သံ‌ယောဇဉ်‌ အပိုင်း၁

သံယောဇဉ် ပြယုဂ် (အပိုင်း ၁)


"ဟေး"
ထိန်းသိမ်းမရနိုင်လောက်အောင် ပျော်ရွှင်ခြင်းကြီးစွာဖြင့် သူ အော်ဟစ်ပစ်လိုက်သည်။ လပေါင်းများစွာ မျှော်လင့်ခဲ့ရသော အရာ။ နေ့တိုင်း မက်ခဲ့ရသော အိပ်မက်။ ခုတော့ လက်တွေ့ အကောင်အထည် ပေါ်ခဲ့ပြီ။
ကွန်ပျူတာကို သူ့ဘက်သို့ ဆွဲလှည့်လိုက်ရင်း နောက်ဆုံး Program ကို install လိုက်သည်။ သူ့ရှေ့မှာတော့ လူသားနှင့် ခွဲမရလောက်အောင်တူသည့် သက်မဲ့ Robot တစ်ရုပ်က အသင့်အနေအထား။ အရာရာကို ရင်ဆိုင်မည့်ဟန်။ ထီမထင်ဟန်ဖြင့် ခပ်ထေ့ထေ့အပြုံးတစ်ခုကို ဆင်လျက်။
ကွန်ပျူတာပေါ်မှ ခလုတ်တစ်ခုပေါ် သူ့လက်ကို တင်လိုက်သည်။ နောက်ဆုံး မွမ်းမံခြင်းကိစ္စ ပြီးပြီ။ စမ်းသပ်ကြည့်ရန်သာ လိုတော့သည်။
"မင်း ဘယ်သူလဲ"
"အောင်ဒင်"
"ဘာအလုပ်လုပ်လဲ"
"ကျူပ် သခင်ရဲ့ အလိုရှိရာ အကုန်လုပ်တယ်"
"မင်းအစွမ်း ဘယ်လောက်ရှိလဲ"
"သိချင်ရင် စမ်းကြည့်လိုက်လေ"
သူ ကျေနပ်စွာ ပြုံးလိုက်သည်။ သူဖန်တီးလိုက်သော voice command များ ကောင်းစွာ အလုပ်လုပ်နိုင်ပေပြီ။ နောက်ဆုံး error ကိုလည်း သူ ဖြေရှင်းလိုက်နိုင်ပြီမလား။
"ကဲ။ မင်း စောင့်လိုက်ဦးကွာ။ ငါ အိပ်လိုက်ဦးမယ်"
Robot က အသင့်အနေအထားဖြင့် တစ်ဘက်လှည့်သွားသည်။ သူ အိပ်ယာပေါ် လှဲချလိုက်ရင်း သူ့အခန်း နံရံရှိ ပန်းချီကားတစ်ချပ်ပေါ် အကြည့်ရောက်သွားသည်။
သစ်ပင် နှစ်ပင်ကို ပုံဖော်ထားသော ပန်းချီကား။ သစ်ပင်တစ်က အကိုင်း၊ အခက် အလက်၊ အဖူး၊ အပွင့်၊ အသီး တို့ဖြင့် ဝေဆာနေသလောက် အခြားတစ်ပင်ကမူ လုံးဝဆန့်ကျင်ဘက်။ ညှိုးရော်နွမ်းလျနေပုံ။ ထိုသစ်ပင်ပန်းချီ၏ အောက်ခြေတွင်တော့ "၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ရက်။" ဟု ရေးထိုးထားပါ၏။
"၃ နှစ်ပဲ လိုတော့တယ်"
သူ့နှုတ်မှ ခပ်ဖွဖွ ရေရွတ်ရင်း မျက်လုံးအစုံကို မှိတ်ပစ်လိုက်သည်။ သူ အိပ်စက်အနားယူတော့မည်။ မအိပ်ခဲ့ရသော နေ့ရက်တွေ သိပ်များခဲ့ပြီ။

