သံယောဇဉ် ပြယုဂ် (အပိုင်း ၂)
ရာသီတွေပုံမှန် လည်ပတ်လျက်။
အချိန်တို့ တဖြုတ်ဖြုတ် ကြွေကျလာနေပါ၏။ သည်လိုနှင့်ပင် ခြောက်လတာကာလအတွင်း သူ့ Robot သည် အောင်မြင်မှုပေါင်းများစွာကို ကျော်ဖြတ်နိုင်ခဲ့သလို သူ့တွင်လည်း ငွေကြေးဟူ၍ သုံးမကုန်လောက်အောင် ပေါများလာခဲ့သည်။
သူ့ရည်ရွယ်ချက်က သည်လောက်သာ။
ဒုစရိုက်သမားများဆီမှ ငွေကို တတ်နိုင်သမျှ ဖြတ်ယူမည်။ သတင်းရရှိမှုအတွက်တော့ ဦးအောင်မြင်လို ဒုစရိုက်ထိပ်သီးပုဂ္ဂိုလ်မျိုးနှင့် အတူတွဲလုပ်ဆောင်နေရသော်လည်း သူ့ပင်ကိုယ်စရိုက်အရ ဒုစရိုက်အလုပ်မျိုး မလုပ်လိုပေ။ ဒါကြောင့် သူ သည်လောကမှ အနားယူတော့မည်ဟု ဦးအောင်မြင်ကို ပြောဖြစ်လိုက်သည်။
"ဘာ။ မောင်အောင်ဇင်။ မင်းက ဒီအလုပ်ကို ဆက်မလုပ်တော့ဘူး။ ဟုတ်လား"
ဦးအောင်မြင်က တုန်လှုပ်သော လေသံဖြင့် မေးလာ၏။
"ဟုတ်တယ်ဗျာ။ ကျွန်တော်က ဒုစရိုက်သမားတွေဆီက သူဝှက်လုတဲ့ အလုပ်မျိုးပဲ လုပ်ချင်တာပါ။ ခုဆို ဒုစရိုက်လောကက ဂိုဏ်းတော်တော်များများ အလုပ်မလုပ်ရဲကြတော့ဘူးလေ။ အောင်ဒင်ကြောင့် ဒုစရိုက်လောကမှာ ဂယက်ရိုက်သွားခဲ့ပြီ။ အချို့ဂိုဏ်းတွေဆို လုံးဝ ပျောက်ကွယ်ကုန်ကြပြီ။ ဒါကြောင့် ကျွန်တော် ဒီလောကကနေ အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ"
"စဉ်းစားပါဦး မောင်အောင်ဇင်ရယ်။ ခုနောက်ပိုင်းမှာ တို့တွေ ဖြတ်လုရတဲ့အလုပ်မျိုး မလုပ်ရပေမယ့် အောင်ဒင့်ကို အသုံးချပြီး အလုပ်တွေအများကြီး လုပ်ခွင့်ရဦးမှာ။ ငွေတွေလည်း အများကြီး ရမှာကွ"
"ကျုပ် အစကတည်းက သေချာဆုံးဖြတ်ပြီးသားပါ။ ဒီလောကမှာ တစ်သက်လုံးကျင်လည်ချင်တဲ့ဆန္ဒလည်း မရှိပါဘူး။ ဒါကြောင့် ဒီနေ့က စပြီး အလုပ်ကိစ္စတွေမှာ ကျုပ်ဝင်မပါတော့ဘူးဗျာ။ ကျုပ်ကို မတားပါနဲ့တော့။ ကျုပ်ဘဝကို အေးအေးချမ်းချမ်း နေချင်ပြီဗျာ"
