အ‌မေ‌ခေါ်‌သော်‌လည်း (စ- ဆုံး ဝတ္ထုတို)

"အမေ.....ခေါ်သော်လည်း" (စ-ဆုံး ဝတ္တုတို)

ဒေါ်ကျော့ကျော့စံ.....နံမည်နှင့်လိုက်အောင် ကောင်းပေ့သာပေ့ သက်သက်သာသာ စည်းစီမ်နှင့်ပဲနေချင်သူ။ ခင်ပွန်းဖြစ်သူက ဆရာဝန်ကြီး ဦးကံမောင် နှင့် သားသုံးဦးထွန်းကားသည်။ သားကြီး-ထွန်းမောင် သားလတ်-ပြည့်မောင် သားငယ်-လှမောင်။

ဦးကံမောင် သည်ပညာတတ်ယုံသာမက အိမ်မူကိစ္စများကို ယောင်္ကျားဖြစ်ပေမဲ့ နှိင်နင်းသူ။ ထို့အတွက် ပတ်ဝန်းကျင် မိန်းမသားများအလယ် ဒေါ်ကျော့ကျော့စံသည် လင်ကံ အထူးကောင်းသူ။ အိမ်ရှင်မ နံမည်ခံပေမဲ့ သူမ...သည် ဘယ်သောအခါမှ အိမ်မူကိစ္စ ကို စိတ်မဝင်စားသူ။ လင်တော်မောင် ဆရာဝန်ပေါက်စ ရာထူးငယ်ဘဝထဲက  စီးပွားရေး အခြေအနေကြောင့် အိမ်အကူ မခေါ်နိုင်ပေမဲ့ လင်တော်မေင် ဦးကံမောင် သည့်သာ အလုပ်မသွားခင် ထမင်းချက်ပြုတ် အိမ်မူ့ကိစ္စ အကုန်လုံးနီးပါး လုပ်ပေးခဲ့ပြီးမှ နေ့စဉ်အလုပ်သွားတတ်သူ။

သူမ...အဖို့ အတန်းပညာ (၁၀)တန်း အထိသာ ပညာသင်ယူခဲ့ပေမဲ့ ပညာဂုဏ်မြင့်သော ဆရာဝန်ကတော် ဘွဲ့ကိုယူနိုင်သူ။ နယ်သူ ဖြစ်လင့်ကစား သူမသည် ရွှံ့ကြောက်သူ အသားငါးစိမ်းများကို အစိမ်းကိုင်ရမှာ ရွံ့သူ ထို့အတွက် လင်တော်မောင် ဆရာဝန်ကနေ့စဉ် ဈေးလည်းသွားပေးရ ချက်လဲပြုတ်ပေးရသည်။ တစ်ရွာထဲနေ ဖူးစာဆုံဖက်ခဲ့ရသည့် ဦးကံမောင် က မိဘမဲ့ ဘကြီးဘုန်းကြီးကောင်းမူ့ကြောင့် ပညာတတ်ခဲ့ရပြီး ဘကြီးဘုန်းကြီး၏ ဒကာရင်း သမီး ကျော့ကျော့စံ ကို ချစ်မြတ်နိုးကာ လက်ထပ်ခဲ့သည်။

အိမ်ထောင်သက် ကလေး တစ်ယောက်မှ သုံးယောက်ဖြစ်လာ လင်တော်မောင် တာဝန်ကျရာ ရွေ့ပြောင်းပြီး ရာထူးကြီးလာ အသက်ကြီးလာသော ဦးကံမောင်.....က အိမ်အဖော် မပြတ် အိမ်တွင်ခေါ်ထားပေးနိုင်ပြီ။ အိမ်ထောင်သက် ယခု အနှစ်(၃၀)ထဲ ဒေါ်ကျော့ကျော့စံ တစ်ယောက် လက်ရေမစိုခဲ့ရပါ။ အိမ်မှာစည်းစိမ် အရှိဆုံး အာဏာအရှိ ဆုံး ဒေါ်ကျော့ကျော့စံ။ တစ်မိပေါက် တစ်ယောက်ထွန်း ဆိုသည့်အတိုင်း သားကြီး ထွန်းမောင် က အဖေ အမွေ ဆရာဝန် ကို ခံယူနိုင်ပေမဲ့ ကျန်သားငယ်နှစ်ယောက်ကတော့ အမေ ပညာရေးကို အမွေဆက်ခံသည်။ သားလတ် ပြည့်မောင် ကကားဝယ်ရောင်းပဲ လုပ်သလိုလို သားငယ် လှမောင် က ရုပ်ဖြောင့်သူမို့ မင်းသား ဖြစ်ချင်သလိုလို သီးချင်းအဆိုတော်ပဲ လုပ်မလိုလို။

