မမေ့ရက်နိုင်ပါဘူး
*************
အမှတ်စဉ် ၃၀
ရေးသားသူ - ပွင့်ခရေဦး /မေလေး
အပိုင်း (၁)
ရောင်စုံမီးပုံးများချိတ်ဆွဲထားတဲ့ ဝရန်တာပေါ်မှနေ၍ ရုပ်ရည်ပျေပြစ်ပြီးဆွေးရိပ်သန်းနေတဲ့မျက်နှာပိုင်ရှင်နဲ့ အသက် ၃၅ နှစ်အရွယ်လူလတ်ပိုင်းတစ်ယောက် လမ်းမပေါ်က ကိတ်မုန့်ဘူးကိုယ်စီပိုက်လို့ပျော်နေတဲ့ ကလေးတွေကိုကြည့်ရင်း ပြုံးနေပေမယ့် သူ့မျက်လုံး သူ့မျက်နှာပေါ်တွင် သတိရလွမ်းဆွတ်မှု နာကျင်မှုမျာက အထင်းသားမြင်နေရသည်။ ထိုသူကား "မေတ္တာရှင်" မုန့်တိုက်ပိုင်ရှင် လူပျိုကြီး ဦးရာဇာ ဖြစ်သည်။ အေးချမ်းလှတဲ့ခုလိုသီတင်းကျွတ်အဖိတ်နေ့ညနေ အချိန်ရောက်တိုင်း ဦးရာဇာ မပျော်နိုင်။ သူ့စိတ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ဆီသို့....ပြန်လှည့်သွားနေသည်။
တောင်ကြီးမြို့ရဲ့ မူလတန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားများ ပထမနှစ်ဝက်စာမေးပွဲ၏ နောက်ဆုံးနေ့ကိုဖြေဆိုနေကြသည်။ တစ်ချို့ကျောင်းသူကျောင်းသားများစာမေးပွဲဖြေနိုင်၍ ပျော်နေကြသည်။ တစ်ချို့ ခဲတံလေးကိုက်လို့ငိုင်နေကြသည်။ ထိုအထဲတွင် စတုတ္ထတန်းကျောင်းသား ရာဇာ အပါအဝင်ဖြစ်သည်။ ရာဇာ ငိုင်နေသည်မှာ စာမရ၍မဟုတ်။ စာကိုအမှတ်ပြည့်နီးပါးဖြေပြီးနေပြီ။ သူငိုင်နေတဲ့အကြောင်းကတော့ မနေ့ညနေကျောင်းမဆင်းခင် အတန်းခေါင်းဆောင် ထွန်းထွန်း ပြောလိုက်တဲ့ စကားကြောင့်ပင်။ "မနက်ဖန်ကျောင်းကဆရာမတွေကို ကန်တော့ကြရအောင် ကိုယ့်မုန့်ဖိုးထဲကပိုက်ဆံဖြစ်ဖြစ် ဝယ်ထားတဲ့ ကိတ်မုန့်ဖြစ်ဖြစ်ယူခဲ့ကြဟေ့ "
" ဟေ့ ပျော်စရာကြီးပဲ တို့ဆရာမကြိုက်တဲ့ ကိတ်မုန့်ဝယ်ခဲ့မယ်"
"ဆရာမအတွက် ပိတ်စဖြူလေး ဝယ်ထားပြီးသား" စသည်ဖြင့် တစ်ခန်းလုံးဆူညံသွားသည်။
ခေါင်းငုံ့လို့ ငိုင်နေတာတော့ အတန်းထဲမှာစာအတော်ဆုံးကျောင်းသားလေး ရာဇာပေါ့။