သူ ခပ်ပြတ်ပြတ်ပင် ငြင်းဆန်လိုက်သည်။ လူကောင်းတွေကို ဒုက္ခပေးသောအလုပ်မျိုးတော့ သူမလုပ်လိုပါ။ ထို့ပြင် သူ့ဘဏ်စာရင်းမှာလည်း လုံလောက်သော ငွေကြေးများစွာ ပိုင်ဆိုင်နေပြီမို့ သူ့ဘဝကို အေးချမ်းစွာပဲ ဖြတ်သန်းချင်ပါတော့သည်။
"ကောင်းပြီ။ မောင်အောင်ဇင့်ဆန္ဒကို မတားဆီးတော့ပါဘူး။ တစ်နေ့မှာ မောင်အောင်ဇင် နောင်တမရမိအောင်သာ ကြိုးစားပါ"
ဦးအောင်မြင်၏စကားက ခြိမ်းခြောက်နေသလို သူခံစားမိလိုက်သည်။ သို့သော် သူ ဂရုမစိုက်ဘဲ ပြန်လာခဲ့လိုက်သည်။ ခြောက်တိုင်းသာ ကြောက်နေရမည်ဆိုလျင် သူ ခုချိန်ထိ ရပ်တည်နိုင်မည်မထင်။
Robot ကို သူ အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီးနောက် သူ ဆက်လက် တီထွင်ရန် စိတ်ကူးထားမှုများ များစွာ ကျန်နေပေသေးသည်။ အတွေးပေါင်းများစွာဖြင့် သူ ပြန်လာခဲ့သည်။
"ဟင်"
အိမ်ရှေ့အရောက်တွင်ပဲ သူ အံ့သြစွာ ရေရွတ်မိလိုက်သည်။ တစ်စုံတစ်ရာ မှားနေပြီဆိုတာ သူ သိလိုက်သည်ကိုး။ အိမ်ရှေ့တံခါးက ဟင်းလင်းပွင့်လျက်။
Network Signal တွေကို သူ စစ်ဆေးကြည့်လိုက်သည်။
"သွားပြီ"
သူ့ရင်ထဲက စိုးရိမ်ထိတ်လန့်ခြင်းများစွာဖြင့် ဗလောင်ဆူသွားပါ၏။ မြေအောက်ခန်းအတွင်းသို့ သူ အပြေးတစ်ပိုင်း ဆင်းခဲ့လိုက်သည်။
Charging လုပ်ထားသော Robot ကို နေရာမှာ မတွေ့ရတော့ပါ။
Robot ကို ထိန်းချုပ်နိုင်သော၊ လုပ်ဆောင်ချက် command တွေကို ရှင်သန်စေသော Network signal တွေကို ဖြတ်တောက်ပြီးမှ Robot ကို သယ်ထုတ်သွားတာဖြစ်မည်။
ဘယ်သူတွေလဲ။ ဘယ်ကလဲ။ သူမသိပေမယ့် ပညာရှင်တွေ ပါဝင်နေနိုင်သည်ဆိုတာကိုတော့ သူ ကောင်းစွာ နားလည်ထားပါသည်။ သူမရှိချိန်မို့ သူ့အသက်ပါ အန္တရာယ်မဖြစ်ခဲ့တာမှန်းလည်း ကောင်းစွာ နားလည်လိုက်သည်။
"လုပ်ထားဦးပေါ့ကွာ"
သူ့ရင်ထဲ မခံချင်စိတ်တွေက လှိုက်တက်လာသည်။ ပို၍ဆိုးသည်က သူ့ Robot ကို ပိရိစွာ ခိုးယူသွားခဲ့ခြင်းပင်။ Signal တွေဖြတ်တောက်ပြီး command တွေ အလုပ်မလုပ်ဆောင်နိုင်စေရန် ပိတ်ဆို့ပြီးမှ ယူသွားသည်မို့ ခြေရာခံစရာ ဘာမျှ မကျန်ခဲ့။ Command line ကို ပိတ်ဆို့ထားခြင်းကြောင့် သူ့ Robot သည် သာမန်အရုပ်ကလေးတစ်ရုပ်ပမာ ပါသွားခဲ့ရသည်လေ။
