သံယောဇဉ် ပြယုဂ် (အပိုင်း ၄)
.......
အောင်ဇင့်အိမ်ကလေးက မြို့အစွန်အဖျားတွင် တည်ရှိနေတာဖြစ်ပြီး လူနေအလွန်ကျဲသော နေရာပင်။
"မင်းရဲ့ Network Signal တွေကို အရင်အတိုင်း ပြန်ချိတ်ကွာ။ Comand Line တွေပါ ပြန်ဖွင့်လိုက်"
အားလုံး လုပ်ဆောင်ပြီးချိန်မှာ သူ့ Laptop ကလေးကို ထုတ်သည်။ Kali Linux က အသင့်။
Terminal ကိုဖွင့်ပြီး Vulnerability ခေါ် အားနည်းချက်ကို ရှာဖွေလိုက်သည်။
Open port များစွာ တွေ့ရှိလိုက်ရပြီး Command line ၏ လုံခြုံရေးကလည်း လျော့ရဲရဲရှိလှသည်။
"သူငယ်ချင်း။ မင်းရဲ့ Network Security က သိပ်ပျော့လွန်းတော့ အလွယ်တကူ ထိုးဖောက်ဝင်သွားနိုင်တာပေါ့ကွာ။ နောက်ပြီး command line မှာလည်း Security က အားနည်းတယ်။ Hacking ကို အတန်အသင့် နားလည်ရင်ကို မင်းရဲ့ Network ကို ဖောက်ထွင်းနိုင်ပြီပဲ။
ဒါထက် Robot အတွက် Programming ကို ဘာ Language နဲ့ ရေးထားခဲ့တာလဲ"
"Java script ကို အခြေခံပြီး ရေးထားတာပါကွာ။ Voice command ရော Automatic command တွေပါ ထည့်ပေးထားတာပါ"
"တီ .. တီ …. တီ …."
ရေဒါစနစ်မှ အချက်ပြသံ။ ပွိုင့်တစ်ခုက တဖြည်းဖြည်း နီးကပ်လာနေပါ၏။
"အန္တရာယ်တော့ ကြုံပြီ သူငယ်ချင်းရေ။ မင်းရဲ့အိမ်မှာ နောက်ဘက်ထွက်ပေါက် ရှိလား"
"အင်း"
"သွားကြစို့ သူငယ်ချင်း"
ငေးကြောင်ကြည့်နေသော အောင်ဇင့်လက်ကို ဆွဲလျက် သူပြေးထွက်ခဲ့သည်။ နောက်ဘက်တံကို ဖွင့်ကာ အိမ်အနောက် အုတ်တံတိုင်းပေါ် ကျော်ထွက်ခဲ့လိုက်သည်။
တောတန်းကလေးထဲသို့ ရောက်တော့ နှစ်ယောက်လုံး အတော်မောနေပြီ။
သူကတော့ အမောမဖြေနိုင်သေးဘဲ နီးစပ်ရာ သစ်ပင်တစ်ပင်ပေါ် ပြေးတက်ခဲ့သည်။ အိတ်ထဲတွင် အသင့်ပါလာသော မှန်ပြောင်းကို ထုတ်၍ အောင်ဇင့်အိမ်ဘက်သို့ ကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင်။
အိမ်နှင့် ခပ်လှမ်းလှမ်းတွင် ကားတစ်စီး ရပ်ထားသည်ကို တွေ့ရပြီး ကားထဲရှိလူများကိုမူကားမှန်က ကွယ်ထားပေသည်။ အတန်ကြာတော့မှ အိမ်ထဲမှ တစ်စုံတစ်ယောက် ထွက်လာပြီး ကားပေါ်တက်ကာ မောင်းထွက်သွားသည်။
ကားအတော်ဝေးသည့်နေရာကို ရောက်သည်အထိ သူ ဆက်လက် ကြည့်နေလိုက်သည်။
