သရဲခြောက်သော အိမ်ကြီး ( သို့ ) စွမ်းအားရှင်တို့တိုက်ပွဲ ၁ Post By GLZ
ကုန်သည်အလုပ်ဖြင့် အသက်မွေးသော ကိုကျော်ရှိန်သည် နယ်စပ်မြို့လေးမှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိနေခဲ့သည်မှာ ယခုစာရေးသည့်အချိန်တွင် ၂ နှစ်ခန့်ရှိခဲ့ပေပြီ။ ထိုအတောတွင်းတွင် သူငှားရမ်းနေထိုင်ရာ အိမ်ကြီးတွင် သရဲတို့၏ နှောက်ယှက်ခြင်း၊ စုန်းကဝေတို့မှ တိုက်ခိုက်ခြင်းများ ဖြစ်ခဲ့သည်များကို စာစီထားမည်ဟု စိတ်ကူးခဲ့သော်လည်း မစီဖြစ်ခဲ့ချေ။ အကြောင်းမူကား သူတို့မှ နေ့စဉ်နှင့်အမျှ တိုက်ခိုက်နေခြင်းကြောင့်ပင်ဖြစ်သည်။ ထိုသို့တိုက်ခိုက်နေခြင်း ကြောင့် အိမ်မှာကလည်း လူများရကား ထိုသူများကိုလည်း တောက်လျှောက်ကုသပေးနေရခြင်း မိမိကိုယ်တိုင်အားလည်း တိုက်ခိုက်ခံရခြင်းတို့ကြောင့် မအားလပ်ပဲ ရှိခဲ့ရသည်။
လွန်ခဲ့သော် နှစ်နှစ်ခန့်က
ကိုကျော်ရှိန်သည် ထိုအိမ်ကြီးကို စနေစဉ်ကာလကတည်းက အိမ်ထဲရောက်တာနှင့် စိတ်ထဲ မကြည်လင်ပါ။ ထိုအိမ်ကြီးသည် ယခင်က တည်းခိုခန်းဖွင့်လှစ်ခဲ့သည်ဖြစ်၍ အခန်းပေါင်း များစွာရှိ၏။ ထိုအခန်းငယ်လေးများထဲ ၀င်ရောက်ကြည့်ရှုသောအခါများတွင်လည်း စိတ်ထဲ တစ်ထင့်ထင့် ရှိလျက်နေပေ၏။
ထိုကြောင့် ကိုကျော်ရှိန်၏ ဆရာကြီးဦးအောင်( ဘကြီးအောင် ညာတယ် သို့မဟုတ် မှော်ဆရာအိပ်မက်ဇာတ်လမ်းထဲက မှော်ဆရာကြီး ဘကြီးအောင်ကို အနိုင်ယူခဲ့သူ) ကိုမေးမြန်းကြည့်ရာ အဘအောင်မှ ထိုအိမ်ထဲတွင် သရဲ ၄ ကောင်ခန့်ရှိကြောင်း နှင်လိုက်မှ ကောင်းမည်ဖြစ်သောကြောင့် ဆန်မန်း သဲမန်းနှင့်တကွ တမာကိုင်းဖြင့် လိုက်လံရိုက်ပုတ်ပြီး နှင်ခဲ့လေသည်။
ထိုသရဲများ ထွက်ပြေးသည် မပြေးသည်ကိုလည်း သံသယဖြစ်ဖွယ်မရှိ၊ အဘယ်နည်းဟူကား အဘအောင်နှင့်အတူ သဲမန်း ဆန်မန်းကို နောက်မှ ကိုင်ဆောင်ပေးသော ကိုကျော်ရှိန်၏ လုပ်သားလေးမောင်မျိုးသည် ထိုနာနာဘာဝများ ထွက်ပြေးသည့်အရိပ်အယောင် ဖြူဖြူလွလွများကို နေ့ခင်းကြောင်တောင်ကြီးကို မြင်လိုက်ရခြင်းကြောင့်တည်း။ ထိုအချိန်တွင် ပြင်ပတွင် လေငြိမ်နေပါလျက်က လေတိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။