"တောက်"
သူ့ရင်ထဲက ခံပြင်းစိတ်အဟုန်ဖြင့် ဒေါသတို့ ပေါက်ကွဲထွက်ကုန်သည်။ မြေအောက်ခန်းရှိ ဗီရိုထဲမှ သူ့မှတ်တမ်းစာအုပ်ကို လိုက်ရှာသည်။ မရှိတော့။
တည်ဆောက်ပုံတွေက သူသာ နားလည်သည့်သင်္ကေတများဖြင့် မှတ်သားထားခဲ့တာမို့ လိုက်လုပ်ဖို့လွယ်မည်မဟုတ်သော်လည်း program ထိန်းချုပ်မှုတွေကိုတော့ သူမှတ်တမ်းပြုထားသည်က ရှင်းလင်းလှတာမို့ သူ့ Robot အတွက် သူ စိုးရိမ်စိတ်ပိုသွားရသည်။
"အမြန်ဆုံး ပြန်ရှာတွေ့မှဖြစ်မယ်"
မချိတင်ကဲ ရေရွတ်လိုက်ရသော်လည်း ရှာတွေ့ရန်ကားမလွယ်ကူမှန်း သူ နားလည်နေခဲ့ပါသည်။
۩ ۩ ۩ ۩ ۩
ဤသို့ဖြင့် တစ်လဟူသော အချိန်ကာလတို့ ကုန်ဆုံးခဲ့ပြန်ပါသည်။
သူ စုံစမ်းမှုပြုလုပ်ခဲ့ပါသော်လည်း ထူးမလာသဖြင့် လက်လျှော့အံ့ဆဲဆဲတွင်တော့ ထူးခြားသော သတင်းတစ်ပုဒ်ကို သူကြားလိုက်ရပါသည်။
"…. ရွှေဆိုင်ကို ဓားပြတိုက်ခံရလို့တဲ့"
"ဟုတ်တယ်။ တစ်ဆိုင်လုံး အသတ်ခံလိုက်ရတယ်ဆိုပဲ"
"တော်တော်ရက်စက်တဲ့ ဓားပြကွာ"
ထိုသတင်းကြားလိုက်တော့ သူ့ရင်ထဲ လှုပ်ရှားသွားမိသည်။
"အစ်ကို။ ဘယ်လိုဖြစ်တာလဲ ကျွန်တော့်ကို ပြောပြပါလားခင်ဗျာ"
ထိုသူကို သူ မေးတော့ သူ့အား မသင်္ကာသလို ကြည့်သည်။
"ကျွန်တော် ရဲလည်းမဟုတ်ပါဘူးခင်ဗျာ။ သိချင်လို့ပါ"
ထိုတော့မှ ထိုသူက မပြောချင်ပြောချင်ဖြင့် ပြောရသည့်ဟန်ဖြင့်
"ဒီလိုကွ။ မနေ့က နေ့လည်အချိန်ကြီးမှာကွာ။ ရွှေဆိုင်ကို ဓားပြတစ်ယောက်ဝင်လာတယ်တဲ့။ မှန်ပုံးတွေကို လက်နဲ့ ထုခွဲပြီး အထဲက ရွှေတွေကို အိတ်တစ်လုံးထဲ သိမ်းကျုံးထည့်တော့ ဝယ်နေတဲ့သူတွေလည်း လန့်ပြီး ထွက်ပြေးကြတယ်ကွ။ ရွှေဆိုင်ပိုင်ရှင်က ဟန့်တားရာကနေ အလုပ်သမားတွေပါ ပါလာတာပေါ့။ သူက တစ်ဆိုင်လုံးက အလုပ်သမားတွေရော ဆိုင်ပိုင်ရှင်ကိုပါ သွေးအေးအေးနဲ့ သတ်ပစ်လိုက်တယ်တဲ့။ CCTV ကင်မရာတွေကိုလည်း ဖျက်ဆီးသွားလို့ ရဲတွေလည်း ခြေရာခံလို့ မရဖြစ်နေတာ"
