ထာဝရသူရဲ​ကောင်း

ထာဝရ သူရဲ​ကောင်း
============

အမေသည် သားသမီးတွေအတွက် မည်သည့်အန္တာရာယ်မျိုးမဆို
အသက်ပေးကာကွယ်ဖို့ အသင့်ဖြစ်နေသော သူရဲကောင်းဖြစ်သလို
ဖခင်သည် သား ၊ မယားအသက်အိုးအိမ်စည်းစိမ်အတွက် ရှေ့ကနေ
မားမားမတ်​မတ်​ ရပ်တည်ပေးသော အတုမရှိသူရဲကောင်းကြီးတွေ
ဖြစ်ပါတယ်။

လောကတွင် ကိုယ့်အတွက် အသက်ပေးပြီး ချစ်ရဲသောသူမှာ
မိဘကလွဲ၍ အခြားသူမရှိသည်မှာ အမှန်ပင်ဖြစ်ပါတယ်။
လင်သေရင် နောက်ယောက်ျားယူလို့ရတယ်
မယားသေရင် နောက်မိန်းမကို အစားထိုးလို့ရနိုင်သော်လည်း
သားသမီးတွေအနေဖြင့်တော့ မိဘ သေရင် နောက်တစ်ယောက်
အစားထိုးဖို့ မဖြစ်နိုင်ပါ။

ဆန်ပေးမှ ဆီပြန်ရတတ်တဲ့ လောကကြီးမှာ ကိုယ်လိုချင်တာ
တော်တော်များကို အလကားရနိုင်တာက မိဘအိမ်ဖြစ်သလို
သားသမီးတွေ အတွက်ဆိုရင် မရှိရှိတာလေးကို အပြုံးမပျက်
ပေးတာကလည်း မိဘ တွေပဲရှိပါတယ်။

သားသမီးများ လူ့လောကထဲသို့ ခေါင်းပြူ လာသည့်အချိန်မတိုင်ခင်
ကိုယ်ဝန်ဆောင်စဉ်ကတည်းက လောက၏ စိန်ခေါ်မှူများကို
"စိန်ခေါ်ရင် တိမ်ပေါ်တက်ခဲ့မယ်"ဆိုတာကလည်း
သူရဲကောင်းဖြစ်သော မိဘတွေပဲ ဖြစ်နေပါတယ်။

သားသမီးတွေအတွက်ဆိုရင် မည်သည့်အန္တရာယ်မျိုးမဆို
အသက်ပေးပြီး သင့် အတွက် ကာကွယ်ပေးမည့်သူမှာ မိဘတွေပဲ
ဖြစ်ပါတယ်။

သားသမီးတွေအတွက်ဆိုရင်....
ဇရာကို အထောင်းခံ
ပျော်ရွှင်မှူတွေ ခဝါချ
လှပမှူကို မေ့လျော့
ဆန္ဒတွေကို ဘေးကပ်
ဖြစ်သင့်တာကို ဦးစားပေးရင်း
အရှက်တရားကို မျက်ကွယ်ပြု
အကြောက်တရားကို အဝေးကို မောင်းထုတ်
မာနကို အစွယ်ချိုး
အံကိုတင်းတင်းကြိတ်ရင်း လောကမာယာကြားမှာ
တိုက်ပွဲဝင်နေသူတွေကလည်း သင့် မိဘတွေပါပဲ။

တကယ်တော့ မိဘဆိုတာ တစ်ချိန်က သားသမီးဖြစ်ခဲ့ပေမယ့်
မိဘနေရာရောက်လာသောအခါ လုပ်ချင်နေတဲ့ ဆန္ဒတွေကို
သားသမီးရှေ့ရေးအတွက် မြေမြုပ်နှံခဲ့ရတာကလည်း သေသည့်တိုင်အောင်ပါပဲ။

သားသမီးအတွက်ဆိုရင် ကြေကွဲမျက်ရည်ကိုရင် ဝယ်ပိုက်ရင်း
အတောင်စုံလို့ ပျံထွက်သွားတော့ အပြုံးဖြင့် လက်ပြနုတ်ဆက်ခဲ့တာ
ကလည်း ဖေဖေ နဲ့ မေမေပါပဲ။

အဆင်မပြေမှူရှိနေလည်း သားသမီးများစိတ်ဆင်းရဲနေမှာစိုးလို့
"​ပြေပါတယ်​ ဖေဖေနဲ့ မေမေ အတွက်မပူနဲ့လို့"မုသားစကားဆိုတတ်ကြ
တယ်လည်း မိဘပါပဲ။သားသမီးဆီက လက်ဖြန့်တောင်းဖို့ဆိုတာ
ငရဲပြည်ဆင်းရသလို ကြောက်ရွံ့နေတတ်ပြီး မဆိုသလောက်သော
သားသမီးတွေဆီက သိတတ်ဂရုစိုက်မှူလေး ရရခဲ့ရင်တောင်
ပြောမဆုံးအောင် ၊ ကြွားလို့မဆုံးအောင် ဂုဏ်ယူနေတတ်ကြတာကလည်း
မိဘတွေပါပဲ။

မိဘဆိုတာ သားသမီးတွေအတွက်ဆိုရင် ဘယ်အချိန်ရောက်ရောက်
ဘယ်နေရာရောက်ရောက် "ထာဝရသူရဲကောင်း "ဖြစ်တယ်ဆိုတာ
အမှန်တရားတစ်ခုပါ။ ဘာလို့လဲဆိုတော့ တိရစ္ဆာန်​တွေတောင်
မွေးကင်းစ သူ့သားသမီး ကိုရန်ပြုရင် အသက်ချင်းလဲဖို့ ဝန်မလေး
တတ်ဘူးဆိုတာ သဘာဝ တရားတစ်ခုဖြစ်ပါတယ်။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မကွေး


Post a Comment