သံယောဇဉ် ပြယုဂ် (အပိုင်း ၃)
(အပိုင်း ၁ နှင့် ၂ မဖတ်ရသေးသူများ ကျွန်တော့် wall တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်ခင်ဗျာ)
.........
ထိုနေ့က သူတို့အုပ်စု ဆရာကြီးရုံးခန်းတွင် ငြိမ်သက်စွာ ထိုင်နေဖြစ်ခဲ့သည်။ ဆရာကြီးက မည်သည့်စကားမှ မဆိုသေးသည့်အတွက် သူတို့ရင်ထဲ ပို၍ထိတ်လန့်နေမိသည်။
ဆရာကြီး ဘယ်လိုအပြစ်ပေးမှာလဲ။
မတွေးတတ်ဘဲရှိနေစဉ် ဆရာကြီးက
"ကိုင်း ငါ့တပည့်တို့။ မင်းတို့လည်း ဆရာကြီးရုံးခန်းရောက်တာ အကြိမ်ပေါင်း မနည်းတော့ဘူးကွာ။ ဆရာကြီးလည်း မင်းတို့ကို အပြစ်ပေးရပေါင်းများပြီ။ ဒီနေ့တော့ ဆရာကြီး သေချာစဉ်းစားမိတယ်ကွ။ တစ်ကယ်တော့ မင်းတို့တွေဟာ သိပ်တော်တဲ့ လူငယ်တွေဆိုတာ ဆရာကြီး သတိထားမိတယ်။
ဘယ်ကျောင်းသားတွေမှ မင်းတို့အဖွဲ့လောက် မစည်းလုံးကြဘူးကွာ။ မင်းတို့အဖွဲ့က စည်းလုံးညီညွတ်မှုရှိတယ်။ ဒါကြောင့် မင်းတို့တွေက အင်အားရှိနေကြတာပေါ့။ အဲဒီတော့ မင်းတို့တွေအတွက် ဆရာကြီးစဉ်းစားမိတယ်ကွ။ ဘာလဲဆိုတော့ မင်းတို့တွေဟာ ကျောင်းမှာ ဘယ်ဆုပေးပွဲမှာမှ မပါခဲ့ကြရဘူး။ မင်းတို့တွေဟာ စာလည်းမကြိုးစားတဲ့အတွက် ထူးချွန်ဆုတွေလည်း တစ်ခါမှ မရခဲ့ကြဘူးလေ။
ဒါပေမယ့် မင်းတို့တွေဟာ စည်းလုံးညီညွတ်တဲ့နေရာမှာတော့ သူမတူအောင် ညီညွတ်ကြတဲ့အတွက် ဆရာကြီးက မင်းတို့အတွက် ဆုပေးချင်တယ်။ ကိုင်း လာကြ။ ဒီမှာ မင်းတို့အတွက် ဆုတွေပဲ။ တစ်ယောက်တစ်ခု ယူကြ"
ဆရာကြီးညွှန်ပြတာက ပုံထပ်ထားသော ပန်းချီကားကလေးများပင်။ ဆရာကြီး၏ စကား အတိုင်း သူတို့တစ်ယောက်တစ်ချပ်စီ ယူလိုက်ကြသည်။
ပန်းချီကားချပ်အားလုံးက တစ်ပုံစံတည်း။
"ငါ့တပည့်တို့။ ဆရာကြီးက ငွေကြေးချမ်းသာကြွယ်ဝသူ မဟုတ်တဲ့အတွက် ဆရာကြီး ပေးနိုင်တဲ့ ဆုကို ပေးတာပါ။ ဆရာကြီးပေးတဲ့ဆုက ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရတော့ တန်ဖိုးနည်းလှပါတယ်။ ဒါပေမယ့် ငါ့တပည့်တို့သာ နာယူနိုင်မယ်ဆိုရင်တော့ ဆရာကြီးပေးတဲ့ဆုရဲ့ တန်ဖိုးကို တစ်ချိန်မှာ နားလည်လာပါလိမ့်မယ်ကွယ်"