"ဒါတင်ပဲလားကွ။ ရွှေဆိုင်က အလုပ်သမားတစ်ယောက်က သံတုတ်နဲ့ ရိုက်တာတောင် ဘာမှမဖြစ်ဘူးဆိုပဲကွ။ အဲဒီသံတုတ်ကို ယူပြီး တစ်ဆိုင်လုံးကို အကုန်ရိုက်သတ်ပစ်ခဲ့တယ်ဆိုပဲ။ အနီးအနားက ဆိုက္ကားသမားတွေက ပထမ ကြည့်နေကြသေးတာ။ ဝင်လည်း မလုပ်ရဲတော့ သူပြန်ထွက်မလာခင် ထွက်ပြေးခဲ့ရတယ်တဲ့"
နောက်တစ်ယောက်ကပါ ဝင်ပြောလာသည်။ သေချာပါပြီ။ သူ့ Robot ကို တစ်စုံတစ်ယောက်က ထိန်းချုပ်နေခဲ့ပြီပေါ့။
ဤသို့ဖြင့် သတင်းကြားရာ မြို့ကလေးသို့ သူ ရောက်လာခဲ့သည်။ တစ်မြို့လုံးကို လှည့်ပတ်သွားလာပြီး တတ်နိုင်သမျှ စုံစမ်းခဲ့သော်လည်း မထူးခဲ့။
တစ်နေ့မှာတော့ မမျှော်လင့်ဘဲ သူ့ Robot ကို လမ်းတစ်နေရာတွင် တွေ့လိုက်ရသည်။
သူ့ခန္တာကိုယ်တွင် အသင့်ပါလာသော Network Signal ကို ဖွင့်လိုက်ပြီး Robot နှင့် ချိတ်ဆက်လိုက်သည်။
"ဟင်"
သူ့ Network Signal က အလုပ်မလုပ်တော့။
Robot အားခိုးယူသူသည် Network Signal တွေကိုပါ ချိန်းလိုက်ပုံရသည်။ ဒါဆိုလျင် သည်အနီးတဝိုက်တွင် ထိန်းချုပ်သူပါ ရှိနေနိုင်သည်။ သူ လိုက်ရှာပါသော်လည်း မသင်္ကာစရာလူကို မတွေ့ရသဖြင့် Voice command ကိုသုံးဖို့ သူ အရဲစွန့်လိုက်သည်။
"အောင်ဒင်"
Robot ၏ ရှေ့သို့ သူရောက်အောင်သွားပြီး Voice command ကို သုံးကြည့်လိုက်သည်။ Robot က တစ်ချက်လှည့်ကြည့်သည်။
"ရန်သူ"
သူ့ Robot ၏ အသံမှာ ပြောင်းလဲနေချေပြီ။ command ပေးနေသူကို မမြင်တွေ့ရသော်လည်း Robot ကတော့ သူ့ဆီ လှမ်းလာနေချေပြီ။ သူ့ခြေလှမ်းတွေကို နောက်ဆုတ်လိုက်တော့ Robot က မြန်မြန် ရှေ့တိုးလာပါ၏။
သေချာပြီ။ Robot သည် သူ့အား ရန်သူဟု သတ်မှတ်လိုက်ချေပြီ။
သူ လျင်မြန်စွာ ပြေးထွက်ခဲ့သည်။ Robot ကလည်း ထပ်ကြပ်မကွာ လိုက်ပါလာပါ၏။
သူ ခြေကုန်သုတ်၍ ပြေးရပါတော့၏။ Robot ကလည်း လျင်မြန်စွာ လိုက်လာနေပေသည်။