အိမ်တွင်း အေးအေးဆေးဆေးဖြစ်သွားပြီဟု သတ်မှတ်လို့ရသွားပြီ။ ထိုရက်များအတွင်း အိမ်သူအိမ်သားများ စိတ်ချမ်းသာကြပါသည်။ သို့သော် ထိုစိတ်ချမ်းသာမှုသည် နှစ်လခန့်ကြာသောအခါ ပျက်ပြယ်ခဲ့ရသည်။ ကိုကျော်ရှိန်တို့အိမ်တွင် ၀န်ထမ်း ၈ ယောက်ခန့် နေထိုင်ကြပြီး အိမ်သားများအနေဖြင့် ၅ ယောက်ခန့်ရှိသောကြောင့် လူအင်အား တောင့်တင်းသော မိသားစုကြီးအဖြစ် သတ်မှတ်လို့ရပါသည်။ ထိုဝန်ထမ်းများကို ခြောက်လှန့်ပုံက သူတို့အချင်းချင်း အပေါ်ထပ်တွင် ရှိနေခိုက် ….. ဟိုဖက်အခန်းမှ ကျွတ်ကျွတ်အိတ်ကို နှိုက်နေသံ ချွတ်ချွတ်သံကြားရ၍ မောင်မျိုးနှင့် အတူအပေါ်ထပ်သို့ တက်လာသော ကျော်ဆန်းဆိုသည့် ကလေးက မောင်မျိုးအမှတ်ဖြင့် …
* မောင်မျိုးရေ ဟေ့ရောင် မောင်မျိုး *
တစ်ဖက်အခန်းမှ အက်တက်တက်အသံကြီးဖြင့် … မောင်မျိုး သေပြီကွ …
ပြန်ပြောသောအသံရှင်၏အသံကို ကျော်ဆန်းတစ်ခါမှ မကြားဖူးကြပါ။ သို့နှင့် အသံကြားရာအခန်းသို့ သွားကြည့်သောအခါ မည်သူ့ကိုမှ မတွေ့ပါချေ။ ပစ္စည်းများ ရှုပ်စိခတ်အောင် မွှေထားသည်ကို တွေ့ရသည်။ ဒါဖြင့် မောင်မျိုးရော ဘယ်မှာလဲ … ကျော်ဆန်း အောက်ထပ်သို့ ပြေးဆင်းလာသည်။ မောင်မျိုးကို လိုက်ရှာသည်။ မောင်မျိုးကား ရေချိုးခန်းတွင် ရေချိုးလျက်သာတွေ့ရသည်။
*ဟေ့ရောင် မောင်မျိုး မင်းခုနက ငါ့နောက်ကနေ အပေါ်ထပ်တာတာလေကွာ အလုပ်လုပ်ရမယ့်ဟာ ဘယ့်နှယ့် အောက်ထပ်ဆင်းပြီး ရေချိုးနေတာတုန်းဟ *
* ဟ ကျော်ဆန်း ငါက ပြန်ရောက်ကတည်းက အ၀တ်လျှော်ဖို့လုပ်နေတာ ခုမှ ရေချိုးတာလေ မင်းရူးနေလား ငါတောင် မင်းဘေးက အင်္ကျီချွတ်ပြီး ထွက်သွားတာကို * * အန် ဒါဖြင့် ခုနက ငါနောက်က လိုက်တက်လာတာ မင်းမဟုတ်ဘူးပေါ့ * မောင်မျိုးက ရေချိုးခန်းအတွင်းမှ အော်သည်။ * ရော ခက်ပါ့ကောင်ရာ * ကျော်ဆန်းတစ်ယောက်တော့ ခေါင်းကြီးလာပြီ။ *
* ဒါဖြင့်ကွာ အပေါ်ထပ်ကို ဘယ်သူတက်လာသေးလဲမောင်မျိုး * ရှေ့ဝင်းတံခါးသော့က မင်းဆီမှာလေ * ဒါလည်း ဟုတ်သည် ။ * အိမ်မှာ အခု ငါတို့ ၂ ယောက်တည်းရှိတာကို မင်းငါ့လာမခြောက်နဲ့ ငါက ကြောက်ထှာမဟုတ်ဘူး * အမှန်ပင် မောင်မျိုးသည် သရဲဆိုတာကို ရှေ့တည့်တည့်က မြင်နေရလျှင်လည်း ကြောက်တတ်သူမဟုတ်ပါချေ။ ပထမအကြိမ် အဘအောင်မှ သဲမန်းဆန်မန်းပက်တုန်းက မောင်မျိုးကြုံခဲ့ပြီးပြီ။ ဤကားတစ်ခန်းရပ် …
