးသော အရပ်သို့ယူသွားသော်လည်း ထိုရဟန်းသာပိုင်သည်၊ တစ်ပါးသံဃာမပိုင်ဟု ဆိုသော ကြောင့် သင်္ကန်းလ၌ လှူအပ်သော သင်္ကန်းဖြစ်၍ တစ်ပါးတိုက်က ရဟန်းတို့ မဆိုင်ဟု မှတ်ရမည်။

၈။အဋ္ဌမပုစ္ဆာအဖြေ
အဋ္ဌမပုစ္ဆာ၌ ကထိနစီဝရ ကထိနာနိသံသစီဝရ၊ ကထိနပရိဝါရ၀တ္ထုဟူ၍ သုံးမျိုးရှိသည်။ ထိုသုံးမျိုးတို့တွင် ကထိန်ခင်းသော သင်္ကန်းတစ်ထည်သာ ကထိနစီဝရမည်သည်။ ထိုသင်္ကန်း၏ အခြံအရံဖြစ်သော ကျွင်းကျန်သော အ၀တ်သင်္ကန်းသည် ကထိနာနိသံသ စီဝရမည်သည်။ ထိုမှတစ်ပါး သပိတ်ခွက် ငှက်ပျော အုန်းအစရှိသော တပါးသော ၀တ္ထုသည် ကထိနပရိဝါရ ၀တ္ထုမည်သည်၊ ထိုသုံးမျိုးတို့တွင် ကထိနစီဝရ ကထိနာနိသံသစီဝရနှစ်မျိုးမှာ ထိုကထိန်ခင်းသော ကျောင်းတိုက်၌ ပုရိမ၀ါသား ရဟန်းတို့သာ ပိုင်ဆိုင်သည်၊ ထိုမှတစ်ပါးသော ကထိနပရိဝါရ၀တ္ထုမှာ သင်္ကန်းလဖြစ်သော်လည်း မျက်မှောက်ရှိသံဃာ အကုန် ဆိုင်သည်ဟု ၀ိနယတ္ထမဉ္ဇူသာဋီကာ ၀ိနယာလင်္ကာရဋီကာ ၀ဇီရဗုဒ္ဓိတို့၌ဆိုသည်။ ကထိနက္ခန္ဓကအဋ္ဌကထာ ၀ိနယသင်္ဂဟ အဋ္ဌကထာတို့၌လည်း၊ သစေ ပုရိမိကာယ ဥပဂတာ ကထိနတ္ထာရ ကုသလာ န ဟောန္တိ၊ အတ္ထာရကုသလာ ခန္ဓကဘာဏက တ္ထေရာ ပရိယေသိတွာ အာနေတဗ္ဗာ၊ ကမ္မ၀ါစံ သာဝေတွာ ကထိနံ အတ္ထရာပေတွာ ဒါနဉ္စ ဘုဉ္ဇိတွာ ဂမိဿန္တိ၊ အာနိသံသော ပန ဣတရေသံယေ၀ ဟောတိ၊ ပုရိမ၀ါ၌ ၀ါကပ်ကုန်သော ရဟန်းတို့သည် ကထိန်ခင်းခြင်း၌ လိမ္မာကုန်သည် မဖြစ်ကုန်အံ့၊ ခင်းခြင်း၌ လိမ္မာကုန်သော ခန္ဓကဆောင် မထေရ်တို့ကို ထောက်လှန်း၍ ပင့်အပ်ကုန်၏။ အ၀တ်သင်္ကန်းမှတစ်ပါးသော ငှက်ပျော အုန်း အစရှိသော အလှူကို သုံးဆောင်၍ သွားကြကုန်လတ္တံ့၊ အ၀တ်သင်္ကန်း အာနိသင်သည် ထိုမှ တစ်ပါး ပုရိမ၀ါသားတို့အားသာ လျှင် ရထိုက်သည်ဖြစ်၏ဟု ဆိုသောကြောင့် ကထိနစီဝရနှင့် ကထိနာနိသံသ အ၀တ်သင်္ကန်းတို့မှာ သင်္ကန်းကာလဖြစ်၍ ကထိန် မခင်းသေးသော်လည်း ပုရိမ၀ါသား ရဟန်းတို့သာ ပိုင်သည် ၀ါပျက်သော ရဟန်း ပစ္ဆိမ၀ါသားရဟန်း တစ်ပါးတိုက်က ရဟန်းတို့ နှင့် မဆိုင်ကုန် ထိုမှတစ်ပါးသော