‌သေချင်းတရားကို စံမံ‌သော‌တောအုပ်‌

သေခြင်းတရားကို စံမံသောတောအုပ်
^^^^^^^^^^^^^^^^^^^^^^^
အပိုင်း(၁)

      မင်းဓန တစ်ယောက် နံနက် ၁၀ နာရီခန့်တွင် ဆိုင်
သို့သွားရန် အသင့်ဖြစ်နေပြီ ။
       " သားရေ "
       " ဗျာ ... မေမေ "
       " လပြည့်နေ့ မတိုင်ခင်တော့ အရောက်လာခဲ့နော် ...
မေမေ ဘာသံမှမကြားချင်ဘူး "
       "  စိတ်ချပါ မေမေရယ် ... သားတို့ ၁၄ ရက်နေ့
မနက်ကို အိမ်ကထွက်ခဲ့ပါ့မယ် "
        " တစ်ခါတည်း လိုက်ခဲ့ဆိုတော့လည်း ပြောမရဘူး '
        " မဖြစ်လို့ပါ မေမေရယ် ... ဆိုင်က အခုရက်တွေ
က လူကျတယ် ... နောက်ပြီး သားသူငယ်ချင်းတွေကပါ
လိုက်ချင်နေလို့ သူတို့ကိုစောင့်ခေါ်လာမှာ "
       " အေးပါ .. ဒါဆို မေမေစိတ်ချမယ်နော် "
       " စိတ်ချလက်ချသာ သွားပါ မေမေရယ် ... ကဲ ...
သားလည်း ဆိုင်သွားလိုက်ဦးမယ်မေမေ "
       " အေး .. သား "
        ထို့နောက် ဆိုင်ကယ်စက်နှိုးကာ အိမ်မှ ထွက်လာခဲ့
သည် ။
        မင်းဓနသည် မြို့လယ်ခေါင်ရှိ အချက်အချာကျသော
နေရာတွင် သူငယ်ချင်းဖြစ်သူ ညီရဲနှင့် စပ်ကာ ဖုန်းဆိုင်
ဖွင့်ထားခြင်းဖြစ်သည် ။
         ဖုန်းနှင့်ပတ်သက်သော ပစ္စည်းမျိုးစုံနှင့် ဝန်ဆောင်
မှုကောင်းပြီး ဖုန်းပြုပြင်ရေးကိုပါ တွဲလုပ်သောကြောင့်
လွန်စွာ အောင်မြင်လှသည် ။
       မင်းဓနသည် ယခု အသက် ၂၅ နှစ်ရှိလေပြီ ။
       မိဘများကလည်း မြို့မျက်နှာဖြစ်သည့်အပြင် မင်းဓန
၏ ရုပ်ရည်ရူပကာကြောင့် ဤ မြို့လေးတွင် မင်းဓနဆို
လျှင် မသိသူ မရှိရုံတင်မက အပျိုလေးများ၏ ပါးစပ်ဖျား
တွင် ရေပန်းစားလှသည် ။
       သို့သော် မင်းဓနသည် စီးပွားရေးကိုသာ ဇောက်ချ
လုပ်နေပြီး အချစ်ရေးကိုမူ လျစ်လျူရှုထားလေသည် ။
        မင်းဓန၏ မိဘများသည် ဝေးလံခေါင်သီသော တော
ရွာလေးတစ်ရွာ ဇာတိဖြစ်ပြီး ယမန်နှစ်က ထိုဇာတိရွာရွာဦး
ကျောင်းတွင် သိမ်ဆောက်ရာ မင်းဓနတို့ မိသားစုမှ ဒကာ
ခံလေသည် ။
        ယခုအချိန်၌ ဆောက်လုပ်ပြီးစီး၍ လာမည့် လပြည့်
နေ့တွင် သိမ်တက်ပွဲကျင်းပမည်ဖြစ်ရာ ရေစက်ချတရား
နာယူရန် မင်းဓန၏ မိဘနှစ်ပါးက ယနေ့တွင် ထိုရွာလေး
သို့ သွားပေလိမ့်မည် ။
        မင်းဓနမှာမူ ဆိုင်တစ်ဖက်နှင့်မို့ တစ်ရက်နှစ်ရက်သာ
အချိန်ပေးနိုင်သည် ။
        ထိုတစ်ရက်နှစ်ရက်အတွင်း ဆိုင်ပိတ်ကာ ညီရဲတို့
လင်မယားပါ လိုက်ကြမည်ဖြစ်သည် ။
        မင်းဓန၊ ညီရဲနှင့် ဝါဝါတို့သည် ငယ်သူယ်ချင်းများ
ဖြစ်ကြပြီး မနှစ်ကပင် ညီရဲနှင့် ဝါဝါတို့မှာ လက်ထပ်လိုက်
ခြင်းဖြစ်သည် ။
       ထို့ပြင် အခြားသူငယ်ချင်းများလည်း ရှိသေးသည် ။
       မင်းဓနသည် ဆိုင်ကယ်ကို အရှိန်ဖြင့်မောင်းနှင်လာ