လမ်းချိုး နှစ်ခုကျော်အပြီးမှာတော့ သူ မောလာသည်။ သည်အတိုင်းဆို Robot လက်မှ လွတ်မြောက်ရန် မမြင်သဖြင့် ထွက်အံ့ဆဲဆဲ ကုန်ကားတစ်စီးအောက်သို့ လျှောဝင်လိုက်ပြီး တွယ်ကပ်လိုက်၏။ ကံကောင်းထောက်မစွာဖြင့် ကားကြီးက လျင်မြန်သော အရှိန်အဟုန်ဖြင့် ထွက်ခွာခဲ့သဖြင့် သူ သီသီလေးကပ်၍ လွတ်မြောက်ခဲ့ရသည်။
မဖြစ်တော့။
သူ့ Robot ကို ပြန်ရရန် သူတစ်ယောက်တည်းမဖြစ်တော့ပါ။
အကူအညီရှာမှ ဖြစ်တော့မည်။
ဟုတ်ပြီ။ နည်းပညာ အလောကတွင် နာမည်ကျော်နေသော hacker တစ်ယောက်က သူ့ခေါင်းထဲရောက်လာသည်။
"ဂျိုကာ"
သူ တွေ့အောင်ရှာမှဖြစ်တော့မည်။
۩ ۩ ۩ ۩ ۩
နှင်းရည်စက်တို့ နှင့်အတူ ဆောင်းနှင်းမြူတို့ကြောင့် အေးစက်လျက် မှုန်ရီဝေဝါးနေသော မနက်ခင်းတစ်ခုမှာဖြစ်သည်။ လေပြည်ညင်းကလည်း အေးစိမ့်လောက်အောင် တိုက်ခတ်နေတာမို့ အတော့်ကို ချမ်းအေးလှသော မနက်ခင်းပင်။ ပတ်ဝန်းကျင်ကို သိပ်မမြင်ရချိန်မို့ လမ်းလျှောက်ထွက်သူတို့ အတော်ရှားပါးသေးသော ကာလလည်းဖြစ်ပေသည်။
လူရှင်းချိန်မို့ သူပို၍ သဘောကျသည်။ သည်လိုအချိန်မျိုးမှာ လမ်းလျှောက်ထွက်ရသည့် အရသာကို သူ နှစ်သက်သည့်အတွက် ဆောင်းကာလတစ်လျှောက် မနက်ခင်းတိုင်းလိုလို လမ်းလျှောက်ထွက်ဖြစ်ခဲ့သည်။
"…"
တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိသံ။
သူ လဲကျမသွားပေမယ့် တော့်ကို ရုပ်ပျက်ဆင်းပျက် ယိမ်းယိုင်ကျသွားသည်။
"တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် အလောတကြီး ပြေးလာရင်း တိုက်မိသွားတာပါ။ ဘာများဖြစ်သွားသေးလဲခင်ဗျ"
ကောင်းမွန်စွာ တောင်းပန်လာတာကြောင့် သူ့ဒေါသတွေ နှင်းစက်တွေနှင့်အပြိုင် ပြန်အေးသွားသည်။ တစ်ဘက်လူကို သူ မြင်ဘူးသလိုရှိတာကြောင့် အသေအချာ ကြည့်ဖြစ်လိုက်သည်။
ထိုသူကလည်း သူ့အား စူးစမ်းသလို ပြန်ကြည့်လာပါ၏။
သူ ကြည့်နေရင်းနှင့်ပင် မျက်နှာတစ်ခုကို မြင်ယောင်မိလိုက်သည်။
"အောင်ဇင်"
သူ့နှုတ်မှ လွှတ်ခနဲ ရေရွတ်မိသွားသည်။
ထိုသူကလည်း သူ့အား တအံ့တသြ ငေးနေရင်းမှ
