i phone လေးကစကားပြောနေတယ်

iphoneလေးစကားပြောနေတယ်
#copy
------------

'' သူငယ်ချင်း မင်း iphone လေးလှလိုက်တာကွာ။ဘယ်လောက်ပေးရလဲ''

ထိုနေ့က ကျောင်းပိတ်ရက်ဖြစ်လို့ ကျွန်တော့်အိမ်ကို သူငယ်ချင်းအိမ်လယ်လာချိန် သူ့phoneလေးကို ကိုင်ကြည့်ရင်းကျွန်တော်ပြောနေမိခြင်းဖြစ်သည်။

'' သားကြီး ဈေးကြီးတယ်ကွ။သူက နောက်ဆုံးထွက် model လေ။၁၀ သိန်းကျော်တယ်''

iphone တွေဈေးကြီးမှန်း ကျွန်တော်သိပါတယ်။ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုင်တဲ့သူကမရှိတော့ ကျွန်တော်သိပ်ဂရုမစိုက်မိခဲ့ဘူး။ခု ကျွန်တော့်သူငယ်ချင်းဝယ်ကိုင်မှ ကျွန်တော်ပထမဆုံးကိုင်ကြည့်ဖူးတာပါ။ phone တွေကို အရူးအမူးဝါသနာပါလွန်းတဲ့ ကျွန်တော့်အဖို့ သူငယ်ချင်းရဲ့ iphone လေးကိုင်ကြည့်ပြီး လက်က မချနိုင်အောင်ဖြစ်နေမိပါတယ်။

'' ငါလည်းလိုချင်လိုက်တာကွာ ''

ဖုန်းလေးကိုသူငယ်ချင်းဆီပြန်ပေးရင်း မဖြစ်နိုင်မှန်းသိရက်နဲ့ ကျွန်တော်ပြောနေမိပါတယ်။

'' ပိုက်ဆံစုဝယ်ပေါ့သားကြီးရ ''

သူငယ်ချင်းက ဖုန်းလေးကို ခါးမှာထိုးနေရင်းပြောလိုက်တယ်။ပိုက်ဆံစုဖို့အကြောင်း သူငယ်ချင်းကပြောတော့ ထမင်းအိုးချက်ရင်း ကျွန်တော့်ကို ညှိုးငယ်စွာကြည့်နေတဲ့ နှင်းအိဆီ ကျွန်တော့်အကြည့်တို့ရောက်သွားခဲ့ပါတော့တယ်။
💔💔💔💔💔💔💔