ရန်သူ့လှည့်စားမှုအတွင်း ကျရောက်မည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော် အချိန်အတန်ကြာသည်အထိ အရိပ်အယောင် မမြင်တော့မှ သစ်ပင်ပေါ်က ဆင်းခဲ့သည်။ ရေဒါတွေ အနီးပတ်ဝန်းကျင်မှာ တပ်ဆင်ထားခဲ့ခြင်းက သူတို့အတွက် ကံကောင်းစေခဲ့ခြင်းပင်။
အောင်ဇင့်အိမ်သို့ ပြန်ရောက်တော့ ထင်သည့်အတိုင်းပင်။
တစ်အိမ်လုံး ရစရာမရှိလောက်အောင် ဖျက်ဆီးထားသည်ကို တွေ့ရ၏။
သူ့ Laptop ကလေးမှာလည်း တစ်စစီ ကြေမွနေသကဲ့သို့ အောင်ဇင့် ကိရိယာများပါ လုံးဝ ပျက်စီးသွားခဲ့ချေပြီ။ Network ပြန်ဖွင့်မည့်အချိန်ကို အာရုံခံစနစ်ထားလျက် စောင့်ကြည့်နေခြင်းက အောင်ဇင့်ကိုပါ အပြတ်ရှင်းရန် အစီအစဉ်ရှိကြောင်း ဖော်ပြနေပေ၏။
သူတို့အတွက် အန္တရာယ်က သိပ်ကို ကြီးမားနေခဲ့ပြီ။
"Laptop တစ်လုံး လိုပြန်ပြီပေါ့ကွာ"
မတတ်နိုင်ပါ။ Laptop ကိုပါ ကာကွယ်နေခဲ့ပါလျင် သူတို့အသက်တွေ ပေးလိုက်ရပေမည်ကိုး။
တစ်ဘက်နိုင်ငံသို့ နေ့ချင်းသွားဝယ်ရုံသာ ရှိတော့သည်။
"အမြတ် တစ်ခုတော့ ထွက်လိုက်တယ်။ ဘာလဲဆိုတော့ နောက်တစ်ကြိမ် ခုထက် ပိုသတိထားရတော့မယ်ဆိုတာပဲ"
۩ ۩ ۩ ۩ ۩
ပတ်ဝန်းကျင်တစ်ခွင်မှာ အေးစိမ့်နေပေသည်။ သည်လိုရာသီတွင် မထင်မရှားဟန်ဖြင့် ပုန်းကွယ်နေရသည်မှာ အဆင်ပြေလှတာတော့ မဟုတ်ပေ။
လိုအပ်သော ပစ္စည်းကိရိယာများကို ဝယ်ယူတပ်ဆင်ပြီး Netowrk Signal များ ပြန်ထုတ်ထားခဲ့တာဖြစ်သည်။ သူတို့ကတော့ ယခင် မြင်ခဲ့သည့် ကားရပ်တန့်ရာနေရာနှင့် မနီးမဝေးတွင် ပုန်းအောင်းစောင့်ဆိုင်းနေလိုက်သည်။
နာရီဝက်လောက်အကြာမှာ ကားတစ်စီး ရပ်တန့်လာပြီး လက်နက်အပြည့်အစုံဖြင့် လူခြောက်ဦး ဆင်းလာသည်။ Robot တော့ မပါပေ။ ထိုသူခြောက်ဦးတို့က အိမ်ကလေးဆီသို့ ဖြန့်ကျက် ဝန်းရံနေကြပြီ။
ကားပေါ်တွင် လူ လုံးဝမကျန်မှန်း သေချာတော့မှ သူတို့ ပုန်းကွယ်ရာမှ ထွက်ခဲ့ကြသည်။ GPS Locater ကို သံလိုက်အကူအညီဖြင့် ကားဝမ်းအောက်တွင် သေချာစွာ တပ်ဆင်လိုက်ပြီးမှ သူတို့ ပြန်ထွက်ခဲ့လိုက်ကြသည်။
သည်တစ်ကြိမ်တော့ သူတို့က မုဆိုးပင်။
အိမ်ပတ်လည်တွင် ယမ်းတောင့်များ လျှို့ဝှက်ထားရှိပြီး ဓာတ်ဆီပုံးများဖြင့် သေချာစွာ ထောင်ချောက်ဆင်ခဲ့ကြတာဖြစ်သည်။
အိမ်အပြင်တွင် တစ်ယောက် စောင့်ကျန်ခဲ့ပြီး ကျန်သူများမှာ အိမ်တွင်းသို့ ဝင်ရောက်သွားကြသည်ကို ညကြည့်မှန်ပြောင်းဖြင့် မြင်နေရပေသည်။
