သရဲသတ်​လို့ ပန်းရံ​တွေ​သေတဲ့အိမ်

သရဲ သတ်လို့ ပန်းရံတွေ သေတဲ့ အိမ်
(စ/ဆုံး)
👿💀👣 🏡🏤🏠 👣💀👿
ကျွန်တော့် နာမည် “သောင်းထွန်း”
ခင်မင်သူအများစုက “ဗန်ဒိန်း” လို့ ခေါ်တယ် ..
ကျွန်တော်က ပန်းရံခေါင်းဆောင် ..
ကျွန်တော်တို့ မြို့လေးမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ
နည်းနည်းပါးလာတာမို့
မိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ရန်ကုန်မြို့ပေါ်မှာ
အလုပ်တက်လုပ်ခဲ့တယ် ...
ဒဂုံမြို့သစ်မြောက်ပိုင်း (      )ရပ်ကွက်မှာ
(၂)ထပ်ခွဲ တိုက်တစ်လုံးဆောက်ဖို့ အလုပ်ရလိုက်တယ် ..
ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဦးမင်းခိုင် တို့
ပူးပေါင်းဆောက်လုပ်မှာပါ ...
အကျိုးအမြတ်က သူ(၆၀) ကျွန်တော်(၄၀)ပေါ့ ..
မိတ်ဆွေက ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ
စိုက်ထုတ်သုံးစွဲထားလို့ သူ့ကို(၆၀)ပေးလိုက်တာပါ ..
ပိုင်ရှင် နဲ့ တွေ့ဆုံပြီး
ဆောက်ရမယ့် အဆောက်အဦပုံစံ ဆွေးနွေး ..
လိုအပ်တာတွေ ညှိနှိုင်း
သဘောတူညီချက် ရပြီဆိုတော့မှ
နေ့ကောင်းရက်မြတ် ရွေး ..
ပန္နက်ချ Foundation တူး စသဖြင့်ပေါ့ လုပ်ငန်းစတင်ခဲ့တယ် ..
ပိုင်ရှင် က အရပ်ဘက်ဌာနတစ်ခုက အရာရှိတစ်ယောက်ပါ ..
သဘောကောင်း ဆက်ဆံရေး ကောင်းပါတယ် ..
ခြံက ပေ(၆၀)ပတ်လည် ... လမ်းထောင့်ခြံ ...
အလုပ်ကို (၂)ဆိုင်း ခွဲလုပ်တယ် ..
အဆောက်အဦ ဆောက်တဲ့ အဖွဲ့ရယ် ..
အုတ်တံတိုင်း ခြံစည်းရိုးခတ်တဲ့ အဖွဲ့ရယ်ပေါ့ ..
ခြံရဲ့ ခေါင်းရင်းပိုင်းမှာ အဆောက်အဦ ဆောက်တယ် ..
ခြေရင်းပိုင်း မြေကွက်လပ်မှာတော့
ဆောက်လုပ်ရေးပစ္စည်း(ထုံး/ဘိလပ်မြေ)တွေ ထားဖို့နဲ့
ကျွန်တော်တို့ ပန်းရံအဖွဲ့တွေ နေဖို့
ယာယီ အဆောက်အဦ တစ်လုံး ဆောက်လိုက်တယ် ..
သွပ်မိုး/အထပ်သားနဲ့ သွပ်ကာ အဆောက်အဦပေါ့ ..
ကျွန်တော်နဲ့ အလုပ်သမား တပည့် ၀င်းသိန်းနဲ့ ကျော်ကျော် လူပျို(၂)ဦး ..
အလုပ်သမား ဝေဖြိုးနဲ့ သူ့မိန်းမ မိစု လင်မယား
စုစုပေါင်း(၅)ယောက် အဲ့ဒီ့ ယာယီအဆောက်အဦထဲ မှာနေတယ် ..
မိစု က ကျွန်တော်တို့ စားဖို့ ဈေးဝယ်/ထမင်းချက်/
တစ်ခါတစ်လေ အလုပ်ဝိုင်းလုပ်ပေါ့ ..
ကျန်တဲ့ အလုပ်သမားတွေက
ကိုယ့်အစီအစဉ်နဲ့ကိုယ် မနက်ကျမှ အလုပ်လာကြတာပါ ..
ကျွန်တော့်မြို့လေးကို တစ်ခါတစ်ရံမှ
မိသားစုနဲ့တွေ့ဖို့ ပြန်ဖြစ်ပါတယ် ..
ပွင့်လင်းရာသီ အလုပ်ရတုန်းလေး ငွေရှာထားမှလေဗျာ ..

လအနည်းငယ် အကြာမှာတော့
အုတ်တံတိုင်းခတ်တဲ့ လုပ်ငန်းပြီးသွားပြီ ..
အဆောက်အဦကလည်း ပုံစံပေါ်လာပြီ ...
တစ်ရက်မှာတော့ အိမ်ပိုင်ရှင် လင်မယားနဲ့
ကျွန်တော် မမြင်ဖူးတဲ့ အသက်(၆၀)နီးပါး လူကြီးတစ်ယောက်ရယ်
ကားနဲ့ ရောက်လာတယ် ..
စနေ/တနင်္ဂနွေဆို သူတို့ လင်မယား လာကြည့်နေကျပါ ..
သူတို့ လာတိုင်းလည်း ဟင်းတွေ ချက်ပြုတ်ယူလာပေးတယ်ဗျ ..
ဒီတစ်ခါ လာတာက ကြားရက်ကြီးမို့
ကျွန်တော်လည်း ခရီးဦးကြို ပြုရင်း
“ဆရာတို့ ကြားရက်ကြီး ရောက်လာပါလား”
“ဟုတ်တယ် ကိုဗန်ဒိန်းရေ .. ကိစ္စလေး ပေါ်လို့”
နေရာထိုင်ခင်း စီစဉ်ပေးပြီး စကားပြောကြတာပေါ့ ..
