##သွေးစုတ်ဖုတ်ကောင်၏ ရာဇဝင်##
***********************
ကျနော် သွေးစုပ်ဖုတ်ကောင်တွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောရင် ခင်ဗျားတို့ ယုံမလား...။မယုံရင်လည်း နေကြပါ။ ဒါပေမယ့် ကျနော် တကယ် ရင်ဆိုင် ကြုံတွေ့နေရတယ် ဆိုတာတော့ အမှန်ပါ။ ခင်ဗျားတို့ ကြည့်ဖူးတဲ့ ကြည့်ဖူးတဲ့ ရုပ်ရှင် ဗွီဒီယိုတွေထဲမှာ Zombie, Drakula, Vampireဆိုတဲ့ သွေးစုတ်ဖုတ်ကောင် မျိုးစိတ် တွေ ကိုကြည့်ရင် ဘယ်လောက်ဆိုးဝါးတယ်ဆိုတာ သိကြမှာပါ။သူတို့တွေကို ဘယ်လောက်ရင်ဆိုင်ရခက်တယ်ဆိုတာလည်း သိကြမှာပါပဲ...။သူတို့တွေကို ရင်ဆိုင်ကြဖို့အတွက် မင်းသား ၊မင်းသမီးတွေဟာ သူ့တို့ ဖြစ်ပေါ်လာပုံ ရာဇဝင် အတိတ်သမိုင်းတွေကို လိုက်လံလေ့လာပြီးမှ အနိုင်ယူနိုင်မယ့် နည်းလမ်း ရှာဖွေတွေ့ရှိကြတာလေ...။
အခုကျနော်လည်း ကိုယ်တိုင်ရင်ဆိုင်နေရတဲ့ သွေးစုပ်ဖုတ်ကောင်တွေကို နှိမ်နှင်းဖို့အတွက် သူတို့ရဲ့ ရာဇဝင် သမိုင်းကို လိုက်လံလေ့လာနေခဲ့တာ...။အဲ့လို လိုက်လံ ရှာဖွေ လေ့လာလိုက်တဲ့ အခါမှာ မထင်မှတ်ပဲ ရှေးဟောင်း စာအုပ်တွေထဲက စာအုပ်လေးတစ်အုပ်မှာ သွေးစုတ်ဖုတ်ကောင်ရာဇဝင် အကျဉ်းလေးကို ရှာဖွေတွေ့လေသည်။နှစ်ပရိစ္ဆေ ကြာမြင့်ပြီ ဖြစ်တဲ့အတွက် စာအုပ်လေးက စုတ်ပြဲပီး မစုံမလင်ဖြစ်နေ ပေမယ့် ကျနော့အတွက်တော့ အရမ်း အဖိုးတန်ပါတယ်...။
စာအုပ်လေးထဲက သွေးစုတ်ဖုတ်ကောင် ရာဇဝင်ကို သိပြီးနောက် သူတို့ကို မနှိင်နှင်းနိုင်ခဲ့ရင်တောင် ကိုယ့်ကို ရန်ပြု မနှောက်ယှက်နိုင်အောင် တားဆီးနိုင်တဲ့ အဆောင်လက်ဖွဲ့ တစ်ခုနဲ့ ဂါထာမန္တန်တပုဒ်ကို ကျနော် ရှာဖွေတွေ့ရှိခဲ့ပြန်တယ်။ဒီအဆောင်နဲ့ မန္တန်ကို ခင်ဗျားတို့လည်း မတော်တဆ ဒီ သွေးစုတ်ဖုတ်ကောင်တွေနဲ့ ရင်ဆိုင်တွေ့ရရင် မကြောက်မရွံ့ ပြန်လည်တွန်းလှန်နိုင်အောင် ကျနော် ဝေမျှပေးချင်တယ်။
ဒါ့ကြောင့် ဒီအဆောင်နဲ့ မန္တန်အကြောင်း မပြောပြခင် သွေးစုတ်ဖုတ်ကောင်ရဲ့ ရာဇဝင် သမိုင်းကြောင်းကို အရင် ပြောပြမယ်။ဒါမှ ပြည့်စုံမယ်လို့ ကျနော်ထင်တယ်လေ...။ကျနော် ရင်ဆိုင်တွေ့နေရတဲ့ သွေးစုပ်ဖုတ်ကောင်ရဲ့ ရာဇဝင်က ဒီလို....