သူက အောင့်ဇင့်ကို အချက်ပြလိုက်သည်။
Romote control ဖြင့် ထိန်းချုပ်ထားသော ယမ်းတောင့်တို့ မီးစတင်တောက်လေပြီ။
"ဝုန်း"
ဓာတ်ဆီ၏ အားပြင်းသော လောင်ကျွမ်းခြင်းအောက်ဝယ် အိမ်တစ်အိမ်လုံး တစ်ခဏအတွင်း မီးတောက်တွေ ဖုံးအုပ်ကုန်သည်။ အိမ်တွင်းဝင်သွားကြသူ ငါးယောက်၏ ကံကြမ္မာက လမ်းဆုံးရောက်လောက်ပေပြီ။
အပြင်မှာကျန်နေသော တစ်ယောက်က ကားဆီသို့ အလျင်အမြန် ပြေးလာပြီး မောင်းထွက်သွားသည်။ သူ့လူတွေ၏ ကံကြမ္မာကို မီးတောက်ထဲတွင် ထားပစ်ခဲ့လိုက်သည်။
ဒုစရိုက်လောကသားတို့၏ သဘာဝအတိုင်းပင်။
ကားလေး အတော်ဝေးဝေးသို့ ရောက်သွားတော့မှ သူတို့နှစ်ယောက် ပုန်းကွယ်နေရာမှ ထွက်ခဲ့လိုက်သည်။
ဒီညတော့ အောင်မြင်မှုနှစ်ခုကို ပြိုင်တူ ရလိုက်တာဖြစ်သည်။ ပထမတစ်ခုက ရန်သူငါးယောက်ကို အောင်မြင်စွာ ချေမှုန်းလိုက်နိုင်ခြင်းဖြစ်ပြီး ဒုတိယကတော့ ရန်သူ၏ တည်နေရာကို သိရှိရပေတော့မည်။
ထို့အတွက် အရင်းအနှီးကတော့ သူတို့နှစ်ယောက်လုံး တောထဲမှာ အိပ်လိုက်ရခြင်းပင်တည်း။
۩ ۩ ۩ ۩ ۩
မနက် အိပ်ယာနိုးတော့ နေပင်အတော်မြင့်နေပေပြီ။
"အိမ်မှာအိပ်ရင်တောင် ဒီလောက် စိတ်ချလက်ချ အိပ်ဖြစ်မယ်မထင်ဘူး"
အောင်ဇင်က ပြုံး၍ ပြောလာသည်။
"ဒါပေါ့ကွာ။ ခုချိန်လောက်ဆို သူတို့တော့ ဘယ်လိုနေမယ်မသိ"
"ဆွေ့ဆွေ့ခုန်နေလောက်ရောပေါ့ကွာ"
စကားပြောနေရင်းမှ ကွန်ပျူတာဆီ အကြည့်ရောက်ဖြစ်သည်။
"ကားက ၂ နေရာ ရပ်ခဲ့တာပဲကွ"
မြေပုံပေါ်ဝယ် ကားရပ်တန့်ခဲ့ရာနေရာနှစ်ခုကို အနီစက်ဖြင့် ပြသနေပေသည်။
"တောက်။ ဒါ ဦးအောင်မြင်ရဲ့ အိမ်ကွ"
မြေပုံပေါ်ရှိ ကားသွားရာလမ်းတစ်လျှောက်ကို ကြည့်နေရင်းမှ အောင်ဇင်က ဆို၏။
သေချာလားဟု သူမေးစရာ မလိုပေ။ အောင်ဇင်က သည်နေရာမှာ ကျွမ်းကျင်သူမဟုတ်လား။
"ဖြစ်နိုင်တာပေါ့ကွာ။ မင်းနဲ့ Robot ကို သေသေချာချာသိတာဆိုလို့ သူပဲ ရှိတာမလား"
"ငါ့အိမ်ကို သူတို့မသိအောင် လျှို့ဝှက်ထားခဲ့တာကွ"
အောင်ဇင်က မခံချိမခံသာဖြစ်နေပုံပင်။
"မင်းမသိခင်ကတည်းက သူတို့ဘက်က ကြိုတင်ပြင်ဆင်ထားခဲ့တာနေမယ်ကွ။ ဒါမှမဟုတ် မင်းရဲ့ နေရာကို သိသူတစ်ယောက်ယောက်ကများ"
"ဟာ ဟုတ်ပြီ။ ငါနဲ့ ဦးအောင်မြင် ဆက်သွယ်တိုင်း ကြားခံထားတဲ့ ငါ့ရဲ့ လူယုံရှိတယ်ကွ။ ငါ သူ့ကို မေ့နေတာ။ လာကွာ သူ့ဆီ သွားစုံစမ်းရအောင်"