“ကိုဗန်ဒိန်း ရေ .. ကျွန်တော့်သား အလတ်ကောင်
ခင်ဗျား သိတယ်မလား?”
“သိတယ်လေ ဆရာ ..
၁၀ တန်းအောင် ဗိုလ်သင်တန်းဖြေထားတဲ့ ချာတိတ်မလား”
“ဟုတ်တယ် ကိုဗန်ဒိန်း .. အဲ့ဒီ့အလတ်ကောင်က
ကျွန်တော်တို့ သဘောမတူတဲ့ မိန်းမတစ်ယောက်နဲ့
ကြိုက်နေတယ်ဗျ .. အဲ့ဒီ့မိန်းမက သူ့ထက်(၅)နှစ်လောက်
ကြီးတယ် .. ရုပ်လေးဘဲ ရှိပြီး အကျင့်စာရိတ္တက မကောင်းဘူးဗျ ..
ကျွန်တော့်သားဆီကလည်း နည်းမျိုးစုံ ချူစားနေတာလေ ..”
“သြော် .. ဟုတ်ကဲ့ ဆရာ”
“အဲ့ဒါ ဒီကောင့်ကို ရပ်ကွက်ထဲမှာ ထားလို့ မဖြစ်တော့ဘူး ..
ကြာရင် ဒီကောင် အဖမ်းခံထိတော့မယ် ..
ဒီအစ်ကိုကြီးက ကျွန်တော့် အစ်ကိုဝမ်းကွဲ ကိုသက်မောင် ..
သူက မုဆိုးဖိုကြီး မိသားစုလည်း မရှိဘူး ..
အဲ့ဒါ ကျွန်တော့်အစ်ကိုရယ် အလတ်ကောင်ရယ်ကို
ဒီတိုက်မှာ ခဏလာထားဖို့ဗျာ ..
အဓိကကတော့ ဟိုမိန်းကလေးနဲ့ အဆက်အသွယ်ဖြတ်ချင်တာပါ”
“ဟုတ်ကဲ့ ဆရာ .. အဲ့ဒီ့တော့”
“အခု အောက်ထပ်က တော်တော်ပြီးနေပြီလေ ...
ပြတင်းတံခါးတပ်ဖို့ အချောကိုင်ဖို့ သမံတလင်းခင်းဖို့ဘဲ
ကျန်တာဆိုတော့ .. ပြတင်းတံခါးတွေ အရင်တပ်လိုက်ဗျာ ..
အချောကိုင်တာက နောက်မှ လုပ်လည်း ရတယ် ..
အထပ်သားနဲ့ဘဲ အခန်း(၂)ခန်း ယာယီဖွဲ့လိုက် ..
သူတို့နှစ်ယောက် လောလောဆယ် နေလို့ ရအောင်ပေါ့ ..
မြန်လေ ကောင်းလေဗျာ ..
ဒီတစ်ပတ် စနေ ပြီးနိုင်မလား?
တနင်္ဂနွေနေ့ လာပို့လိုက်ချင်လို့ ...”
“ဟုတ်ကဲ့ ဆရာ .. ကိုမင်းခိုင်ရဲ့ လက်သမားအဖွဲ့တွေနဲ့
အမြန်ပြီးအောင် လုပ်လိုက်ပါ့မယ်”
“အေး .. ပြီးရောဗျာ .. ပြီးရင် ဖုန်းဆက်လိုက် ..
ကဲ ! အဲ့ဒါဆို ကျွန်တော်တို့ ပြန်ဦးမယ်”
“ဟုတ်ကဲ့ ဆရာ .. ဟုတ်ကဲ့”
အိမ်ပိုင်ရှင်တို့ ပြန်သွားတော့ ကိုမင်းခိုင် ကို ဆက်သွယ်
အခန်း(၂)ခန်း ဖွဲ့ဖို့နဲ့ ယာယီအိမ်သာတစ်လုံး ဆောက်ဖို့ကိစ္စ
လက်သမားအဖွဲ့ စီစဉ်ပေးဖို့ လှမ်းပြော ...
နောက်တစ်နေ့ မနက်မှာတော့ အလုပ်စ ..
စနေနေ့ နေ့ခင်းမှာ ပြီးသွားပါတယ် ..
ပိုင်ရှင်ကို အခန်းဖွဲ့တာ ပြီးကြောင်း ဖုန်းလှမ်းဆက်..
တနင်္ဂနွေနေ့ နေ့ခင်းမှာတော့
ပိုင်ရှင် မိသားစု ကားနဲ့ ကုတင်တွေ စားပွဲတွေ တင်လာတဲ့
ဒိုင်နာကားတစ်စီး ရောက်လာပါတယ် ..
အခန်းထဲ ပစ္စည်းတွေ ၀ိုင်းရွှေ့ပေးကြတာပေါ့ ..
ပိုင်ရှင် ရဲ့ သား အလတ်ကောင်လေး နာမည်က
“ကျော်ထက်စိုး”
ရုပ်လေးက ဖြူဖြူချောချောလေး ..
ကောင်လေး က မျက်နှာ မကောင်းဘူးဗျ ...
အေးလေ သူလည်း ဒီလိုနေရာမျိုးမှာ ဘယ်လာနေချင်ပါ့မလဲ ..
ပိုင်ရှင်လင်မယားကလည်း
သူ့သားနဲ့ သူ့အစ်ကို ကို စောင့်ရှောက်ပေးဖို့
အရေးအကြောင်းရှိ ဖုန်းဆက်ဖို့
ကျွန်တော်တို့ကို မှာခဲ့ပါတယ် ..