နှင်းအိနဲ့ကျွန်တော် တက္ကသိုလ် ဒုတိယနှစ်မှာ ရည်စားတွေဖြစ်ခဲ့ကြတယ်။တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြလို့ ချစ်သူသက်တမ်းတစ်လျှောက် ပြသနာကြီးကြီးမားမားမရှိခဲ့ပါဘူး။တတိယနှစ်ဖြေပြီးပြီးချင်း ကျွန်တော်တို့ ခိုးပြေးခဲ့ကြတယ်။ခိုးပြေးတယ်ဆိုတာကလည်း ကျွန်တော့်အခြေအနေက နှင်းအိတို့ မိဘတွေသဘောမတူနိုင်လောက်အောင် မွဲလွန်းလှပါတယ်။သူ့မိဘတွေ မိဘချင်းသဘောတူထားတဲ့ကောင်ကလည်း ကျောင်းပြီးရင်လက်ထပ်ဖို့ နားပူနားဆာလုပ်နေပြီဖြစ်လို့ မခွဲနိုင်တဲ့အဆုံးကျွန်တော်တို့ ခိုးပြေးဖြစ်ခဲ့ပါတယ်။ဒီသတင်းကိုကြားကြားချင်း နှင်းအိမိဘတွေဒေါသူပုန်ထလိုက်တာများ မိုးမီးလောင်မတတ်ပါပဲ။အောင်စာရင်းတွေထွက်လာတော့ ကျွန်တော်ရော နှင်းအိပါ မာစတာတန်းတက်ခွင့်ရကြတယ်။ဒါပေမယ့် နှင်းအိကဆက်မတက်တော့ပဲ ကျွန်တော်တို့အိမ်နဲ့နီးတဲ့ စက်ရုံတစ်ခုမှာ စာရင်းကိုင်ဝင်လုပ်တယ်။ကျွန်တော့်ကိုတော့ သူကျောင်းဆက်တက်စေခဲ့ပါတယ်။သူရတဲ့လခလေးနဲ့ ကျောင်းအတွက်ရော အိမ်အတွက်ပါလောက်ငအောင်စီမံခဲ့တယ်။ခက်ခက်ခဲခဲပေါ့။ဒီကြားထဲနှင်းအိမှာ နှလုံးသွေးကြောကျဉ်းရောဂါရှိတော့ ဆေးဖိုးကလည်းကုန်ပါသေးတယ်။ပိုက်ဆံပြတ်လို့ ဆေးမသောက်ရတဲ့နေ့တွေဆို အိပ်ယာထဲမှာ အသက်ရှူကြပ်တဲ့ဝေဒနာကိုအလူးအလဲခံစားနေရတတ်ရှာတယ်။ကျွန်တော်လည်း ပြုစုပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ခက်ခဲတဲ့အခြေအနေကို သူ့မိဘတွေသိရတော့လည်း သားဆိုးသမီးဆိုးကိုပစ်ရိုးမရှိတဲ့ထုံးစံအတိုင်းသူတို့ဆီလာနေဖို့ပြောလာပါတယ်။နှင်းအိက ကျွန်တော့်ကိုငဲ့ပြီးပြန်မသွားပါဘူး။ကျွန်တော့်ကိုဖိနှိပ်မှာစိုးလို့ သူ့မိဘတွေဆီ သူပြန်မသွားခဲ့ဘူး။ပြန်မသွားပေမယ့် သူ့သမီးရဲ့ဆေးဖိုးကိုတော့ အမြဲမပြတ်ထောက်ပံ့ပေးပါတယ်။နှလုံးရောဂါဆေးတွေက ဈေးကြီးလွန်းလို့အခက်အခဲဖြစ်နေတဲ့ ကျွန်တော်တို့အဖို့ အသက်ရှူချောင်သွားခဲ့ပါတယ်။
💔💔💔💔💔💔💔💔

ဒီလိုနဲ့ အချိန်တွေက တစ်ရက်ပြီးတစ်ရက်ကုန်လွန်လာခဲ့တယ်။နှင်းအိရဲ့ နှလုံးသွေးကြောကျဉ်းရောဂါကသက်သာလာတယ်မရှိပါဘူး။ညဖက်ရောက်ရင် အသက်ရှူကြပ်လာတယ်။တစ်ခါတစ်လေ ခြေလက်တွေအေးစက်ပြီး ခေါ်လို့မရတဲ့အထိဖြစ်လာတတ်တယ်။ မြန်မာဆေးသောက်နေတာတွေ့လို့ တန်းဖိုးကြီးတဲ့ အင်္ဂလိပ်ဆေးတွေသောက်နေတာတောင် ဘာလို့မြန်မာဆေးတွေထပ်သောက်နေရတာလည်းမေးတော့ သူ့သူငယ်ချင်းကဒီဆေးလေးကောင်းတယ်ပြောလို့ပါတဲ့။ကျွန်တော်လည်းကြာတော့ စိတ်နည်းနည်းပျက်လာမိတယ်။ကြည်နူးစရာတွေက ရောဂါရဲ့ဖိစိမှုတွေကြား ပျောက်ကွယ်လာခဲ့တယ်။တစ်ခါတစ်လေ သူအသက်ရှူကြပ်လာရင်တောင် ပျောက်သွားမှာပါကွာလို့ပဲပြောပြီး ကျွန်တော်စာကျက်နေမိလာတယ်။သူကလည်း ကျွန်တော့်ကို အားနာလို့ သူ့ရောဂါအတွက်တောင်းပန်ရှာပါတယ်။ဒါပေမယ့် သူဘယ်လောက်ပဲ ရောဂါဖြစ်နေနေ အလုပ်ကိုတော့ ရက်မပျက်ပဲလုပ်နေဆဲ၊ ကျွန်တော်ကျောင်းသွားခါနီးရင် ပူပူနွေးနွေးထမင်းချိုင့်လေးကအဆင်သင့်ဖြစ်နေဆဲပါ။ကျွန်တော်ကျောင်းဆက်တက်နိုင်ရေးအတွက် သူ့ရောဂါကိုဂရုမစိုက်အားပဲ သူအလုပ်ကိုမနားမနေလုပ်နေဆဲပါ။ကျွန်တော်ကတော့ အိမ်ပြန်ရောက်ရင် တစ်ခါတစ်လေစကားတောင်မပြောမိတော့တဲ့အထိ သူ့ကို စိတ်ကုန်လာခဲ့တယ်။မသာယာတဲ့အိမ်ထောင်ရေးဆိုတာကြီးကို ကျောခိုင်းပြီး ဟိုးအဝေးကြီးကို ထွက်သွားချင်လာမိတယ်။
💔💔💔💔💔💔💔💔💔

