‌ခေတ်‌ကာလမိဘ‌တွေဟာ လိမ်‌တက်‌ပါတယ်

ခေတ်ကာလမိဘတွေဟာ လိမ်တတ်ပါတယ်...

မြို့မှာ အလုပ်တက်လုပ်တဲ့ သားက
နယ်မှာကျန်ခဲ့တဲ့ အမေကို လှမ်းမေးတယ်
အမေနေကောင်းလားတဲ့...

အမေလုပ်သူကပြန်ဖြေတယ်
သား အမေနေကောင်းပါတယ်
အမေ့အတွက် ဘာမှစိတ်မပူနဲ့
သားပဲ နေကောင်းအောင်နေနော်တဲ့...

သားလုပ်သူက ပြန်ပြောတယ်
အမေနေကောင်းတယ်ဆို ပြီးရောလေတဲ့...

တကယ်က အမေနေမကောင်းပါဘူး
မကောင်းတာမှ တော်တော်မကောင်းပါဘူး
ဆရာဝန်က မြို့ပေါ်သွားပြီး ဆေးရုံတက်ပါတဲ့
အိမ်သားတွေက သားကိုအကြောင်းကြားပြီး
လိုက်သွားမလား ဒါမှမဟုတ်
သားကို တွေ့ဖို့ ဒီကိုခေါ်ပေးရမလားတဲ့...

အမေလုပ်သူက နွမ်းနွမ်းလျလျ တားရှာတယ်
မြို့ပေါ်ပဲလိုက်သွားသွား ဒီကိုပဲခေါ်ခေါ်
သူ့သား အလုပ်ပျက်မယ်
သူ့သား ပိုက်ဆံကုန်မယ်
သူ့သား စိတ်မကောင်းဖြစ်မယ်
အဲ့လိုတော့ အဖြစ်မခံနိုင်ဘူး
သူပဲကြိတ်မှိတ်ခံမယ် သူ့သား ဘာမှမသိစေရတဲ့
အားလုံးကို ဖုံးဖိထားရှာတယ်...

နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့
သားဖြစ်သူက အဖေ့ကို လှမ်းမေးတယ်
အဖေ ပိုက်ဆံအဆင်ပြေလားတဲ့...

အဖေလုပ်သူက ပြန်ဖြေတယ်
အဖေ အဆင်ပြေပါတယ်သားတဲ့
အဖေ့ပင်စင်နဲ့တင် လောက်ငရုံမကလို့
ပိုတောင် ပိုပါသေးတယ် သားရယ်တဲ့...

သားလုပ်သူ ပြန်ပြောတယ်
အဖေအဆင်ပြေရင် ပြီးတာပါပဲတဲ့...

တကယ်က အဖေအဆင်မပြေပါဘူး
တော်တော်ကျပ်တည်းနေပါတယ်
ပင်စင်လစာလေးနဲ့တင်
တစ်လတစ်လ အိမ်လခပေးရတာနဲ့
စားရတာနဲ့ သောက်ရတာနဲ့
ကျန်းမာရေးအတွက် ခြေစောင့်လက်စောင့်ထားရတာနဲ့
တော်တော့ကိုရုန်းကန်နေရတာပါ...

ဒါပေမဲ့ သားလုပ်သူ ရပ်ဝေးမြေခြားမှာ
ရှာလို့ရသမျှ သူ့ဘဝအတွက် စုနိုင်ပါစေ
သူ့မိသားစုအတွက် ထောက်ပံ့နိုင်ပါစေ
သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ပါစေနဲ့ဆိုပြီး
သားမရိပ်မိအောင် ဟန်ဆောင်ပြလို့
ချောင်လည်သယောင် ဆောင်နေခဲ့တာပေါ့...

အိမ်ထောင်ကျလို့ တစ်အိုးတစ်အိမ်ထူထောင်ပြီး
အိမ်ခွဲနေတဲ့ သမီးလုပ်သူက
တစ်ရက် အမေ့အိမ်ကို သွားတော့
အမေလုပ်သူက ထမင်းစားနေတယ်
စားနေတာက ဆီမပါ ပြားမပါ အသားမပါ ငါးမပါနဲ့
ခြောက်ကပ်ကပ် ညှိုးရော်ရော် ချို့တဲ့တဲ့...

ဒီတော့ သမီးလုပ်သူက မေးရှာပါတယ်
အမေ ထမင်းစားတာ အသားဟင်းမပါဘူးလား
ဒါတွေနဲ့ စားတော့ အမေ အာဟာရဖြစ်ပါ့မလားတဲ့...

အမေလုပ်သူက ပြန်ဖြေတယ်
အသားဟင်းတွေလည်း စားချင်စိတ်မရှိပါဘူး သမီးရယ်
အမေဒီနေ့ ဒီလိုလေးပဲ စားချင်လို့ပါ
ခါတိုင်းရက်တွေတော့ ချက်စားပါတယ်တဲ့...