ပိုင်ရှင့် အစ်ကို ကိုသက်မောင် နဲ့ သူ့သားအတွက်
ရပ်ကွက်ထိပ် ထမင်းဆိုင်က ထမင်းချိုင့်ဆွဲပေးရမှာပါ ..
အလုပ်သမားတစ်ယောက်ကတော့ သွားယူပေးရမှာပေါ့ ..
ပိုင်ရှင်လင်မယားလည်း
ကောင်လေးကို အခန်းထဲမှာ ဘာတွေမှာနေမှန်း မသိဘူး ..
ပိုင်ရှင့်ဇနီးကတော့ မျက်ရည်တွေ သုတ်ရင်း
အခန်းထဲက ပြန်ထွက်လာတာဘဲဗျ ...
အမေ ဆိုတော့လည်း အကဲပိုမှာပေါ့လေ ..
ညနေစောင်းကျတော့ ပိုင်ရှင်လင်မယားပြန်သွားပါတယ် ..
ကောင်လေးလည်း အခန်းထဲက မထွက် ...
စိတ်ညစ်နေလို့ ထင်ပါရယ့် ..
ပိုင်ရှင့် အစ်ကိုဝမ်းကွဲ ကိုသက်မောင် ကတော့
ဖော်ရွေပါတယ် ... ကျွန်တော်တို့နဲ့ စကားလာပြော ..
ဒီလူကြီးက အရက်သောက်တယ်ဗျ ...
မနက်ကတည်းကနေ နည်းနည်းချင်း ဖြည်းဖြည်းချင်း
တစ်နေကုန် သောက်တာ .. ကြွက်တွင်းကြီး ...

နောက်နေ့တွေမှာတော့
ကျွန်တော်တို့လည်း ကိုယ်လုပ်ရှိစရာ လုပ်ကြတာပေါ့ ..
ကောင်လေး က ကျွန်တော်တို့နဲ့ သိတ်မရောပါဘူး ...
အိပ်ခန်းထဲမှာဘဲ အနေများတယ် ..
တစ်ခါတစ်လေမှ ခြံပြင်ထွက်လာတတ်တာ ..
ညနေပိုင်း ခြံထဲက ၀ါးပက်လက်ကုလားထိုင်လေးမှာ ထိုင်ပြီး
ကျွန်တော်နဲ့ တပည့်အလုပ်သမားနှစ်ယောက်
အရက်ထိုင်သောက်နေတုန်း ..
ကောင်လေး(ကျော်ထက်စိုး) ရောက်လာတယ် ...
“ဦးဗန်ဒိန်း” ..
“သြော် ..ငါ့တူ ဘာကိစ္စရှိလို့လဲကွ”
“ကျွန်တော် အရက်သောက်ချင်လို့ ဦးလေး”
“ဟာ ! သောက်စရာလား .. မင်း ငယ်ငယ်လေး ရှိသေးတာ”
“ကျွန်တော် စိတ်အရမ်းညစ်နေလို့ပါဗျာ ..
နည်းနည်းလောက် တိုက်ပါ”
“မတိုက်ပါဘူး .. မင်းအဖေသိရင် ငါတို့ပါ မကောင်းဘူး”
“မတိုက်လည်း နေဗျာ ....”
ကောင်လေး အိမ်ထဲပြန်ဝင်သွားတယ် ..
ဒီကောင်လေး ရည်းစားပူမိနေတယ်နဲ့ တူတယ် ..

အပေါ်ထပ် ဘေးနံရံ တဖက်မှာ အုတ်တွေစီနေပြီဗျ ...
အောက်ထပ်မှာတော့ အချောကိုင်ပြီးပြီ ..
ရုံးပိတ်ရက်တွေမှာ ပိုင်ရှင်လင်မယား လာတယ် ..
သူ့သားနဲ့ တွေ့တယ် .. ပြန်သွားတယ် ..
ဒီလိုနဲ့ တစ်နေ့မှာတော့
စနေနေ့ဗျ ...
ပိုင်ရှင်လင်မယားနဲ့ ကောင်လေး စကားအချေအတင် ပြောနေကြတယ် ..
ကောင်လေးကလည်း ဟိုမိန်းကလေးကို မပြတ်နိုင်လို့
သူ့အဖေက ဆူနေတာ ..
ကောင်လေး က ပြန်အော်လို့ ထိုးလိုက်တယ် ပြောတယ် ..
သူတို့မိသားစု အခန်းထဲမှာ ဖြစ်နေတာပါ ..
ကျွန်တော်တို့က အပေါ်ထပ်မှာ အလုပ်လုပ်ရင်း ကြားနေရတာ ..
ကောင်လေး ဆီက ဖုန်းသိမ်းသွားတယ် ထင်တယ် ..
“သား ဖုန်း ပြန်ပေး” လို့ အော်နေသံ ကြားလို့လေ ..
ဟိုမိန်းကလေးနဲ့ ဆက်သွယ်မှာ စိုးလို့ထင်တယ် ..
ပိုင်ရှင်လင်မယား ပြန်သွားတော့ ..
သူ့ဘကြီးဝမ်းကွဲ က ကောင်လေးကို ချော့နေသံ ကြားတယ် ..
ချမ်းသာတဲ့သူတွေလည်း သူ့အပူနဲ့သူပါဘဲလား ...

နောက်နေ့ တနင်္ဂနွေနေ့ ..
အလုပ်က တစ်ပတ်တစ်ရက် နားတယ်လေ ..