#သွေးစုတ်ဖုတ်ကောင် ရာဇဝင်
ဧဒင်မြို့ကြီးရဲ့အနီး သစ္စာအမည်ရှိတဲ့ ရွာတစ်ရွာမှာ မောင်လပ်ဆိုတဲ့ လူတစ်ယောက်ရှိလေသည်။ မောင်လပ်မှာ အရမ်းချောမောလှပတဲ့ ဇနီးလေး မလပ်ဆိုတာ လည်းရှိသည်။မောင်လပ်က ဆင်းရဲပေမယ့် သူ့ဇနီး မလပ်ကို ချစ်လွန်းလို့ ဘာမှ မလုပ်ကိုင်စေပဲ သူက တောထဲမှာ ထင်းခုတ်၊ ရတဲ့ထင်းတွေကို လှေကလေးနဲ့ ဧဒင်မြို့ကြီးကိုသွား ၊ထင်းရောင်းပြီး မိန်းမကို လုပ်ကျွေးလေသည်။မလပ်က သူ့ယောက်ျားပင်ပန်းတာကြည့်ပြီး မနေနိုင်လို့
**ယောက်ျားရယ် ယောက်ျားကို ကြည့်ပြီး ပင်ပန်းလိုက်တာ...ကျမလည်း ယောက်ျားနဲ့ လိုက်ပြီး ထင်းခုတ် မြို့မှာ ဝိုင်းရောင်းမယ်လေ...ဒါမှမဟုတ် ဟင်းသီးဟင်းရွက်လေးတွေ ခူးပြီး ရောင်းမယ်လေ....**
""အို မိန်းမရယ်...မဟုတ်တာတွေ မပြောပါနဲ့...မိန်းမဘာမှ လုပ်စရာ မလိုဘူး...မိန်းမပင်ပန်းမှာ အစ်ကို မမြင်ရက်ဘူး...အစ်ကို ပဲ လုပ်ကျွေးပါ့မယ်...မိန်းမတာဝန်က အိမ်မှာ လိမ်လိမ်မာမာနေ ယောကျာ်းပြန်လာရင် အမောပြေလေး ပြုံးပြရင် အစ်ကိုပင်ပန်းသမျှ ပြေပျောက်ပါတယ်ကွာ...""
**ဟုတ်ပါပြီ အစ်ကိုရယ်....အစ်ကို အမောပြေအောင် အိမ်မှာ မင်းသမီးလေးလို အပျင်းထူနေပါ့မယ်...ဟင်း...ဟင်း...**
**ဟား...ဟား...ဟား...**
အဲ့လို ပျော်ရွှင်စရာကောင်းပြီး အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံပါ။ဒါပေမယ့်မောင်လပ် အတွက် ပျော်ရွှင်မှုတွေဟာ ကြာကြာ မခံပါဘူး။
သူအရမ်းချစ်ရတဲ့ ဇနီး မလပ်က ရောဂါတစ်ခုနဲ့ မထင်မှတ်ပဲ ဆုံးပါးသွားခဲ့ရလေသည်။မောင်လပ်တစ်ယောက်တ ယူကျုံးမရတွေ ဖြစ်ခဲ့ရသည်။ သူ့မိန်းမ ဆုံးတာ သူမယုံဘူး။သူ့မျက်လုံးထဲမှာ သူ့မိန်းမက အိပ်ပျော်နေတာ။ သတိမေ့နေတာလို့ မြင်နေမိလေသည်။ သူ့မိန်းမ အလောင်းကို ဆေးဆရာတွေ တစ်ယောက်ပြီး တစ်ယောက် ခေါ်ပြီး ကုခိုင်းခဲ့သည်။ ဆေးဆရာတိုင်းက ခေါင်းခါ ကြသည်။
""မင်း မိန်းမက ဆုံးတာကြာပြီ....""
ဟုတ်တယ်လေ...။မောင်လပ်မိန်းမ ဆုံးတာ သုံးရက်တောင် ကြာပြီ။ အလောင်းကတော့ မပုပ်သေးဘူး။ပကတိ အတိုင်းပဲ။ဒါ့ကြောင့် မောင်လပ်က လုံးဝပဲ...။
သူ့မိန်းမ အလောင်းကို လှေပေါ်တင် ။ဧဒင်မြို့ကြီး ကိုသွား..။မြို့က နာမည် အကြီးဆုံး ဆေးဆရာ တစ်ယောက်ကို တသက်လုံး ကျွန်ခံပါ့မယ်။သူ့မိန်းမကို ကုပေးပါလို့ တောင်းပန်လေသည်။ ဆေးဆရာကလည်း သဘောတူပြီး သူ့မိန်းကကို ကုဖို့ စမ်းကြည့်တော့...
**ဟ...မင်းမိန်းမက သေနေပြီလေ...ဘယ်လိုကုမလဲ...ငါက စွမ်းပေမယ့် သေတဲ့ လူတော့ အသက် ပြန်မသွင်းပေးနိုင်ဘူး...ဟ**
""ကျနော် မယုံဘူးဗျာ.... ကျနော်မိန်းမ ဆုံးတယ်ဆိုတာ...ကျနော် မိန်းမကို ကုနိုင်မယ့် ဆေးဆရာ ဒီမြေပေါ် တနေရာရာမှာ ရှိ မှာပဲ...တွေ့အောင်..လိုက်ရှာမယ်...""
