••• မမေ့ရက်နိုင်ပါဘူး •••
အမှတ်စဉ် ၂၇ ဖြူ
`` ဟားးး လမင်းကြီးကလည်း သာလိုက်တာကွာ ရင်ထဲကို အေးနေတာပဲ ´´
`` အမယ် လသာတာကို ကြည့်ပြီး ဘာတွေ စိတ်ကူးနေလဲ ပြောစမ်း ကောင်မလေး ´´
`` ဟာ မမဖြူ ကလည်း ကူးပါဘူး မနက်ဖြန်ဆို လပြည့်ညရောက်တော့မယ်လေ အဲဒါ ပျော်တာပေါ့လို့ ´´
`` ဟေ ဘာလို့ ´´
`` ဟားး မမဖြူ က ဝေးရန်ကော လပြည့်ညဆိုတော့ သူငယ်ချင်းတွေနဲ့ဘုရားသွားမယ် မီးပုံးပျံ လွှတ်မယ်လေ ဟဲဟဲ ´´
`` အင်း ထင်တယ် ညည်းကတော့ ဒါပဲ ´´
`` ဟင့် မမဖြူ နော် ငယ်လေးက ဒါမလုပ်လို့ ဘာလုပ်ရမလဲလို့ ´´
`` အေးပါ ငယ်လေး ရယ် သွားပါ ဒါပေမယ့် မမ တစ်ခုမေးမယ် ´´
`` ဟုတ် မေးလေ ´´
`` သီတင်းကျွတ် လပြည့်နေ့မှာ လူတွေ ဘာလို့ မီးထွန်းကြတာလဲ သိလား ´´
`` ဘုရားကို ပူဇော်တာဆို ´´
`` အင်း ဒါဆို ပူဇော်ရတဲ့ အကြောင်းရင်းကို သိလား ´´
`` သိဘူးလေ ငယ်လေး က ခုမှ ကလေးပဲရှိသေးတာကို ´´
`` ဘာသာတရားနဲ့ ပတ်သက်လာ ရင် ကြီးတာ ငယ်တာ မဆိုင်ဘူး ငယ်လေး လူမှန်းသိတတ်ပြီ ဆိုကတည်းက ကိုယ်ကိုးကွယ်တဲ့ ဘာသာကို အခြေခံ သဘောလောက်တော့ သိသင့်တယ် ´´
`` ဟုတ် မမဖြူ ပြောပြလေ ငယ်လေး နားထောင်မယ် ´´
`` အင်း သီတင်းကျွတ် လပြည့်နေ့ဆိုတာ ဒို့ မြန်မာ ဗုဒ္ဓဘာသာ တွေရဲ့ အထွဋ်အမြတ် ထားရာ နေ့ထူးနေ့မြတ် တစ်ခု ပဲ ငယ်လေး ……
နောက်ပြီး မြတ်စွာ ဘုရားဟာ သူ့ရဲ့ မိခင် တော်စပ်ခဲ့ဘူးတဲ့ မယ်တော် သန္တုသိတ နတ်သားကို ကျေးဇူးဆပ်တဲ့ အနေနဲ့ တာဝတိံသာ နတ်ပြည် ပင်လယ်ကသစ် ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာပေါ်မှာ အဘိဓမ္မာ တရား ဟောကြားခဲ့တယ် ……
ဘုရား ရှင်ရဲ့ သတ္တမမြောက် ဝါဆိုတဲ့ နှစ် ဝါဆိုလပြည့် နေ့ နေမွန်းတည့် ချိန်က စပြီး ဟောခဲ့တာပေါ့ ……
အဲဒီ အဘိဓမ္မာ တရား ဟောကြားမှု့ဟာ သီတင်းကျွတ်လပြည့် ညနေ နေဝင်ချိန်မှာ ပြီးဆုံးခဲ့တယ်တဲ့ ´´
`` ဟုတ်ကဲ့ မမဖြူ ´´
`` မြတ်စွာ ဘုရား တရားဟော ပြီး ပြန်လာတဲ့ အချိန်မှာ သိကြားမင်းနဲ့ နတ်တွေ ဗြဟ္မာတွေက ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်း တွေကနေ ဆီမီးတွေနဲ့ ပူဇော် ကန်တော့ ခဲ့ကြတယ် ……
မမ တို့ လူ့ပြည်ကလဲ ဘုရားရှင်ကို ကြိုဆိုတဲ့ အနေနဲ့ မီးထွန်းပွဲ ပြုလုပ်ပြီး ကြိုဆိုကြတာ အခုထိပဲပေါ့ ငယ်လေး ´´
`` မြတ်စွာဘုရားရှင်က မိခင်ကို တရားဟောပြီး ကျေးဇူးဆပ်ခဲ့သလို မမ တို့ လူသားတွေကလည်း မိဘ ဆရာ အဘိုး အဘွား စတာတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ စားစရာ ပစ္စည်း အမျိုးမျိုးနဲ့ ကန်တော့ တဲ့ ဓလေ့လေးဟာလည်း ဖြစ်ပေါ်လာခဲ့တယ် ´´