۩  ۩   ۩   ۩   ۩

" "
ဖုန်းမှ vibration ကြောင့် သူလန့်နိုးခဲ့ရပြန်သည်။ နာရီကို ကြည့်လိုက်တော့ ၁၂ နာရီ။
သူ အချိန်အတန်ကြာအောင် အိပ်ပျော်ခဲ့တာပဲ။
ဖုန်းကိုင်မည်ပြုပြီးမှ သူ့ Robot ကို စမ်းသပ်ချင်စိတ်ကြောင့် ဖုန်းကိုင်ခိုင်းလိုက်သည်။
"ဟယ်လို"
"ဟယ်လို။ ဆရာလား"
"ဟုတ်တယ်။ ပြောပါ"
"ဦးအောင်မြင်ဆီက အဆက်အသွယ်ရတယ်ဆရာ။ ပွဲကြီးပွဲကောင်းတစ်ခု ရှိတယ်တဲ့"
"ဟုတ်လား။ ချိန်းထားလိုက်။ လာခဲ့မယ်"
Robot က သူ့လိုပင်။ ခပ်ပြတ်ပြတ်စကားနှင့် ဖုန်းချလိုက်သည်ကို ကြည့်၍ သူ့နှုတ်ဖျားတွင် အပြုံးတစ်ပွင့် ဖူးသစ်လာမိ၏။ ထို့နောက်တော့ သူ ရေချိုးခန်းသို့ ဝင်ခဲ့လိုက်သည်။ သူ့ Robot အတွက် Praticle ကို သည်နေ့ မြင်ရတော့မည်။ Robot မှန်း မသိအောင်တော့ သူ သတိထားရပေမည်။
۩  ۩   ۩   ۩   ۩
ဦးအောင်မြင်ဆီ သူရောက်တော့ ဝင်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူစိမ်းတစ်ယောက်ကို သူခေါ်လာခဲ့သည်ဟု ထင်သည်ကိုး။ ဦးအောင်မြင်က သူ့ကို မကြည်ဖြူဟန်ဖြင့် ကြည့်သည်။ ဟုတ်တော့ဟုတ်ပါသည်။ သည်လောကမှာ စိတ်ချရသည်ဟူ၍မှ မရှိပဲလေ။
"စိတ်ချပါ ဦးအောင်မြင်။ ကျုပ်ခေါ်လာတဲ့သူအတွက် ကျုပ် အသက်နဲ့ ရင်းပြီး အာမခံပါတယ်"
အခြေအနေကို သိနေ၍ သူပြောလိုက်ခြင်းဖြစ်သည်။ သည်တော့မှ ဦးအောင်မြင် မျက်နှာ ပုံမှန် ပြန်ဖြစ်သွားသည်။
"ဒီတစ်ပွဲမှာ သူ့ကို ပွဲထုတ်ဖို့ စီစဉ်ထားတယ်"
သူပြောတော့ ဦးအောင်မြင်က ဖြစ်ပါ့မလားဆိုသည့်ပုံစံမျိုး ကြည့်၏။
"သူ့ အခြေအနေကို စစ်ဆေးကြည့်လို့ ရပါတယ်ဗျာ"
ဒီလိုနှင့် ခြံဝန်းထဲ ပြန်ထွက်ဖြစ်ခဲ့ကြသည်။ ဦးအောင်မြင်၏ ကိုယ်ရံတော် ငါးယောက်က အသင့်အနေအထားဖြင့်။
"ကဲ။ ဘယ်သူနဲ့ စမ်းစေချင်လဲ မောင်အောင်ဇင်"
သူ နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ ဒီဝင်းထဲ ဝင်လာကတည်းက Robot ကို Auto ပေးပြီးသား။
"ငါးယောက်လုံး တစ်ပြိုင်နက် လာခဲ့ပါ"