ဆေးဆရာကြီးက မောင်လပ်ကို သနား သွားလေသည်။
**မောင်လပ်...မင်းမိန်းမကိုတော့ ငါ အသက် ပြန်မသွင်းပေးတတ်ဘူး...မင်း အချစ်ကို လေးစားတဲ့ အနေနဲ့ မင်းမိန်းမအလောင်းကို မပုပ်မသိုးအောင် ငါလုပ်ပေးလိုက်မယ်...မင်းမိန်းမအလောင်းကို သယ်ပြီးတော့ အသက်သွင်းပေးနိုင်မယ့် ဆေးဆရာ မြေအနှံ့ လိုက် ရှာပေတော့...."'
မောင်လပ်ဟာ ဆေးဆရာ အကူအညီနဲ့ သူ့မိန်းမအလောင်းကို မပုပ်မသိုးအောင် စီမံပြီး လှေကလေးပေါ်တင် မြစ်ကြောင်းတစ်လျှောက် လှော်ခတ်ပြီး ကြုံရာအိပ် ကြုံရာစား တွေ့သမျှ မြို့ရွာတွေမှာ သူ့မိန်းမကို ကုပေးနိုင်မယ့်လူ၊ အသက်သွင်းပေးနိုင်မယ့်လူ ရှိ မရှိ မေးမြန်းရှာဖွေခဲ့လေသည်။
လူတိုင်းက ခေါင်းခါကြသည်။ မောင်လပ်ကို အရူးတစ်ယောက်လို ဝိုင်းကြည့်ုကြသည်။
ဒါပေမယ့် မောင်လပ် ဇွဲမလျော့ခဲ့။ မြစ်ကြောင်းအတိုင်း လှေကလေးလှော် တွေ့သမျှ မြစ်လက်တက် ၊ ချောင်းလက်တက်၊ မြောင်းလက်တက် အကုန်ဝင် သေသူကို အသက်သွင်းပေးနိုင်မယ့် ဆရာ ရှာခဲ့ လိုက်တာ ခုနှစ်နှစ်ကြာသွား ခဲ့လေသည်။
လူလည်း မုတ်ဆိတ်မွေးတွေ ပါးသိုင်းမွှေးတွေထွက် ပိန်လှီချောက်ကပ်ပြီး သွေးမရှိတော့တဲ့ လူတစ်ယောက်လို အားပြတ်နေခဲ့လေပြီ။ဒါလည်း မောင်လပ် အားမလျော့ ။မပုပ်မသိုးပဲ အလှမပျက် ပြုံနေတဲ့ သူ့မိန်းမရုပ်အလောင်းကို ကြည့်ပြီး အားအင်တွေ မွေးဖွားခဲ့လေသည်။
တနေ့တော့ မောင်လပ် ခုနှစ်နှစ်ကြာ လှေလှော်ခတ်ရင်း လာခဲ့တဲ့ မြစ်ကြီးရဲ့ အဆုံး နောက်ဆုံး မြစ်လက်တက် အဖျားလေးကို ရောက်သွားခဲ့လေသည်။အဲ့ဒီမှာ အရမ်းကျယ်ပြောတဲ့ မြက်ခင်းစိမ်းကြီးရယ် အရမ်းလှပတဲ့ ပန်းပေါင်းစုံတွေ ပွင့်လန်းနေတဲ့ နေရာရယ် မှာ စာအုပ်တစ်အုပ်နဲ့ မှင်တံတစ်ချောင်း ကိုင်ထားတဲ့ အဖိုးအို တစ်ယောက်ကို မောင်လပ် တွေ့ခဲ့ရလေသည်။
**အဖိုး...အဖိုး...ခင်ဗျာ...**
အဖိုးအိုက မောင်လပ်ကို ကြည့်လာလေသည်။
**အော်...ဘယ်သူများလဲလို့....မောင်လပ်...မင်းရောက်လာပြီကိုး....**
မောင်လပ် အံသြသွားလေသည်။
**အဖိုးက ကျနော့ နာမည်ကို သိနေတာ...အဖိုးက ဘယ်သူများပါ လိမ့်...**
အဖိုးအိုက ပြုံးလိုက်ရင်း...
"""ငါ့နာမည်ကို စက္ကရွာက ယမမင်းလို့ ခေါ်ကြတယ်ကွဲ့...မင်းနာမည်ကိုသိဆို...မင်းက ဇနီးအလောင်းကို လှေပေါ်တင်ပြီး ခုနှစ်နှစ်လုံးလုံး အသက်သွင်းပေးမယ့် လူကို ရှာနေတာဆိုတော့ ငါသိတာပေါ့ ကွယ်...""