အဲဒီနေ့က သူ့မျက်နှာလေးခါတိုင်းထက်ကြည်လင်နေတယ်။သူ့ကြည့်ရတာ လန်းဆန်းပေါ့ပါးလို့။သူက ကျွန်တော့်ကို မောင် လို့ခေါ်တယ်။ကျွန်တော်ကတော့ သူ့ကို အိ လို့ပဲ သူများတွေခေါ်သလိုခေါ်ပါတယ်။

" မောင် အိတို့မနက်ဖြန် ဘုရားသွားကြရအောင်နော်။မောင်လည်းကျောင်းပိတ်တာပဲ "

လူ့စိတ်ဆိုတာ အခက်သားလား။ရည်းစားဘဝက တစ်နေကုန်တစ်နေခမ်း အတူတူလျှောက်လယ်ခဲ့ကြတာ လယ်လို့တောင်မဝခဲ့ပေမယ့် ခု လိုတစ်ယောက်နဲ့တစ်ယောက်အဆင်မပြေဖြစ်နေတဲ့အချိန် ကိုယ်လုံးဝစိတ်ကုန်နေတဲ့ မိန်းမတစ်ယောက်နဲ့တစ်အိမ်တည်းနေရတာတောင် ကျွန်တော့်မှာ ပင်ပန်းလှပါပြီ။ခုသူက အပြင်သွားဖို့ပြောလာတော့ ကျွန်တော်တကယ်စိတ်မပါခဲ့တာပါ။အတူတူအပြင်မသွားတာလည်း အတော်ကြာခဲ့ပြီ။သူလည်း သူ့အလုပ်သူသွား ကျွန်တော်လည်းကျောင်းသွား။ပြန်ရောက်တော့ သူကအိမ်မှုကိစ္စလုပ် ကျွန်တော်က အပြင်ထွက်ရင်ထွက်။အိမ်မှာအတူရှိနေချိန်မှာလည်း သူ့အိမ်အလုပ်တွေကူလုပ်ဖို့ဝေးလို့ သူနဲ့မျက်နှာချင်းမဆိုင်မိအောင်ပဲ ကျွန်တော်ရှောင်နေခဲ့တယ်။

" မနက်ဖြန်သူငယ်ချင်းနဲ့ချိန်းထားတယ်။မအားဘူး။နောက်ရက်မှသွားနော်."

ကျွန်တော်ကစိတ်မပါသလိုပြောလိုက်ပေမယ့် သူကတော့ ဒီမှာတင်ရပ်မသွားပါဘူး။သူအရမ်းတက်ကြွနေတဲ့ပုံနဲ့ ကျွန်တော့်ကိုထပ်ပြီးတောင်းဆိုလာပါတယ်။ပြီးတော့ ကျွန်တော့်အပေါ်ဆိုးနွဲ့တဲ့ပုံနဲ့

" မောင် မရဘူးကွာ။လိုက်ပို့ရမယ်။သူငယ်ချင်းနဲ့ချိန်းထားလည်း အိတို့ကခဏပဲသွားတာလေ။ပို့ရမယ်။ "