စာမေးပွဲအချိန်ပြည့်လို့ ကျောင်းသားတွေအတန်းထဲကထွက်လာပြီး မနက်ဖြန်အတွက် တစ်ယောက်တစ်ပေါက်ပြောနေကြပြီ။ ရာဇာ အတန်းရှေ့ဝရန်တာမှာရပ်ပြီး ဈေးဗန်းခေါင်းရွက်ပြီး မနက်စောစောတစ်လမ်းဝင်တစ်လမ်းထွက်ဟင်းရွက်စုံလှည့်ရောင်းနေရရှာတဲ့ မုဆိုးမအမေဆီက ကိတ်မုန့်ဖိုးလေး ဘယ်လိုတောင်းရမလဲတွေးနေသည်။
ထိုအခိုက်...."သား ရာဇာ ဆရာမနောက်လိုက်ခဲ့ပါအုံးကွယ်" ဆိုပြီးရှေ့ကနေ နားနေခန်းဘက်လျှောက်သွားတဲ့ ဆရာမနောက်ကို ရာဇာ လိုက်လာခဲ့သည်။ "သား ထမင်းစားပြီးပြီလား"
"မစားရသေးဘူး ဆရာမ "
"လာ ဆရာမ ထမင်းအများကြီးထည့်လာတယ် ဆရာမလည်းစားပြီးပြီ သားစားလိုက်တော့နော် "
"ဟုတ်ကဲ့ ဆရာမ"
မနက်တိုင်း ဗူးသီးကြော် ၂ခု နဲ့စခန်းသွားနေရတဲ့ ရာဇာ ဟန်မဆောင်တော့ဘဲ ထမင်းချိုင့်ကိုယူကာ ခပ်သုတ်သုတ်စားလိုက်သည်။ ဒါ နေ့တိုင်းသူစားနေကျပဲလေ။ ဆရာမလည်း အမြဲချန်ထားနေကျ။ ထမင်းစားပြီး နားနေခန်းတွင်တံမျက်စည်းလှဲပေးနေခိုက် ဆရာမခေါ်သံကြောင့် စားပွဲဆီလျှောက်သွားလိုက်သည်။
"သား ရာဇာ နေမကောင်းဘူးလား မနက်ကတည်းက မျက်နှာလည်းမကောင်းဘူး"
"သား နေကောင်းပါတယ် ဆရာမ ဘာမှမဖြစ်ပါဘူး"
"သား မနက်ဖြန်အတွက် စိတ်အားငယ်နေတာလား အားငယ်စရာမလိုဘူးနော် သားတို့တွေ ဒီအတိုင်းလက်ဆယ်ဖြာမိုးကန်တော့လည်း ဆရာမတို့အတွက် ပီတိဖြစ်ရတာပဲ"
"သားက အတန်းထဲမှာ စာအတော်ဆုံ အလိမ္မာဆုံးကျောင်းသားဖြစ်နေတာကိုကဆရာမတွေအတွက် ကန်တော့ပစ္စည်းအကောင်းဆုံးပဲမို့ အားမငယ်ရဘူးနော်"
"ဟုတ်ကဲ့ဆရာမ"
"အေး အေး ဆရာမတပည့်က လိမ္မာပြီးသားပါကွယ် "
"စာသာကြိုးစား ဆင်းရဲချမ်းသာဆိုတာ တစ်ချိန် အသက်ကြီးလာရင်ကိုယ်တိုင်ဖန်တီးလို့ရတယ် "
" ခုချိန်ဘာမှအားငယ်မနေပဲ စာသာကြိုးစားနော် သား"
မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့ "ဟုတ်ကဲ့ပါ ဆရာမ " လို့သာ ရာဇာ ပြန်ပြောခဲ့သည်။
အပိုင်း (၂)
ဒီလိုနဲ့ ရာဇာတစ်ယောက် တစ်နှစ်မှ သီတင်းကျွတ်တိုင်း ကိတ်မုန့်ဝယ်လို့ဆရာမတွေကို မကန်တော့နိုင်ခဲ့။