Robot ဆီက ထွက်ပေါ်လာသည့် စကားသံက သူ့အသံကဲ့သို့ပင်။ မာကျောကျစ်လျစ်နေသဖြင့် ဦးအောင်မြင် အံ့သြသွားသည်။ သူ့ပင်ကိုယ်အသံဖြင့် Respond လုပ်နိုင်ရန် Voice Command များကို သူက အသေအချာ ပြင်ဆင်ထားပြီးသားမို့ သူ့အသံအတိုင်း အတိအကျ ထွက်ပေါ်လာခြင်းပင်။
"ဖြစ်ပါ့မလား မောင်အောင်ဇင်"
ဦးအောင်မြင်က မယုံကြည်ဟန်။ ဒီ့အတွက်တော့ သူက အနီးရှိ သစ်သားတုတ် ငါးချောင်းကို ယူ၍ ဦးအောင်မြင်၏ ကိုယ်ရံတော်ငါးယောက်ဆီ ကမ်းပေးလိုက်သည်။
"လျှော့တွက်ရင် ခံသွားရလိမ့်မယ် ဦးအောင်မြင်"
ဦးအောင်မြင်ကို ပြောသလိုနှင့် ကိုယ်ရံတော် ငါးယောက်ကို သတိပေးလိုက်သည်။ တစ်ဆက်တည်းမှာပင်
"သက်သက်ညှာညှာပဲ လုပ်နော် အောင်ဒင်ရေ။ ဒါ မိတ်ဆွေတွေကွ"
သူ့ Robot ကို command ပေးလိုက်သည်။ ဦးအောင်မြင်၏ ကိုယ်ရံတော် ငါးယောက်က မကျေနပ်ဟန်ဖြင့် အစွမ်းကုန် ဝိုင်းတိုက်သည်။
"ဖြောင်း။ ဖြောင်း"
တုတ်ခိုင်လှသော တုတ်ချောင်းများအားလုံး Robot ၏ လက်များနှင့် ထိတွေ့သည်နှင့် အပိုင်းပိုင်း ကျိုးကျကုန်သည်။ အကောင်းဆုံး သံမဏိများဖြင့်သာ ပြုလုပ်ထားသော သူ့ Robot ၏ ခန္တာကိုယ်က သည်လောက်တော့ နုလွန်းပါသေးသည်လေ။
အနီးရှိ ကိုယ်ရံတော်နှစ်ယောက်ကို လက်နှစ်ဘက်ဖြင့် ဆွဲမြှောက်ပြီး ကျန်သုံးယောက်ထံ ပစ်ပေါက်ပစ်လိုက်သည်။ သည်နောက်မှာတော့ ပွဲက ခဏတာလေးနှင့် ပြီးဆုံးသွားပါ၏။
"ဖြောင်း။ ဖြောင်း။ ဖြောင်း"
ဦးအောင်မြင်၏ လက်ခုပ်သံ။
"သိပ်တော်တယ်ကွာ မောင်အောင်ဇင်ရေ။ ကျုပ်တို့အဖို့တော့ အကြီးအကျယ် အားကိုးရမယ့်သူပဲ။ ခုလို စမ်းသပ်ရတာက မောင်အောင်ဇင့်ကို မယုံလို့မဟုတ်ပါဘူးကွာ။ ဒီတစ်ခါအလုပ်က သိပ်အန္တရာယ်များနိုင်တယ်။ အကျိုးအမြတ်ကလည်း မသေးဘူးလေ။ ဒါကြောင့် ကိုယ့်ဘက်က သေချာဖို့ လိုတာကိုးကွ"
"စိတ်ချပါ ဦးအောင်မြင်။ ကျိန်းသေကို အောင်မြင်စေရမယ်လို့ ကျုပ် ကတိပေးပါတယ်ဗျာ"