အလုပ်နားရက်မို့ အေးဆေးအိပ်မယ်ဆိုပြီး
နိုးနေပေမယ့် မထသေးဘဲ အိပ်ယာထဲမှာ
ဆက်လှဲနေလိုက်တယ် ..
မနက်(၆)နာရီခွဲလောက်ပေါ့ ...
အဲ့ဒီ့အချိန် ...
ကျွန်တော့် ပန်းရံတပည့်မလေး မိစု က ..
“ဆရာ ဗန်ဒိန်း .. ဆရာ ဗန်ဒိန်း ..
ထပါဦး ... ဒီမှာ လာကြည့်ပါဦးရှင်” ..
အော်ကြီးဟစ်ကျယ်အော်နေတာမို့
ကျွန်တော်လည်း လန့်ဖျပ်ပြီး
ဟာ! ဒီကောင်မလေး ဘာဖြစ်ပြန်ပြီလဲ?
အိပ်ယာက ထပြီး အဆောင်အပြင်ထွက်လိုက်တယ် ..
မိစု နဲ့ ဆုံတော့ ..
“ဆရာ .. အပေါ်မှာ အပေါ်မှာ
မျက်နှာကြီး လွှဲပြီး လက်ညှိုးဘဲ ထိုးပြတယ် ..
မိစု ပြတဲ့နေရာကိုကြည့်လိုက်တော့ ...
ဗုဒ္ဓေါ !!!
တိုက်အပေါ်ထပ်မှာ ကောင်လေး(ကျော်ထက်စိုး) ..
ကြိုးတန်းလန်းနဲ့ ဆွဲကြိုးချသေနေတယ် ..
“ဟာ ! ဟိုကောင်တွေ ခေါ်နှိုးစမ်း မိစု”
ကျွန်တော်လည်း တိုက်ထဲ ပြေးဝင်လာခဲ့လိုက်တယ် ..
တိုက်အောက်ထပ်မှာ ပိုင်ရှင့်အစ်ကို
ကိုသက်မောင်ရဲ့ အခန်းတံခါးဝကို ထုပြီး
ခေါ်နှိုးလိုက်တယ် ..”
ကိုသက်မောင် အိပ်ချင်မူးတူး နိုးပြီးထွက်လာလို့
“လာ .. လာ အစ်ကိုကြီး .. အပေါ်ထပ်မှာ
ကောင်လေး ဆွဲကြိုးချသေနေတယ်ဗျ”
ကျွန်တော်က အရှေ့ ကိုသက်မောင် က အနောက်
လှေကားကနေ ပြေးတက်
ကောင်လေး ဆီ ရောက်တော့
ကောင်လေး သေနေပြီ .. အသားတွေတောင် အေးနေပြီ ..
ဘယ်အချိန်ကတည်းက သတ်သေနေတာလည်း မသိ ..
တိုက်ဆောက်တော့ ငြမ်းချည်တဲ့ အုန်းဆံကြိုးတွေကို
ထုပ်တန်းမှာ ပတ်ချည်ပြီး ဆွဲကြိုးချသေတာဗျ ..
ကျွန်တော်လည်း ပူထူနေပြီ ...
ခဏနေတော့ အလုပ်သမားကောင်လေးတွေပါ
အပေါ်ထပ် ရောက်လာကြတယ် ..
“နေဦး မချနဲ့ဦး .. သူ့မိဘတွေနဲ့ သက်ဆိုင်ရာကို
အကြောင်းကြားရမယ်ကွ ..
သေနေပြီ .. သွားမထိကြနဲ့”
သူ့မိဘတွေဆီ ကိုသက်မောင်ကို ဖုန်းဆက်ခိုင်း ..
ကျွန်တော်တို့ လမ်းထဲက (၃)အိမ်ကျော်မှာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ၀န်ထမ်းတစ်ယောက်ရှိတာမို့
ကျွန်တော်ကိုယ်တိုင်ဘဲ သွားသတင်းပို့လိုက်တယ် ..
အဲ့ဒီ့လူလည်း လိုက်ကြည့်ပြီး ..
ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်
အကျိုးအကြောင်း လှမ်းပြောတယ် ..
မကြာခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့
ကျွန်တော်တို့ဆီ ရောက်လာပြီး မေးကြမြန်းကြ ...
နောက်တော့ ကောင်လေးမိဘတွေ ထပ်ရောက်လာတယ် ...
ငိုကြ ယိုကြပေါ့ဗျာ .. စိတ်တောင်မကောင်းဘူး ..
အပေါ်ထပ် ဘေးနံရံတစ်ဖက်က အုတ်မတက်ရသေးတာမို့
ကျွန်တော့်အလုပ်သမား မိစုက အိမ်သာတက်ပြီး အပြန်
တိုက်အပေါ်ထပ်ကို လှမ်းကြည့်မိရင်း တွေ့တာ ...
ဘယ်အချိန်ထဲက သေနေတာလဲတော့ မသိဘူးပေါ့ ..
ခဏအကြာမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး
ကိုသက်မောင်နဲ့ ကျွန်တော်တို့ကို လိုအပ်တာတွေ
စစ်ဆေးမေးမြန်းပါတယ် ...
ကောင်လေး အလောင်းကို အောက်ချတော့
ကောင်လေးဆီက အရက်နံ့ရတယ် ..
သူ့အဖေက အရက်နံ့ရလို့ ဆိုပြီး
ကိုသက်မောင်နဲ့ ကျွန်တော်တို့ကို မေးသေးတယ် ..
သူ့သားကို အရက်တိုက်သေးလား တဲ့ ..
မတိုက်ပါဘူး ပေါ့ ..
ကောင်လေးအခန်းထဲ ၀င်ကြည့်တော့ ..
အရက်ပုလင်းခွံတွေ့တယ် ..