ရင်းလမ်းချိုးတစ်ခုအရောက်တွင် မျက်နှာချင်းဆိုင်မှ
လူတစ်ယောက် ဘွားကနဲ့ ပေါ်လာသောကြောင့် ဘရိတ်
အုပ်လိုက်မိသည် ။
         " အမလေး "
         " ဘုတ် ... "
         ဆိုင်ကယ်ဖြင့် တိုက်လုတိုက်ခင် အခြေအနေမို့
တစ်ဖက်လူမှာလည်း လန့်ကာ မြေပြင်ပေါ်သို့ လဲကျသွား
ရာ လက်ထဲမှ အထုပ်များပါ ပြန့်ကြဲကုန်လေသည် ။
         လဲကျသူမှာ ငယ်ရွယ်ချောမောသော အမျိုးသမီး
တစ်ဦး ဖြစ်နေသည် ။
        မင်းဓနလည်း ဆိုင်ကယ်ပေါ်မှ အလျင်အမြန်ပင်
ဆင်းကာ လဲကျနေသူအား ထူပေးလိုက်သည် ။
       " ရ .. ရရဲ့လား ... ကျွန်တော် တောင်းပန်တယ်ဗျာ "
       " အိုရှင် ... ရပါတယ်ရှင် .. တောင်းပန်စရာမလိုပါဘူး
ရှင့်အမှားမှမဟုတ်တာ ... ရှင့်ဆိုင်ကယ်နဲ့လည်း မတိုက်
မိပါဘူး "
          သူမသည် မင်းဓနအား မဝံ့မရဲကြည့်၍ ထိုသို့ဆို
ကာ အဝတ်အစားများအား လက်ဖြင့် ပုတ်ခါနေလေ
သည် ။
        မင်းဓနလည်း အလိုက်တသိပင် ပြန့်ကြဲနေသော
အထုပ်များအား ကောက်ပေးလိုက်သည် ။
        သူမသည် မြေပြင်တစ်နေရာတွင် ကျသွားသော သူ
မ၏ ဖုန်းကို ကောက်လိုက်ရာ
       " ဟင် ... "
       ဖုန်းမှန်မျက်နှာပြင်မှာ အစိတ်စိတ်အမွှာမွှာ အက်
ကြောင်းများ.ထပ်နေသည် ။
       " ဟာ ... သွားပါပြီရှင် ... ကွဲသွားပြီ "
        မင်းဓန စိတ်မကောင်းဖြစ်သွားသည် ။
       သူကိုကြည့်ရသည်မှာ ပြည့်စုံဟန်မရှိဘဲ နွမ်းပါးဟန်
ရှိသည်မို့ ကွဲသွားသော သူမ၏ ဖုန်းလေးအား စိုလက်
သောမျက်ဝန်းများဖြင့် နှမြေတသကြီးစွာ စိုက်ကြည့်
နေလေသည် ။
         သူမသည် လွန်စွာ ချစ်စဖွယ်ကောင်းသည်ကို မင်း
ဓန သိရှိလိုက်ရသည် ။
        သနပ်ခါးရည်ကျဲက ဝင်းမွတ်နေသော သူမ၏ ပါးပြင်
လေးနှင့် ပနံတင့်လှသည် ။
        ကျစ်ဆံမြီးကို နှစ်ဖက်ခွဲကာ ကျစ်ထားပြီး မြန်မာ
ဆန်ဆန်လေးနှင့် လှနေသည် ။
         မင်းဓနသည် သူမ၏ အလှတရားတွင် နစ်မျောကာ
အတန်ကြာ သူမကို စိုက်ကြည့်၍ ပြုံးနေရာမှ သူမမှာ
သတိပြုမိသွားပြီး ခေါင်းငုံ့ကာ သူ့အနီးမှ ထွက်သွားလေ
သည် ။
         " ဟေ့ .. ဟေ့ ... နေဦးလေ "
         အလျင်အမြန်ပင် သူမ၏လက်ကို ဖမ်းဆွဲ၍ တား
ထားလိုက်သည် ။
        " မင်းဖုန်းလေး ကိုယ့်ကို ခဏပြ '
        " အိုရှင် ... ဘာလုပ်မို့လဲ "
        " ကိုယ်က ကြည့်ရုံကြည့်ကြည့်မှာပါ ... ကိုက်မစား
ပါဘူး "
         ထိုသို့ပြောရာ မဝံ့မရဲဖြင့် ဖုန်းကိုပေးသဖြင့် မင်းဓန
လှမ်းယူကာ ကြည့်လိုက်သည် ။
         မှန်ပြင်အတော်ထိသွားသည် ။
       " ကဲ ... ဒီဖုန်းကို ကိုယ်ယူသွားလိုက်မယ် "
       " အိုရှင် .. ဘယ်ဖြစ်မလဲ ... မပေးနိုင်ပါဘူး ...