ပန်းချီကားချပ်ကလေးများကိုကိုင်ရင်း သူတို့ နားမလည်စွာ ငြိမ်သက်ဆဲ။ အမှန်ဆို သူတို့က ရန်ဖြစ်ခဲ့ကြခြင်းသာ။ သူတို့အုပ်စုထဲမှ တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်းဖြစ်သူ ရည်မွန်သက်ကို ရွာထဲမှ မောင်စိန်တို့အုပ်စုက လက်ဆွဲ၍ ရည်းစားစာပေးသည်ကို မြင်ရာမှ သူတို့နှင့် ရန်ဖြစ်ခဲ့ကြတာဖြစ်သည်။ ထို့ကြောင့် ဆရာကြီးထံမှ အပြစ်ဒဏ်ကိုသာ မျှော်လင့်ထားခဲ့ရာ ဆရာကြီး၏ အပြုအမူများကြောင့် အံ့သြနေမိကြသည်လေ။
"ငါ့တပည့်တို့။ ပန်းချီကားထဲက ပုံတွေကို သေချာကြည့်စမ်းပါကွာ။ ဘာတွေတွေ့လဲ"
ဆရာကြီးကမေးသည်။
"သစ်ပင်နှစ်ပင်ပါ ဆရာကြီး"
သူတို့ ပြိုင်တူပင်ဖြေဖြစ်ကြသည်။
"အေး။ သစ်ပင်နှစ်ပင်တော့ ဟုတ်ပါပြီ။ အဲသည်သစ်ပင်တွေမှာ ဘာတွေကွာနေလဲ။ တစ်ယောက်ပြောပြစမ်းကွာ"
တိုင်ပင်မထားပါဘဲလျက် အားလုံးထဲမှာ အသွက်လက်ဆုံးသော ရည်မွန်သက်ကို သူတို့ ကြည့်မိလိုက်သည်။
ရည်မွန်သက်က
"တစ်ပင်က အကိုင်း၊ အခက်၊ အလက်၊ အသီး၊ အပွင့်တွေနဲ့ စိမ်းစိုဝေဆာနေပါတယ် ဆရာကြီး"
"နောက်တစ်ပင်ကရောကွာ"
"နောက်တစ်ပင်ကတော့ အခက်၊ အလက်မရှိဘဲ သွေ့ခြောက်နေပါတယ် ဆရာကြီး"
"ဟုတ်ပြီ။ ဒီပန်းချီကားလေးရဲ့ အဓိပ္ပာယ်ကို ဆရာကြီး ပြောပြမယ်။ တစ်ကယ်တော့ ဒီပန်းချီကားလေးဟာ လူတစ်ယောက်ချင်းစီကနေ မိသားစုတစ်စုစီ နိုင်ငံတစ်နိုင်ငံစီထိ ကိုယ်စားပြုတယ်ကွ။
ဒီပန်းချီကားလေးထဲက သစ်ပင်နှစ်ပင်ဟာ တစ်မြေတည်းမှာ ပေါက်ရောက်တာချင်း တူပေမယ့် ဖွံ့ဖြိုးမှုချင်း အလွန်ကွာခြားနေတာ ဘာကြောင့်လဲ။
သစ်ပင်တစ်ပင် ဖွံ့ဖြိုးစည်ပင်စေဖို့အတွက် ရေမြေကောင်းရုံ၊ ရေသောက်မြစ် ကောင်းရုံနဲ့ မလုံလောက်ဘူးကွဲ့။ အကိုင်း၊ အခက်၊ အလက်၊ အရွက်၊ အသီး၊ အပွင့်တွေ အားလုံးက သူ့တာဝန်သူ ကောင်းမွန်ကျေပြွန်ဖို့ လိုအပ်တယ်။ တစ်ခုခု ချို့ယွင်းနေသမျှတော့ ဒီအပင်ဟာ စည်ပင်ဖို့ မလွယ်သလိုပေါ့။ လူတွေမှာလည်း ဒီအတိုင်းပဲ။ ကောင်းမွန်စွာ တိုးတက်စေဖို့အတွက် အရည်အချင်း၊ ကိုယ်ကျင့်တရား နဲ့ စည်းကမ်းကျနမှု ကိုယ်ချင်းစာမှုတွေ အချိုးညီညီ တိုးတက်ဖို့လိုတယ်။