* ကိုကြီးကျော်ရှိန် ကိုကြီးကျော်ရှိန် * * အေး ပြောလေ မျိုးမင်းဦး * * ကျွန်တော်တို့ အခန်းတံခါးတွေဗျာ လေမတိုက်ပဲ ပွင့်ပွင့်သွားလို့ အဲတာ သရဲလားမသိ * * မဖြစ်နိုင်ပါဘူးကွ တလောက နှင်ထားတာပဲ * * ဟာ ဟုတ်တယ်ဗျ ပြတင်းတံခါးကို ကျွန်တော်တို့ အမြဲပိတ်ပြီးမှ အိပ်တာ * * ဟ ဒီလောက်အိုက်တဲ့ဟာ ဖွင့်လေကွာ ပြတင်းတံခါးတွေ * * ဖွင့်ထားရင် လိုက်ပိတ်တယ်ဗျ ပိတ်ထားရင် ဟိုဖက်ကနေ လက်နဲ့ပုတ်တာ * * အာ မင်း စိတ်ထင်လို့လားကွ။ ဒါနဲ့ နေပါဦး မင်းက သရဲ ကြောက်တတ်သလားကွ * * ဟာ မကြောက်ပါဘူးဗျ ပြောကြည့်တာပါ ကိုကြီးကျော်ရှိန်များ လုပ်ပေးနိုင်မလားလို့ * မျိုးမင်းဦးမှ သရဲမကြောက်ပါဘူးဟုသာ ဘူးကွယ်ငြင်းနေငြား နောက်ညများတွင် သူ့အခန်းတွင် တရားအမ်ပီသရီးကို မိုးလင်းထိ ဖွင့်တော့သည် ။ မရပါချေ။ တရားခွေ ဖွင့်ထားသော သူတို့နေသည့်အခန်းကို ၀င်ချည်ထွက်ချည်ပြုသည်။ လေမတိုက်ပါပဲ တံခါးချက်က အလိုလိုပွင့်ပြီး ပြန်ပိတ်သည်။
ထိုအခါ ကိုကျော်ရှိန့်အိမ်မှ ၀န်ထမ်းများသည် နေ့ခင်းကြီးကိုပင် အိမ်သို့ တစ်ယောက်တည်း ဘယ်သူ့မှ လွှတ်မရတော့ပါချေ။ ထို့နောက် စောလင်းဗိုလ်ဟူသော ကရင်လေး ရောက်လာလေသည်။ ထိုကောင်လေးသည် သွက်လက်သည်။ ခြေပေါ့သည်။ နောက်ဆုံးမှ ရောက်လူသူလည်း ဖြစ်၍ အစစ သင်ယူလိုစိတ်ဖြင့် သွက်လက်စွာ အလုပ်လုပ်ရှာလေသည်။ သို့သော် နောက်ပိုင်းတွင် မှိုင်နေသော လက္ခဏာများကို တွေ့ရလေသည်။ သို့နှင့် စောလင်းဗိုလ်အား မေးမြန်းကြည့်သောအခါ
* စောလင်းဗိုလ် မင်း အပေါ်ထပ်က ပလပ်စတစ်ကြိုးခွေလေး ယူပေးစမ်းပါကွ * * ဟာ ဦးကျော် ကျွန်တော် မတက်ရဲဘူး ခဏနေသူတို့ရောက်လာမှ ကျွန်တော်သွားယူပေးမယ်နော် * * မင်းအပေါ်ထပ်က ဘာရှိလို့လဲကွ ငါ့ပြောစမ်းပါဦး *
*အဲ ဟို ကျွန်တော် မြင်လိုက်ရလို့ပါ * * ဘာကို မြင်တာလဲ မင်းက * * တခါက ကျွန်တော် ပစ္စည်းသွားထုတ်ဖို့ အခန်းထဲဝင်သွားတော့ အခန်းထဲမှာ ကုန်းကုန်းကွကွနဲ့ နှိုက်ရှာနေတဲ့ဟာဗျ ဖြူဖြူကြီး၊ အဲ ကျွန်တော်လည်း တံခါးဖွင့်လိုက်ရော ကျွန်တော့်ဘေးက ဖြတ်ဆို ပြေးထွက်သွားတာ* * အဲအကောင် မင်းဘေးနားရောက်တုန်းက မင်း ခေါင်းတွေမူးသွားသေးလား * * ဟုတ်တယ် ဦးကျော် ကျွန်တော် မိုက်ကနဲ့ မူးသွားတာ * * အေးပါကွာ ငါ့တာဝန်ထားပါ *