သားကြီး ထွန်းမောင် အိမ်ထောင်ပြုချိန်ရောက်တော့ ဒေါ်ကျော့ကျော့စံ တစ်ယောက် ဘဝင်မကျ သူမ၏သားကြီး ကို ဆရာဝန် အချင်းချင်း အိမ်ထောင်ပြုစေချင်ပေမဲ့ သားကြီးသည် ရန်ကုန်သူ သာမာန်ဘွဲ့ရ တစ်ဦးကိုသာ အိမ်ထောင်ဖက်  အဖြစ်ရွေးချယ်ခဲ့သည်။ "ကိုကံမောင်.....ရှင့် သားကြီးယူမဲ့သူ ကိုလည်း ကြည့်အုန်းလေ ဗွီဒီယို မင်းသမီးရှူံးတယ် နားမှာလဲ နားကွင်းအကြီးကြီးတွေ ဝတ်လိုဝတ် အိမ်လာရင် ဖိနပ်တစ်နေ့ တစ်မျိုး။ ဘယ်လို အိမ်ထောင်မူ့ နိုင်မတုန်း" သူမ...၏ငြီးညူးသံ။" "ရှင့်...သားကြီး ကံဆိုးလိုက်ပုံများ" အနေအေးသူ ဆေးလိပ်သောက်ရရင် ကျေနပ်သူ ဦးကံမောင်ကဖြင့်" အေးပါကွာ။ ထွန်းမောင် ကြိုက်တာကိုး"။

သားကြီး ၏ ဇနီးဖြစ်လာမဲ့သူ သီရီမေ....သည် ခေတ်မှီလွန်ပေမဲ့ ဘာသာတရားကိုင်းရှိုင်းသူ လင်သား ကို ကြင်နာချစ်တတ်သူတစ်ယောက် ကို ဒေါ်ကျော့ကျော့စံ တစ်ယောက် အထင်နှင့်အမြင် လွဲပါရော့လား။ ယောက္ခမ နှင့် ချွေးမ စတွေ့သည့်နေ့ကပင် သားကြီး က ချစ်သူ မိန်းကလေး အိမ်ခေါ်လာ" သီရီမေ....ဒါ အစ်ကို အဖေ နဲ့ အမေ" ။ သီရီမေ...သည် ပထမဆုံး ယောက္ခမ များကို တွေ့ဆုံရ၍ စိတ်လှုပ်ရှား ကြောက်နေပါသည်။ စကားအနဲငယ် ပြောကြပြီး ဒေါ်ကျော့ကျော့စံ က အိမ်နံရံပေါ်က နာရီကို လှမ်းကြည့်ကာ " ကဲ...ထမင်းစားချိန်တောင်ရောက်ပြီ စားကြစို့။" သီရီမေ...သည် တုန်တုန်ရီရီ ဖြစ်နေပေမဲ့ သွက်လက်စွာ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး"အမေ...သမီး ထမင်းဝိုင်းကူမယ်လေ"။ မျက်နှာပျက်သွားသော ဆရာဝန်ကြီးကတော် ဒေါ်ကျော့ကျော့စံ " ရပါတယ်....အန်တီ....ထမင်းပြင်ဖို့ ကောင်မလေးကို ပြောပြီးသား နေပါကွယ်"

အံ့သြသွားသူ သီရီမေ....။ သူမ ၏အမေ..သည် ယောက္ခမတော်ရမဲ့သူကို  "အဖေ နှင့် အမေ" ခေါ်ရန် အိမ်တွင်သင်ပေးလိုက်ပါသည်။ သူ့တို့ကိုလည်း သားမက်တော်သူက " အဖေ နှင့်အမေ" ခေါ်ခိုင်းပါဟု၍ လည်းကောင်း သို့ပေမဲ့ ဒေါ်ကျော့ကျာ့စံ သည်" အန်တီ" ဟု၍ စကားလုံးကို သုံးနှုန်းသွားခဲ့သည်။ စိတ်မကောင်းဖြစ်သွားသူက ...သီရီမေ။ ယောက္ခထီး ကို "အန်ကယ်" ဟု မခေါ်ထွက်၍ "ကိုထွန်းမောင် အဖေ" ဟု၍ နာမ်စားသုံးခေါ်ရသည်။ အိမ်ထောင်ဖက် မှန်ရင် စီးပွားတက်သည် ဆိုရိုးစကား နှင့်အညီ သားကြီး ထွန်းမောင်  နှင့် သီရီမေ တို့ စီးပွားဖြစ်ကြသည်။ သီရီမေ...တစ်ယောက် အိမ်ထောင်ကျပြီး သားဦး ကလေး သုံးနှစ်သားအရွယ် တွင် သူမ၏ အမေ ကွယ်လွန်ရှာသည်။