သူ့နေရာနဲ့သူ ပြည့်စုံဖို့လိုတယ်။ အဲသလိုမှ မဟုတ်ရင် ဒုတိယသစ်ပင်လို ခြောက်သွေ့အထီးကျန်နေမယ်။
ဒီလိုပဲကွ။ မိသားစုတစ်စု၊ ရပ်ရွာတစ်ရွာ၊ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ တိုးတက်စည်ပင်စေဖို့ အတွက် အဲဒီမှာရှိကြတဲ့ လူတွေ တစ်ဦးချင်းစီက ပုံဖော်လုပ်ဆောင်ရတယ်။ တစ်ခုခုချို့တဲ့ရင် အဲဒီမိသားစု၊ အဲဒီနိုင်ငံ ဘယ်တော့မှ တိုးတက်စည်ပင်မှာ မဟုတ်ဘူး။
အကြီးကျယ်ဆုံးပြောရရင်ကွာ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဝေစီစေဖို့အတွက် အဲဒီနိုင်ငံမှာရှိကြတဲ့ နိုင်ငံသားတိုင်းရဲ့ တစ်ဦးချင်းလုပ်ဆောင်မှုပေါ် မူတည်တယ်။ နိုင်ငံဆိုတာက ရေခံမြေခံပဲကွ။ ငါတို့မြန်မာပြည်လောက် ရေခံမြေခံကောင်းမွန်တဲ့နေရာ ရှိပါ့ဦးမလားကွာ။ မြေပေါ်မြေအောက် သယံဇာတတွေ ဒီလောက်ပေါများတဲ့ ဒီနိုင်ငံဟာ ခုချိန်ထိ ကမ္ဘာနဲ့ ရင်ပေါင်မတန်းနိုင်တာ ဘာကြောင့်လဲ။
တစ်ဦးချင်းစီရဲ့ စွမ်းဆောင်မှုတွေ အံဝင်ခွင်ကျမဖြစ်လို့ပဲ။ ဒုတိယသစ်ပင်နဲ့ ဥပမာတူတယ်ကွ။ အေး … ဆရာကြီးပြောချင်တာက မင်းတို့တတွေဟာ သိပ်တော်တဲ့ လူငယ်လေးတွေပါ။ အနာဂတ်တစ်ချိန်မှာ ခေါင်းဆောင်ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးကွ။ ဒီတော့ မင်းတို့ လက်ထက်မှာ ငါတို့နိုင်ငံကြီးကို ဒုတိယသစ်ပင် အတိုင်းပဲ ဆက်ရှိနေစေချင်တယ်ဆိုရင်တော့ ဆရာကြီး မပြောလိုတော့ပါဘူးကွာ။
ဒါပေမယ့် ဆရာကြီးက ငါ့တပည့်တို့ကို ယုံကြည်ပါတယ်ကွ။ ငါ့တပည့်တို့ဟာ ဒီကနေ့ကစပြီး ဒီ့ထက်ပိုတော်အောင် အဘက်ဘက်က ပြောစရာမရှိတဲ့သူတွေအဖြစ် ရပ်တည်ပြီး မိသားစုကိုရော နိုင်ငံကိုပါ ပထမသစ်ပင်လို ဖွံ့ဖြိုးဝေစီအောင် လုပ်ဆောင်နိုင်လိမ့်မယ်ဆိုတာ ဆရာကြီး ယုံကြည်လို့ ငါ့တပည့်တို့ကို ခုလို ချီးမြင့်ခဲ့တာပါကွာ"
ဆရာကြီးက ပညာရှိပီပီ Psychology ကျကျ ဆိုဆုံးမခဲ့တာ နောင်မှ သိရပါသည်။ သို့သော် ထိုနေ့ကတည်းက ဆရာကြီး မနှစ်သက်သည့်အလုပ်မျိုးကို သူတို့ မလုပ်မိအောင် ကြိုးစားခဲ့ကြပါသည်။