ထို့နောက်တွင် နိုင်ငံခြားမှာ အလည်လာသော ကိုကျော်ရှိန်၏ ညီဖြစ်သူ သက်ဆွေဆိုသူ ရောက်လာသည်။ အိမ်မှာက ပစ္စည်းများ ပြည့်ကြပ်နေသည်ဖြစ်လို့ သူ့ကို ဘုရားခန်းတွင်သာ သိပ်ရသည်။ ထိုအကြောင်းများကို ပြောထားမိသောကြောင့် သူ့မှာ အိပ်ရတာ မဖြောင့်ချေ။ ဖြောင့်စရာလည်း အကြောင်းမရှိ၊ အိပ်ချိန်ရောက်လို့ အိပ်ယာဝင်ရန်သွားသော သက်ဆွေအား ဘုရားခန်းတွင်းတွင် ငုတ်တုတ်ထိုင်စောင့်နေခြင်းကို တွေ့ရသောကြောင့်တည်း။ သက်ဆွေက ဘာမှ ဂရုမထားပဲ သူ့အိပ်ယာသို့သာသွားပြီး အိပ်သည်။ သို့သော် မိုးလင်းသည်အထိ သူ့ခြေထောက်နားရစ်သီရစ်သီနှင့် လာလာဆွဲကြောင်း၊ သူကလည်း အိပ်ချင်မူးတူးဖြင့် ဆောင့်ကန်ရင်းနှင့် မိုးလင်းခဲ့ရကြောင်း မနက်လင်းတော့ ပြောပြလေသည်။
ထိုမျှသာလား မဟုတ်သေး။ အိမ်ရှိလူကုန်လိုက်ခြောက်သည်။ အိမ်မှ ၀န်ထမ်းကောင်မလေးများကိုလည်း လူမရှိသော်လည်း ရှိနေဟန် ခြေသံပေး၍လည်းကောင်း ချောင်းဟန့်၍လည်းကောင်း အမျိုးမျိုး နှောက်ယှက်လေသည်။ ကိုကျော်ရှိန်တွင် မနုဆိုသော ဇနီးရှိ၏။ မနုသည် တစ်ခါက ပ ယော ဂ အကြောင်းတင်ဖူးသည့် ပို့စ်တစ်ခုတွင် ပါဝင်ဖူး၏။ မနုသည် ထို သရဲတို့ကို မူလကတည်းက ရှိသည်မရှိသည်ဟူ၍ သူမ၏ထင်မြင်ချက်ကို မေး၍မရ၊ ထိုကဲ့သို့ ယုံကြည်သူဖြစ်သည်။ သူမ တစ်ရက်တွင် နောက်ဖေးလမ်းကြားတွင် အ၀တ်လှမ်းနေခိုက် အမှတ်မထင် စိတ်ကလန့်လာ၍ အပေါ်သို့ မော့်ကြည့်လိုက်ရာ သူမအား မာန်ပါပါဖြင့် ငုံ့ကြည့်နေသော ကြောင်နက်ကြီးတစ်ကောင်၏ ဦးခေါင်းပိုင်းကို မြင်လိုက်ရသည်။ ကြောင်နက်ကြီး၏ ဦးခေါင်းသည် အဆမတန် ကြီးမားနေကြောင်း သိလိုက်ရသည်နှင့် စောစောက လန့်သလိုဖြစ်နေသော စိတ်တို့သည် ဖြန်းကနဲ့ ကြက်သီးများပင် ထစေလျက် ထိုနောက်ဖေးလမ်းကြားမှ ခွာရန် ခြေထောက်တို့သည် ဆိုင်းပြင်းကြကုန်လေ၏။