ပုလင်းက ကိုသက်မောင် ရဲ့ ပုလင်းဗျ ...
ကိုသက်မောင် အိပ်နေချိန် သူမသိအောင်
ကောင်လေး ယူသောက်လိုက်တယ် ထင်တယ် ..
ခဏနေတော့ လူမှုကူညီရေးအသင်းကား ရောက်လာလို့
အလောင်းကို ရင်ခွဲရုံ ပို့လိုက်ကြတယ် ..
အသုဘ ရှိပြီဆိုတော့ ကျွန်တော်တို့ရဲ့ အလုပ်တွေရပ် ..
သန့်ရှင်းရေးတွေ လုပ် ...
ကနားဖျင်းမဏ္ဍပ်ထိုး ..
လုပ်စရာကိုင်စရာရှိတာတွေ ၀ိုင်းလုပ်ပေးရတာပေါ့ ...
ကောင်လေး အမေ ကတော့ ငိုနေတာပါဘဲ ..
ကောင်လေး က မောင်နှမ သုံးယောက်တည်း ..
အကြီးမလေး က စင်္ကာပူမှာ ကျောင်းတက်နေတာ ...
အငယ်မလေး က အလယ်တန်းကျောင်းသူဘဲ ရှိသေးတယ် ..
ယောက်ျားလေးက ဒီတစ်ယောက်ဘဲ ပါတာလေ ...
မိဘတွေ ရင်ကျိုးရှာမှာပေါ့ ..

အသုဘရက်လည် အလှူပြီးတော့ ..
ပိုင်ရှင့်အစ်ကို ကိုသက်မောင်ကလည်း
ကျော်ထက်စိုး မရှိမှတော့ မနေချင်တော့ဘူးတဲ့ ..
အဲ့ဒါနဲ့ ပိုင်ရှင်ကလည်း ..
ကျွန်တော်တို့ကို မနက်ဖြန်ကစပြီး
အလုပ်ပြန်စလို့ ရပြီဖြစ်ကြောင်း ...
ကျော်ထက်စိုးနဲ့ ကိုသက်မောင်တို့ နေခဲ့တဲ့
အခန်း(၂)ခန်းမှာ နေချင်ရင် ၀င်နေ ..
မလိုတော့ရင်လည်း အခန်းကို ပြန်ဖျက်ဖို့ ပြောပါတယ် ..
နောက်တော့ ပိုင်ရှင်မိသားစု ပြန်သွားပါတယ် ..
တပည့်တွေကို ခေါ်ပြီး
တိုက်ထဲက အခန်း(၂)ခန်း လွတ်သွားပြီ ..
ဖြိုးဝေနဲ့ မိစု နင်တို့ လင်မယား သွားနေပါလား?
ကိုသက်မောင်အခန်းထဲမှာ ..
အဲ့ဒီမှာဆို လွတ်လပ်တာပေါ့ ...” ဆိုတော့ ..
ဖြိုးဝေတို့ လင်မယားက နေမယ်တဲ့ ..
အဲ့ဒါနဲ့ အခန်းပြောင်းကြတာပေါ့ ..

ညနေစောင်းကျတော့ ခြံထဲမှာ
ကျွန်တော်တို့ ထိုင်ရင်း အရက်သောက်ရင်း
စကားစမြည် ပြောကြတာပေါ့..
ကောင်လေး(ကျော်ထက်စိုး)အကြောင်းလည်း ပြောဖြစ်ကြတယ် ..
အားလုံးက စိတ်မကောင်းကြပါဘူး ..
ကိုယ့်ဒေသ ကိုယ့်ရွာအကြောင်းလေးတွေ
ပြောကြ ဆိုကြ ရယ်ကြနဲ့ပေါ့ ...
အဲ့ဒီ့အချိန် တပည့် ၀င်းသိန်း က ..
“ဟာ ! အပေါ်ထပ်မှာ လူရိပ်တွေ့လိုက်တယ်” တဲ့ ..
မိစု က စဆဲရော ...
“မသာ ! ငါ ကြောက်ပါတယ်ဆိုမှ လာခြောက်မနေနဲ့ ..
ခဲနဲ့ ကောက်ထုမှာနော် ...”
“အေး ! မင်းကလည်း လျှောက်နောက်မနေနဲ့”
“မနောက်ဘူး ဆရာ .. တကယ် တွေ့လိုက်တာ ..”
“ဟေ့ကောင် ! ခြံတံခါးလည်း ပိတ်ထားတယ် ..
လူအားလုံးလည်း ဒီမှာ ထိုင်နေတာ ..
မင်းကြီးဒေါ်ကြီး လူရိပ်တွေ့ပါလားကွ” ..
“တကယ် တွေ့လိုက်ပါတယ်ဆို ဆရာကလဲ”
“တွေ့တယ်ဆို မင်း သွားကြည့်ကွာ ..
ဒီမှာ စကားပြောရတာ ဇိမ်ပျက်တယ် ”
“မသွားရဲပါဘူး ဆရာကလဲ”
“မသွားရဲရင် ပါးစပ်ပိတ်ထား”
တစ်ယောက်တစ်ခွန်း စကားများရင်း ..
နောက်တော့ စကားဆက်ပြောကြတာပေါ့ ..
ဘုတ် !!!
အနားကို အုတ်နီခဲ ထက်ပိုင်းကြိုးတစ်ခု ကျလာတယ် ..
“ဟာ ! ဘယ်ကလဲကွ ..
ခြံပြင်ချောင်းကြည့်စမ်း ဝေဖြိုး”
ဝေဖြိုး ခြံတံခါးနား ကပ်ပြီး ခြံပြင်ကို ချောင်းကြည့်တယ် ..