ထို့ကြောင့်ပင် ဆရာကြီး၏ ဆုံးမပဲ့ပြင်မှုကြောင့် သူတို့တွေ ပြောင်းလဲခဲ့ကြသည်။ လိမ္မာရေးခြားရှိပြီး စာကြိုးစားသော၊ ထူးချွန်သည့် ကျောင်းသားတွေ ဖြစ်လာခဲ့ကြသည်။ ဆရာကြီး၏ စေတနာကိုလည်း နားလည် တန်ဖိုးထားသည့်အလျောက် ပန်းချီကားကလေးတွေကို အမြတ်တနိုး ထိန်းသိမ်းထားခဲ့ကြပါသည်။
۩ ۩ ۩ ۩ ۩
ဆယ်တန်းအောင်စာရင်းတွေထွက်တော့ သူတို့အားလုံး ထူးချွန်စွာ အောင်ကြသည်။
သို့သော် … ဝါသနာမတူညီခြင်းကြောင့် သူတို့သူငယ်ချင်းတွေ ခွဲခွာကြရမည်ကို တွေး၍ ဘယ်သူမှ ပြည့်ဝစွာ မပျော်ခဲ့ကြ။ သံယောဇဉ်တို့က ထုထည်ကြီးစွာ ရစ်ပတ်နှောင်တွယ်ခဲ့ကြပြီလေ။
ရွာကျောင်းကလေး၏ စာသင်ခန်းမှ အစပြုခဲ့သော သူတို့၏ ရိုးသားသည့်ချစ်ခြင်းတရားနှင့် သံယောဇဉ်တို့သည် အချိန်ကာလ၏ ဝါးမျိုတိုက်စားမှုကြောင့် ပျက်သုဉ်းသွားမည်ကို သူတို့ စိုးရိမ်ခဲ့ကြသည်။
နောက်ဆုံးမှာတော့ ခွဲခွာရမည့်အတူ သူတို့သူငယ်ချင်းတစ်စု ပြန်ဆုံမည့် နေ့စွဲလေးတစ်ခုကို သတ်မှတ်ဖြစ်ခဲ့ကြသည်။ နောင်ဆယ်နှစ်ကြာသောအခါ ပြန်ဆုံရန်အတွက် သူတို့သဘောတူဆုံးဖြတ်ခဲ့ကြပြီး ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ၊ တစ်ရက်နေ့ ကို သူတို့ ရွေးချယ်ခဲ့ကြသည်။
ထိုနေ့တွင် သူတို့အားလုံး မဖြစ်မနေ ပြန်လာကြရန် ကတိပြုခဲ့ကြပြီး ထိုနေ့ကို ဆရာကြီးပေးခဲ့သော ပန်းချီကားချပ်များတွင် ရေးထားရန် သစ္စာပြုခဲ့ကြသည်။
ခု ထိုနေ့မရောက်မီ သူငယ်ချင်းတစ်ဦးနှင့် ပြန်ဆုံခဲ့ချေပြီ။
"ငယ်ငယ်က အကြောင်းတွေ ပြန်တွေးနေတာလား မြူခိုး"
အောင်ဇင်က လက်မောင်းကို ကိုင်လှုပ်မေးလာမှ သူ ပစ္စက္ခကို ချိတ်ဆက်ရမိသည်။
ဟုတ်ပါသည်။ အတိတ်ရေယဉ်ကြောဝယ် သူ အတန်ကြာ နစ်မျောသွားခဲ့မိသည်ပဲ။
"အေးကွာ။ ငါ အတွေးလွန်သွားတယ်"
"အတူတူပါပဲကွ။ ငါလည်း ခုပဲ တွေးနေမိတာ။ နောက်မှ အေးဆေးပြောကြတာပေါ့ကွာ။ ငါ တစ်ညလုံး မအိပ်ခဲ့ရသေးဘူးကွ။ မင်းအိမ်မှာ ပြန်အိပ်ရအောင်"
သည်လိုနှင့်ပဲ သူ့အိမ်ကလေးဆီ ပြန်လာဖြစ်ခဲ့သည်။
အောင်ဇင် အိပ်ပျော်သွားတော့ သူ့ Laptop ကို ဖွင့်သည်။
gmail ထဲမှာ စာအသစ်တစ်စောင်။
"ဂျိုကာ
အရေးတကြီး အကူအညီလိုအပ်နေပါသည်။