အမှတ်တရအနေနဲ့ သိမ်းထားရမှာ .. ရှင့်ကိုမပေးနိုင်ဘူး "
        သူမ၏စကားကြောင့် မင်းဓန ရယ်လိုက်မိသည် ။
      " အဟက် ..  "
      "ရှင်က ဘာရယ်တာလဲ "
      " မဟုတ်ပါဘူး ... မင်းဖုန်းကို ယူသွားမယ်ဆိုတာ
ကိုယ်လိုချင်လို့မဟုတ်ဘူး ... မင်းဖုန်းလေးကို အကောင်း
အတိုင်းဖြစ်အောင် ပြန်ပြင်ပေးချင်လို့ပါ "
        " ဟွန့် ... ရှင်က ပြင်တတ်လို့လား "
        " ဒါပေါ့ ... မဟာ အထူးကုဆေးရုံကြီးနဲ့ မျက်နှာချင်း
ဆိုင်မှာ ကိုယ့်ဖုန်းဆိုင်ရှိတယ် "
         " ဟယ် ... ဒါဆို ကျွန်မဖုန်းလေး အကောင်း
အတိုင်း ပြန်ဖြစ်သွားမှာပေါ့နော် "
         " ဒါပေါ့ "
         ပျော်ရွှင်သွားသော သူမ၏မျက်နှာကိုကြည့်၍
မင်းဓနကြည်နူးရန်ပြင်စဉ် သူမ၏မျက်နှာမှာ ချက်ချင်း
ဆိုသလိုပင် ညှိုးသွားပြန်လေသည် ။
        " ဒါ .. ဒါပေမယ့် ကျွန်မမပြင်တော့ပါဘူး ... ကျွန်မ
ရဲ့ဖုန်းလေးကို ဒီအတိုင်းပဲ ပြန်ယူသွားလိုက်ပါတော့မယ်"
        " ဟင် ... ဘာဖြစ်လို့လဲ အမိ "
        " ဖုန်းပြင်ရင် ပိုက်ဆံတွေ အများကြီးပေးရတယ်လို့
ကြားဖူးတယ် ... ကျွန်မမှာ ဟိုလေ .. "   
         မင်းဓန သဘောပေါက်သွားသည် ၊
        " ကဲ  .  အမိ  .. ဘာမှ စိတ်မပူနဲ့ ... မနက်ဖြန်
နေလည်ပိုင်းမှာ ကိုယ့်ဖုန်းဆိုင်ကိုသာ လာခဲ့ ...
အခု ဖုန်းကွဲတဲ့ကိစ္စက ကိုယ့် ပယောဂလည်း မကင်း
ဘူးလေ ... အဲ့ဒါကြောင့်မို့ စေတနာနဲ့ ပြင်ပေးမှာပါ ...