သီရီမေ...ကလေး မီးဖွားတိုင်း မိခင်က လာ၍ပြုစု တာဝန်အပြည့်ယူသည်။ ဒေါ်ကျော့ကျော့စံ ထံမှ ဆန်ပြုတ်ရည် တစ်ခါမှမသောက်ဖူး ခဲ့ပါ။ လက်ချိုးရေလို့ သုံးခါတောင်ပြည့်အောင်  လာ၍ မကြည့်ပါ။ ယခု ဒုတိယ ကိုယ်ဝန်ရှိလာသောအခါ  အမေ..မရှိတော့သည့် ဒုက္ခ ကို နားလည်ရသည်။ သူမ ...၏ ပတ်ဝန်းကျင် အနီးအနားတွင် ယောက္ခများက မြေးများဝိုင်းထိန်းကြ "အမေ" ဟုခေါ်ဝေါ်သုံးနှုန်းကြတိုင်း သူမ...ဝမ်းနည်းပြီး ဒေါ်ကျော့ကျော့စံ...ကို မုန်းမိသည်။

ဒေါ်ကျော့ကျော့စံ...၏ ကျန်သားငယ် နှစ်ဦး အိမ်ထောင် အသီးသီးပြုကြကာ သားကြီးလို စီးပွားမကောင်း၍ ဒေါ်ကျော့ကျော့စံ...အိမ်ပေါ်ပဲတက်နေကြရသည်။ လင်ညီအစ်မ များက လည်း"အန်တီ အန်ကယ်"ဟု၍ပဲ ခေါ်သံကြားရပါသည်။ သို့ပေမဲ့ ဒေါ်ကျော့ကျော့စံ ကတော့ အတူနေ ချွေးမများကို ကလေးမီးဖွားတိုင်း စိတ်ပူပန်ပေးသည်။ ကလေးများကိုလည်း ဦးကံမောင်နှင့် ဒေါ်ကျော့ကျော့စံ တို့ လင်မယားနှစ်ဦး ချီးစို သေးစို ဝိုင်းထိန်းပေးကြသည်။ ဤမြင်ကွင်းကိုမြင်တိုင်း သီရီမေ...ဝမ်းနည်းတိုင်း ခင်ပွန်းဖြစ်သူ ထွန်းမောင်က တစ်အိမ်နေ အတူနေလို့ပါလို့ ဖြေသိမ့်ပေးတတ်သည်။

ကံဆိုးမိုးမှောင်ကြပါပြီ။ ဆရာဝန်ကြီး ဦးကံမောင် တစ်ယောက် ဆေးလိပ်ကြိုက်ခဲ့သည်ဒဏ်ကို ခံယူရင်း စောစီးစွာ အဆုတ်ရောဂါ ဖြင့် ဆုံးပါးသွားတော့သည်။ အိမ်ပေါ်က သားအငယ်နှစ်ယောက်က စီးပွားရေး ကောင်းတလှည့် မကောင်းတလှည့်ကြောင့် အိမ်စရိတ်ကို ဒေါ်ကျော့ကျော့စံ တစ်ယောက် လင်တော်မောင် ပင်စင်မှ စိုက်ထုတ်နေရခြင်းကိုလည်း စိတ်ညစ်နေပါပြီ။ ချွေးမနှစ်ယောက်တွက်ကပ်ကြပုံ သူကလေး ငါကလေးရန်ဖြစ်ကြခြင်း အိမ်မီးဖိုချောင်လည်း မစိုပြေတော့ပါ။ ရန်ကုန်မြို့လယ်ရှိ စတုရန်းပေ တစ်ထောင့်ငါးရာကျယ်ဝန်းသော ပထမထပ် တိုက်ခန်းကျယ် သူမ ပိုင်ဆိုင်သော အိမ်တွင် ပင် သူမ အတွက်နေစရာမရှိဟု ခံစားလာရသည်။