တစ်နိုင်ငံလုံးအတွက် အန္တရာဖြစ်နိုင်သော အရာတစ်ခုကို ကြိုတင် တားဆီးရန်
ဟက်ကာတစ်ယောက်၏ အကူအညီ လိုအပ်နေပါသဖြင့် အမြန်ဆုံး
ဆက်သွယ်ပေးစေလိုပါသည်။
ကျွန်ုပ်သည် ရဲမဟုတ်၊ စုံထောက်လည်းမဟုတ်ပါ။
မည်သည့်အဖွဲ့အစည်း၏ လက်အောက်ခံမျှလည်း မဟုတ်ပါ။
ယုံကြည်စိတ်ချစွာ လက်တွဲနိုင်ပါသည်။
ထိုက်တန်စွာ ကျေးဇူးဆပ်ပါမည်
ad.az.robot@gmail.com"
စာကို သူ လွန်စွာ စိတ်ဝင်စားမိသွားသည်။
သူ့ကို အလုပ်အပ်သူများမှာ ကုမ္ပဏီများသာ များပြီး သူလုပ်ဆောင်ပေးခဲ့သမျှတွင် သည်မျှအထိ ကြီးကျယ်သော အလုပ်မျိုး တစ်ခုမျှမရှိခဲ့။
သိချင်စိတ်ဖြင့် ချက်ချင်းပင် Terminal ကိုဖွင့်၍ command တွေစတင်လိုက်သည်။
သူ့ဆီပို့ခဲ့သော gmail ၏ network တည်နေရာကို ရှာဖွေခြင်း။
192.161._._
Location – _______, Myanmar
"ဟင်"
သူ့ကိုယ်ပိုင် Network နှင့် Location
ဒါဆို ဒီ mail ကို ပို့ခဲ့တာ သူ့သူငယ်ချင်း အောင်ဇင်ပေါ့။
Terminal ကို clear လုပ်လိုက်ပြီး Laptop ကိုပါ ပြန်ပိတ်လိုက်သည်။
အောင်ဇင် ဘာတွေလုပ်နေသလဲ။
ဂျိုကာဆိုသော နာမည်နှင့်သာ သူ အလုပ်လုပ်ခြင်းဖြစ်ပြီး သူ့ဘဝမှန်ကို မည်သူမျှ မသိအောင် လျို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။ အောင်ဇင့်ကို သူ ပြောပြရမည်လော။
Hacker တစ်ယောက်၏ ဘဝမှန်ကို သူ ဖော်ထုတ်ပြရမည်လော။
သူ့ အသက်မွေးဝမ်းကျောင်းတွင် ဝါသနာအရ အလုပ်ပေါင်းစုံကို သူ လုပ်ဖြစ်ခဲ့သည်။ အချို့ အလုပ်များက ဥပဒေနှင့်ပါ မကင်းလွတ်ခဲ့။
သက်ပြင်းတစ်ခုကို သူ လေးတွဲ့စွာ ချမိသည်။
အောင်ဇင်ပြောသည့်အတိုင်းပင် တစ်နိုင်ငံလုံးအတွက် အန္တရာယ်ဖြစ်စေမည့်ကိစ္စ အမှန်ပင်လော။
သူသိသမျှတော့ သူ့သူငယ်ချင်းအောင်ဇင်သည် လိမ်ညာပြောလေ့ရှိသော လူစားမျိုး မဟုတ်။
ဤသို့ဆိုပါလျင်တော့ သူ့ဘဝမှန်ကို ဖော်ပြရုံသာ ရှိတော့သည်။
တစ်နိုင်ငံလုံးအတွက် အမှန်အကန် အရေးကြုံလာလျင်တော့ သူ လက်ပိုက်ကြည့်မနေနိုင်ပါ။
သူ တွေးနေမိသည်မှာ မည်မျှကြာသွားမှန်းပင် သတိမထားမိလိုက်။
သူ သတိထားမိချိန်မှာ အောင်ဇင်က နိုးနေချေပြီ။