ဘဝပေးအခြေအနေကြောင့် မုန့်ဖိုးဆိုတာ အမေနဲ့သူ့အတွက် ဆန်ဖိုးလောက်အရေးမပါခဲ့။ ရာဇာ ဆယ်တန်းထိ အမေပင်ပန်းကြီးစွာကျောင်းထားပေးခဲ့သည်။ ဆယ်တန်းဖြေပြီးမကြာမီပင်ပန်းဆင်းရဲတဲ့ဒဏ်နဲ့ ရာဇာရဲ့တစ်ဦးတည်းသော အားကိုးရာ အမေဆုံးသွားခဲ့သည်။ အောင်စာရင်းထွက်ချိန် ရာဇာ ဂုဏ်ထူး ၃ ဘာသာနဲ့အောင်တာ အမေ သိမသွားရှာ။
ထိုအချိန်မှစ ကြုံရာလုပ်ရင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်ဝမ်းကိုယ်ကျောင်းရင်း အဝေးသင်တက်ခဲ့ရသည်။ ရာဇာ အလုပ်လုပ်နေတဲ့ မုန့်တိုက်ပိုင်ရှင်ကလည်း ရိုးသားကြိုးစားတဲ့ ရာဇာကိုချစ်သည်။ ရာဇာ ဘွဲ့ရတော့ အလုပ်ရှင်သူဌေး မုဆိုးဖိုကြီးက မွေးစားလိုက်သည်။ သူဌေးသားဖြစ်သွားပေမယ့် ရာဇာမှာ အလုပ်ကိုသာကြိုးစားပြီး ဘဝမမေ့ခဲ့။
မုန့်တိုက်ကိုလည်းပိုပြီးတိုးပွားအောင်မြင်အောင်လုပ်နိုင်ခဲ့သည်။ ဘွဲ့ရပြီးအသက် ၂၀ ပြည့် သီတင်းကျွတ်ကစလို့ ယခု ၃၅ နှစ်ထိ နှစ်စဉ်မပျက်ခဲ့တဲ့အလုပ်တစ်ခုကတော့ ရပ်ကွက်ထဲက ကလေးတိုင်းကို ခုလို ကိတ်မုန့်အလှူဒါနပြုခြင်းပင်။ ကိတ်မုန့်ဖိုးမတတ်နိုင်လို့ မိဘ ဆရာသမားတွေကို မကန်တော့နိုင်ခဲ့တဲ့ ငယ် ဘဝကိုအောက်မေ့ရင်း ခုလိုဘဝတူ ကလေးတွေကို သူ့လိုစိတ်ဆင်းရဲ စိတ်အားငယ်မှုမကြုံစေဖို့ အလှူဒါနပြုခြင်းဖြစ်သည်။
အပိုင်း (၃)
လမ်းမပေါ်မှ ကိတ်မုန့်ကိုယ်စီနဲ့ကလေးတစ်သိုက်၏ ပျော်ပျော်ရွှင်ရွှင် ရီသံကြောင့် ဝရန်တာမှာရပ်ကာ ငယ်ဘဝဆီအတွေးရောက်နေတဲ့ ဦးရာဇာ ကလေးတွေကို လက်ပြနှုတ်ဆက်လိုက်သည်။ ဘဝတွေကပြောင်းသွားပေမယ့် မမေ့ရက်နိုင်တဲ့ ငယ်ဘဝက ပင်ပန်းကြီးစွာပြုစုစောင့်ရှောက်ကာ ပညာသင်စေခဲ့တဲ့ အမေနဲ့ အမြဲကျောင်းကို ထမင်းချိုင့်ထည့်မလာနိုင်တဲ့ သူ့ကို ပညာဒါနအပြင် အဟာရဒါနပြုပေးခဲ့တဲ့ ဆရာမတွေကိုသတိရနေမိသည်။ နောက်နှစ်လည်း ခုလိုခံစားမှုမျိုးကြုံအုံးမှာပါလားလို့ရေရွတ်ကာ"ဟင်း" ခနဲ သက်ပြင်းချ အိမ်ထဲဝင်သွားလေတော့သည်။
ပွင့်ခရေဦး/မေလေး
တင်ဆက်သူ Admin စနိုး
Post a Comment