ကျွန်တော်နည်းနည်းဒေါသထွက်သွားမိတယ်။သူ့ကျွန်တော်အပေါ်တစ်ခါမှ မဆိုးနွဲ့ဖူးပါဘူး။ကျွန်တော်ဆိုးသမျှခံခဲ့တာချည်းပါ။ကျွန်တော်လည်း ထိန်းချုပ်လာသမျှ နည်းနည်းလွတ်သွားမိတယ်။

" ကျုပ်ပြောမယ်။ကျုပ်ခင်ဗျားကိုစိတ်ကုန်နေတာကြာပြီ။ခင်ဗျားနဲ့ဘယ်ကိုမှ မသွားချင်တာ။ရှင်းလား"

ကျွန်တော်အဲဒီလို ခပ်မာမာပြောပြီး အပြင်ထွက်လာမိတယ်။အလိုလိုနေရင်းလည်း သူ့နဲ့နေရင်ဒေါသတွေထွက်နေမိတယ်။ကျွန်တော်သူ့ကိုမချစ်တော့တာလား။စဉ်းစားလို့မရဘူး။သေချာတာကတော့ သူ့မှာရောဂါရှိတာကတစ်ကြောင်း စားဝတ်နေရေးအတွက်သူအလုပ်လုပ်နေရတာကတစ်ကြောင်းကြောင့် ကျွန်တော့်အပေါ်အချိန်မပေးနိုင်တာကလွဲရင် အိမ်မှုကိစ္စတွေမှာ အားလုံးတာဝန်ကျေပါတယ်။

ကြည်နူးစရာမရှိတဲ့ အိမ်ထောင်ရေးကိုစိတ်ပျက်မိတာ ကျွန်တော်မလွန်ဘူးလို့ ခိုင်ခိုင်မာမာယုံကြည်နေခဲ့တယ်။အဲဒီနေ့က ညအတော်နက်မှ ကျွန်တော်အိမ်ပြန်ခဲ့တယ်။မိုးတွေကလည်း သဲသဲမဲမဲရွာနေတယ်။ထီးယူမလာခဲ့မိလို့ ကျွန်တော့်တစ်ကိုယ်လုံးရွဲရွဲစိုသွားတယ်။အိမ်ရောက်တော့ ကျွန်တော်အမြန်အဝတ်အစားလဲလိုက်တယ်။

ခါတိုင်းကျွန်တော်အိမ်ပြန်နောက်ကျရင် အိမ်ရှေ့ကထွက်စောင့်နေတတ်တဲ့ နှင်းအိကို မတွေ့မိဘူး။သူကျွန်တော့်ကိုစိတ်ဆိုးလို့အိပ်ယာထဲမှာအိပ်နေတာလို့ထင်ပြီး အိပ်ယာထဲကြည့်လိုက်တော့လည်း သူ့ကိုမတွေ့ဘူး။ကျွန်တော်နည်းနည်းတော့စိတ်ပူသွားတယ်။ညနက်နေပြီ။သူဘယ်ကိုသွားပါလိမ့်။သူ့ကိုအော်ခေါ်ကြည့်တယ်။မိုးကလည်းရွာနေတော့ တခြားဘာအသံမှသဲသဲကွဲကွဲမကြားရပါဘူး။ကျွန်တော်ထီးယူပြီးအိမ်ရှေ့ သရက်ပင်အောက်က ခုံတန်းလေးပေါ်ထွက်လာကြည့်လိုက်တယ်။ ခုံတန်းလေးကို မှီပြီး နှင်းအိ ထိုင်နေတယ်။တစ်ကိုယ်လုံးမိုးရေတွေစက်စက်ကျလို့။ကျွန်တော်သူ့အနားသွားပြီး သူ့ကိုယ်လုံးလှုပ်ပြီး ခေါ်လိုက်ပေမယ့် သူ့ဆီက ဘာတုန့်ပြန်မှုမှပေါ်မလာခဲ့ပါဘူး။သူ့အသားတွေအေးစက်နေတယ်။မျက်လုံးက မှိတ်ထားတယ်။တစ်ခုခုဖြစ်ပြီ။ကျွန်တော်လက်ထဲက ထီးကိုပစ်ချပြီး သူ့ကိုပွေ့ချီလိုက်တယ်။ပြီးတော့အိမ်ထဲကိုအမြန်ဝင်လာခဲ့တယ်။အေးစက်နေတဲ့သူ့ကို အဝတ်တွေအမြန်လဲပေးပြီး သွေးခုန်းနှုန်းစမ်းကြည့်တော့ အရမ်းနှေးလွန်းတဲ့ နှုန်းနဲ့သွေးတိုးနေသေးတယ်။ကျွန်တော် အိမ်နီးနားချင်းဦးကြီးကိုအကူအညီတောင်းပြီး သူ့ဆိုင်ကယ်နဲ့ဆေးရုံကိုအမြန်ဆုံးသွားခဲ့တယ်။ဆရာဝန်တွေလည်း ချက်ချင်းလိုအပ်တာတွေတန်းပြီးလုပ်ကြပါတယ်။အားလုံးကဂရုတစိုက်နဲ့ ကြိုးစားပြီးကုသပေးကြပါတယ်။နှစ်နာရီလောက်ကြာတော့ အရေးပေါ်ခန်းထဲက ဆရာဝန်ကြီးထွက်လာတယ်။ပြီးတော့ ကျွန်တော့်ကိုစိတ်မကောင်းတဲ့လေသံနဲ့တစ်လုံးချင်းပြောတယ်။