သားကြီးထွန်းမောင် က အမေ..ကိုလာနေရန်ကမ်းလှမ်းပါသည်။ ဒေါ်ကျော့ကျော့စံ...ကလည်း တိုက်အကြီးကြီး ခြံအကျယ်ကြီး ကားအကောင်းစားကြီး စီးနေသူ သားကြီးထံတွင် ကျော့ကျော့ ကလေး စံလိုပါသည်။ အပြေးလာနေပါသည်။ သီရီမေ...စိတ်နှလုံးမကြည်ဖြူချင်ပေမဲ့ ခင်ပွန်းသည်ဆန္ဒကို ပါရမီဖြည့်ကာ အပူရုပ်ဟန်လုပ် ထိန်းကာနေရှာရသည်။ ဒေါ်ကျော့ကျော့စံ က ခေသူမဟုတ် အခုမှ သီရီမေ မှ သီရီမေ ဖြစ်နေသည်။ တစ်ခါတစ်ရံ"အမေ"ဟုပင် မသိမသာ သူမ ကိုယ် သူမ သုံးနှုန်းသွားသည်။ "အမေ...ခေါ်သော်လည်း" လက်မခံခဲ့သော ဒေါ်ကျော့ကျော့စံ..ကို သီရီမေ...ဘယ်သောအခါမှ "အမေ" ဟု ပြန်ခေါ်လိုစိတ်မရှိပါ။

ဒေါ်ကျော့ကျော့စံ တစ်ယောက် သားကြီးအိမ်တွင်လည်း ကြာကြာ မစံလိုက်ရပါ။ နှစ်လလောက်နေတော့  သူမ...တိုက်ခန်းကျယ် သွားပြန်လည်သောနေ့လည် တစ်နေ့မှာ ရုတ်တရက် ဦနှောက်သွေးကြောပြတ်ကာ ရုတ်တရက်ဆုံးပါးသွားပါသည်။ ရာသီတွေပြောင်း နှစ်ပေါင်းကြာသောခါ သီရီမေ နှင့် ထွန်းမောင် တို့၏ သားကြီး အိမ်ထောင်ပြုရမည့် အရွယ်ရောက်သောအခါ သူ့..၏ ချစ်သူ..ကို အိမ်ခေါ်လာ မိတ်ဆက်ပေးပြန်သည်။ " အဖေ နဲ့ အမေ...ဒါ သားပြောတဲ့ ယုယုငယ်...လေ"။ ခေတ်ကာလပြောင်း၍ သား...ချစ်သူသည် ဆံပင်အရောင်ဆေးဆိုးပြီး နားအပြည့် နားပေါက်တွေ ဖောက်ထားကာ မိန်းကလေး၏ သွယ်လျသော ကိုယ်ပေါ်တွင် ဂျင်းဘောင်းဘီ ကျပ်ဝတ်ထားပြီး လိုက်ဖက်စွာ  စပို့ရှပ်ခါးတိုလေး တွဲ၍ဝတ်ဆင်ထားပါသည်။

စကားကောင်းရင်း သီရီမေ...အိမ်နံရံပေါ်က နာရီကိုလှမ်းကြည့်ရင်း" ကဲ...ထမင်းစားချိန်ရောက်ပြီ စားကြရအောင်" ယုယုငယ်...ဆိုသောမိန်းကလေးသည် ယောက္ခမကို ပထမဆုံးစတွေ့ရ၍ ကြောက်ကြောက်ရွံ့ရွံ့ဖြစ်နေရာမှ ထိုင်ရမှ ထရပ်လိုက်ပြီး" အန်တီ...သမီး ထမင်းဝိုင်းပြင်ကူမယ်လေ။" သီရီမေ...စေ့စေ့ကြည့်လိုက်ပြီး" အမေ...လိုပဲ ခေါ်ပါသမီး။ လာအတူတူ ထမင်းဝိုင်း ပြင်ကြရအောင်"

ထို့မိန်းမငယ်လေး မျက်ဝန်းများသည် အရောင်ဖျော့နေရာမှ ရွှန်းလဲ့ တောက်ပ နွေးထွေးသွားပါသည်။

လေးစားစွာဖြင့်
ဒေါ်လကြယ်နေ (8.9.2016)1:07Pm.

Post a Comment