**ဟုတ်ပါတယ် အဖိုးရယ်...ကျနော့ မိန်းမကို အသက်သွင်း ပေးနိုင်မယ့် ဆရာရှိတဲ့ နေရာကို အဖိုးသိရင် ကျနော့ ကို လမ်းညွှန်ပေးပါ ဗျာ...**
**ငါက မင်းရှာနေတဲ့ သူပဲကွယ့်...**
**ဗျာ...**
"" အိမ်း...မင်းရဲ့ အချစ်ကို အဖိုးလေးစားလွန်းလို့ မင်းမိန်းမ အသက်ကို ပြန်သွင်းဖို့ စောင့်နေခဲ့တာ...ဒါပေမယ့် အဲ့လို အသက်ပြန်သွင်းဖို့ မင်းရဲ့ သွေး သုံးစက်လိုတယ်...ပေးနိုင်ပါ့မလား...""
**အဖိုးရယ်...သွေး သုံးစက် မဟုတ်ပါဘူး...အသက်ဆိုလဲ ပေးပါ့မယ်...ကျနော့ မိန်းမကိုသာ ကယ်ပေးပါ...**
""မင်းက သွေးသုံးစက် ပေးမယ်သာ ပြောတာ မင်းခန္ဓကိုယ်ကလဲ ပိန်လှီပြီး ဖြူဆုတ်နေတာ သွေးတောင် ရှိပါ့မလားပဲ...""
မောင်လပ်က သူ့မိန်းမကို ကယ်ပေးဖို့ တွင်တွင် တောင်းဆိုနေတာနဲ့ အဖိုးအိုက သွေးသုံးစက်ကို မောင်လပ်ရဲ့ လက်ထိပ်က ဖောက်ထုတ်ပြီး သေဆုံးနေတဲ့ မလပ် ပါးစပ်ထဲကို ထည့် ဂါထာမန္တန်တွေ ရွတ်လိုက်တာ သေနေတဲ့ မလပ်ဟာ ငေါက်ခနဲ ထထိုင်လာခဲ့လေသည်။
မောင်လပ် ဝမ်းသာ လိုက်သည်ဖြစ်ခြင်း။လင်မယားနှစ်ယောက် အဖိုးအိုကို ကုန်းကန်တော့ပြီး မည်သို့ ကျေးဇူးဆပ်ရမည်လဲ မေးတော့ အဖိုးအိုက သစ္စာရှိရှိ ပေါင်းဖက်လျင် သူ့ကို ကျေးဇူးဆပ်တာပဲ ဟုပြောလေသည်။
မောင်လပ်ကို အဖိုးအိုက တနေရာသို့ ခေါ်သွားပြီး
""တနေ့နေ့မှာ မင်းမိန်းမ မင်းအပေါ် မကောင်းခဲ့ဘူးဆိုရင် သူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မင်းရဲ့ သွေးသုံးစက်ကို ပြန်တောင်းဖို့ မမေ့ပါနဲ့""
ဟု တိုးတိုးတိတ်တိတ်မှာကြားလေသည်။
ဒီလိုနဲ့ မောင်လပ်တို့ လင်မယား ကိုယ့်ရပ် ကိုယ့်ဌာနေ ပြန်ပြီး ယခင်လိုပဲ ပြန်နေကြလေသည်။ဒီတခါတော့ မောင်လပ် သူ့မိန်းမကို ဝေးဝေးလံလံမထား၊ သွားလေရာ ခေါ်လေသည်။မျက်စိအောက်က အပျောက်မခံ။
ဒီလိုနဲ့ တနေ့ ဧဒင်မြို့ကြီးရဲ့ ဆိပ်ကမ်း၊ လှေထဲမှာ သူ့မိန်းမ မလပ်ကို ခဏ ထားခဲ့ပြီး မောင်လပ်က ဈေးထဲမှာ ထင်းသွားရောင်းလေသည်။
အဲ့ဒီအချိန်မှာပဲ ""ကြာ"" လို့ အမည်ပေးထားတဲ့ င်္ရွက်လှေကြီးတစ်စီးနဲ့ နယ်လှည့် ကုန်ကူးနေတဲ့ ကူလီ ဆိုတဲ့ သူဌေးကြီးဟာ ဧဒင် ဆိပ်ကမ်းကို ရောက်လာခဲ့လေသည်။ ရွက်လှေကြီးပေါ်ကနေ ပတ်ဝန်းကျင်ကို ရှုစားနေတဲ့ သူဌေးကြီးကူလီဟာ လှေကလေးထဲမှာ တစ်ယောက်တည်း ထိုင်နေတဲ့ မလပ် ကို တွေ့ပြီး မြင်မြင်ချင်း သဘောကျသွားခဲ့လေသည်။
တပည့်တွေကိုခေါ်ပြီး လက်ဆောင် ပစ္စည်းတွေနဲ့ မလပ်ကို ယောက်ျားရှိမရှိ စုံစမ်းပြီး သင်္ဘောပေါ် ခေါ်လာခိုင်းလိုက်လေသည်။ မလပ်ကလဲ ချမ်းသာပြီး ခန့်ညားတဲ့ သူဌေးကြီး ကူလီကို တွေ့ပြီး ချစ်ကြိုက်သွားကာ ယောက်ျားမသိအောင် ကူလီနဲ့ အတူ သင်္ဘောကြီးနှင့် လိုက်သွားခဲ့လေသည်။