နောက်ဆုံးတော့ သူ ဆုံးဖြတ်ချက်တစ်ခု ချဖြစ်လိုက်သည်။
သူ့သူငယ်ချင်းတွေကိုမှ မယုံကြည်လျင် မည်သူ့ကို ယုံကြည်ရပါအံ့နည်း။
"အောင်ဇင် နိုးပြီလား"
"အေး။ ငါလည်း အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာကွာ။ ဘယ်ချိန်ရှိသွားသလဲကို မသိလိုက်တော့ဘူး"
"မင်းနိုးပြီဆို ရေချိုး အဝတ်လဲကွာ။ ပြီးရင် မင်းနဲ့ ငါ ဆွေးနွေးစရာရှိတယ်"
"အေး သူငယ်ချင်း"
အောင်ဇင် ရေချိုးနေချိန်မှာ Browser မှ cookie များမှတစ်ဆင့် အောင်ဇင့် gmail ထဲသို့ ဝင်ကြည့်ဖြစ်လိုက်သည်။
Science forum ပေါင်းများစွာ ဝင်ထားသည်ကို တွေ့ရပြီး Robot နှင့် ပတ်သက်သည့် သုတေသနအဖွဲ့များထံမှ စာများ။
အောင်ဇင် ရေချိုးမပြီးခင် Laptop ကို သူ ပြန်ပိတ်လိုက်သည်။
အောင်ဇင့်မှာလည်း သူ့လို လျှို့ဝှက်မှုမျိုး တစ်စုံတစ်ရာ ရှိနေနိုင်ကြောင်း သူ ကောင်းစွာ နားလည်လိုက်ပါသည်။
۩ ۩ ۩ ۩ ۩
ရေချိုးပြီးသည်နှင့် အောင်ဇင်က အခန်းထဲ ပြန်ဝင်လာသည်။ အဝတ်ဗီရိုကိုဖွင့်၍ အဝတ်တစ်စုံ ဝတ်ဆင်ပြီး သူ့နံဘေးရှိ နောက်မှီခုံရှည်ပေါ် ဝင်ထိုင်၏။
"သူငယ်ချင်း။ မင်း ဘာတွေ ဖြတ်သန်းကြုံတွေ့ခဲ့ရလဲ။ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပြီ"
အောင်ဇင်က သက်ပြင်းတစ်ချက်ကို လေးတွဲ့စွာ ချသည်။
"ပြောပြချင်ပါတယ်ကွာ။ ဒါပေမယ့် မင်းသိလို့ ခုချိန်မှာ မထူးသေးပါဘူး။ မင်းမှာပါ အန္တရာယ် ရှိလာနိုင်လို့ပါ။ ဒါကြောင့် မသိချင်ပါနဲ့ကွာ။ ငါ ဒီလိုပြောလို့ မင်းကို မယုံကြည်လို့ပြောတယ်မထင်စေချင်ဘူး။ ငါ မင်းကို အကြွင်းမဲ့ ယုံကြည်ပါတယ်သူငယ်ချင်း။ ဒါပေမယ့် ငါပြောပြရင် ငါဘယ်လိုတားတား ဒီကိစ္စထဲမှာ မင်း ဝင်ပါလာလိမ့်မယ်။ ဒါဆို မင်း ခုလို အေးအေးချမ်းချမ်း နေရဖို့ မလွယ်လို့ပါ။ ငါ့ကို ခွင့်လွှတ်ပါသူငယ်ချင်း"
သူ့သူငယ်ချင်း၏ သံယောဇဉ်မကင်းသော မေတ္တာကို သူ မြင်လိုက်ရသည်။
ဘာပဲဖြစ်ဖြစ် သူ ဖွင့်ပြောပြဖို့ ဆုံးဖြတ်ပြီးပြီလေ။
"သူငယ်ချင်းရယ်။ မင်းသိပ်တွေ့ချင်နေတဲ့ ဂျိုကာဆိုတာ ငါပါကွာ"
ဒီအချိန်မှာ အံ့သြသွားရသူက အောင်ဇင်။