“ဘာမှ မတွေ့ဘူး ဆရာ”
ကံကောင်းလို့ မထိတယ် ..
ဘယ်ကောင် လက်ကမြင်းတာလဲ မသိဘူး ..”
ထမင်းစားကြမယ် ဆိုပြီး ထမင်းစားကြတယ် ..
ထမင်းစားပြီး စကားဆက်ထိုင်ပြောကြတယ် ..
မိစု က သူ့ယောက်ျားကို တိုက်ထဲ ၀င်မအိပ်ရဲကြောင်း
ပြောနေတယ်လေ ...
ဝေဖြိုးကလည်း “ဘာကြောက်စရာရှိလို့လဲဟ ...
ငါတစ်ယောက်လုံး ရှိတာဘဲဟာကို”လို့ ပြန်ဟောက် ..
ကျွန်တော်ကလည်း “မကြောက်ပါနဲ့ဟာ ..
ငါတို့လည်း ဒီဘက်မှာ ရှိနေတာဘဲ” လို့ အားပေး ...
(၉)နာရီကျော်လောက်မှာ အိပ်ကျမယ်ဆိုပြီး
စားပွဲဝိုင်းက ထလာခဲ့လိုက်ကြတယ် ..
ဒီည ကျွန်တော်ရယ် .. တပည့် ၀င်းသိန်းရယ် ..
ကျော်ကျော်ရယ် က ဂိုဒေါင်အဆောက်အဦမှာ ..
ဝေဖြိုးတို့ လင်မယားက တိုက်အောက်ထပ်
ကိုသက်မောင် နေသွားတဲ့ အခန်းမှာ နေကြမှာပေါ့ ..
ကျွန်တော်လည်း Radio လေး နားထောင်
အိပ်ယာထဲမှာ လှဲရင်း မိသားစုအကြောင်း တွေးနေလိုက်တယ် ..
ည(၁၀)နာရီလောက်မှာ ဝေဖြိုးနဲ့ မိစုရဲ့အသံ
“ဆရာ .. ဆရာ .. ထပါဦး”
“ဟေ ! ဘာတုန်းကွ”
“ဆရာ ..ဟိုကောင်လေး နေသွားတဲ့အခန်းဘက်က
ငိုသံလိုလို သဲ့သဲ့ ကြားနေရတယ် ဆရာ ..
ကျွန်တော်တိုနှစ်ယောက်လုံး သေချာကြားတာပါ ..
အဲ့ဒါနဲ့ ကြောက်ပြီး ဆရာ့ဆီ လာပြောတာ”
“မင်း ကိုယ်တိုင်က ယောက်ျားဖြစ်ပြီး ကြောက်နေသေးတယ် ..
လာ သွားကြည့်မယ်” ဆိုပြီး ဓါတ်မီးယူ
တိုက်အောက်ထပ်ထဲ ၀င်လာခဲ့လိုက်တယ် ..
ကောင်လေး နေခဲ့တဲ့ အခန်းတံခါးကို ဖွင့်
ဓါတ်မီးထိုးကြည့်တော့ ခေါက်စားပွဲတစ်လုံးနဲ့
အ၀တ်လှန်းစင်တစ်ခုဘဲ ရှိတယ် ..
ကောင်လေး အိပ်ခဲ့တဲ့ ကုတင်က
ဘုန်းကြီးကျောင်း လှူလိုက်ပြီလေ ...
“ကဲ ! ကြည့် .. ဘာမှ မရှိဘူး အရူးလင်မယား”
ကျွန်တော် ဆူလိုက်လို့ လင်မယားနှစ်ယောက်
ဇက်ကလေး ပုပြီး ငြိမ်သွားကြတယ် ..
“အိပ်ကြတော့ ...” ဆိုပြီး ..
ကျွန်တော်လည်း တိုက်ထဲက ပြန်အထွက် တိုက်အပေါ်ထပ်ကနေ
မဆလာ(ဘိလပ်မြေ)သယ်တဲ့ ဒယ်အိုးတစ်ချပ်
ကျွန်တော့် အနောက်ကို ပြုတ်ကျလာတယ် ..
ဟာ !!!
ကျွန်တော်တောင် လန့်ပြီး ခုန်ရှောင်လိုက်ရတယ် ..
တိုက်ပေါ် ဓါတ်မီးထိုးကြီးတော့
တိုက်အစွန်းဘဲ တွေ့ရတယ် ..
အဲ့ဒါနဲ့ တိုက်ထဲပြန်ဝင်ပြီး
“ဟေ့ကောင် ဝေဖြိုး တံခါးဖွင့်စမ်း” ဆိုတော့
အခန်းတံခါး ပွင့်လာပြီး “ဗျာ ဆရာ ..”
ဟင် ! ဝေဖြိုးလည်း အခန်းထဲမှာ ရှိနေတာဘဲဟ ..
“လိုက်ခဲ့စမ်း ..”
ဓါတ်မီးထိုးပြီး ကျွန်တော်နဲ့ ဝေဖြိုး
တိုက်အပေါ်ထပ် တက်လာခဲ့လိုက်တယ် ..
အပေါ်ထပ်မှာ ဓါတ်မီး ပတ်ထိုးကြည့်တယ် ..
ဘာမှ မတွေ့ ..
ဝေဖြိုးကလည်း ဘာလို့လဲ ဆရာတဲ့ ..
ကျွန်တော်လည်း သူတို့ ကြောက်သွားမှာစိုးလို့
“ဘာမှ မဟုတ်ဘူး .. မင်းတို့ စိတ်သန့်အောင် လိုက်ပြတာ ..
အိပ်တော့” ဆိုပြီး အောက်ထပ် ပြန်ဆင်းလာခဲ့တယ် ..
