အားလုံးသတိထားရမည့် အန္တရာယ်တစ်ခု
ယနေ့ကမ္ဘာမှာ ခေတ်စားလာတဲ့ မှုခင်းတစ်မျိုးကတော့ Online Sex Chat ကြောင့် ငွေညှစ်ခံ၊ ခြိမ်းခြောက်ခံနေရတဲ့ မှုခင်းဖြစ်ပါတယ်။
ဒီလို အခြိမ်းခြောက်ခံရပြီး အရှက်နဲ့အကြောက်တရားကြောင့် ကိုယ့်ကိုယ်ကို သတ်သေကြသွားတဲ့ ဖြစ်ရပ်တွေ ကမ္ဘာမှာ အမြောက်အများ ရှိနေခဲ့ပြီးဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ဒီလိုအမှုတွေ တစ်စတစ်စ တိုးပွါးလာနေပါပြီ။ လူမှုကွန်ယက်တွေပေါ်မှာ ကိုယ်တွေ့ဖြစ်ရပ်များကို မကြာခဏ မြင်တွေ့နေရပြီ။
Social Network လို့ခေါ်တဲ့ လူမှုဆက်သွယ်ရေးကွန်ယက်များဖြစ်တဲ့ Facebook, Viber, LINE, Twitter, Yahoo စသည်တို့ကို အသုံးချပြီး မိန်းကလေးများရဲ့အရှက်ကို အကြောင်းပြကာ ချိန်းခြောက်မှုများကြောင့် ဘ၀ပျက်သွားကြတဲ့ မိန်းကလေးပေါင်း ထောင်ပေါင်းမက ရှိနေပါတယ်။ အခုအခါမှာတော့ မိန်းကလေးဘက်ကနေ ယောက်ျားလေးများကို အကွက်ဆင်ပြီး ပြန်လည်ငွေညစ်တဲ့အမှုတွေလည်း ခေတ်စားလာပါပြီ။
ဒီလိုကိစ္စတွေ အများဆုံးဖြစ်ပေါ်နေတာကတော့ ဖွံ့ဖြိုးခါစ အာရှနိုင်ငံများမှာ အများဆုံး ဖြစ်ပေါ်နေပါတယ်။ လာအိုနိုင်ငံက ထိပ်ဆုံးမှာရှိနေပြီး မြန်မာ၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘင်္ဂလာဒေ့ရှ်နဲ့ အိန္ဒိယတို့မှာလည်း ဒီလိုကိစ္စတွေ တိုးပွါးလာနေပါတယ်။
အနောက်နိုင်ငံများနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးများကတော့ Cyber Law ဥပဒေနဲ့ ကောင်းစွာထိန်းချုပ်ထားနိုင်သလို လူတိုင်းနီးပါးဟာလည်း ပညာတတ်ကြပြီး အကြောက်တရားကင်းကြတဲ့အတွက် ဒီအမှုတွေ အလွယ်တကူ မဖြစ်ကြပါဘူး။ လူတစ်ယောက် ဖုန်းနံပါတ်တစ်ခု၊ ID တစ်ခုသာ ပုံသေကိုင်ထားရတဲ့အတွက် ဘယ်သူမှ မကျူးလွန်နိုင်တော့ဘူး။
Sex Chat ဆိုတာ ဘာလဲ?
လူလိမ်လူညာတွေက အကောင့်အတုကို နာမည်အမျိုးမျိုးနဲ့ လုပ်ထားမယ်။ မိန်းကလေးပုံ တင်ထားမယ်။ တွေ့သမျှ မိန်းကလေးတိုင်းကို ခင်မင်အောင် လိုက်ပြီး မိတ်ဆက်စကားပြောလိမ့်မယ်။
ခင်မင်ရင်းနှီးလာပြီဆိုရင် စိတ်ထဲက ခံစားမှုအတိုင်း ပျော်စရာဖြစ်ဖြစ်၊ စိတ်ညစ်စရာဖြစ်ဖြစ် ရင်ဖွင့်ကြမယ်။ ဓါတ်ပုံချင်းလည်း ပြကြမယ်။ သူ့ဘက်က ဓါတ်ပုံရဖို့ ဒီဘက်ပုံကို အရင်ပေးမယ်။ (သူများပုံကို ကူးယူထားပြီး အလိမ်အညာလုပ်ထားမယ်) ဟိုဘက်က မိန်းကလေးက အချင်းချင်းပဲဆိုပြီး ယုံကြည်စိတ်ချစွာနဲ့ ကင်မရာပါဖွင့်ပြီး စကားပြောပေးမယ်။ လိုချင်တဲ့ပုံကို ဟိုကစိတ်ကြိုက် ရိုက်ယူသွားမယ်။
ပြီးတော့ ရည်းစားအကြောင်း၊ ချစ်သူအကြောင်းတွေ ပြောလာမယ်။ အဲဒီကနဲ့တဆင့် သူငယ်ချင်းရယ် ငါ့ရင်သားက သေးလို့ ချစ်သူကို ပြရမှာ ရှက်တယ်။ ရင်သားကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေ စမေးလာမယ်။ အပြန်အလှန်ပြကြမယ်။ တဖြေးဖြေးနဲ့ အောက်ပိုင်းတွေပါ ပါလာမယ်။ ဓါတ်ပုံတွေ ရိုက်ယူထားမယ်။ ဒါက မိန်းကလေးဟန်ဆောင်ပြီး လိမ်တဲ့အကွက်။
နောက်တစ်မျိုးကတော့ ယောက်ျားမိန်းမ စိတ်ထစေမယ့် စကားလုံးလေးတွေ သုံးပြီး အပြန်အလှန် Chat ကြမယ်၊ မျက်နှာမပါအောင် ဗီဒီယို Chat ကြတယ်၊ နောက်တော့ ရင်းနှီး စိတ်ဝင်စားလာကြပြီး မျက်နှာချင်းမြင်ပြီး Chat ကြတယ်။ Sex Chat ပေါ့။ ဒီခေတ်မှာ ဖုန်းတိုင်းနီးပါးမှာ ကင်မရာက အတင့်ပါပြီးသားဆိုတော့ လူအလစ်မှာ အလွယ်တကူ Chat နိုင်ကြပြီလေ။
ဘယ်လိုငွေညစ်တာလဲ၊ ဘယ်လိုခြိမ်းခြောက်တာလဲ?
