ခေတ်သုံးဗန်းစကား ၎
|| ဆောင်းဖြူ ||
■ မထသ
- အလုပ်ပေါင်းစုံ လုပ်တတ်သည့် လူမျိုးကိုတွေ့လျှင် “ဒီလူကတော့ လိုင်းပေါင်းစုံပဲ၊ မထသပဲ” ဟု ပြောလေ့ရှိသည့် စကား။
■ ချက်လက်မှတ်ဝေ
- ပြစ်ဒဏ် ဘောက်ချာဖြတ်ခြင်းကို ဆိုလိုသည့် စကား။ ဘတ်စ်ကား လမ်းကြောပေါ် တွင် ရှောင်တခင် စစ်ဆေးရေးအဖွဲ့များ၊ လှည့်ကင်းများရှိသည် ဟု ကြားပါက “တံခါးတွေ ပိတ်ထား၊ မှတ်တိုင်ရောက်အောင် မောင်း၊ ရှေ့မှာ ချက်လက်မှတ်ဝေနေတယ်” ဟု အချင်းချင်း သတိပေးသည့်စကား။
■ ပူကန်ပွင့်ကျယ်
- ရခိုင်မုန့်တီကို ခေါ်ဝေါ်သည့် စကား။ ( စားလိုက်ပါက ပူလည်းပူ၊ စပ်လည်းစပ် အခိုးတွေ၊ ချွေးတွေ ပွင့်ကန်ထွက်ပြီး မျက်လုံးပင် ပြူးကျယ် သွားရခြင်းကို အချို့ဆိုင်များက တင်စားခေါ်ဝေါ်သည့် သဘော )
■ အိုဗာတင်း
- ပိုပိုကဲကဲ၊ အလွန်အကျွံ ပြုမူပြောဆိုတတ်သော သူမျိုးကို ရည်ရွယ်ညွှန်း ဆိုသည့် စကား။
■ ဒိုင်စား
- ၀န်ထမ်းလောကတွင် နေ့ကြီးရက်ကြီး ရုံးပိတ်ရက်များနှင့် စနေ/တနင်္ဂနွေ ထပ်တူကျနေပါက “ဒီရက်တွေကတော့ ဒိုင်စားသွားပြန်ပြီ” ဟု ပြောလေ့ရှိသည့်စကား။
■ ရာသီဥတု ( ၀ယ်သာ )
- အလုပ်ခွင်တွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ အထက်လူကြီးများ မျက်နှာ မသာမယာ ရှိနေခြင်း၊ သို့မဟုတ် အထက်လူကြီးက အောက်လက် ငယ်သားများအပေါ် ဆူပူကြိမ်းမောင်းခြင်းများ ရှိနေပါက “ဒီနေ့ ကြည့်ကျက်နေကြ။ ရာသီဥတု(၀ယ်သာ)က ကောင်းတာ မဟုတ်ဘူး” ဟု အချင်းချင်း ပြောလေ့ရှိသည့်စကား။
■ ဘယ်၊ ညာ
- ဘတ်စ်ကားစပယ်ယာများက ခရီးသည် အမျိုးသမီးကို “ဘယ်” ဟုသုံးပြီး ခရီးသည် အမျိုးသားကို “ညာ” ဟု သုံးလေ့ရှိသည့် စကား။ ဥပမာ - “ဆရာရေ… ဘယ် ၁၊ ညာ ၂ ဆင်းမယ်”။
■ အပြာကား/ဆင်းရဲသားကား
- ဖိုမဆက်ဆံမှု အသားပေးသည့် ဇာတ်ကားကို ခေါ်ဆိုသောစကား။
■ ဗုံးကြဲ
- ကိစ္စရပ်တစ်ခုခုကို မြောက်မြားစွာ ပုံအော ပြုလုပ်သွားခြင်းကို ဆိုလိုသည့်စကား။
■ ဘီးကျဲ
- ပစ္စည်းဥစ္စာပြည့်စုံပြီး အိမ်ထောင်မကျသေးသည့် သက်လတ်ပိုင်း အမျိုးသား များကို ရည်ညွှန်းသည့်စကား။
■ ပစ္စည်း
- ပြည့်တန်ဆာ အမျိုးသမီးကို ခေါ်ဝေါ်သည့်စကား၊ သို့မဟုတ် အမည်မဖော်ပြ လိုသည့် အရာဝတ္ထုတို့ကို ခေါ်ဆိုလေ့ရှိသည့် စကား။
■ အသည်းပေါက်
- အဖြစ်အပျက် ကိစ္စရပ်တစ်ခုခုကြောင့် စိတ်ထဲ မခံမရပ်နိုင် ဖြစ်ရခြင်း ကို ဖော်ညွှန်းသည့်စကား။