ပိုက်ဆံပေးစရာ မလိုပါဘူး ... ဒီဖုန်းကို ကိုယ်ယူသွား
လိုက်မယ် ... ဟုတ်ပြီလား "
       " အိုရှင် ... လုပ်မနေပါနဲ့ ... အားနာစရာကြီး "
       " မိတ်ဖြစ်ဆွေဖြစ်ပေါ့ဗျာ ... ကိုယ့်စေတနာကို
တော့လက်ခံပေးပါနော် "
       " ဘာပြောရမှန်းတောင် မသိတော့ပါဘူးရှင် "
       " အာ့ဆို ကိုယ်ပြောသလိုသာလုပ်ပေတော့ "
       " ဟုတ် .. ဟုတ် ... ကျေးဇူးပါပဲ ... အဲ့ဒါဆို ကျွန်မ
သွားလိုက်ပါဦးမယ် "
       " ကောင်းပါပြီ ... မနက်ဖြန်တော့ ဆက်ဆက်လာခဲ့ပါနော် "
        " ဟုတ် "
        သူမထွက်သွားသည်ကို အတန်ကြာငေးကြည့်ပြီး
မှ ဆိုင်ကယ်စက်နှိုးကာ ဆိုင်သို့ မောင်းလာခဲ့သည် ။
        ဆိုင်ထဲတွင် ညီရဲတို့လင်မယား ရောက်နှင့်နေကြ
လေပြီ ။
        " လာပါပြီရှင် .. ကိုယ်တော်ချော "
        " ငါ့ကောင်က ဒီနေ့နောက်ကျပါလား ... စောစော
ကပဲ မင်းကိုင်နေတဲ့ ဖုန်းကို လာမေးသွားတာ .. ငါလည်း
ကြည့်ကောင်းအောင် မပြီးသေးလို့ မနက်ဖြန်မှ လာခဲ့ ဘာ
ညာဆိုပြီး ရွှီးထည့်လိုက်တာ "
         " အတော်ပဲ ... အဲ့ဒါကောင်းတယ် "
        " ဘာကောင်းတာလဲ "
        မင်းဓနသည် ထိုင်ခုံတွင် ဝင်ထိုင်ကာ အိတ်ကပ်ထဲ
မှ ဖုန်းကွဲလေးကို ထုတ်၍ အမြတ်တနိုးနှင့် ကြည့်နေမိ
သည် ။
         " ဟဲ့ ဓန ... နင်ဖုန်းကောက်ရတာလား "
         " မဟုတ်ပါဘူး အဝါမရာ ... ဖူးစာရှင်တွေ့လာတာ"
         " ဘာ "
         " ဘယ်လို "
         ညီရဲနှင့် ဝါဝါတို့၏ မျက်နှာများ မင်းဓနအနားသို့
ကပ်လာကာ မင်းဓနကို အထူးအဆန်းသဖွယ် စိုက်ကြည့်
နေကြသည် ။
         " ဟုတ်တယ်ကွ ... ငါ ဒီနေ့ ဆိုင်ကို အလာ .. လမ်း
မှာ ကောင်မလေးတစ်ယောက်ကို တိုက်မိမလို့ဖြစ်တယ် ...
သူလဲကျသွားတယ် ... ငါက ထူပေးရတယ် .. အဲ့မှာ သူ့
ရဲ့ ဟောဒီဖုန်းလေး ကျကွဲသွားတယ် .. အဲ့မှာစကားတွေ
ဘာတွေပြောပြီး သူ့ဖုန်းလေးကို ပြင်ပေးပါရစေဆိုပြီး
ခွင့်တောင်းလာရတာ "
         " ဒါ ဖြစ်တတ်တဲ့ သဘာဝပဲလေ .. ဘာဆန်းလို့လဲ"
         " အေးလေဟယ် ...ဖူးစာရှင်နဲ့လည်း ဘာမှမဆိုင်
ဘူး "
         " ငါပြောတဲ့ ဖူးစာရှင်ဆိုတာ အဲ့ကောင်မလေးပဲ "
         " ဟင် "
         " ဟုတ်တယ် ... သူနဲ့တွေ့လိုက်ရတဲ့ခဏမှာပဲ
ငါ့စိတ်တွေကို စိုးမိုးသိမ်းပိုက်သွားတာ .. ငါ့ရင်ခုန်သံတွေ
ပြင်းရှရှကို ဖြစ်သွားတာကွ "
        " မင်း .. ဓနတော့ ဟုတ်ပါတယ်နော် "
        " ဟာကွာ .. အကောင်းပြောနေတာကို လာနောက်
နေသေးတယ် "
        " နောက်တာမဟုတ်ဘူး ... မင်းဘယ်တုန်းက မိန်း
ကလေးအကြောင်းပြောဖူးလို့လဲ ... မသိရင် ဘုရားဆု
ပဲ ပန်ထားသလိုလို "
        " ဟ ... အရင်ကမပြောတာက ငါ့ရင်ခုန်သံကို