သူ့စကားမဆုံးခင် အောင်ဇင်က ကပျာကယာ ဖြတ်ပြောလာသည်။
ဘက်ထရီနှင့် အင်ဗာတာများကို သည်အတိုင်းထားခဲ့လိုက်ပြီး Laptop ကိုခေါက်သိမ်း၍ သူ တို့နှစ်ယောက် ထွက်ခဲ့လိုက်သည်။
သို့သော် သူတို့ မရောက်ဖြစ်လိုက်တော့ပါ။ အောင်ဇင့် Robot ခိုးယူခံခဲ့ရသည့်နေ့ကပင် အောင်ဇင်၏ လူယုံတော် အသတ်ခံခဲ့ရသည့်သတင်းကို ရလိုက်သောကြောင့်ဖြစ်သည်။
"ဦးအောင်မြင်တို့က ကြိုတင်ကြံစည်နေခဲ့ကြတားကိုး။ တောက်။ ငါ သတိမထားမိခဲ့ဘူးကွာ"
"ခုချိန်မှာ ငါတို့ လုပ်ရမှာက သူတို့ခြေလှမ်းကို စောင့်ကြည့်ဖို့ပဲကွ။ အဲဒီအိမ်နဲ့ အနီးဆုံးမှာ ဘာရှိလဲ"
အောင်ဇင်က ခေတ္တစဉ်းစားလိုက်ပြီးမှ
"အနီးဆုံးမှာ တည်းခိုခန်းတစ်ခုတော့ ရှိတယ်ကွ"
"ဒါဆို တို့ အဲဒီကို သွားရအောင်ကွာ"
"ဘယ်တော့လဲ"
"ခုပဲ"
۩ ۩ ۩ ۩ ۩
ကံကောင်းထောက်မစွာဖြင့် ဦးအောင်မြင်၏ ခြံဝန်းကို မြင်နေရသော အခန်းမှာ နေရာရသည်။
အခန်းထဲ ရောက်လျင်ရောက်ချင်းပင် Laptop ကို ထုတ်ယူလိုက်ပြီး သူ့ လုပ်ငန်းကို စတင်လိုက်သည်။
Network Security က အဆင့်မြင့်လှသည်မို့ ဖောက်ယူရန်မှာ သူ့အတွက် အတော့်ကို ခက်လွန်းလှသည်။ Open port ဟူ၍လည်း ဘာမျှ မတွေ့ရ။ ပျော့ကွက်ရှာရခက်လွန်းလှပေသည်။
"ဟူး"
သူ လေပူတစ်ချက်ကို ဟူးခနဲ မှုတ်ထုတ်ပစ်လိုက်သည်။ အိမ်ထဲသို့ ခိုးဝင်ရပေတော့မည်။
ကံကောင်းသည်က တည်းခိုခန်းနှင့် ဝင်းခြံချင်း ကပ်လျက်ဖြစ်သောကြောင့်ပင်။ အခန်း ပြတင်းပေါက်မှ ကြိုးနှင့် လျှောဆင်းလျင် ခြံဝန်းထဲသို့ အလွယ်တကူ ရောက်နိုင်ပေသည်။ အရေးကြီးသည်က ခြံဝန်းထဲရှိ ခွေးများ။
ထိုခွေးများအတွက်တော့ အောင်ဇင်က တာဝန်ယူသည်။ အဆိပ်လူးထားသော အသားများကို အသင့်ပြင်ထား၏။
လမိုက်ည ဖြစ်၍ ပတ်ဝန်းကျင်မှာ မှောင်နေသော်လည်း လျှပ်စစ်မီးများကြောင့် အားကိုးစရာ မလွယ်ကူလှ။ အိမ်ပတ်လည်တွင်လည်း CCTV ကင်မရာများတပ်ထားသည်ကို တွေ့ရသည်။ သို့သော် ပြဿနာ တော့ မရှိနိုင်။
ညဘက် မီးရောင်အောက်တွင် ကင်မရာမြင်ကွင်းက ရှင်းလှမည်မှ မဟုတ်ဘဲ။ ဝင်းခြံတံတိုင်း၏ အရောင်ကို ကာဗာယူလျင် ကင်မရာမြင်ကွင်းအတွင်း မြင်နိုင်ဖို့ခက်သည်။