* ကိုကျော်ရှိန် * * အေး ပြော * * နောက်ဖေးလမ်းကြား အပေါ်ကို မော့်ကြည့်မိတာ ကြောင်းနက်ကြီးဗျ၊ ခေါင်းကြီးက အကြီးကြီး * * နင့်ခေါင်းကြီးသွားတာလား ကြောင်ခေါင်းကြီးတာလားဟ * * ကျုပ်ခေါင်းရော ကြီးလာတာ၊ တကယ်က ကြောင်းခေါင်းကြီးအကြီးကြီးပဲ မည်းမှောင်နေတာ * * မယုံပါနဲ့ကွာ မင်း စိတ်လန့်နေလို့ ဖြစ်မယ်ကွ * အမှန်မှာ ကိုကျော်ရှိန်မှ မနုပြောတာ ယုံပါသည်။ ဘာလို့လဲဆိုတော့ မနုက ထိုအရာများကို ယုံကြည်တတ်သူမဟုတ်ခဲ့၍ စကားနာထိုးခြင်းပင်ဖြစ်သည်။
တစ်ရက်တွင် …. * ကျော်ဆန်း * * ဗျာ * * လာကွာ မင်းကို ပယောဂ စစ်ကြည့်မယ် * * ဟုတ် *
ကိုကျော်ရှိန်မှ စစ်ကြည့်လိုက်သောအခါတွင်မူကား မောင်ကျော်ဆန်း၏ လက်အစုံတို့သည် တုန်ခါ၍ လာပါတော့သည်။ ကိုကျော်ရှိန်မှာ နှုတ်မိန့်ပေး၍ စစ်မေးသောအခါ စုန်းဖြစ်ကြောင်း သိရသည်။ သို့သော်ကား စကားမပြောနိုင်သေးချေ။ လက်တွေပဲ တုန်ပြီး စီးနေသည်။ မူလတွင် ကိုကျော်ရှိန်သည် ထိုဝင်ပူးသောသူအား မရိုက်နှက် မဆုံးမပါချေ။ သို့သော် ထိုမိစ္ဆာကို ကိုကျော်ရှိန်မှ မေးခွန်းများမေးရာတွင် လိမ်ညာသည့်အပြင် မခန့်လေးစား ဟိုဟာဖြေလိုက် ဒီဟာဖြေလိုက် လုပ်နေသောကြောင့် ကုသစစ်ဆေးသော ကိုကျော်ရှိန်သည် မောင်ကျော်ဆန်း၏ လက်တွင် ၀င်ပူးနေသော မိစ္ဆာကို ကြိုးချည်ပြီး ရိုက်ပုတ်လိုက်သောအခါတွင်မူကား ထူးခြားလှသည့် ထင်မှတ်စရာမကောင်းလှသည့် ဖြစ်ရပ်ကို သိရလေတော့သည်။
ကိုကျော်ရှိန်မှ တစ်ကြိမ်ရိုက်လိုက်တိုင်း ရိုက်လိုက်တိုင်း ကိုကျော်ရှိန့်အိမ်၏ အရှေ့ဖက်ကပ်လျက်အိမ်မှ လူကြီးက အား !!!! အား !!!!! ဆိုပြီး အသံနက်ကြီးဖြင့် အော်သောကြောင့်တည်း။ (ထိုဖြစ်ရပ်ကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားသည်ကို တင်ပေးပြီးဖြစ်ပါသည်။ )
လုံးဝ မထင်မှတ်ထားသော အကြောင်းပင်ဖြစ်သည်။ ထိုလူကြီးသည် ရပ်ကွက်ထဲတွင်လည်း တရားပွဲများစီစဉ်သည့်အထဲတွင်လည်း ပါသည်။ တိုက်ပုံဖြင့် ကျကျနန ၀တ်စားပြီး ထိုင်နေတတ်သည်။ ကိုကျော်ရှိန်မှာ ထိုသို့သိလိုက်ရပြီးသည့်နောက်တွင် မိမိဖြေရှင်းရမည့်အထဲတွင် ထိုလူကြီးလည်း ပါနေကြောင်း သတိပြုမိတော့သည်။ အိမ်က လူတွေကိုများ လုပ်ထားသေးလားမသိချေ။ တဖန် အိမ်ထဲတွင် ပြန်လည်ရောက်ရှိနေသော သရဲများဆိုသည်က ထိုလူကြီးနှင့်များ ပတ်သတ်လေသလား …. ထိုလူကြီး၏ တပည့်များလေလား …..