" စိတ်မကောင်းပါဘူးညီလေး။လူနာရဲ့အသက်ကိုအစ်ကိုတို့ မကယ်လိုက်နိုင်ဘူး။လူနာက နှစ်လုံးရောဂါရှိနေခဲ့တာကြာပြီ။သူ့ရောဂါက နောက်ဆုံးအဆင့်ကိုရောက်နေတာ။သုံးလလောက်အကြိုကခွဲစိတ်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ဒီလိုအဆင့်ရောက်နေတဲ့ရောဂါသည်တွေဟာ စိတ်ထိခိုက်စရာသေးသေးလေးကြုံလာရင်တောင် အသက်အန္တရာယ်ထိခိုက်နိုင်တယ်။အစ်ကိုတို့ စိတ်မကောင်းပါဘူးကွာ "

ဆရာဝန်ရဲ့စကားကိုကျွန်တော်ကြားတစ်ချက်မကြားတစ်ချက်။မယုံနိုင်ဘူး။နှင်းအိ သေသွားပြီဆိုတာ ကျွန်တော်ဘယ်လိုမှ မယုံနိုင်ဘူး။ညနေကမှ ပျော်ပျော်ရွှင်ရွှင်မျက်နှာလေးနဲ့ကျွန်တော့်ကိုဘုရားသွားဖို့ ပူဆာနေသေးတယ်။ကျွန်တော့်ပါးပေါ်ကိုမျက်ရည်တွေစီးကျလာခဲ့တယ်။ကျွန်တော်သူ့ကိုစိတ်ကုန်နေခဲ့ပေမယ့် မချစ်တော့တာမဟုတ်ဘူးဆိုတာခုမှသိခဲ့တယ်။ကျွန်တော့အပေါ်အရာရာအနစ်နာခံခဲ့တဲ့ ဇနီးကိုမှ ကျွန်တော်သတ်ခဲ့မိသလိုဖြစ်ခဲ့တယ်။နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်တော့်ပါးပေါ်မှာစီးကျနေတဲ့မျက်ရည်တွေက အပြင်မှာ သဲသဲမဲမဲရွာနေတဲ့ မိုးစက်တွေနဲ့အပြိုင် ...
💔💔💔💔💔💔💔