۩  ۩   ۩   ۩   ۩


"အင်္ဂလိပ်စာကို ကြောက်တယ် ဆိုတာ မှားယွင်းတဲ့ အယူအဆပဲကွ။ ဘယ်ကျောင်းသားမှာမှ မရှိသင့်တဲ့ သဘောထားပါ။ တစ်ကယ်ဆို အင်္ဂလိပ်စာက မြန်မာစာနဲ့ ကွာဟမှု သိပ်မများဘူး။ သဒ္ဒါပိုင်းဆိုင်ရာ နားလည်ရမယ်။ ဝေါဟာရတွေကို နေရာတကျ သုံးတတ်ရမယ်။
ဝါကျထုံးဖွဲ့မှု သဘောတရားတွေကို နားလည်ရမယ်။ အဓိကကတော့ အင်္ဂလိပ်စာသင်ရတာ ပျင်းမနေဘဲ အမှန်တစ်ကယ် တတ်မြောက်လိုစိတ်နဲ့ လေ့လာဖို့ပဲ။ မြန်မာစာပဲ နမူနာကြည့်။ မြန်မာစကား ပြောကြတယ်။ ပြောတတ်တဲ့သူတိုင်းလည်း မြန်မာစာ မတတ်ဘူး။ ကတ္တား၊ ကံ ဝါစင်္ဂမှန်အောင် ရေးတတ်မှ မြန်မာစာ တတ်တယ်လို့ခေါ်တယ်။ မြန်မာစာ နဲ့ မြန်မာစကားတောင် တိုက်ရိုက်မတူဘူးကွ။ ပြောစကား speech နဲ့ စာ literature မတူဘူး။
တို့တတွေဟာ လူမှန်း သိတတ်စအရွယ်ကတည်းက မြန်မာစကား ပြောတတ်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ မြန်မာစာ မရေးတတ်သေးဘူး။ ကကြီး ခခွေး ဆိုတဲ့ အခြေခံဗျည်းတွေ၊ သရတွေ တွဲဆက်ပြီး စကားလုံးတွေ၊ အဲဒါတွေအားလုံးနားလည်လာတဲ့အခါ မြန်မာစာ ရေးရတာ မခက်တော့သလိုပေါ့။ ဘယ်ဘာသာစကားဖြစ်ပါစေ။ အခြေခံလိုအပ်ချက်တွေကိုသာ နားလည် သိမြင်လာရင် လွယ်လာပါလိမ့်မယ်။ ကဲ ဒီနေ့တော့ ဒီလောက်ပါပဲကွယ်။ အားလုံးပဲ မင်္ဂလာပါ"
"မင်္ဂလာပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ"
တပည့်တွေ၏ နှုတ်ဆက်သံကို နားထောင်ရင်း ဆရာလေးကိုကျော်စွာ ရင်ထဲ ပီတိအဟုန်တို့ လှိုက်တုန်လာရသည်။ ကလေးတွေကို စာသင်ရခြင်းအတွက် သူ ကျေနပ်ပျော်ရွှင်ရသည်လေ။
အိမ်ပြန်ရောက်သည်နှင့် အဝတ်မလဲအားသေးဘဲ ဧည့်ခန်းနံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားလေးဆီ အကြည့်ရောက်ဖြစ်သည်။ အချိန်တွေကြာခဲ့ပေမယ့် ပန်းချီကားကလေးက လတ်ဆတ်ဆဲ။
အဖူး အပွင့် အခက် အလက် ဝေစီနေသည့် အပင်တစ်ပင် နှင့် ညှိုးရော်နွမ်းလျနေသည့် အပင်တစ်ပင်ကို ကပ်တင်ထားသကဲ့သို့ သက်ဝင်လှပသော ပန်းချီကားတစ်ချပ်သည် သူ ကျောင်းဆရာဖြစ်လာအေင် စွမ်းဆောင်ပေးခဲ့သော ဒုတိယအချက်တစ်ခုပင်။
ပန်းချီကားချပ်လေးအောက်ခြေရှိ "၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်" ဟူသည့် နေ့စွဲတစ်ခုဆီ ကြည့်မိလိုက်ပြန်သည်။
"သြော် … သုံးနှစ်ပဲ ကျန်တော့တာပဲ"
သူ့နှုတ်ဖျားမှ တိုးတိတ်စွာ ရေရွတ်မိလိုက်သည်။ ကျောင်းသား/သူ တွေကို နေ့စဉ် တွေ့မြင်နေကျ ဆရာတစ်ယောက်မို့လည်း တစ်ချိန်က ကျောင်းသားဘဝကို နေ့စဉ်လိုလို သတိရနေမိသည်မှာ မဆန်းတော့။
"ဆရာ။ ဒီနေ့ည သားတို့ ဆရာ့အိမ်မှာ လာအိပ်ပါရစေ။ စာတွေ နားမလည်တာ မေးချင်လို့"
တပည့် ကျောင်းသားတစ်ယောက်အသံ ကြားလိုက်တော့မှ သူ့စိတ်တွေ ပစ္စုပ္ပန်နှင့် ပြန်လည် ချိတ်ဆက်မိတော့သည်။
"သြော်။ သာအေးတို့ပါလား။ အေး အေး။ စာတွေ နားမလည်ရင်လည်း လာခဲ့ပေါ့ကွာ။ မိဘတွေကိုတော့ သေချာပြောပြခဲ့။ ဟုတ်လား"
"ဟုတ်ကဲ့ပါ ဆရာ"
ဆရာဂုဏ်ပုဒ်နှင့် လျော်ညီစွာ နေထိုင်သင်ကြားလေ့ရှိသူမို့ ကျောင်းသားတွေက သူ့ကို ချစ်ခင် ရိုသေကြသည်။ နားမလည်သည့် ဘာသာရပ်တွေကိုလည်း လာရောက် မေးမြန်းကြသည်။ သူကလည်း စိတ်ရှည်လက်ရှည် ရှင်းပြလေ့ရှိသဖြင့် ကျောင်းသားမိဘတွေကပါ အားကိုးယုံကြည်ကြသည်လေ။
ဒါ့ပြင် သူ့အိမ်တွင်လည်း စာအုပ်ပေါင်းများစွာကို စုဆောင်း ထားရှိသည်မှာ စာကြည့်တိုက် တစ်ခုပမာဖြစ်၍ ကျောင်းသားတွေက အားလပ်ရက်များတွင်ပါ လာရောက် ဖတ်ရှုလေ့ ရှိကြပါသေးသည်။ သူ့စာအုပ်စင်ကလေး၏ အပေါ်တွင်တော့ စာတန်းတစ်ခု ချိတ်ဆွဲထားပါသည်။
"တစ်ဦးချင်းစီ၏ ပုံဖော်လုပ်ဆောင်မှုကသာ နိုင်ငံ၏ ပုံရိပ်ဖြစ်သည်" ဟူသော စာတန်းကလေး။ သူ့အိမ် လာနေကျ ကလေးတွေပင် သည်စာတန်းကလေးကို အလွတ်ရနေချေပြီ။