သရဲဆိုတာ မယုံသော မနုသည် ပါးစပ်ကတော့ ယုံပါသည်ဟု မပြောသော်လည်း စိတ်ထဲတွင်တော့ စိမ့်နေအောင်ယုံစရာအကြောင်းသည် ဖြစ်ပေါ်လာလေသည်။ တစ်ရက်သူမ မီးဖိုဆောင်တွင် ချက်ပြုတ်နေခိုက် စိတ်မသိုးမသန့် ဖြစ်လာ၍ သူမ၏နောက်ဖက်ခြမ်းသို့ လှည့်ကြည့်လိုက်ရာ ထမင်းစားဝိုင်းတွင် သူမကို ဘေးပြုလျက် ထိုင်နေသော အသက် ၅၀ ခန့်အရွယ် ဆံပင်ထုံးထားသော အသားညိုညိုမိန်းမကြီး တစ်ယောက်ကို ဖျက်ကနဲ တွေ့လိုက်ရလေသည်။ ကြောက်စိတ်တို့မှာ အထွဋ်အထိပ်သို့ ရောက်သွားရကား မျက်နှာကို ချက်ချင်းပြန်လွှဲသည်။ သို့သော် ကြည့်ချင်စိတ်ကလည်း ထိန်းမရသည်မို့ ပြန်ကြည့်လိုက်တော့ မရှိတော့ပါချေ။ ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် ကိုကျော်ရှိန်သည် မီးဖိုချောင်သို့ ၀င်လာလေသည်။
ထိုအကြောင်းကို ကိုကျော်ရှိန်အား ပြောပြသော သူမမျက်နှာတွင် သွေးမရှိချေ။
ထို့နောက် ရက်မကြာမီ မျိုးမင်းဦးကိုလည်း ကုသပေးရသည်။ သူကား ထူးထူးခြားခြားမဟုတ်ချေ။ စောလင်းဗိုလ်ကို ကုသရာတွင် ထူးခြားစွာ တွေ့ရလေသည်။ ထိုသို့မကုသမှီ ကိုကျော်ရှိန်သည် ဆန်မန်းမန်း၍ အိမ်အတွင်းသို့ ပက်ခဲ့သည်။ ထို့နောက် အောက်ထပ်ရှိသူ့အိပ်ခန်းထဲတွင် စောလင်းဗိုလ်အား စစ်ဆေးရာ ထိုကလေးသည်လည်း ပြုစားခံနေရကြောင်း သိရလေသည်။
စောလင်းဗိုလ်အား မျက်လုံးမှိတ်ခိုင်းထားရာ လက်မှာ တုန်ရီလာခဲ့ပြီ။ ထိုစဉ်ကိုကျော်ရှိန်၏ လက်အစုံသည် စောလင်းဗိုလ်၏ မျက်လုံးဆီသို့ ရောက်ရှိသွားပြီး စောလင်းဗိုလ် မင်း မျက်လုံးတွေ ဒီရက်ပိုင်းေ၀၀ါးနေတယ်မလား ဟုမေးရာ ဟုတ်မှန်ကြောင်းဖြေဆိုသည်။ ကိုကျော်ရှိန်သည် သူ့မျက်လုံးများကို အုပ်ထားရာ ခဏအကြာတွင် စောလင်းဗိုလ်သည် ၀ူးဝါးအော်ပြီး ခေါင်းကို တွင်တွင် ခါယမ်းလေသည်။ ထိုစဉ် အိမ်အပေါ်ထပ်တွင် ကြောင်များမှာ အခါမဟုတ် ကျယ်လောင်စွာ အော်ဟစ်ပြီး ၀ရုန်းသုန်းကားနိုင်လှအောင် ပြေးလွှားနေသည်။ စောစောက ဆန်မန်းပက်ခဲ့သည်မဟုတ်လော။