■ နှစ်ကျပ်ကွက်
- ခပ်ပေါပေါ ခပ်ချာချာ စိတ်ကူးကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် ကလေးဆန်ဆန် အကွက်မျိုး ဖန်တီးခြင်းတို့ကို ဖော်ညွှန်းသည့်စကား။
■ ဘူကောင်
- ကံမကောင်းသည့်သူများကို ခေါ်တတ်သလို၊ ပေါင်းခြင်း “ဘူ” ရသည့် ဂဏန်းများရှိသော အရာဝတ္ထုကို ခေါ်ဝေါ်သည့် စကား။ ဥပမာ - လိုင်းကားလောကတွင် ၂၂၆၊ ၃၇ စသည့်ကားများကို “နောက်မှာတော့ ဘူကောင်ပါတယ် ဆရာရေ၊ နည်းနည်းလေး တွန်းထားပါဦး” ဟု ပြောလေ့ရှိသည်။
■ ဗန္ဓုလ/ မောင်ရစ်
- ကိစ္စရပ်တစ်ခုခုကို အချိန်ဆွဲပြီး ဝေ့လည်ကြောင်ပတ်လုပ်ကာ “ရစ်” နေသူနှင့် ကြုံရပါက ထိုသူကို “ဗန္ဓုလ၊ သို့မဟုတ် မောင်ရစ်” ဟု ပြောလေ့ရှိသည့်စကား။
■ တစ်လုံးချိုင့်
- အဆင့်မရှိသူ၊ တန်ဖိုးမဲ့သူကို ညွှန်းဆိုလိုပါက “ဒီဘဲက တစ်လုံးချိုင့်ပါကွာ” ဟု ပြောလေ့ရှိသည့် စကား။
■ ဆိုက်ဂျဲရိုး
- ပါဂျဲရိုးကားများ ခေတ်စားစဉ်ကာလက ဆိုက်ကားကို အပြောင် အပျက် ခေါ်ဆိုသည့်စကား။
■ လေဖြတ်
- ယာဉ်ကြောတစ်ကြောတည်း မောင်းနှင်နေကြသည့်အခိုက် ရှေ့မှကားက တွန့်ဆုတ်တွန့်ဆုတ် မောင်းနေသည့်အတွက် နောက်ကားမောင်းသူက “မောင်းပါဟ၊ မင်းလေဖြတ်နေတာနဲ့ မီးပွိုင့် ထပ်မိတော့မယ်” စသည်ဖြင့် ပြောတတ်သည့်စကား။
■ ကိုးခြောက်ကိုးသုံး
- ကိုယ့်ခြေထောက် ကိုယ်သုံး။ “မင်းဘာနဲ့ လာမလဲ” ဟု မေးသည့်အခါမျိုးတွင် “အေးအေး ငါ ကိုးခြောက်ကိုးသုံး စီးပြီးလာခဲ့မယ်” ဟု အပြောင်အပြက် ပြန်ပြောသည့်စကား။
■ နွားကြီး
- နီဆန်း အေဒီဗင် အမျိုးအစားကားကို ခေါ်ဆိုသည့်စကား။
■ ပေါက်စီ/ပေါက်စည်
- စည်ဘီယာထဲသို့ အရက်ပြင်း တစ်ပက်ဖြစ်စေ၊ နှစ်ပက်ဖြစ်စေ ရောခိုင်းလျှင် သုံးနှုန်းသည့်စကား။ ( အမျိုးသမီးတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို လည်း သုံးနှုန်းသေးသည် )
■ ကြာဆံ
- ဆံပင်ဖြူကို ရည်ညွှန်းသည့်စကား။
■ မြွေဖမ်း
- ပြသ၁နာရှာခြင်းကို ဆိုလိုသည့်စကား။
■ ဘတ်သီး
- မျက်လုံးကို ခေါ်ဆိုသည့်စကား။
■ အဆုပ်ပွ
- စကားပြောများခြင်း၊ အာချောင်ခြင်းကို ဆိုလိုသည့်စကား။
■ တိုက်ပွဲကျ
- ခြေပစ်လက်ပစ်ဖြစ်ကာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိစ္စတစ်ခု ကို စိတ်တုံးတုံးချကာ အရှုံးပေးလိုက်ရခြင်းကို ရည်ညွှန်းသည့် စကား။
ဆောင်းဖြူ
Post a Comment