"မင်း မြူခိုးမလား"
သူ့နာမည်အရင်းက မင်းလွင်။ ငယ်စဉ်က ခက်ဆစ်အဖွင့်တွေကျက်ရင်း မင်းလွင် = မြူခိုး ဟု ကျက်ခဲ့ရစဉ်ကတည်းက သူငယ်ချင်းတွေက သူ့ကို မြူခိုးဟု ခေါ်ခဲ့ကြတာဖြစ်သည်။
"ဒါဆို မင်း အောင်ဇင်ပေါ့"
"အေး။ ငါ အောင်ဇင်ပါကွ"
သူငယ်ချင်းနှစ်ယောက် အားရဝမ်းသာ ပွေ့ဖက်နှုတ်ဆက်ဖြစ်ကြသည်။
မဆုံတာကြာပြီဖြစ်သော သူငယ်ချင်းတွေ။ ဆုံမယ့်ဆုံတော့လည်း ထူးလှ၏။
"မင်းနဲ့ ပြန်ဆုံရတာ သိပ်ဝမ်းသာတယ် သူငယ်ချင်းရယ်"
သူတို့နှစ်ယောက် အတန်ကြာသည်အထိ တင်းတင်း ဖက်ထားမိလိုက်သည်။ ငယ်စဉ်က သိပ်ချစ်ခဲ့ကြသော သူငယ်ချင်းတွေ။
"လာကွာ။ မင်း ငါ့အိမ်လိုက်ခဲ့ဦး"
အောင်ဇင့်ကို သူ့အိမ်ခေါ်လာခဲ့လိုက်သည်။
သူ့အိမ်ကလေးက သိပ်မကြီးလှသော်လည်း သပ်သပ်ရပ်ရပ်ရှိလှသည်။ ခြံဝင်းကလေးနှင့်မို့ အိမ်ကလေးက လွတ်လပ်အေးချမ်းလှသည်။
"မင်း အဝတ်တွေမှာလည်း နှင်းတွေ စိုရွှဲနေတာပဲကွာ။ လာ ငါ့အဝတ်တွေနဲ့ လဲထား"
သူ့အဝတ်ဗီရိုထဲမှ အဝတ်တစ်စုံ ထုတ်ပေးလိုက်သည်။
"မင်းလည်း ဒီပန်းချီကားကလေးကို အမြဲ ကြည့်ဖြစ်တာပဲလား သူငယ်ချင်း"
သူ့အခန်းကို လှည့်ပတ်ကြည့်ရင်း အောင်ဇင်က မေး၏။
"အေးပေါ့ကွာ။ ငါတို့ သူငယ်ချင်းတွေ မဆုံဖြစ်ခဲ့တာ ကြာပြီပဲ။ ငါ သတိရတိုင်း ကြည့်ဖြစ်ပါတယ်"
"သူငယ်ချင်း။ အဆင်ပြေမယ်ဆို မင်းရဲ့ Laptop ကလေးနဲ့ ငါ အင်တာနက် ခဏ သုံးချင်တယ်ကွာ။ ငါ့အတွက် သိပ်ကို အရေးကြီးနေလို့ပါ"
အောင်ဇင်က Laptop ကလေးကိုကြည့်ပြီး ပြောလာသည်။
"မင်း သုံးလို့ အဆင်ပြေပါ့မလားတော့မသိဘူးကွာ။ ငါ့ Laptop က Linux OS တင်ထားတာ"
သူက သူ့ Laptop ကို ဖွင့်လျက် Browser ကိုပါ ဖွင့်ပေးလိုက်သည်။
အချိန်အတော်ကြာတော့မှ အောင်ဇင့် ကိစ္စ ပြီး၏။
"အိုခေ။ ရပြီ သူငယ်ချင်း"
"ဒါဆိုလည်း တို့ Breakfast သွားစားရအောင်ကွာ"
အဲသည်နောက်တော့ သူတို့နှစ်ယောက် လ္ဘက်ရည်ဆိုင်ဆီ ချီတက်ဖြစ်ခဲ့ကြသည်။
"ငါတို့နှစ်ယောက်ဆုံတော့ ကျန်တဲ့သူငယ်ချင်းတွေကို အရမ်းသတိရတယ်ကွာ"