* ဘာဖြစ်တာလဲ… ဘာမြင်လို့လဲ …* * သားကို လျှာထုတ်ပြတယ်ဗျ။ လျှာက အရှည်ကြီးပဲ။ မျက်လုံးကလည်း ပြူးကျယ်နေတာပဲ။ သားကြောက်တယ် ကြောက်တယ် * * မကြောက်ပါနဲ့ကွာ မင်းမြင်ရတာ ဆက်ကြည့် ဘာဆက်မြင်ရလဲ * * ကြောင်တွေဗျ … * * မင်းအခု မြင်နေတာလား * * ဟုတ်ကဲ့ ဦးကျော်လက်ကနေ အဖြူရောင်အလင်းတွေ ထွက်လာပြီးတော့ ကြောင်တွေနောက်ကို လိုက်သွားတာမြင်တယ်။ ကြောင်တွေ အော်ပြီး ပြေးကုန်တာ * အမှန်တကယ်လည်း ထိုကြောင်များသည် အပေါ်ထပ်တွင် လူးလိမ့်အော်ဟစ်လျက်ရှိနေပါသည်။ ထိုသို့ဖြင့် ကိုကျော်ရှိန်မှ စောလင်းဗိုလ်အား ကုသပေးခဲ့လေသည်။ အိမ်မှာနေသော အခြားလူများကိုလည်း ပူးကပ်စေ၍လည်းကောင်း ဒီအတိုင်းကု၍ သော်လည်းကောင်း ကုသပေးလေသည်။ အချို့မှာ စာစီရလောက်အောင် မကောင်းလှ၍ မရေးတော့ပြီ။
တစ်ရက်တွင် ကိုကျော်ရှိန်နှင့် သူ၏အစ်ကိုတို့သည် ရွှေဘိုမြို့သို့ မနက်စောစော ခရီးထွက်လေသည်။ အခန်းတံခါးကိုလည်း ချက်ချပိတ်ခဲ့သည်။ ခရီးထွက်ရာတွင် စိတ်ထဲမှာတော့ သိပ်မရှင်းလှချေ။ မန္တလေးမှ စစ်ကိုင်းသို့ မရောက်သေးမှီပင် မျက်နှာချင်းဆိုင်မှ လာသော ကားကို ရုတ်တရက် ရှောင်လိုက်ရသည်က ၂ ကြိမ်ပင်ရှိသည်။ ကိုကျော်ရှိန်သည် ကားမောင်းလျှင် 60/70 ခန့်သာမောင်းလေ့ရှိ၍ အရှိန်မများလှသောကြောင့် ရှောင်တိမ်းနိုင်သည်။ သို့သော် ဖြစ်ချင်တော့ ရွှေဘိုမှ အပြန်တွင် ဘေးလမ်းမှ ပန်း၍ ၀င်လာသော ဆိုင်ကယ်သည် ကိုကျော်ရှိန်၏ကားကို နောက်မှ ၀င်တိုက်လေတော့သည်။ ကားကတော့ အနည်းငယ်နောက်ပိုင်းဆေးပွန်းသွားရုံမှလွဲ၍ ဆိုင်ကယ်သမားလည်း ဘာမှ မဖြစ်၍သာတော်တော့သည်။ ထိုသို့ဖြစ်ပြီးနောက် ကိုကျော်ရှိန်သည် သံသယ၀င်လာလေသည်။ မိမိကို ဘေးအိမ်ကလူကြီးကများ ဆော်နေပြီလားဟု …..