သူလိုချင်တဲ့ မိန်းကလေးများရဲ့အရှက်ပေါ်နေတဲ့ ပုံများ၊ ဗီဒီယိုများကို ရိုက်ယူထားပြီး ငွေတစ်သောင်း၊ ငွေတစ်သိန်း၊ ၁၀ သိန်း လွဲပေးလိုက်ပါ။ မလွဲပေးရင် နင့်ပုံကို ညစ်ညမ်းတဲ့ ၀က်ဆိုက်၊ ဘလော့ဂ်၊ Porn ဆိုက်၊ Porn Page များပေါ်ကို တင်ပစ်မယ်၊ နာမည်ကြီးအောင် လုပ်ပစ်မယ်၊ အိမ်ထဲအိမ်ပြင်မထွက်ရဲအောင် လုပ်လိုက်မယ် စသဖြင့် ခြိမ်းခြောက်လိမ့်မယ်။ ဒီနည်းအတိုင်းပဲ မိန်းကလေးတွေကလည်း ယောကျာ်းလေးတွေကို ပြန်လုပ်ကြပါတယ်။
အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတွေဟာ မရှက်မကွဲချင်တော့ တောင်းတဲ့ငွေကို
ပေးလိုက်ကြတယ်။ မပေးနိုင်တဲ့သူကျတော့ အကြီးအကျယ်စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကို အဆုံးစီစဉ်ကြတယ်။
ဘယ်လို သတိထားရမလဲ?
ကိုယ်နဲ့မသိပဲနဲ့ လာပြီး Hi, Hello, ခင်ချင်လို့၊ ဘယ်ကလဲ စသဖြင့် အသားလွတ် လာကြောင်ရင် ပြန်မပြောပါနဲ့။ အားနာပြီးလည်း တစ်ခုခု ပြန်မရေးလိုက်နဲ့။ သူ့အကောင့်ကို အရင်လေ့လာကြည့်ပါ။ ပုံအစစ်အမှန် တင်ထားတဲ့သူလား၊ အတုလားဆိုတာ သိအောင် အရင်လုပ်ပါ။
ယုံကြည်စိတ်ချရမှ ပြန်ပြောပါ။ မိန်းကလေးနာမည်နဲ့ မိန်းကလေးပုံ တင်ထားတိုင်းလည်း မယုံကြပါနဲ့။
ကိုယ့်အကောင့်ပေါ်မှာ ပုံတင်ရင်လည်း လူတိုင်းဝင်ကြည့်၊ ၀င်ယူလို့ရတဲ့ Public ဖွင့်မထားနဲ့။ Friend ပဲ လုပ်ထားကြပါ။
ကိုယ့်ပုံကို Save ယူထားပြီး ဘယ်မှာတင်လိုက်မယ်၊ ဘာလုပ်မယ် ညာလုပ်မယ်ပြောပြီး ငွေညစ်လာတိုင်းလည်း အကြောက်လွန်ပြီး မပေးလိုက်နဲ့။ သူ့နံပါတ်ကို မှတ်သားထားပါ။ Screen Shot လုပ်ထားပြီး နည်းပညာကျွမ်းကျင်တဲ့ သူငယ်ချင်းများနဲ့ တိုင်ပင်ပါ။ အဲဒီလူလိမ်ကို ၀ိုင်းပြီး ဖော်ထုတ်ဖို့ ပြန်ကြိုးစားပါ။
Cyber Law နဲ့ ချက်ချင်းအရေးယူပေးနိုင်မယ့် Call Center များ ပီပီပြင်ပြင် မရှိသေးတဲ့ မိမိတို့တိုင်းပြည်မှာ ကိုယ့်အန္တရာယ်ကို ကိုယ်တိုင်ပဲ ကာကွယ်ထားနိုင်မှ တော်ရာကြမယ်။
Viber, Facebook တို့ကို အခုမှစတင်အသုံးပြုကြတဲ့ မိန်းကလေးများ ဘ၀ပျက်မယ့်အန္တရာယ်နဲ့ မကြုံတွေ့ရခင် ကြိုတင်သတိထားနိုင်ကြပါစေ။
စောနွဲ့ နေဆိုင် - ပူတာအို
Post a Comment