`` ဘုရားတန်စောင်း တွေမှာလည်း ဆီမီးတစ်ထောင် ဆိုပြီး မီးပူဇော်ကြတယ် ……
ဘုန်းတော်ကြီးကျောင်းတွေမှာ ပဝါယနာ တင်ပွဲ တွေ ပြုလုပ်ကြတယ် ´´
`` နေရာအနှံ့မှာ ကိုယ့်ဒေသ အလိုက် ကုသိုလ်ကောင်းမှု့တွေ ပြုလုပ်ကြတယ် ……
အဘိဓမ္မာ တရားတွေကို နာယူကြတယ် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့လို့လည်း ခေါ်သေးတယ် ……
ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ဟာ အပျော်သက်သက် မီးထွန်းရတဲ့ နေ့မဟုတ်ဘူး ငယ်လေး ´´
`` ဟုတ်ကဲ့ သိပါပြီ မမဖြူ ´´
`` အေးအေး ညလဲနက်ပြီဆိုတော့ ငယ်လေးသွား အိပ်တော့လေ ´´
`` ဟုတ် ´´ဟုပြောကာ ငယ်လေး အိမ်ထဲဝင်သွားသည် ။
ကျွန်မကတော့ ဝင်းပနေသော လမင်းကြီးကို ကြည့်ကာ ဆက်၍ထိုင်နေမိသည် ။
ငယ်လေးက ကျွန်မရဲ့ ညီမဝမ်းကွဲလေး ဖြစ်ကာ ခုမှ ၁၆ နှစ်သာ ရှိသေးတာမို့ ဘာမှ မသိတတ်သေးပေ ။ အင်းပေါ့လေ ဒို့ငယ်ငယ်ကလဲ ဒီလိုပါပဲ ဘာမှနားမလည် သီတင်းကျွတ် လပြည့်ညဟေ့ ဆိုတာနဲ့ ဘုရားဖူး အကြောင်းပြကာ သူငယ်ချင်းများနဲ့ အတူ လည်ပတ်၍ ညမှောင်သော အခါ မီးပုံးပျံများ မီးရှုးပန်းများနှင့် ပျော်ပါး ခုန်ပေါက်ခဲ့တာပဲလေ ။
ခုတော့ အသက်လေးကလဲ နှစ်ဆယ်ကျော် အစိတ်ပိုင်းမို့ တည်ငြိမ်ရင့်ကျက်စပြုလာသည်နှင့် အမျှ အစစ အရာရာ တွေးခေါ်ဆင်ခြင်တတ်လာသည် ။
အခုလို သီတင်းကျွတ်လပြည့်နေ့နဲ့ အခါကြီးရက်ကြီးတွေမှာဆို အရင်က အပျော်ဖက်နေခဲ့သလောက် ခုဆို ကုသိုလ်ဖြစ်မယ့် အလုပ်တွေကို ရှာဖွေ ယူတတ်ပြီ ။
လူကြီးမိဘ တွေကို ကန်တော့ ရာမှာလဲ ကန်တော့တာက နောက် မုန့်ဘိုးကအရင် ဆိုတာမျိုး လုပ်ခဲ့ဘူးတယ် ။
ခုတော့ ဘိုးဘွားမိဘ ဆရာသမားတွေကို စိတ်ထဲကနေ ဦးညွှတ်ပြီး ရိုရိုသေသေနဲ့ လက်ဆယ်ဖြာမိုး ရှိခိုးတတ်နေပြီ ။
အသိဥာဏ်တွေလည်း တိုးပွားခဲ့သလို အသက်ကလည်း တစ်နှစ်ပြီး တစ်နှစ်ကြီးလာပြီကိုး ။
ကြီးကြီးကျယ်ကျယ် တရားသဘောနဲ့ ပြောရမယ်ဆိုရင်တော့ အသက် တစ်နှစ် ကြီးလာတော့ တစ်နှစ်အိုလာပြီပေါ့လေ ။
ဝိုင်းဝိုင်းစက်စက် နဲ့ ဝင်းပနေတဲ့ လမင်းကြီးကို မော့ ကြည့်ကာ လေကို အားရပါးရ ရှုသွင်းလိုက်သည် ။ အားး စိတ်ထဲကို လန်းဆန်းသွားတာပဲ ။
မနက်ဖြန်ဆို လပြည့်နေ့ ရောက်ပြီမို့ ကျွန်မလည်း ပျော်ပါသည် ။
သီတင်းကျွတ် လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတိုင်းရဲ့ နေ့ထူးနေ့မြတ် များစွာ ထဲက ကုသိုလ်တွေ ထုံမွှမ်းနေတဲ့နေ့လေးတစ်နေ့ ပဲလေ ။