ကိုကျော်ရှိန် အိမ်သို့ မွန်းလွဲ ၂ နာရီခန့်တွင် ပြန်ရောက်သည်။ ခရီးပင်ပန်းလာ၍ အိပ်ယာပေါ်သို့ လှဲရန် ပြင်လိုက်သောအခါ အိပ်ယာပေါ်တွင် သဲများကို မည်သူက ဖြန့်ခင်းထားသည်မသိ။ ညီညာစွာဖြင့် ရှိနေချေတော့သည်။ စဉ်းစားသည်။ ကိုကျော်ရှိန် စဉ်းစားသည်။ ခင်းထားသည့် သဲများမှာလည်း လှဲအိပ်မည်ဆိုလျှင် ခါးနှင့် အထက်ပိုင်းတွင်သာ တစ်ပြင်လုံးဖြစ်သည်။ ခါးအောက်ပိုင်းနေရာများတွင် သဲမရှိချေ။ စာကလေးတွေများလား မော့ကြည့်သည်။ မဖြစ်နိုင် စာကလေးဆိုလျှင်လည်း မတော်တဆ ချီလာလျှင် သဲ ဆယ်ပွင့်စာပင် မချီနိုင်။ ကြွက်တွေကြောင့်လား ဒါလည်း မဖြစ်နိုင်ချေ။ သဲများသည် စုလိုက်လျှင် လက်တစ်ဆုပ်စာပင်ကျော်သည်။
မည်သို့ပင်ဖြစ်စေ ခရီးပန်းလာ၍ အနားယူချင်ပြီဖြစ်သော ကိုကျော်ရှိန်သည် ထိုသဲများကို လက်ဖြင့် ကျုံး၍ ဖယ်သည် အ၀တ်ဖြင့်ရိုက်ခါသည်။ ပြောင်လောက်ပြီအထင်ဖြင့် လှဲအိပ်လိုက်သောအခါတွင်မူကား ကိုကျော်ရှိန်၏ ကျောပြင်တွင် ပူလောင်စပ်ဖြင်း၍ ရှတတနိုင်သော အတွေ့အထိကို ခံစားလိုက်ရတော့သည်။ အမှန်မှာ ကိုကျော်ရှိန်၏ အခန်းအတွင်းသို့ ရန်သူမိစ္ဆာက ၀င်ရောက်ရန်ပြုသွားပေပြီ။ ကိုကျော်ရှိန် ခံလိုက်ရပြီ။ ကိုကျော်ရှိန်မှ သဲမန်းဆန်မန်းလုပ်၍ သူ့တပည့်များ ခံရခြင်းကြောင့် လက်စားခြေခြင်းသာ ဖြစ်ကြောင်း သိလိုက်ရလေသည်။ ဒါဖြင့် သဲမန်းဆန်မန်းလုပ်ထားသော်လည်း ထိုမိစ္ဆာ ၀င်သွားခြင်းမှာ အဘယ်ကြောင့်နည်း။ ထိုမိစ္ဆာသည် သူ့တပည့်များထက် သာလွန်သော ကမ္မစိဒ္ဓိရှင်ဖြစ်ပြီး သဲမန်းဆန်မန်းလောက်ကိုတော့ မမှုသောသူပင်ဖြစ်ရမည်။ ထိုနောက်တွင် ကိုကျော်ရှိန်၏ ဆရာကြီး အဘအောင် ရောက်ရှိလာပါတော့သည်။
တိုက်ပွဲကား ဇာတ်ရှိန်မြင့်လာချေပြီ။ ကိုကျော်ရှိန်မှ ထပ်တိုးတိုက်ခိုက်ခြင်းကို မပြုချေ။ ရန်မီးမပွားစေလိုသောကြောင့် ဖြစ်လေသည်။ သို့သော်ငြား ......
ဆက်ရန်>>
Post a Comment