သူ စကားစတော့ အောင်ဇင်က စိတ်မသက်မသာပြုံး၏။
"ငါလည်း သတိရတာပေါ့သူငယ်ချင်းရယ်။ ငါတို့တတွေက ငယ်ငယ်ကတည်းက သံယောဇဉ် ကြီးခဲ့ကြပြီး စားအတူ သွားအတူ နေလာခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပဲကွာ"
အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်လုံး သက်ပြင်းကိုယ်စီ ချမိလိုက်ကြသည်။
"မင်းမှတ်မိဦးမလား။ ငါတို့ငယ်ငယ်ကလေ။ ကျောင်းထဲမှာ သောင်းကျန်းခဲ့ကြတာ"
"မှတ်မိတာပေါ့ကွာ။ ဘာဖြစ်ဖြစ် ငါတို့အုပ်စုပဲမှို့ ဆရာကြီးကတောင် သီးသန့်ခေါ်ဆုံးမရတာ။ ငါတို့ကလည်း ငါတို့ပဲလေကွာ။ တစ်ယောက်ယောက်ဘာဖြစ်ဖြစ် ပြေလည်အောင်ရှင်းဖို့ထက် တစ်ဖွဲ့လုံး ဝိုင်းပါခဲ့ကြတာပဲလေ"
"အေး။ ငါတော့ တွေးမိတိုင်း လွမ်းတယ်ကွာ။ ကျောင်းတုန်းက ဖြူဖြူစင်စင်အရွယ်မှာ လွတ်လွတ်လပ်လပ်ပျော်ရွှင်ခဲ့ရတာတွေ ငါမမေ့ဘူးကွာ"
နှစ်ယောက်စလုံး ငြိမ်သက်သွားမိကြသည်။ သူငယ်ချင်းတွေ စကားပြောရင်း ငယ်စဉ်ကပုံရိပ်တွေက အာရုံထဲ ဝင်ရောက်လာသည်။
တစ်ကယ်တော့ သူတို့သူငယ်ချင်းတစ်စုသည် တစ်ရွာတည်းနေ တစ်ရေတည်းသောက် ခဲ့ကြသူများပင်။
ရွာသာယာတွင် အထက်တန်းကျောင်းခွဲ စတင်ရသည့်နှစ်တွင် သူတို့ ၉တန်း တက်ခဲ့ကြရခြင်းဖြစ်၏။
စည်းကမ်းတင်းကြပ်ပြီး စေတနာ မေတ္တာ ပြည့်ဝသည့် ကျောင်းအုပ်ဆရာကြီး၏ ဆိုဆုံးမမှုအောက်ဝယ် သူတို့သူငယ်ချင်းတစ်စု လေးစားသွာ သေဝပ်ခဲ့ကြပါသည်။
ယခင်ကမူ သူတို့သူငယ်ချင်းတစ်စုသည် ကျောင်းတွင် မကြာခဏ ပြဿနာဖြစ်ကြပြီး တစ်ဦးဖြစ်သည်နှင့် ကျန်သူများကပါ ဝင်ပါလေ့ရှိသဖြင့် နာမည်ဆိုးထွက်သော အုပ်စုတစ်စု ဖြစ်ခဲ့ပါသည်။
တစ်နေ့တွင်မူ ဆရာကြီးက သူတို့အုပ်စုကိုခေါ်၍ ဆုံးမစကားဆိုခဲ့သည်။ ထိုနေ့မှစ၍ သူတို့အုပ်စုမှာ ကျောင်းတွင် စံပြဖြစ်လာခဲ့ပါတော့သည်။
ထိုနေ့က ……………………………..
۩ ۩ ۩ ۩ ۩
ဆက်ပါဦးမည်
အပိုင်း ၃
လေးစားစွာဖြင့်
ခေတ်မင်းညို (ပုသိမ်တက္ကသိုလ်)
Post a Comment