۩  ۩   ۩   ۩   ۩

Kali Linux OS ဖြင့် run နေသော Laptop တစ်လုံး၏ Screen ပေါ် မမှတ်မသုန် ကြည့်နေသော မျက်လုံးတစ်စုံ။ Command Line ပေါ်က တဖျပ်ဖျပ်ပေါ်လာနေသော စာတန်းများ။ Complete ဖြစ်သွားပြီဖြစ်သော exploit တစ်ခု၏ အောင်မြင်မှု။
သူ ကျေနပ်စွာ ပြုံးလိုက်သည်။ ဒီ exploit တစ်ခုကို သူ ဖန်တီးနိုင်ဖို့အတွက် နေ့ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ ညပေါင်းများစွာ အိပ်ပျက်ခဲ့ရသည်။ ခုတော့ သူခြေရာခံနေသော Network ID နှင့် လိုအပ်သော အချက်အလက်များကိုပါ ရခဲ့ပေပြီ။
ဒေတာတွေကို စီဒီခွေတစ်ချပ်ထဲ Burn လိုက်သည်။ အားလုံးပြီးတော့မှ အိပ်ယာပေါ် ပက်လက်လှန်ချပစ်လိုက်သည်။
သူ့အခန်းက ကျယ်သော်လည်း ကွန်ပျူတာစားပွဲကို သီးသန့်မထားဘဲ ကုတင်ဘေးတွင်သာ ပူးထားခြင်းကြောင့် အလုပ်ပြီးသည်နှင့် လှဲအိပ်ရုံသာ။
မအိပ်မီ သူ့မျက်ဝန်းတွေက အခန်းနံရံတစ်နေရာကို အကြည့်ရောက်ဖြစ်သည်။ သူ့အခန်းနံရံများတွင် ပန်းချီကားတစ်ချပ်မှလွဲ၍ ဘာမှ ချိတ်ဆွဲထားခြင်းမရှိ။ ဒါကြောင့် သူကြည့်စရာဟူ၍ ထိုပန်းချီကားချပ်တစ်ခုသာ။
သစ်ပင်နှစ်ပင်ကို ဖော်ညွှန်းပြသသည့် ပန်းချီကား။
သူ့ဘဝအတွက် အဓိပ္ပါယ်ရှိလှသော ပန်းချီကားကလေးသည် အချိန်ကာလက တိုက်စားခဲ့သဖြင့် ဆေးရောင်ပင် မှိန်နေချေပြီ။ သို့သော် ပန်းချီကားထဲရှိ သစ်ပင်နှစ်ပင်ကတော့ လတ်ဆတ်ဆဲ။ သူ့ရင်တွင်းခံစားမှုကလည်း ထိုပန်းချီကားကဲ့သို့ပင် သစ်လွင်နေဆဲ။
အကိုင်း၊ အခက်၊ အလက်၊ အရွက်၊ အဖူး၊ အပွင့်၊ အသီး စသည့်အင်္ဂါရပ်တွေနှင့် လှပစွာ ရှိနေသော သစ်ပင်တစ်ပင်၏နံဘေးတွင် နွမ်းကြွေမှုကြောင့် အရိုးပြိုင်းပြိုင်းကျနေသည့် သစ်ပင်တစ်ပင်။
သည်ပန်းချီကားကလေးသည် ကွန်ပျူတာ၏ မော်နီတာမှလွဲ၍ သူကြည့်စရာအဖြစ် တစ်ခုတည်းသော အရာပင်။ ပန်းချီကားကလေး၏ အောက်ခြေတွင်တော့ အနာဂတ် နေ့စွဲတစ်ခု ရေးထိုးပါ၏။
"၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်" ဟူသော နေ့စွဲတစ်ခုပင်။
ပန်းချီကားကို ကြည့်လေတိုင်း သည်နေ့စွဲကလေးကို မှတ်မှတ်ရရကြည့်ဖြစ်သည်။ သည်နေ့စွဲ ကလေးသည် သူ့အတွက် မျှော်လင့်ချက်တစ်ခုလည်း ဖြစ်နေသည်မဟုတ်လော။
မျက်လုံးကို စုံမှတ်၍ အိပ်စက်ဖို့ ကြိုးစားလိုက်သည်။ သူ့အမြင်အာရုံလွှာတွင်တော့ ပုံရိပ်အချို့က ကပ်ငြိနေဆဲ။