ကထိနပရိဝါရ၀တ္ထုဖြစ်သော ငှက်ပျော အုန်း အစရှိသော ၀တ္ထုပစ္စည်းတို့မှာ မျက်မှောက်ရှိ သံဃာ အကုန်ဆိုင်သည် အမျှဝေယူထိုက်သည်။ ထိုပစ္စည်းတို့၌ ဂရုဘဏ်ပစ္စည်းပါမူ မခွဲဝေအပ်ကြောင်းကို ဂရုဘဏ္ဍံ န ဘဇေ တဗ္ဗံ ဟုအဋ္ဌကထာဆိုသည်၊ စီဝရက္ခန္ဓက အဋ္ဌကထာ ဋီကာ ၀ိနယသင်္ဂဟ အဋ္ဌကထာဋီကာတို့၌ ၀ါဆိုလ္ဆုပ်တစ်ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်တိုင် ၀ဿကာလမည်သည်။ ထိုကာလ၌ တစ်ခုသောကျောင်းတိုက်၌ ရဟန်းတစ်ပါးတည်းသာ ပုရိမ ၀ါဆို၏၊ ထိုကျောင်း၌ ထိုမိုးလေးလ၌ သံဃဿ ဒေမ ဆို၍လှူသည်ဖြစ်စေ၊ သံဃံ ဥဒ္ဒိဿ ဒေမ ဆို၍လှူသည်ဖြစ်စေ၊ ၀ဿံ ၀ုတ္ထ သံဃဿ ဒေမ ဆို၍လှူသည်ဖြစ်စေ ၀ဿံဝါသိကံ ဒေမ ဆို၍ လှူသည်ဖြစ်စေ မတကသင်္ကန်းကို မခွဲ မဝေယူ၍ လာရောက်သည်ဖြစ်စေ တတြုပ္ပါဒမှဖြစ်သော သင်္ကန်းကိုဖြစ်စေ အမှတ်မရှိသော အခြင်းအရာဖြင့် သံဃိကဖြစ်သော အ၀တ် သင်္ကန်းသည် ကထိန်ခင်းမူ သင်္ကန်းကာလ ငါးလပတ်လုံး ကထိန်မခင်းမူ သင်္ကန်းကာလ တစ်လပတ်လုံး ထိုရဟန်း၏ ဥစ္စာ သာဖြစ်သည်။ ထိုမိုးလေးလမှ တစ်ပါးသော ဆောင်းလေးလ နွေလေးလဟုဆိုအပ်သော ဥတုကာလ၌ တစ်ခုသော ကျောင်း တိုက်၌ ရဟန်းတစ်ပါးသာနေ၍ ထိုကျောင်း၌ သံဃိကလှူသော သင်္ကန်းကို သမ္မုခီဘူတ မျက်မှောက်ရှိ လာရောက်သော သံဃာတို့ ဝေယူထိုက်သည် ထိုသံဃိက သင်္ကန်းကို မဝေယူဘဲ တခြားသို့ ယူသွားမူ ရောက်ရာ အရပ်၌ သံဃိကဖြစ်၍ ဝေယူထိုက်သည်။ ထိုဥတုကာလ၌ လှူသော သံဃိက သင်္ကန်းကို မိမိရလိုမူ မယှံ ဣမာနိ စီဝရာနိ ပါပုဏန္တိဟု ဆို၍ အဓိဋ္ဌာန် တင်မူ ပုဂ္ဂလိကဖြစ်သည်၊ တစ်ထည်ဖြစ်လျှင် မယှံ ဣမံ စီဝရံ ပါပုဏာတိဟုဆို၊ တန်ဆောင်မုန်းလ္ဆုပ် တစ်ရက်နေ့မှ စ၍ တပေါင်း လပြည့်တိုင် ဆောင်းလေးလ၌ တစ်ခုသော ကျောင်းတိုက်၌လာ၍ ၀ဿံ ၀ုတ္ထ သံဃဿဒေမ ဆို၍ဖြစ်စေ၊ ၀ဿာဝါသိကံ ဒေမ ဆို၍ဖြစ်စေ လှူမူ ၀ဿာ ၀ါသိကလာဘ်ဖြစ်၍ ကထိန်ခင်းသည်ဖြစ်စေ မခင်းသည်ဖြစ်စေ ပုရိမ၀ါသား ပစ္ဆိမ၀ါသား နှစ်ဦးပင် တန်ဆောင်မုန်းလ္ဆုပ် တစ်ရက်နေ့မှစ၍ တပေါင်းလပြည့်တိုင် ငါးလပတ်လုံး ရထိုက်သည်။ မိုးလေးလ၌ ၀ဿံ ၀ုတ္ထ သံဃဿ ဆို၍လှူမူ ပုရိမ၀ါကျွတ်သော ရဟန်းတို့သာဆိုင်သည် ကထိန်ခင်းမူ တပေါင်းလပြည့်တိုင်အောင် ဆိုင်သည်။ ဆောင်းလ၌ ထိုသို့ဆို၍ လှူမူ ကထိန်မခင်းသည်ဖြစ်အံ့ ပစ္ဆိမ၀ါသား ရဟန်းသာပိုင်ဆိုင်သည်၊ ၀ါပျက်သော ရဟန်းတို့နှင့် မဆိုင်ကုန် ကျောင်း တိုက်တာ ပြင်ပအရပ်၌ တည်နေ၍ ထိုသို့ဆိုသဖြင့် လှူမူ လာရောက်သော မျက်မှောက်ရှိ ရဟန်းတို့ ဆိုင်သည်။ ဤမည်သော ကျောင်းတိုက်၌ ၀ါကျွတ်သော သံဃာအား လှူပါ၏၊ ဤသို့အထူးဆို၍ လှူမူ ထိုကျောင်းတိုက်၌ ပုရိမ၀ါသား ရဟန်းတို့သာ ကထိန်နှုတ်သည့်တိုင်အောင် ဆိုင်သည်။ တပေါင်းလ္ဆုပ် တစ်ရက်နေ့မှစ၍ ၀ါဆိုလပြည့်နေ့တိုင်အောင် ပိဋ္ဌိသမယ ကာလမည်၏ ထိုပိဋ္ဌိသမယ ကာလတို့၌ ၀ဿံဝုတ္ထသံဃဿဒေမ၊ ၀ဿာဝါသိကံ ဒေမ ဆို၍ လှူမူ အတိတ်ဝါကို ရည်စူးသလော အနာဂတ် ၀ါကို ရည်စူးသလောဟုမေး၍ ဒါယကာဆိုတိုင်း ဝေယူထိုက်သည်။ ၀ါဆိုလ္ဆုပ် တစ်ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့တိုင် မိုးလ အတွင်း၌ ၀ါဆိုသော သံဃာအား လှူပါ၏ဆို၍ လှူမူ ပုရိမ၀ါဆိုသော ရဟန်းတို့သာ ရထိုက်ကုန်သည် ၀ါပျက်သောရဟန်း ပစ္ဆိမ ၀ါဆိုသောရဟန်းတို့ မရထိုက်ကုန်။ သီတင်းကျွတ်လ္ဆုပ် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့တိုင် ၀ါဆိုသော သံဃာအား လှူပါ၏ ဆို၍ လှူမူ ပစ္ဆိမ၀ါသား ရဟန်းသာပိုင်ဆိုင်သည်၊ ၀ါပျက်သောရဟန်း ပုရိမ၀ါကျွတ်သောရဟန်းတို့ ကထိန်ခင်းသည် ဖြစ်စေ မခင်းသည်ဖြစ်စေ ၀ါဆိုလာဘ်ဖြစ်၍ မရထိုက်ကုန်၊ ဒုဗ္ဗဇာနမိဒံ ဋ္ဌာနံ သစေယုတ္တံ ဂဟေတဗ္ဗံ၊ အယုတ္တံ စေ န ဒဋ္ဌဗ္ဗံ၊ မာနယုတ္တံ န ကာတဗ္ဗံ။

၉။ န၀မပုစ္ဆာ အဖြေ
န၀မပုစ္ဆာ၌ တိစီဝရိတ်သုံးထည်တို့တွင် ခင်းသောတစ်ထည်ကိုသာ ဥာသ်နှင့် ပေး၍ တထည်ကိုသာပေးအပ်သည်၊ နှစ်ထည် သုံးထည်လုံး ဥာသ်နှင့်ပေး၍ မခင်းအပ်ဟု မှတ်ရမည်။

ဤတွင်ကထိန်ပုစ္ဆာ ၉-ပါး အဖြေပြီး၏။

Credit to ဦးနန္ဒာစာရ (မုံရွာ)


Post a Comment