ဝေဖြိုးလည်း သူ့အခန်းသူဝင် ..
ကျွန်တော်လည်း ကိုယ့်အဆောင်ကိုယ် ပြန်လာခဲ့တယ် ..
အိပ်ယာထဲ ရောက်တော့ ..
ခုနက အပေါ်ထပ်က ကျလာတဲ့ ဒယ်အိုးအကြောင်း
ပြန်စဉ်းစားကြည့်တယ် ...
ဘယ်သူမှ မရှိ ..
ဒီကောင်တွေ ဒယ်အိုးကို အလုပ်ပြီးတော့
ထားရမယ့် နေရာမှာ မထားဘဲ
တိုက်အစွန်မှာ ချခဲ့လို့များ ကျလာတာလား?
အဲ့ဒါဘဲ ဖြစ်မှာပါလေ ဆိုပြီး တွေးလိုက်တော့တယ် ..
ခဏကြာတော့ ကျွန်တော်လည်း အိပ်ပျော်သွားတယ် ..
မနက် အိပ်ယာထတော့ ..
ဝါးပက်လက်ကုလားထိုင်တွေ ခင်းထားတဲ့ နေရာမှာ
ဝေဖြိုး အိပ်နေတယ် ..
မိစုကတော့ ရေနွေးအိုး တည်နေပြီ ..
“မိစု.. နင့်ယောက်ျားက ဘာလို့ ပြန်အိပ်နေပြန်တာလဲဟ”
“ဆရာ ... ကျွန်မတို့ ညက အခန်းထဲမှာ
ဘယ်လိုမှ အိပ်မရဘူး ...
ဟိုဘက်ခန်းက အသံတွေလည်း ကြားတယ် ..
နောက် ကျွန်မတို့ တံခါးကို လာခေါက်နေလို့
ဆရာ မှတ်ပြီး ဖွင့်ကြည့်တော့လည်း
ဘယ်သူ့မှ မတွေ့ဘူး ဆရာ ..
တစ်ညလုံးကို နှောင့်ယှက်နေတာ ဆရာ ..
ဟို ကောင်လေးဘဲ ဖြစ်မယ် ..
သူ မကျွတ်ဘူးထင်တယ် ..
အဲ့ဒါနဲ့ ညကတည်းက အပြင်ထွက်ထိုင်နေတာ ..
အိပ်ကို မအိပ်ရသေးဘူး ..
အခု မနက်စာ ထမင်းကြော် ထကြော်ပေးနေတာ”
ကျွန်တော်လည်း တိုက်အပေါ်ထပ်ဆီ
လှမ်းကြည့်မိလိုက်ပါတော့တယ် ..
တကယ်ဘဲ .. ကောင်လေး မကျွတ်ဘူးလား?
မျက်နှာသစ် သွားတိုက် အိမ်သာတက်ပြီး
ထမင်းကြော် စားမယ်ဆိုမှ ဝေဖြိုး နိုးလာတယ် ..
သူ့မိန်းမ ပြောတဲ့အတိုင်းဘဲ ပြန်ပြောတာ ..
တိုက်အောက်ထပ်မှာ မနေရဲတော့ဘူးတဲ့ ..
ခဏနေတော့ လင်မယားနှစ်ယောက်
တိုက်အောက်ထပ် အခန်းထဲက
သူတို့ အိပ်ယာတွေ အ၀တ်အိတ်တွေ ယူပြီး
နေရာဟောင်း ဂိုဒေါင်ထဲ ပြန်လာထားကြပါတယ် ..
ဟိုလူပျိုနှစ်ယောက်ကလည်း မနေရဲဘူးတဲ့ ..
“ကဲ ! မနေရဲကြလည်းဒီအတိုင်း ထားလိုက် ..”

အလုပ်သမားတွေ ထပ်ရောက်လာကြပြီမို့..
ဆောက်လုပ်ရေးလုပ်ငန်း ဆက်လုပ်ကြပါတယ်..
ညရောက်တော့ တိုက်အောက်ထပ်မှာ
ဘယ်သူမှ သွားမနေတော့ပါဘူး ..
ပြောရမယ်ဆိုရင်တော့
ကျွန်တော်လည်း စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေပြီဗျ ..
စိတ်မသန့်တော့ဘူး ဆိုရမလားဘဲ ..
တိုက်အပေါ်ထပ်နဲ့ ကောင်လေးနေခဲ့တဲ့ အခန်းပြတင်းကိုဘဲ
ထိုင်ရင်း လှမ်းလှမ်းကြည့်နေမိတယ် ...
ဟူး !!!
တပည့်တွေနဲ့ စကားပြောလိုက် ..
တိုက်အပေါ်ထပ်ကို မသိမသာ မော့ကြည့်လိုက်လုပ်နေရင်း
ဟာ ...လူရိပ် ..
မတ်တပ်ရပ်နေတယ် ..
ဟော .. အတွင်းဘက်ကိုလှည့်ဝင်သွားပြီ ...
ကျွန်တော့်အဆောင်ထဲ ပြေးဝင် ဓါတ်မီးယူပြီး
“၀င်းသိန်း ..ကျော်ကျော် ငါနဲ့ လိုက်ခဲ့စမ်း”
တိုက်ထဲ ၀င် အပေါ်ထပ်ကိုတက်
ဝန်းကျင်ကို ဓါတ်မီးထိုးရှာကြည့်လိုက်တယ် ..
ဘယ်သူမှ မတွေ့ဘူး ..
အဲ့ဒါနဲ့ အောက်ထပ်ကို ပြန်ဆင်း
ကောင်လေးနေခဲ့တဲ့အခန်းကို ဖွင့်ကြည့်လိုက်တယ် ..