ဘယ်မိန်းကလေးမှ မပြုစားနိုင်ခဲ့ဘူးလေ ... အခုဟာက
ဒီ ရင်ဘတ်ကြီးတည့်တည့်ကို ထိသွားတာ "
       " ဒါနဲ့ သူက ဒီမြို့ကပဲလား "
       " မသိဘူး "
       " ဟယ် .. နင့်ဟာကလည်း ... သူ့နာမည်ကရော "
       " အေး ... နင်တို့ပြောမှ ငါသတိရတယ် ... ငါ ဘာမှ
မမေးခဲ့ရဘူး "
       " သေစမ်း ... ဒါနဲ့များ "
       " ဟဲ ဟဲ ... မပူပါနဲ့ကွာ ... မနက်ဖြန် သူ့ကို ဒီဆိုင်
ကိုလာခဲ့ဖို့ ချိန်းထားတယ် "
       " ငါ့ကောင်ကြီး မြန်မြန်စွံပါစေကွာ "
       " ပေးတဲ့ဆုနဲ့ ကြည့်ပါစေဗျာ "
       " ဒါနဲ့ နင်တို့နှစ်ယောက်ကို ထပ်ပြောရဦးမယ် "
       " ဘာလဲ "
       " သန်​ဘက်​ခါကို သွားဖြစ်တယ်နော် ... ငါ့အဖေနဲ့
အမေက ဒီနေ့ပဲ ဆင်းသွားတယ် ... အဲ့ဒါ ပြင်ဆင်စရာ
ရှိတာ ကြိုပြင်ဆင်ထားကြ "
       " ဘာတွေပြင်ဆင်နေကြတာလဲကွ "
        ထိုအသံနှင့်အတူ ဆိုင်ထဲသို့ စုံတွဲတစ်တွဲဝင်လာ
သည် ။
         နန္ဒနှင့် မာလာ ။
         နန္ဒနှင့် မာလာတို့သည်လည်း နေဓနတို့နှင့် ငယ်သူ
ငယ်ချင်းများဖြစ်ပြီး မကြာမီလက်ထပ်တော့မည့် ချစ်သူ
များလည်း ဖြစ်သည် ။
        " ဟာ ... မင်းတို့ကလည်း ပျောက်ချက်သားကောင်း
.လိုက်ကြတာ ... ဆိုင်ဖက်ကိုတောင် မလာကြဘူး "
       " ဟုတ်တယ် ဓနရေ ... မန္တလေးကို ရောက်နေလို့
မနေ့ကမှ ပြန်ရောက်တာ "
        " မန္တလေးပြန် ဘာလက်ဆောင်ပါခဲ့လဲ မာလာ "
        " စိတ်ချအဝါမ နင်ကြိုက်တဲ့ ဗေဒါရွှေကြာ လက်ဖက်
တွေ သီးသန့်ဝယ်ခဲ့တယ် ... ပြီးမှ နင့်အိမ်ကို ငါကိုယ်တိုင်
လာပို့ပေးမယ် "
       " ဒါမှ ငါ့သူငယ်ချင်းကွ "
        ဝါဝါက ဝမ်းသာအားရ မာလာ့ကို ဖက်လိုက်သည် ။
       " ဒါနဲ့ ငါတို့ဝင်လာတုန်းက ပြောသံကြားလိုက်ပါ
တယ် ... ပြင်ဆင်ခိုင်းတဲ့အကြောင်း .. ပြောပါဦး ... ဘာ
အစီအစဉ်တွေရှိလို့လဲ "
        " ဒီလို နန္ဒရ ... ဓနတစ်ခါပြောဖူးတာရော ... သူ့မိဘ
တွေရဲ့တောရွာမှာ သိမ်လှူတယ် ဆိုတာလေ ... အဲ့သိမ်
က ပြီးသွားပြီ ... လာမယ့် လပြည့်နေ့မှာ သိမ်တက်ပွဲ
လုပ်ပြီး ရေစက်ချတရားနာမှာ .. အဲ့ဒါ သန်ဘက်ခါ ဆိုင်
ပိတ်ပြီး ငါတို့သွားကြမလို့ "
       " ဟယ် ... အဲ့လိုဆို ငါတို့ကိုပါ ခေါ်ပါလားဟယ် ...
ငါတို့လည်း လိုက်မှာပေါ့ "
       " မာလာကလည်းကွာ ... တောရွာကိုသွားရမှာ ပျင်း
စရာကြီး "
       " အို ..  ငါကတော့ လိုက်ချင်တယ် ... လိုက်မှာပဲ ...
နင်မလိုက်ချင် နေခဲ့ ... ဟဲ့ ဓန .. ငါ့ကို ခေါ်ပါနော် "
        " အေးပါ ... ခေါ်ပါတယ် ... သန်ဘက်ခါမနက်
၆ နာရီကို ငါ့အိမ်အရောက်လာခဲ့ "
        " ဘယ်ကားနဲ့သွားမှာလဲ "
        " ငရဲ "
        " အဲ့ဒါပဲ ငရဲရယ် ... ငါ့ကို ဝင်ခေါ်လိုက်ပါနော် ...