"ဘာ။ မင်း … မင်းက ဂျိုကာ။ ဟုတ်လားသူငယ်ချင်း။ ဟာ ငါတော့ ဘယ်လိုမှကို မယုံကြည်နိုင်လောက်အောင်ပါပဲကွာ"
"မင်းစာကို တွေ့ပြီး မင်းမှန်း သိကတည်းက ငါက အရင် အံ့သြခဲ့ရတာပါကွာ"
အောင်ဇင် အသံတိတ်သွားသည်။
ပြောဖို့အတွက် စဉ်းစားနေတာဖြစ်မည်။
"ငါ့အတွက် အန္တရာယ်ရှိတယ်ဆိုပြီး မပြောဘဲမနေပါနဲ့ကွာ။ ငါ ဒီအလုပ် လုပ်ကတည်းက အန္တရာယ်များတယ်ဆိုတာ သိခဲ့ပြီးသားပါ။
မင်းစာထဲမှာ ပါတယ်မလား။ တစ်နိုင်ငံလုံးအတွက် အန္တရာယ်ရှိတယ်ဆိုတာလေ။
တစ်နိုင်ငံလုံး အရေးပါနေတဲ့အချိန်မှာ ငါတစ်ယောက် တစ်ကိုယ်ကောင်းဆန်ဆန် ရုန်းမထွက်သင့်ဘူးလေကွာ။
မင်းလည်း မှတ်မိမှာပါ။ တို့ဆရာကြီး ပြောခဲ့တဲ့ ဆုံးမစကားတွေ"
အောင်ဇင် ငြိမ်သက်နေဆဲ။
"တစ်နိုင်ငံလုံး အန္တရာယ် ကြုံရမယ့်ကိစ္စ ငါ တတ်နိုင်သလောက် ကာကွယ်ပါရစေကွာ သူငယ်ချင်း။ ရေသောက်မြစ်မဟုတ်ရင်တောင် အခက်အလက် တစ်နေရာကနေ ငါ ပါဝင်ပါရစေကွာ"
အောင်ဇင်က ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းတစ်ချက်ကို ထပ်မံချသည်။
"ကောင်းပြီ။ ငါ ပြောပြပါ့မယ်သူငယ်ချင်းရယ်။ တစ်ကယ်ဆို ငါကိုက ညံ့တာပါကွာ။ မင်း Laptop မှာ Linux OS ကို မြင်ကတည်းက မင်းက ဟက်ကာတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာ ငါ သိသင့်ခဲ့တယ်။
ခုမှတော့ ငါ ကွယ်ဝှက်မနေတော့ပါဘူးကွာ။ ဒီလို သူငယ်ချင်းရေ။
မင်းတို့နဲ့ ခွဲခွာပြီး ငါ ဘွဲ့ရတဲ့အထိပေါ့။ ငါ့ဘဝဟာ ပုံမှန်ပါပဲ။ အဲဒီနောက် ငါ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖြစ်ခဲ့တယ်။ ငါ့ရည်ရွယ်ချက်က သိပ္ပံပညာရှင်တစ်ယောက်ရဲ့ ဘဝပေါ့ကွာ။
Robot တီထွင်မှုတွေအကြောင်း ငါ လေ့လာတယ်။ လက်တွေ့လည်း စမ်းသပ်တယ်ပေါ့ကွာ။ ဒါပေမယ့် ငါ့မှာ အဲလောက်ထိ ငွေကြေးအဆင်မပြေတဲ့အတွက် ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ငါ ပူးပေါင်းခဲ့ရတယ်။ ဒုစရိုက်ဂိုဏ်းနဲ့ လက်တွဲခဲ့တယ်ဆိုလို့ ငါ့ကို တစ်မျိုးမမြင်ပါနဲ့ကွာ။ ဒုစရိုက်သမားတွေဆီကနေ ဖြတ်လုတဲ့ အလုပ်မျိုးကိုပဲ ငါ လုပ်ခဲ့တာပါ။