မောင်လပ် ဆိပ်ကမ်းကို ပြန်လာတော့ လှေကလေးထဲမှာ မလပ်ကို မတွေ့တော့...။မောင်လပ် စိုးရိမ်ပူပြန်ရပြန်ပြီ။ဆောက်တည်ရာ မရ ဖြစ်ကာ ဘေးပတ်ဝန်းကျင်ကို မေးမြန်းတော့ ရွက်လှေကြီးတစ်စီးပေါ် မလပ်တစ်ယောက် တက်သွားကြောင်း သိရလေသည်။
မောင်လပ် ဒုတိယအကြိမ် ဝမ်းနည်းကြေကွဲရပြန်သည်။ မလပ်ကို ရွက်လှေကြီးပေါ်က လူတွေ ဖမ်းခေါ်သွားတာပဲဟု ထင်မှတ်ကာ '''ကြာ'''အမည်ရှိ ရွက်လှေကြီး ရှာပုံတော် ဖွင့်ပြန်သည်။ မောင်လပ် တစ်ယောက် လှေကလေးတစ်စီးနှင့် မြစ်ကြောင်းတစ်လျှောက် ရွာတကာ မြို့တကာ နယ်တကာလှည့်ကာ မိန်းမ ရှာပုံတော် ဖွင့်ခဲ့လေသည်။
၆လခန့်ကြာတော့ ဆိပ်ကမ်းတခုမှာ ရပ်ထားတဲ့ ရွက်လှေကြီးရဲ့ ပြတင်းပေါက်မှာ အလှပြင်နေတဲ့ ဇနီးကို မောင်လပ်တွေ့လိုက်ရလေသည်။ဝမ်းသာအားရဖြစ်ကာ
**ဟေး...မိန်းမ...ငါမင်းကို လိုက်ရှာနေတာကွ...မပူနဲ့...အစ်ကို လာကယ်မယ်...**
အော်သံကြောင့် မောင်လပ်ကို မလပ်တွေ့သွားပြီး မျက်စိ မျက်နှာ ပျက်သွားကာ မသိဟန်ဆောင်၍ ရွက်လှေကြီးထဲ ပြန်ဝင် သွားလိုက်လေသည်။
မောင်လပ်ကတော့ မလပ် သူ့ကို မမြင်လို့ပဲ ထင်မှတ်ကာ ရွက်လှေကြီးပေါ် အတင်းတက်တော့သည်။ လှေထိုးသားများနှင့် တွေ့တော့ မောင်လပ်ကို မောင်းချသည်။မောင်လပ်က မဆင်း....
**ငါ့ မိန်းမ ငါလာ ခေါ်တာကွ...**
""ဒီသင်္ဘောပေါ်မှာ မင်းမိန်းမ မရှိဘူး...""
လှေထိုးသားများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြသည်။ထိုစဉ်မှာပဲ သူဌေးကြီး ကူလီ ရောက်လာကာ
**မောင်ရင်...ဘာကိစ္စ လှေပေါ် အတင်းတက်လာတာတုန်း...**
""ကျုပ်မိန်းမကို လာပြန်ခေါ်တာ....""
**ဒီလှေပေါ်မှာ တခြား မိန်းမ မရှိပါဘူး...ကျုပ်ဇနီးချောလေး နှမလေး ပဒုမ္မ ပဲ ရှိတယ်....**
**ကျုပ်အစောက ပြတင်းပေါက်မှာ တွေ့ လိုက်တယ်..အဲ့တာ ကျုပ်မိန်းမ...ဧဒင်ဆိပ်ကမ်းက လှေထဲမှာ ထားခဲ့ပြီး ကျုပ်ဈေးထဲသွားတုန်း ပျောက်သွားလို့ လိုက်ရှာနေတာ...**
သူဌေးကြီး ကူလီ ဇဝေ ဇဝါဖြစ်သွား လေသည်။
**အဲ့ဒါဆိုလဲ... ကျုပ်တို့ သုံးယောက် မျက်နှာချင်းဆိုင် ရှင်းကြတာပေါ့...**
ရွက်လှေကြီး၏ အခန်းထဲသို့ မောင်လပ်ကို ခေါ်သွားလေသည်။
**နှမလေး ပဒုမ္မရေ...ဒီမှာ လူတစ်ယောက်က နှမလေးကို သူ့မိန်းမဆိုပြီး လာခေါ်နေတယ်...**
မလပ် ရွက်လှေကြီးရဲ့ အခန်းတခုထဲက ကျော့မော့စွာ ထွက်လာခဲ့လေသည်။ ယခင်နှင့်မတူ တန်ဖိုးကြီး အဝတ်အစား ရွှေငွေများဆင်ယင်လျက် မလပ်မှာ နတ်သမီးလေးအလား လှပနေသည်ကို တွေ့တော့ မောင်လပ် မျက်နှာ ငယ်သွားရသည်။
""မလပ်...""