ပီးမှ ဓနအိမ်သွားကြတာပေါ့ .. နော် .. အဝါမ "
       " အေးပါ .. ဖြစ်တာပဲ ... နင်သာ အဆင်သင့်လုပ်
ထားလိုက် "
       " ဟေ့ ဟေ့ ... အားလုံးသွားမှတော့ ငါလည်း လိုက်
မှာပေါ့ဟ "
        " လိုက်မနေနဲ့ လူပြည့်သွားပြီ "
        " ချစ်ကလည်းကွာ ..  ကိုယ်က စတာပါ "
         နန္ဒတို့အတွဲကိုကြည့်ကာ အားလုံးရယ်လိုက်ကြ
သည် ။

~~~~~

      နောက်တစ်နေ့တွင် မင်းဓန သည် ပုံမှန်အချိန်ထက်
စောကာ ဆိုင်သို့ရောက်ခဲ့သည် ။
      ယမန်နေ့က ယူလာခဲ့သော ဖုန်းလေးကို မပြင်ဘဲ ဒီ
အတိုင်းထားကာ သူမလာပါက တစ်ဖက်လက်ဖြင့် အခြား
အရည်အသွေးမြင့် ဖုန်းတစ်လုံးကို အစားထိုးပေးမည်
ဟူသော ရည်ရွယ်ချက်ဖြင့် တစ်နေကုန် စောင့်ဆိုင်းပါ
.သော်လည်း သူမျှော်လင့်နေသော ကောင်မလေးမှာ ပေါ်
မလာခဲ့ပေ ။
       ညီရဲနှင့် ဝါဝါတို့၏ နောက်ပြောင်ကျီစယ်မှုကိုပါ
အလူးအလဲခံနေရသည် ။
        သို့ဖြင့် တစ်နေ့တာ ပြီးဆုံးခဲ့လေပြီ ။
        ညဆိုင်ပိတ်သော် နှစ်ရက် ဆိုင်ပိတ်မည့်စာကို
ဆိုင်ဝတွင်ကပ်ကာ အသီးသီး ပြန်ခဲ့ကြသည် ။
        ထိုနေ့ညက မင်းဓန အိပ်မပျော်ခဲ့ပေ ။
        သူ့မျက်လုံးထဲတွင် ဖုန်းပိုင်ရှင်ကောင်မလေး၏
ချစ်စဖွယ် မျက်နှာလေးကိုသာ အချိန်ပြည့် မြင်ယောင်
နေမိသည် ။
        အိပ်ယာဝင်နောက်ကျသဖြင့် နံနက် အစောထရာ၌
ခေါင်းထဲတွင် မရှင်းပေ ။
        ရေမိုးချိုး ၊ အိတ်ထဲသို့ အဝတ်အစား နှစ်စုံခန့်ကာ
အဝတ်အစားလဲ၍ စောင့်နေမိသည် ။
        မနက် ၆ နာရီထိုးရန် မိနစ်အနည်းငယ်အလိုတွင်
ညီရဲတို့ ရောက်လာကြသည် ။
         ထို့ကြောင့် အိမ်တံခါးများပိတ်ကာ ကားရှေ့ခန်း
တွင် ဝင်ထိုင်လိုက်သည် ။
         " ဓန ... မင်းမောင်းပါလား "
         " မင်းပဲမောင်းပါ ... ငါခေါင်းသိပ်မကြည်ဘူး "
         " အေးလေ ... မင်းလမ်းတော့ သိပါတယ်နော် "
         " သိတယ် ... မောင်းမှာသာမောင်း "
          သို့ဖြင့် ကားလေးကို စတင်၍မောင်းလာခဲ့သည် ။
မြို့ထဲ၊ မြို့ထဲမှတစ်ဆင့် မြို့ပြင်၊ မြို့ပြင်မှ အဝေးပြေး
ကားလမ်းပေါ်တွင် တရိပ်ရိပ်ဖြင့် ပြေးနေသည် ။
         ကားနောက်ခန်းတွင် နန္ဒမှာ မှိန်းရင်းလိုက်ပါလာပြီး
မာလာနှင့် ဝါဝါတို့မှာ စကားလက်ဆုံကျနေသည် ။
         မနက် ၈ နာရီခန့်တွင် ရွာတစ်ရွာကိုရောက်သဖြင့်
ထိုရွာလေးရှိ ထမင်းဆိုင်တွင် ထမင်းစားကြသည် ။
         ထမင်းစားပြီးသော် ကားကို မင်းဓနက ကူမောင်း
ပေးသည် ။