۩  ۩   ۩   ۩   ۩

သန့်ရှင်း သပ်ရပ်လှသော ရုံးခန်းတစ်ခုအတွင်း ဖြစ်ပါသည်။ အေးစိမ့်နေအောင် ဖွင့်ထားသော အဲ(ယား)ကွန်းများကြောင့် နေပူဒဏ်ကို မေ့လောက်အောင် ဖြစ်မိသွားသည်။ ကျောပိုးအိတ်ထဲ အသင့်ထည့်ထားပြီးဖြစ်သော ငွေများကိုသာ ပြည့် မပြည့် စစ်ဆေးကြည့်လိုက်သည်။
သပ်ရပ်စွာ ဝတ်ဆင်ထားသော လူကြီးတစ်ယောက်က သူ့လုပ်သမျှကို စိတ်ပါဝင်စားသလို ကြည့်နေပါ၏။
"ငွေတော့ ပြည့်ပါတယ်ဗျာ။ ဒီမှာ ခင်ဗျားလိုချင်တဲ့ ဒေတာတွေ။ စစ်ကြည့်လိုက်ပါဦး"
သူကမ်းပေးသော မမ်မိုရီစတစ် (memory stick) ကို စားပွဲပေါ်ရှိ ကွန်ပျူတာတွင် တပ်ဆင်လိုက်ပြီးမှ ထိုသူက
"ဂျိုကာရဲ့ ရာဇဝင်ကို ကြားဖူးပြီးသားပါဗျာ။ အလုပ်မအောင်မြင်ဘဲ ရောက်မလာဘူးဆိုတာ သိပါတယ်"
ထိုသူက မမ်မိုရီစတစ်ကို ဖွင့်ပြီး အထဲရှိ ဖိုင်များကို တစ်ခုချင်းစီ စစ်ဆေးကြည့်လိုက်ပြီးမှ
"အိုခေဗျာ။ ဂျိုကာ။ ကျေးဇူးပါပဲဗျ"
သူက ပခုံးတစ်ဘက်ကို တွန့်ပြလိုက်ရင်း စားပွဲပေါ်ရှိ ငွေအပြည့်ထည့်ထားသော ကျောပိုးအိတ်ကို လွယ်လိုက်သည်။ ပြီးတော့ အဝမှာ ရပ်စောင့်နေမည့် တက္ကစီ ဒရိုင်ဘာထံ အချက်ပြပြီးသည်နှင့်  သူခပ်တည်တည်ပဲ ထွက်လာခဲ့လိုက်သည်။
တက္ကစီကားလေးက ဖြေးတစ်လှည့် မြန်တစ်ခါ ဖြတ်ကာပြေးရင်း စူပါမားကက်တစ်ခုရှေ့ ရပ်တန့်သွားသည်။ ထုံးစံအတိုင်းပင် လူရှုပ်ရာဘက်မှ ဝင်လာခဲ့ပြီး အဝတ်ဆိုင်တစ်ခုအတွင်း ဝင်ကာ အဝတ်တစ်စုံဝယ်ယူ၍ အဝတ်လဲခန်းအတွင်း ဝင်လဲလိုက်သည်။
ငွေအိတ်ထဲမှ ငွေများကို ထုတ်ယူလိုက်ပြီး အိတ်ခွံကို အမှိုက်ပုံးထဲ ထည့်သည်။ သည့်နောက်မှာတော့ အေးဆေးတက်ကြွသော ခြေလှမ်းများဖြင့် သူ အခြားတစ်ဘက်မှ ပြန်ထွက်ခဲ့လိုက်ပါသည်။
ဒါတွေက သူ့အလုပ်တစ်ခုပြီးတိုင်း လုပ်ဆောင်နေကျမို့ သူ့အတွက်တော့ သိပ်မထူးဆန်းလှပေ။ သူ့အလုပ်ကလည်း လျှို့ဝှက်နိုင်ပါမှ တန်ကာကျသည်မဟုတ်ပါလား။