သူ အချက်ပြလိုက်သည်နှင့် အောင်ဇင်က အသင့်ပြင်ထားသော အသားများကို ခြံဝင်းအတွင်းရှိ ခွေးများရှေ့ ပစ်ချပေးလိုက်သည်။ တခဏအတွင်း ခွေး ၃ကောင်လုံး ငြိမ်သက်သွားတော့မှ ပြတင်းပေါက်တွင် အသင့်ချည်ထားသော ကြိုးဖြင့် တွယ်ဆင်းလိုက်သည်။
တရုတ်မှလာသည့် အဖြစ်သဘော CCTV ကင်မရာများကြောင့် သူတို့ အိမ်နားထိ ကပ်ခွင့်ရခဲ့သည်။ အိမ်ပေါ်ထပ်မှ ပွင့်နေသည့် ပြတင်းပေါက်ထံ ရေပိုက်မှ တစ်ဆင့် တွယ်တက်ခဲ့လိုက်သည်။
အိမ်ပေါ်ထပ်တွင် မည်သူမျှ မတွေ့ရ။
ဦးအောင်မြင်တို့ အိပ်နေလောက်ပြီထင်သည်။
စာကြည့်ခန်းတံခါးကို သော့တုဖြင့် ဖွင့်သည်။ Password နှင့် ပိတ်ထားသောကြောင့် ကွန်ပျူတာဖွင့်သည်မှာ အချိန်အတော် ကြာသွား၏။ ကွန်ပျူတာထဲမှ ဒေတာများကို ကူးယူလိုက်သည်။ သည်အထိ အေးအေးဆေးဆေးပင်။
အဆင်ပြေပြီဟူ၍ လှည့်အထွက် ခုံခြေထောက်တွင် တန်းထားသော ကြိုးမျှင်တစ်စကို ဝင်ချိတ်မိလိုက်သည်။
"ဒေါင် ဒေါင် ဒေါင်"
သွားပြီ။ ဝင်လာစဉ်က လုံးဝ မမြင်ခဲ့။
"မင်း ဗီရိုနောက်မှာ ပုန်းနေ။ ငါရင်ဆိုင်မယ်"
သူ တစ်စုံတစ်ရာပြောရန်ပြင်သည်။
"ဒီချိန်မှာ တစ်ယောက်ယောက် လွတ်မြောက်မှ ဖြစ်မယ်။ ငါ့ထက်စာရင် ပိုလုပ်ဆောင်ရမှာက မင်းပဲ။ ငါ မတတ်နိုင်ဘူး။ နားထောင်ပါသူငယ်ချင်း"
သူ့ကို ဗီရိုနောက် တွန်းပို့ခဲ့ပြီး အောင်ဇင်ပြေးထွက်သည်။
သို့သော်
စာကြည့်ခန်းတံခါး ဖွင့်လိုက်သည်နှင့် အသင့်စောင်နေသော ဦးအောင်မြင်၏ လူများ။
ဦးအောင်မြင်က လက်ထဲမှ သေနတ်ကို သူ့မျက်နှာဆီ ချိန်ထားရင်းမှ
"အတော်ပဲကွာ။ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်ကြီးကို ကောင်းကောင်း ဧည့်ခံရမှာပေါ့။ ဟားဟား။ မင်းဒီထိ ဝင်လာနိုင်တာ ချီးကျူးပါတယ်ကွာ"
ဦးအောင်မြင်၏ လူများက အောင်ဇင့် အား ကြိုးဖြင့်ချည်နှောင်လိုက်သည်။
"ခွပ်"
ပြင်းထန်သော လက်သီးတစ်ချက်က အောင်ဇင့်မျက်နှာပေါ် ကျရောက်လာပါ၏။
"သူ့ကို မြေတိုက်ခန်းထဲ ခေါ်ခဲ့ကြ"
ဦးအောင်မြင်က စာကြည့်ခန်းတံခါးကို ဆောင့်ပိတ်ရင်း ရှေ့မှ ဦးဆောင်ထွက်ခဲ့သည်။ မဟာရန်သူတော်ကြီးကို ရထားပြီမဟုတ်လား။
۩ ۩ ۩ ۩ ۩
ဆက်ပါဦးမည် .......
(အပိုင်း ၅ တင်ပြီးပါပြီခင်ဗျာ)
အားပေးဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်
လေးစားစွာဖြင့်
ခေတ်မင်းညို (ပုသိမ်တက္ကသိုလ်)
Post a Comment