         အဝေးပြေးလမ်းမကြီး၏ တစ်နေရာတွင် လမ်းခွဲ
လေးတစ်ခုနှင့် လမ်းညွှန်ဆိုင်းဘုတ်ရှိရာ ထိုလမ်းခွဲလေး
အတိုင်း မောင်းလာခဲဘသည် ။
         အစပိုင်းတွင် ကတ္တရာလမ်းပင်ဖြစ်သော်လည်း
နောက်ပိုင်းတွင် ကျောက်ကြမ်းလမ်း၊ ကျောက်ကြမ်းလမ်း
မှတစ်ဆင့် သဲခင်းလမ်း ၊ ထိုမှတစ်ဖန် မြေလမ်း စသဖြင့်
တစ်စတစ်စ ကြမ်းတမ်းလာရာ ညနေ ၃ နာရီခန့်တွင်
ခရီးပန်းတိုင်သို့ ရောက်လေသည် ။
         ရွာကလေးသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး သိမ်တက်ပွဲ
ရှိသည်မို့ လူများ စည်ကားလျှက်ရှိပေသည် ။
         မင်းဓနသည် တည်းခိုရမည့်နေအိမ်သို့ရောက်အောင်
ကားကို တောက်လျှောက်မောင်းလာခဲ့ရာ တစ်ရွာလုံးက
သူတို့ကားလေးအား အထူးအဆန်းသဖွယ် ဝိုင်းကြည့်
ကြလေသည် ။
         သိမ်တက်ပွဲကို အနီးအနားရှိ ရွာများသာမက
အလှမ်းဝေးသော ရွာများကပါ လာရောက်ကြလေရာ
လွန်စွာ စည်ကားလှသည် ။
         ဇာတ်ပွဲ ၃ ညပါသဖြင့် ပိုစည်ကားခြင်းလည်း ဖြစ်
လေသည် ။
         မင်းဓနတို့အုပ်စုသည် ရောက်သည်နှင့် လူကြီး
များနှင့် တွေ့ဆုံကာ ပြီးသည်နှင့် ရေမိုးချိုးကြသည် ။
          ပြီးသော် မှောင်ရီသန်းချိန်တွင် ဇာတ်ပွဲကပြရာ
ပွဲဈေးတန်းသို့ လျှောက်ကြပြီး ဒေသအစားအစာများ
စားပြီးနောက် စောစောပင် အိမ်ပြန်ခဲ့ကြသည် ။
         အိမ်ရောက်သော်လည်း ဧည့်သည်များနှင့်မို့
အိပ်စက်ရန် အခက်အခဲဖြစ်ကာ ညဥ့်နက်မှသာ အိပ်စက်
ကြရလေသည် ။
          နောက်တစ်နေ့နံနက်တွင်မူ အများနှင့်အတူ ပျော်
ရွှင်စွာ ကျွေးမွေးဧည့်ခံကူရင်း မွန်းလွဲ ၁ နာရီတွင် တရား
နာ ရေစက်ချလေသည် ။
       တရားနာပြီးသည်နှင့် ညနေ ၃နာရီခန့်တွင်ပြန်ရန်
ပြင်ကြသည် ။
       လူကြီးများက တားကြပါသော်လည်း ဆိုင်တစ်ဖက်
နှင့်မို့ နားလည်အောင်ပြောကာ ပြန်လာခဲ့ခြင်းပင်ဖြစ်
သည် ။
        " အားလုံးစုံပြီ ... မောင်းတော့ "
        ဘေးမှ ညီရဲကဆိုသဖြင့် မင်းဓန ကားလေးကို
မောင်းထွက်လာခဲ့သည် ။
         လက်ပြနှုတ်ဆက်နေကြသော ရွာသားများမှာ
ဝေးကာ ဝေးကာ ကျန်ခဲ့လေသည် ။
          လမ်းဆိုးသဖြင့် ကားကို ဂရုစိုက်ကာ ပုံမှန်မောင်း
နှင်လာခဲ့သည် ။
          မင်းဓနနှင့် ညီရဲတို့မှာ ကားရှေ့ခန်းမှာမို့ ငြိမ်သက်
စွာ လိုက်ပါလာသော်လည်း နောက်ခန်းထဲမှ နန္ဒ၊ မာလာ
နှင့် ဝါဝါတို့မှာမူ ခရီးစဉ်အတွေ့အကြုံများကို အလုအယက်
ပြောဆိုငြင်းခုံလာကြလေသည် ။