နှင်းအိအလောင်းအိမ်ပြန်ရောက်တော့ အိမ်နီးနားချင်းတွေကဝိုင်းကူပေးကြပါတယ်။နှင်းအိမိဘတွေလည်းရောက်လာတယ်။သူ့သူငယ်ချင်းတွေလည်းရောက်လာပြီး ငိုနေကြတယ်။ကျွန်တော်လည်း အသိစိတ်မဲ့နေတဲ့ စက်ရုပ်တစ်ရုပ်လို ဘာကိုမှသဲသဲကွဲကွဲမသိတော့ပါဘူး။ကျွန်တော်နှင်းအိအပေါ်ဆိုးခဲ့သမျှ ကျွန်တော့်ဘဝတိုးတက်ရေးအတွက်သူ့ဘဝကိုစတေးကာ ကျွန်တော့်အတွက်ပေးဆပ်ခဲ့သမျှတွေကိုပဲ အချိန်ပြည့်တွေးနေရင်းက ငိုလို့သာနေမိပါတယ်။အိပ်ခန်းလေးထဲက ကျွန်တော်တို့အိပ်ယာလေးမှာ သူ့အငွေ့အသက်တွေ့ရှိနေဆဲပါ။သူ့ခေါင်းအုံးလေးကိုဖက်ပြီးကျွန်တော်အားရပါးရငိုနေမိတယ်။နောင်တဆိုတဲ့အရာရဲ့ဆိုးဝါးလှတဲ့ဝေဒနာကိုအလူးအလဲခံစားနေရပါတော့တယ်။သူ့ရဲ့စောင်လေးကို ကျွန်တော်ဆွဲယူလိုက်မိတဲ့အခါ စောင်အောက်က လေးထောင့်ဘူးလေးတစ်ခုထွက်လာပါတယ်။ကျွန်တော်ယူပြီးဖွင့်ကြည့်လိုက်တော့ iphone SE ဆိုတဲ့စာတန်းလေးနဲ့အတူ ရွှေရောင် iphone လေး။ဒီအချိန်မှာပဲ အိမ်ရှေ့က နှင်းအိသူငယ်ချင်းရဲ့ နှင်းအိအမေကိုငိုရင်းပြောနေတဲ့စကားတွေကို ကြားလိုက်မိတယ်။

" အန်တီရယ် သူ့ရောဂါကိုစိုးရိမ်လို့ ဆေးကောင်းကောင်းသောက်ဖို့သမီးပြောပါတယ်။အန်တီတို့ သူ့ဆေးဖိုးကို လစဉ်တိုင်းပေးနေတာသူပြောပါတယ်။သူက သူလုပ်စရာလေးရှိလို့ပိုက်ဆံစုနေတယ်။ သမီးပြောတဲ့ဗမာဆေးကသူနဲ့တည့်တယ်တဲ့။အဲဒါကိုပဲသူဝယ်သောက်နေတယ်လေ။သူသာဆေးဝါးတွေနိုင်အောင်သောက်ခဲ့ရင်ဒီလိုအဖြစ်ဆိုးမှာမဟုတ်ဘူး။အဖြစ်ဆိုးလှချည်လားသူငယ်ချင်းရယ် "

နှင်းအိသူငယ်ချင်းရဲ့စကားသံတွေနဲ့အတူ လွန်ခဲ့တဲ့ ငါးလခန့်က ကျွန်တော့်သူငယ်ချင်းရဲ့iphone လေးကိုကိုင်ပြီး ငါလည်းလိုချင်လိုက်တာကွာလို့ ပြောနေချိန် ကျွန်တော့်ကိုကြည့်ပြီး ညှိုးငယ်နေတဲ့ နှင်အိမျက်နှာလေးကို ကျွန်တော်ပြေးမြင်မိလိုက်တယ်။သူဆေးဝယ်သောက်မယ့်ပိုက်ဆံလေးတွေစုပြီး ကျွန်တော်လိုချင်တာလေးကိုဝယ်ပေးသွားခဲ့တာ။အဲဒီနောက် နှင်းအိအသက်နဲ့ရင်းပြီးဝယ်ပေးသွားတဲ့ iphone လေးကို ကိုင်ထားရင်းက

" မောင့်ကိုခွင့်မလွှတ်ပါနဲ့ အိရယ် "

ကျွန်တော်တိုးတိုးလေးရေရွတ်မိတာကိုပဲ သိလိုက်ပြီး ကျွန်တော့်အသိစိတ်တွေ ကင်းမဲ့သွားပါတော့တယ် ....

Credit-မူရင်းရေးသားသူ

Post a Comment