မနက်လင်းပြီဆိုတာ နဲ့ အိမ်ရှေ့လမ်းပေါ်မှာ ဘုရားဖူးသွားသူတွေနဲ့ ရှုပ်ရှက်ခတ်နေမယ် ။
အိမ်တိုင်းမှာလဲ မီးပုံးလေးတွေ ချိတ်ဆွဲထားကြမယ် ။
ညနေစောင်းတာနဲ့ ရပ်ကွက်ထဲ ဟိုနေရာက သည်နေရာက အို …… ဘုန်းတော်ကြီးကျောင်းက စသဖြင့်ပေါ့ တရားသံတွေ ဝေစည်လာတော့မယ် ။
အိမ်လေးတွေဆီကနေ မီးတွေ စပြီး ထွန်းကြလိမ့်မယ် ။
ဗျောက်အိုး ဖောက်တဲ့ အသံတွေကလည်း တိုးတိုး ရော ကျယ်ကျယ်ပါ စုံနေအောင် ကြားရလိမ့်မယ် ။
ဘုန်းတော်ကြီးကျောင်း နဲ့ ဘုရားဝင်းထဲမှာလဲ ဆီမီးတစ်ထောင် ပူဇော်ပွဲတွေ ပြုလုပ်ကြလိမ့်မယ် ။
ညဟာ တိတ်ဆိတ်မနေပဲ အဘိဓမ္မာ တရားသံတွေနဲ့ ဝေစည်နေလိမ့်မယ် ။
လူတွေကလည်း မီးရောင်စုံ ထွန်းပြီး ဘုရားကို ကြိုဆိုကြလိမ့်မယ် ။
ကြယ်လေးတွေက လည်း တစ်လက်လက် တောက်ပနေလိမ့်မယ် ။
ဟိုမှ သည်မှ လွှတ်တင်လိုက်တဲ့ မီးပုံးပျံလေးတွေ လည်း ရှိနေမယ် ။
ကောင်းကင်ပေါ်က လမင်းကြီးလည်း အစွမ်းကုန် သာနေလိမ့်မယ် ။
ဟားးးး တွေးနေရင်းကို စိတ်ထဲကြည်နူးရပါလား …
ဒါပေါ့လေ သီတင်းကျွတ် လပြည့်နေ့ဆိုတာ မြန်မာတစ်မျိုးသားလုံး အတွက် အထွဋ်အမြတ် ထားရာ နေ့တစ်နေ့ပဲလေ ။
မရောက်ခင်မှာ ကြိုတွေးပျော်မိသလို ကုန်လွန်သွားပြန်ရင်လဲ တသသနဲ့ မမေ့နိုင်တဲ့ နေ့လေးပေါ့ ။
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာ တရားတွေကို နာယူမှတ်သားကြရင်း ကျွန်မတို့ မြန်မာ လူမျိုးတွေအတွက် ကမ္ဘာတည်သ၍ ဘယ်တော့မှ မမေ့သင့် တဲ့ မမေ့ရက်နိုင်တဲ့ နေ့လေးတစ်နေ့ပဲမဟုတ်လား ။
`` ဟဲ့ သမီးရေ ဖြူ ညနက်ပြီလေ ဘာလုပ်နေလဲ လာအိပ်တော့ ´´
အဲတော့ ခြံထဲမှာ လကိုမော့ငေးပြီး အတွေးလွန်နေတဲ့ ကျွန်မကို မေမေ အော်ခေါ်နေပြီ
`` ဟုတ် လာပြီ မေမေရေ ´´
အိမ်ထဲသို့ အပြေးလေး ဝင် သွားလိုက်မိသည် ။ အိမ်ပေါက်တံခါး မပိတ်ခင် လမင်းကြီးကို တစ်ချက်ကြည့်လိုက်ပြီး မနက်ဖြန်ည ဆိုလျှင် ကောင်းကင်ပေါ်မှ နတ်ဗြဟ္မာ များစွာခြံရံလျက် ဆင်းသက်လာမည်ဖြစ်သော ဘုရားရှင်အား စိတ်ဖြင့်မှန်းဆကြည်ညိုကာ မြန်မာ ဗုဒ္ဓဘာသာ လူမျိုးအားလုံးရဲ့ အထွဋ်အမြတ် ထားရာ နေ့လေးတစ်နေ့ ရောက်လာအုံးတော့မှာပါလားဟု ပီတိများစွာ ဖြင့် တွေးရင်းး
ဖြူ
May Myanmar
အညာသူမို့ အညာဒေသ ကို အခြေခံရေးခြင်း ဖြစ်သောကြောင့် မြို့က ဓလေ့များနဲ့ ကိုက်ညီမှု့ မရှိခဲ့ရင် နားလည်ပေးစေလိုပါတယ် ။
တင်ဆက်သူ ရာဟုသား
Admin စနိုး
Post a Comment