သမီး လုပ်သူက အဲ့ဒီစကားကြားတော့
စိတ်သက်သာသွားရှာတယ်
တော်သေးတယ် ငါ့အမေက အသားဟင်းကို
တမင်မစားချင်လို့ မစားတာကိုးတဲ့...

တကယ်လို့ ဟိုတစ်နေ့က အမေပြောနေတဲ့
တစ်ခါတစ်လေ ဆိတ်သားလေးဝယ်ပြီး
အားလူးနဲ့ ဆီပြန်ချက်စားချင်လိုက်တာ အဖေကြီးရယ်
ဒါပေမဲ့ အသားဈေးတွေကကြီးလွန်းတော့
အသားဆိုင်ဘက်ကို ခြေဦးတောင်မလှည့်နိုင်ဘူးဆိုတဲ့
အမေညည်းတွားမိတဲ့ အာသီသလေးများကြားခဲ့ရင်...

မြန်မာပြည်လို နိုင်ငံမျိုးမှာ
အိုမင်းရင့်ရော်ရတဲ့ မိဘအများစုမှာ
အခြွေနဲ့ အရံနဲ့ အစေနဲ့ အပါးနဲ့
ပြီးပြည့်စုံနေပြီး သားထောက်သမီးခံရဲ့
အကူအညီကို နည်းနည်းကလေးမှ မလိုဘူးဆိုတဲ့
မိဘက ရှားပါတယ် တော်တော့ကိုရှားပါတယ်...

ဒါပေမဲ့လည်း မိဘတွေခင်ဗျာ
သားသမီးကို နည်းနည်းမှ ဒုက္ခပြန်မပေးချင်ကြဘူး
သူတို့သာ သားသမီးရဲ့ဒုက္ခကို ခါးစည်းခံချင်ကြတာ...

တကယ်ဆို မိဘတွေက
သူတို့နေမကောင်းတဲ့အခါ
တစိမ်းတရံတွေ လုပ်ပေးကိုင်ပေးတာထက်
သားသမီးလုပ်ပေးတာကို ခံချင်ရှာမှာပေါ့...

သူတို့ကျပ်တည်းနေတဲ့အခါ
တစိမ်းတရံတွေဆီက အကူအညီယူရတာထက်
သားသမီးဆီက သိတတ်မှုမျိုးကို လိုချင်ရှာမှာပေါ့...

သူတို့လည်း လူတွေထဲကလူပဲ
သူတို့စားချင် သောက်ချင် သွားချင် လာချင်
လည်ချင် ပတ်ချင် ပျော်ချင် ရွှင်ချင်တဲ့အခါ
သားသမီးက အလိုက်တသိရောက်လာပြီး
လုပ်ပေးကိုင်ပေး စောင့်ပေးရှောက်ပေးတာမျိုးကို
မျှော်လင့်ချင်ရှာမှာပေါ့...

ဒါပေမဲ့ သူတို့က အမြဲလိုလို လိမ်ကြတယ်
သူတို့ပဲ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေသလိုလို
သူတို့ပဲ စားဝတ်နေရေး ချောင်လည်နေသလိုလို
သူတို့ပဲ ရုပ်ဝတ္ထုပစ္စည်းတွေကို မမက်မောသလိုလို...

အလွန်ဆုံး ချမ်းသာတဲ့မိဘမို့လို့
ပိုက်ဆံမလိုဘူး ပြုစုပေးဖို့မလိုဘူးဆိုရင်တောင်
သားသမီးရဲ့မျက်နှာလေးကို မြင်ရဖို့လိုတယ်
သားသမီးရဲ့သိတတ်မှုကို ခံစားမိဖို့လိုတယ်...

ဒီတော့ မိဘတွေပြောတိုင်း မယုံမိစေနဲ့
သူက နေကောင်းပါတယ်ဆိုလည်း
ကိုယ့်ဘက်က ဂရုစိုက်ပေးဖို့ မပျက်ကွက်စေနဲ့
သူက ချောင်လည်ပါတယ်ဆိုလည်း
ကိုယ့်ဘက်က သိတတ်ဖို့ မလစ်ဟာစေနဲ့
သူက မစားချင်ပါဘူးဆိုလည်း
ကိုယ့်ဘက်က ဖြည့်ဆည်းဖို့ မတွန့်ဆုတ်စေနဲ့...

ဒီတော့
မိဘတွေ လိမ်နေတာကို ဖော်ထုတ်ပြီး
မိဘကျေးဇူးကို ဆပ်ကြရအောင်ပါ
သိပ်များများစားစား မဟုတ်ရင်တောင်
ကိုယ်တတ်နိုင်သလောက်ပေါ့...

Credit: Wai Phyo Maung

Post a Comment