အဲဒီကရတဲ့ ဝင်ငွေနဲ့ ကျန်အချိန်တွေမှာ Robot တစ်ရုပ်ကို ငါ တီထွင်ခဲ့တယ်။ အောင်မြင်ခဲ့တယ်ဆိုပါတော့ကွာ။ အဲဒီ Robot ကို အသုံးချပြီး ငါ့အလုပ်တွေ ပိုအောင်မြင်ခဲ့တယ်သူငယ်ချင်း။ ခုဆို နယ်စပ်မှာ ငါ့ Robot ကြောင့် ဒုစရိုက်သမားတွေ ရှားကုန်ပြီကွာ။ အဲဒီတော့ ငါ ဒီလောကကနေ အနားယူခဲ့တယ်။
ဆက်လေ့လာဖို့လည်း ငါ့မှာ ငွေကြေးအလုံအလောက် ရှိနေပြီလေ။ အဲဒီအချိန်မှာပဲ တစ်နေ့မှာ ငါ့ Robot အခိုးခံလိုက်ရတယ်။ ငါလည်း လိုက်ရှာခဲ့တာပေါ့ကွာ။ ခိုးသွားတဲ့သူတွေက ပညာရှင်တွေပဲကွ။ Programming ကို ကောင်းကောင်းနားလည်ပြီး ဟက်ကာတွေလည်း ပါလိမ့်မယ်လို့ ငါထင်တယ်။
ငါ့ရဲ့ Network Signal တွေ Command Line တွေကို စနစ်တကျ ဖြတ်တောက်ပြီးမှ သာမန် အရုပ်တစ်ရုပ်လို ခိုးယူသွားကြတာ။ ပြီးတော့ Command တွေ ပြုပြင်ပြီး မကောင်းတဲ့နေရာတွေမှာ အသုံးချခဲ့တယ်။
ခုချိန်ထိ ရွှေဆိုင်လုယက်မှု၊ ဘဏ်အနုကြမ်းစီးမှုတွေ ဖြစ်ခဲ့ပြီးပြီကွ"
"မင်း Robot နဲ့ ဆုံဖြစ်သေးလား"
"သိပ်တွေ့ဖြစ်ခဲ့တာပေါ့ကွာ။ ကံကောင်းလို့ ငါ လွတ်မြောက်ခဲ့တာ။ Robot က ငါ့ကို ရန်သူလို ဆက်ဆံခဲ့တာကွ"
အောင်ဇင်က သူနှင့် Robot တွေ့ဆုံခဲ့ပုံကို ပြန်ပြောပြခဲ့သည်။
"အင်း။ စဉ်းစားစရာပဲကွ။ ဒါဆို နောက်ဆက်တွဲ ပြဿနာတွေက မသေးဘူးဘဲကွ။ ဒီ့ထက် ဆိုးရွားတာတွေ ထပ်ဖြစ်လာနိုင်တယ်"
"ဟုတ်တယ်သူငယ်ချင်း။ အဲဒါကြောင့် ဂျိုကာကို ငါ ရှာနေခဲ့တာကွ။ ငါ စုံစမ်းခဲ့ရသမျှ Gmail တစ်ခုပဲ သိခဲ့ရတယ်။ မင်းကလည်း အတော် လျှို့ဝှက်တဲ့ကောင်ပဲကွ"
"သူငယ်ချင်းရေ။ ငါ့အလုပ်ကလည်း ဒီလောက်မှ လျှို့ဝှက်မထားရင် မဖြစ်ဘူးလေကွာ"
"အင်း။ ဒါလည်း ဟုတ်ပါတယ်လေ။ ဒါထက် ငါတို့ ဘယ်ကနေ စ အခြေခံရင်ကောင်းမလဲ"
"မင်းအိမ်ကနေ စတင်ခဲ့တာဆိုတော့ မင်းအိမ်ကို အရင်ဆုံး သွားကြတာပေါ့ကွာ"
ဤသို့ဖြင့်ပင် နယ်စပ်မြို့ကလေးသို့ သူတို့ ရောက်ဖြစ်ခဲ့ကြပါသည်။
۩ ۩ ۩ ۩ ۩
ဆက်ပါဦးမည်
အပိုင်း ၄်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
လေးစားစွာဖြင့်
ခေတ်မင်းညို (ပုသိမ်တက္ကသိုလ်)
Post a Comment