۩  ۩   ۩   ۩   ۩

တောတန်းကလေး၏ တစ်နေရာ။
ခြောက်ယောက်စီသော အဖွဲ့နှစ်ဖွဲ့က မျက်နှာချင်းဆိုင်အနေအထား။ လက်နက်အပြည့်အစုံနှင့် အသင့်ပြင်လျက်။ သူတို့လဲလှယ်မည့်ပစ္စည်းများကို စိတ်တိုင်းကျ စစ်ဆေးပြီးနောက် လမ်းခွဲခါနီးအချိန်။
"လက်ထဲက ပစ္စည်းလေးတွေ ထားခဲ့ပြီး နှစ်ဖွဲ့လုံး ပြန်လို့ရပါပြီ"
အေးစက်စက်ထွက်ပေါ်လာသော မာကျောကျစ်လျစ်သည့် အသံတစ်ခု။
"ဘာလဲကွ မင်းက ငါတို့ကို ခြိမ်းခြောက်နေတာလား"
သေနတ်ဆယ်လက်ကြားတွင် တည်ငြိမ်မှုအပြည့်ဖြင့် ရပ်တည်နေရာမှ လက်နှစ်ဘက်ကို လျင်မြန်စွာထုတ်၍ ခေါင်းဆောင်သူနှစ်ယောက်ကို ဖမ်းဆုပ်လိုက်ပြီး ခန္တာကိုယ်ကိုယ် တစ်ဖက်သို့ လှည့်လိုက်ရာ တစ်ဖွဲ့၏ခေါင်းဆောင်က အခြားအဖွဲ့ဘက်ရောက်ရှိကာကွယ်ပြီးသား ဖြစ်သွားပြီး တစ်ဘက်မှပစ်သော ကျည်များက အခြားခေါင်းဆောင်ကို ထိမှန်လေ၏။
အသက်မဲ့သွားသော ခေါင်းဆောင်နှစ်ယောက်ကို ပစ်ချလိုက်ပြီး အနီးဆုံးသေနတ်သမားဆီမှ သေနတ်ကို ဆွဲယူလိုက်သည်။
"ဒိုင်း၊ ဒိုင်း"
သေနတ်သံတွေက ဆူညံစွာ ပွက်လောရိုက်လျက်။ သူ့ခန္တာကိုယ်ပေါ်ကျည်တွေ က စုပြုံကျလာသလို သူ့လက်ထဲမှ သေနတ်မှလည်း မီးပွင့်ကလေးတွေ ဖြာထွက်သွားသည်။
"အား"
အော်သံတွေက ဆူညံလျက်။ သေနတ်ကိုင်လက်များကိုချည်း ရွေးပစ်လိုက်သော သူ့ပစ်မှတ်တွေက လွဲချော်မသွားခဲ့။
သေနတ်ဖြင့်ပစ်ခတ်သည့်တိုင် သူက မဖြုံသဖြင့် ရန်သူတွေ ကသာ သူ့ကို တုန်လှုပ်စွာ ငေးကြောင်နေမိစဉ်မှာပဲ ခေါင်းဆောင်နှစ်ယောက်၏ လက်ထဲမှ သေတ္တာနှစ်လုံးကို ဆွဲယူ၍ သူ ထွက်ခဲ့လိုက်သည်။
အနည်းငယ် သတ္တိပိုရှိပုံရသော ရန်သူတစ်ယောက်က ခုန်၍ ကန်လာသဖြင့် နောက်ဆုတ်ရှောင်လိုက်ပြီး လွတ်သွားသော ရန်သူ၏ ရင်ဘတ်ဆီ ညာဖြေဖြင့် ပင့်ကန်လိုက်သည်။ ထိုရန်သူသည် အတော်ဝေးဝေးဆီ လွင့်စင်သွားပြီး ပြန်မထနိုင်တော့။ တစ်ချက်တည်းဖြင့် လက်စ သိမ်းသွားသည်။
ထို့အတူ ကျန်သူများလည်း မနေရဲတော့ဘဲ တစ်ချိုးတည်း လစ်ပြေးကုန်ကြသည်။ သူကတော့ သေတ္တာနှစ်လုံးကို ဆွဲလျက် အေးဆေးစွာ ထွက်လာခဲ့ပါ၏။