မောင်လပ် နှုတ်က ခေါ်လိုက်မိသည်။မောင်လပ်၏ ခေါ်သံကို မလပ်က မဲ့ကာ ရွဲ့ကာနှင့်
**ဘယ်က မလပ်လဲ...ရှင့်လဲ ကျမ မသိဘူး...ဘယ်သူက ရှင့် မိန်းမလဲ...ကျမက သူဌေးကြီး ကူလီရဲ့ ဇနီးချော ပဒုမ္မ ရှင့်....ဟုတ်ဖူးလား မောင်ကြီးရယ်...**
မလပ်က သူဌေးကြီး ကူလီကို မေးကလေးငေါ့ကာ ငေါ့ကာ ချွဲပီး စစ်ကူခေါ်လေည်။ ကူလီကတော့ သွား တဖြဲဖြဲ....
**ဟုတ်တာပေါ့.... နှမလေး ပဒုမ္မရယ်...ဟဲ..ဟဲ...**
""သြော်... မလပ် မင်းက နာမည်တွေတောင် ပြောင်းလိုက်ပြီကိုး...သူဌေးမကြီး ဖြစ်နေတော့ ငါ့ကိုမေ့လိုက်ပြီပေါ့လေ...မင်းအသက်ပြန်ရှင်ဖို့...ငါ ခုနှစ်နှစ်လုံး ဒုက္ခ ခံခဲ့ရတာ မင်းမေ့သွားပြီလား...""
**ရှင်ဘာတွေ လာပြောနေတာလဲ...ရှင်ကို ကျမ သိရအောင် ရှင့်လို ဆင်းရဲသား ငမွဲနဲ့ ကျမ က ဘယ်လို ပတ်သက်လို့လဲ...မောင်ကြီး ကူလီရယ်...ဒီလို ဆင်းရဲသား လူနုံချာကြီးကို နှမလေး မမြင်ချင်ဘူး...လှေပေါ်က မောင်းချပါ...**
**ကောင်းပါပြီ နှမလေး ပဒုမ္မ...ကဲ မောင်ရင် ကြားတယ်နော် နှမလေး ပဒုမ္မက မောင်ရင့်ကို မသိဘူးတဲ့...ကြွပေတော့...**
သူဌေးကြီးကူလီက အောင်နိုင်သူအဖြစ် နှင်ထုတ်နေလေပြီ။ မောင်လပ် ဇနီးဟောင်းမလပ်ကို စိတ်နာ သွားရသည်။
** ကောင်းပြီ...ကျုပ်သွားမယ်...ဒါပေမယ့် သူ့အသက်ရှင်ဖို့အတွက် ကျုပ် သွေးသုံးစက်ကို သူ့ခန္ဓာကိုယ်ထဲ ပေးခဲ့ရတယ်...အခုတော့ ကျုပ်သွေး သုံးစက်နဲ့ သူ့ခန္ဓာကိုယ် မတန်ဘူး... အဲ့ဒီတော့ ကျုပ်သွေး ပြန်ပေးပါ...**
""ဘာ...သွေး...သုံးစက်... ဟုတ်လား...အခုပဲ ယူသွား...ဆင်းရဲသား အစုတ်ပလုတ်...""
မလပ်တဖြစ်လဲ ပဒုမ္မဟာ ပြောပြောဆိုဆို ဓားတလက် ယူပြီး သူ့လက်ထိပ်က သွေးကို ဖောက်ပြီး မောင်လပ် လက်ဖဝါးပေါ် သုံးစက်ပြည့်အောင် ဖောက်ထုတ်ပေးလိုက်လေသည်။
""ဟင်....ဟာ....အို..."'