        " ဓန ... မင်ဒီးရွာကို ဘယ်နှစ်ခေါက်ရောက်ဖူးလဲ "
         ညီရဲမှ မေးခြင်းဖြစ်သည် ။
        " ငါ ငယ်ငယ်က တစ်ခေါက်လားပဲ ရောက်ဖူးတယ်"
        " သာယာတယ်နော် "
        " အင်း .. ဒါပေမယ့် ခေါင်လွန်းပါတယ်ကွာ "
        " အေးကွ  ... ဘာပဲဖြစ်ဖြစ် ငါတို့အတွက်တော့
တကယ့်အမှတ်တရပါပဲ "
         " ဒါတော့ ဟုတ်တယ် ... ငါတို့မှာ ဆိုင်တစ်ဖက်နဲ့
ကိုယ်ပိုင်အချိန်ကိုမရှိဘူး "
        စကားပြောရင်းဖြင့် ခရီးအတော်ပေါက်လာလေပြီ ။
        တောင်ယာခင်းများ၊ ရွာများ၊ စိုက်ခင်းများ၊ တံတား
များ၊ တောအုပ်များမှာ နောက်တွင် ဝေး၍ဝေး၍ ကျန်ရစ်
ခဲ့လေသည် ။
         နေဝင်သွားပြီမို့ မှောင်ရိပ်သန်းလာလေပြီ ။
         နောက်ခန်းထဲမှ ၃ ယောက်မှာ အပြိုင်အဆိုင် ငိုက်
နေကြလေပြီ ။  
          မင်းဓန နံဘေးသို့ ငဲ့စောင်းကြည့်ရာ ညီရဲမှာလည်း
ငိုက်နေသည် ။
         ယမန်နေ့က ခရီးပန်းသည့်ဒဏ်၊ ညက အိပ်ရေး
ပျက်သည့်ဒဏ်များအပြင် ယနေ့တစ်နေ့လုံးလည်း စိတ်
ပင်ပန်းထားသောကြောင့် မင်းဓနလည်း တစ်ချက်တစ်
ချက်  သတိလွတ်ကာ ငိုက် ငိုက်သွားသည် ။
        တစ်ကြိမ်တွင် ကားသည် ချိုင့်ခွက်တစ်ခုထဲသို့
ရှေ့ဘီးကျသွားရာ မင်းဓနမှာ ငိုက်နေရာမှ အလျင်အမြန်
ပင် ဘရိတ်အုပ်လိုက်သောကြောင့် ကားပေါ်မှလူများ
အားလုံး ဟန်ချက်ပျက်ကာ အလဲလဲအပြိုပြို ဖြစ်ကုန်
ကြလေသည် ။
        "  အ "
        " အမလေး "
        " ဘာဖြစ်တာလဲ ဓန "
        အားလုံး အထိတ်တလန့်ဖြင့် မေးကြသည် ။
        " ဘာမှမဖြစ်ပါဘူး ... ကားဘီး ချိုင့်ထဲကျသွားလို့
ဘရိတ်အုပ်လိုက်တာ "
         ဓနမှာ အရေးမကြီးသလိုပင် ပြောလိုက်သည် ။
        " ဟာ ... ဓန "
        ညီရဲသည် ကားရှေ့မှမြင်ကွင်းကိုကြည့်ကာ အလန့်
တကြားထအော်လေသည် ။
        " ဘာလဲ "
         ညီရဲကဲ့သို့ပင် မင်းဓနလည်း ကားရှေ့သို့ကြည့်
လိုက်ရာ မျက်လုံးပြူးသွားသည် ။
         " ငါတို့ လမ်းလွဲလာပြီ "
         မှန်ပေသည် ။
         ရှေ့တူရှုတွင် လမ်းမရှိဘဲ သူတို့ကားလေးသည်
တောအုပ်တစ်ခုအတွင်းသို့ ဝင်လာမိခြင်းပင် ဖြစ်လေ
တော့သည် ။

                             #####
သူတို့ရောက်နေတာ ဘယ်တောအုပ်လဲ ?
သူတို့ဘာဆက်ဖြစ်ကြမှာလဲ ?
စိတ်ဝင်စားဖွယ်ရာ ထိတ်လန့်မှုများကို
အခန်း ၂ မှာ စောင့်မျှော်ဖတ်ရှုပါလို့ ...
                                                        Jupiter Koko

Post a Comment