"တော်တယ်ကွာ"
မှန်ပြောင်းဖြင့် ကြည့်နေရာမှ ဦးအောင်မြင် နှုတ်မှ ချီးချူးစကားသံ ထွက်လာသည်။ သူ့မျက်လုံးတွေကမူ တစ်စုံတစ်ရာသော အရိပ်အယောင်ဖြင့် လင်းဖြာနေသည်ကို အောင်ဇင် သတိမထားမိလိုက်ပေ။
အောင်ဇင်က သူ့ Robot ၏ အစွမ်းအစကို ကျေနပ်နေသည် မို့ ဦးအောင်မြင်၏ မျက်ဝန်းတွေကို မမြင်နိုင်ခဲ့။ ဤသည်ကပင်လျင် အောင်ဇင်၏ အနာဂတ်ကို ပြောင်းလဲသွားစေဖို့ အကြောင်းဖန်လာခြင်းပေတည်း။
"ရော့။ ဒီမှာ မောင်အောင်ဇင်နဲ့ မောင်အောင်ဒင်အတွက် ဝေစု။ ကျေနပ်ရဲ့လား"
ပစ္စည်းတွေကို စုပုံပြီးနောက် ငွေသားချည်းတစ်ပုံကို သူ့ကိုပေးလာသည်။ ထက်ဝက်ခန့်တန်ဖိုးကြောင့် သူက ကျေနပ်စွာလက်ခံမိလိုက်သည်။ သူ့ Robot ကို ပြုပြင်ရပေဦးမည်လေ။
"ကျေနပ်ပါတယ်ဗျာ။ ကျုပ်ကို ခွင့်ပြုပါဦး"
နှုတ်ဆက်စကားဆိုပြီးနောက် ငွေအိတ်ကိုယူကာ သူ ပြန်ထွက်ခဲ့လိုက်သည်။ Robot အောင်ဒင်က သူ့နောက်မှာ ကပ်လျက်။
အိမ်ပြန်ရောက်သည်နှင့် သူ့ Robot ကို စတင်စစ်ဆေးလိုက်သည်။ အကောင်းဆုံး စတီးကိုယ်ထည်နှင့်မို့ ပြင်းအားငယ်သော သေနတ်ဒဏ်ကို ခံနိုင်ရည်ရှိသော်ငြား အနည်းငယ်တော့ ချိုင့်ပိန်သွားတာမျိုးတွေ ရှိနေပါ၏။
သေနတ်ငယ်ဆိုပေမယ့် ပစ်ကွင်းက နီးကပ်လွန်းတာကြောင့် ပြင်းအားကုန် ထိမှန်ခဲ့သည်ကိုး။ မည်သို့ပင်ဖြစ်စေကာမူ သူ့ Robot သည် ပထမဆုံးတာဝန်ကို ကောင်းစွာ ကျေပြွန်ခဲ့သည်မဟုတ်လော။
သည့်ထက် ပိုမိုကောင်းမွန်သော ကာဗာများကို သူ ဖန်တီးပေးရပေဦးမည်။ ထို့အတွက် ငွေ အလုံအလောက်ကိုလည်း သူ ရှာဖွေနိုင်ခဲ့ပြီကိုး။
သူ့ Robot body ကို ပြန်လည်ပြုပြင်ပြီးနောက် ပန်းချီကားဆီ အကြည့်ရောက်မိပြန်သည်။ ရေသောက်မြစ်၊ ပင်စည်၊ အသီး၊ အရွက်၊ အခေါက် ဘာမှန်းမသိပေမယ့် သူသည်လည်း တစ်နေရာတွင် ပါဝင်နေသည်ဟုတော့ ယုံကြည်နေမိပါ၏။
۩  ۩   ۩   ۩   ۩

ဆက်ပါမည်

အပိုင်း ၂

လေးစားစွာဖြင့်

ခေတ်မင်းညို (ပုသိမ်တက္ကသိုလ်)

Post a Comment