မောင်လပ် လက်ဖဝါးပေါ် သွေးသုံးစက် ရောက်သည်နှင့် မလပ် ပုံသဏ္ဍန်မှာ ထူးထူးခြားခြားပြောင်းလဲ လာလေသည်။
ခန္ဓာကိုယ် တဖြည်းဖြည်း သေးကွေးပိန်လှီလာသည်။နောက်ကျောမှာ အတောင်ပံတွေ ထွက်လာ သည်။ပါးစပ်မှာ အစွယ်လည်း ထွက်လာသည်။မလပ် ထိတ်လန့်ကာ အော်ဟစ်ဖို့ ကြိုးစားသည်။
**အီ...အီ...အီ...**
လူသံ ထွက်မလာတော့...၊တအီအီ အသံသာ ထွက်လာသည်။မလပ် သွေးဖောက်ထုတ်ပေးလိုက်တာ မှားမှန်း သိသွားပြီ။လူ့ အသွင်ပျောက်သွားကာ ပုံဆိုး ပန်းဆိုး အကောင်ဘဝ ပြောင်းသွား ခဲ့လေပြီ။ မောင်လပ်သွေးကို ပြန်ရလျင် လူ့အသွင် ပြန်ရနိုင်မလား...။အစွယ်ကို ထုတ်လိုက်သည်။အတောင်ပံ တဖျက်ဖျက်ခပ်ကာ မောင်လပ်ထံ တဟုန်ထိုး ပြေးဝင်လာပြီး လည်ပင်းမှ သွေးကို အစွယ်ဖြင့် ဖောက်၍ စုပ်မြိုလိုက်လေသည်။
မောင်လပ်ကလည်း သူချစ်ခဲ့ရသည့် ဇနီး၏ အဖြစ်ဆိုးကို မြင်တွေ့ပြီး စိတ်မကောင်းဖြစ်ကာ မရုန်းကန်တော့...။
**အီ...အီ...အီ...**
သွေးဝသွားသော်လည်း မလပ်တစ်ယောက် လူပုံအသွင် ပြန်ပြောင်းမလာတော့...။သူဌေးကြီး ကူလီဆီ ပြေးဝင်သွားပြီး သွေးစုပ်ပြန်သည်။ မပြောင်းလဲ။ရွက်လှေကြီးပေါ်မှ လှေထိုးသားတွေ ၏ သွေးကို စုပ်ယူပြန်သည်။ ရွက်လှေကြီးပေါ်မှာ အော်ဟစ်သံ၊ ညဉ်းတွားသံ၊ ပြေးလွှားသံများ ဆူညံကုန်သည်။ ရွက်လှေကြီးပေါ်မှ လူတွေ၏ သွေးကို စုပ်ယူလိုက်ရသော်လည်း မလပ်တစ်ယောက် လူအသွင် ကို ပြောင်းလဲ မလာတော့...။ သူ့ ခန္ဓာကိုယ်သာ တဖြည်းဖြည်း သေးကွေး ကြုံလှီလာကာ ပုံပျက်ပန်းပျက် ပိုဖြစ်လာသည်။မလပ်တဖြစ်လဲ သွေးစုပ်ကောင်မှာ ဒေါသတကြီး ဖြစ်လာပြီး တောင်ပံ တဖျက်ဖျက် ခပ်၍ ကုန်းမြေပေါ်မှ လူတွေ၏ သွေးကို စုပ်ယူရန် ပျံသန်းသွာလေတော့သည်။
ထိုအချိန်မှ စ၍ သွေးစုတ်ဖုတ်ကောင်၏ ဘဝစတင်လာခဲ့သည်။မည်သို့မည်ပုံ မျိုးဆက် ပြန့်ပွား လာသည်ကိုတော့ ကျနော်ဖတ်ရသည့် ရှေးဟောင်းစာအုပ်မှာ ဖော်ပြမထား...။ယခုဆိုလျင် ကမ္ဘာ့နိုင်ငံ နေရာ အသီးသီးတွင် သွေးစုတ်ဖုတ်ကောင်များ နေရာအနှံ့ ပြန်နှံ့လျက် ပုန်းလျိုးကွယ်လျိုးနေထိုင်နေကြသည်။ ၎င်း သွေးစုပ်ဖုတ်ကောင် မျိုးနွယ်စုသည် ဒရက်ကူလာ သွေးစုတ်ဖုတ်ကောင် မျိုးနွယ် နည်းတူ အမှောင်ကို ကြိုက်နှစ်သက်ကြသည်။ အလင်းရောင်ကို တတ်နိုင်သမျှ ရှောင်ကြသည်။ထို့ကြောင့် သွေးစုတ်ဖုတ်ကောင်များသည် နေ့အခါ လူကြားသူကြား မလာကြ။ ညအချိန်တွင် ထွက်လာကြပြီး သူတို့၏ပုံဆိုးပန်းဆိုး အဖြစ်မှ လူ့ အသွင် ပြန်ရ ရန်အတွက် အခွင့်သာသူထံမှ သွေးကို စုပ်ယူဖို့ ကြိုးစားကြတော့သည်။
***အီ...အီ...အီ...***
ဟာ...ပြောရင်းဆိုရင်း သွေးစုတ်ဖုတ်ကောင်တွေ လာနေသံ ကျနော် ကြားနေရပြီ...။ရုတ်တရက်ဆိုတော့ ကျနော် ရင်တုန်သွားရသည်။သွေးစုပ်ခံရလျင် မလွယ် ၊ ခံစားရ ခက်သည် မဟုတ်ပါလား။ ဒါပေမယ့် အခုကျနော် ရဲရဲဝံ့ဝံ့ ပြုံးနိုင်ပြီး သူတို့ကို ရင်ဆိုင်နိုင်ပြီ။
ကျနော့မှာ သူတို့ကို ကာကွယ်နိုင်မယ့် အဆောင်လက်ဖွဲ့နဲ့ ဂါထာမန္တန် အားကိုး ရှိနေပြီ မဟုတ်ပါလား...။ကျနော် အဆောင်လက်ဖွဲ့ကို ထုတ်ပြပြီး ဂါထာကို ပါးစပ်က မန်းလိုက်တာနဲ့ ဒီကောင်တွေ ကျနော့နားမလာနိုင်ပဲ အဆောင်ဂါထာအစွမ်းကြောင့် ဝေ့သီ ဝေ့သီလုပ်ပြီး ပြေးကြပါလေရောလား...။
ခင်ဗျားတို့လည်း ဒီ သွေးစုပ် ဖုတ်ကောင် အန္တရာယ် တနေ့ မကြုံတွေ့လာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။တကယ်ကြုံတွေ့လာတဲ့အခါ ကာကွယ်နိုင်အောင် အဆောင်နဲ့ ဂါထာအကြောင်း ၊ အသုံးပြုပုံ၊ ဂါထာ ရွတ်ပုံ အကြောင်း ပြောပြပါ့မယ်...။
အဆောင်လက်ဖွဲ့ ကတော့ အလကား မရပါဘူး ။အရင်းအနှီးနဲနဲလိုတာပေါ့။လိုချင်ရင် ဆက်သွယ်လိုက်ပါ။ရနိုင်တဲ့ နေရာ ညွှန်ပြပေးပါ့မယ်...။
အဆောင် အသုံးပြုပုံက
ကြောက်စရာကောင်းတဲ့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ခင်ဗျားရင်ဆိုင်ရတော့မယ်ဆို ခင်ဗျားဆီမှာ ရှိတဲ့ အဆောင်လက်ဖွဲ့ကိုထုတ်ပြီး ခြေရင်းဖက်မှာ တခု ခေါင်းရင်းဖက်မှာ တခု ရိုရိုသေသေချပါ။ဒါမှ အဆောင်လက်ဖွဲ့ စည်းဝိုင်းအတွင်း သွေးစုပ်ဖုတ်ကောင်တွေ တိုးဝင် မလာနိုင်မှာ ဖြစ်ပါတယ်။ ထို့နောက် ဂါထာရွတ်ပြီး အဆောင်လက်ဖွဲ့ နှစ်ခုလုံးကို မီးရိှု့လိုက်ပါ။
ဂါထာကို ကျနော် ရေးပြပါ့မယ်။ဂါထာရွတ်တဲ့နေရာမှာ ကျနော် ကွက်လပ်ပြထားတဲ့နေရာမှာ ခင်ဗျားတို့ နာမည်ထဲက ကြိုက်တဲ့ နာမည်တစ်လုံးယူပြီး ရွတ်ဆိုပါ။ ယောကျာ်းလေးဆိုပါတော့ ကိုယ့်နာမည်စာလုံးထဲမှာ မောင် ကြိုက်တယ် ဆို မောင်ထည့်ဆိုပါ။ မိန်းကလေးက မမ ဆိုပါတော့။ မ ထည့်ဆိုပါ။ ပိုသေချာချင်ရင်တော့ နာမည်အကုန် ထည့်ရွတ်လည်း ရပါတယ်...။ဂါထာရွတ်တော့မယ်ဆို ခါးထောက်လိုက်ပါ ။ကြမ်းကို ဖနောင့်နဲ့ ခပ်ကြမ်းကြမ်းလေး သုံးကြိမ် ဆောင့်နင်းပြီးမှ ဂါထာကို အဌာန်ကရိုင်း ကျကျ ရွတ်ပါ...။
ဂါထာ
***..............လည်း ဂေါ်ဇီလာနဲ့ပဲ အိပ်တော့မယ်....ဟင့်..****
ဆိုပြီး စောင် ခြေဆုံးခေါင်းဆုံး ခြုံ၍ အိပ်ချလိုက်ပါ။ သွေးစုပ်ဖုတ်ကောင်ထက် ကြီးတဲ့ အကောင်ကြီး အနားမှာ ရှိနေလို့ သူတို့ မလာရဲတော့ပါဘူး...
....ဟဲ..ဟဲ..ဟဲ...
အစက ပြောဖို့လေး ကျန်သွားတယ် ။ကျနော်ပြောတဲ့ သွေးစုပ်ဖုတ်ကောင်ရာဇဝင်က ခင်ဗျားတို့ ကြည့်ဖူးတဲ့ ရုပ်ရှင် ၊ဗွီဒီယိုထဲက zombie ၊drakula၊vampire တို့နဲ့ မျိုးနွယ်မတူတဲ့ Mosquito အမည်ရှိ မြန်မာအခေါ် ''''ခြင်''' လို့ အမည်တွင်တဲ့ ပုံဆိုးပန်းဆိုး သွေးစုပ်ဖုတ်ကောင်ဆိုတာ.....ဟဲ..ဟဲ
ပုံ/
ချစ်သား မာရ်နတ်(Y.A.P)
................................................................
The End
မဆဲကြ နက်နော်...မကျေနပ်လဲ ကိုယ့်နာမည် ကိုယ်ထည့်ပြီး ဂါထာလေးတွေ ရွတ်သွားကြ...။ — feeling silly.
Post a Comment