အထဲမှာလည်း ဘာမှ မရှိ ..
ကိုသက်မောင် နေခဲ့တဲ့အခန်းကို ဖွင့်ကြည့်ဖို့လုပ်တုန်း
လှေကားထစ်ကနေ လူရိပ်တစ်ခု
အပေါ်ထပ်ကို ပြေးတက်သွားတာ
ကျွန်တော်နဲ့ ကျော်ကျော် နှစ်ယောက်စလုံး မြင်လိုက်ရတယ် ..
“ဟေ့ကောင်တွေ လာ .. လာ ..” ဆိုပြီး
အပေါ်ထပ်ကို ပြေးတက်ကြည့်ကြတယ် ..
ဘာမှ မတွေ့ပြန်ဘူး ...
ကျွန်တော်လည်း ဓါတ်မီးနဲ့ လိုက်ထိုးရင်း
“ငါ့တူ .. ဦးလေးတို့ကို မနှောင့်ယှက်ပါနဲ့ကွာ ..
ဒီနေရာက မင်းနေရမယ့် နေရာ မဟုတ်ဘူး ..
မင်း လွတ်ရာကျွတ်ရာကို သွားပါတော့ ငါ့တူရာ” ..
ပြောနေတဲ့အချိန် အောက်ထပ်က
“၀ုန်း” ဆိုတဲ့ အသံ ..
ကျွန်တော်တို့လည်း အောက်ထပ်ကို ပြန်ပြေးဆင်း ..
အောက်ထပ်မှာ အုတ်စီတဲ့အခါ နံရံအချောကိုင်တဲ့အခါ
အရပ်နဲ့ မမီတဲ့နေရာတွေကို တက်လုပ်နိုင်အောင်
လုပ်ထားတဲ့ သစ်သားစင်ကြီး သမံတလင်းမှာ လဲနေလေရယ့် ..
ခုနက ဒီအတိုင်း ရှိနေတာကို
ဘယ်လိုဖြစ်ပြီး လဲကျနေရတာလဲ? ..
ကျွန်တော်တို့ (၃)ယောက်လည်း တိုက်အပြင်ဘက်
ပြန်ထွက်လာခဲ့လိုက်ပါတယ် ..
ဝေဖြိုး လင်မယားလည်း ဂိုဒေါင်နားမှာ
ကြောက်ပြီး မတ်တပ်ရပ်စောင့်နေကြတယ် ...
“ဟိုကောင်လေး ဒီမှာ လာစွဲနေပြီနဲ့ တူတယ် ..
ဒုက္ခပါဘဲ ဘယ်လိုလုပ်ရမလဲ? မသိတော့ပါဘူးကွာ”
ကျွန်တော်ကိုယ်တိုင် လက်ခံလိုက်ပါပြီ ..
ဆောက်လက်စ တိုက်ထဲမှာ ..
ကောင်လေး(ကျော်ထက်စိုး) မကျွတ်ဘဲ စွဲနေပြီ ..

နောက်နေ့တွေမှာတော့ နေ့ပိုင်း အလုပ်လုပ် ..
ညဆိုရင်တော့ ယောင်လို့တောင်
ဆောက်လက်စ တိုက်ဘက်ကို မသွားတော့ပါဘူး ..
အသံတွေကတော့ ကြားနေရတုန်းပါဘဲ ..
ကျွန်တော်တို့နေတဲ့ ဂိုဒေါင်အဆောက်အဦဘက်ကနေ
တိုက်အပေါ်ထပ်ကိုမြင်ရတဲ့ဘက်အခြမ်းကို
အုတ်တက်ပြီးပြီမို့ အတွင်းပိုင်းကို မမြင်ရတော့ပါဘူး ..
အဲ့ဒါကြောင့် စိတ်သက်သာရာ ရပါတယ်ဗျာ ..
ညဆိုရင် ဂိုဒေါင်နားက စားပွဲမှာ
ပုံမှန် စားကြသောက်ကြတယ် ..
အသံကြားလည်း မသိချင်ယောင်သာ ဆောင်နေလိုက်တယ် ..
မင်းလည်း မင်းဘာသာ နေ ..
ငါတို့လည်း ငါတို့ဘာသာ နေမယ် ကောင်လေးရေ..
ပိုင်ရှင်လင်မယားကိုလည်း
စိတ်မကောင်းဖြစ်မှာစိုးလို့
ကြုံရတဲ့ အဖြစ်တွေကို အသိမပေးဖြစ်ပါဘူး ..
ပိုင်ရှင်ကလည်း မိုးမကျမီ အဆောက်အဦ ပြီးစေချင်တာမို့ ..
ကျွန်တော့် မိတ်ဆွေ ကိုမင်းခိုင် ကလည်း ..
လူအင်အားထပ်ဖြည့် ..
အလုပ်သမား(၂)ဖွဲ့နဲ့
အင်တိုက်အားတိုက် လုပ်ကြကိုင်ကြပေါ့ဗျာ ..

တစ်ရက် ညနေစောင်း (၆)နာရီကျော် ..
ဘိလပ်မြေ ဖျော်စက်ထဲမှာ ဖျော်ထားတဲ့ ဘိလပ်မြေ ကျန်သေးလို့
လုပ်ငန်းလက်စသတ်နေတုန်း
အပေါ်ထပ်မှာ အလုပ်နေတဲ့
ကိုမင်းခိုင် ရဲ့ အလုပ်သမား ဇော်ထွန်း
တိုက်အပေါ်ထပ် လသာဆောင်ကနေ
အောက်မှာရှိတဲ့ အုတ်ခဲကျိုးပုံပေါ် ပြုတ်ကျသွားပါတယ်  ...
အဆောက်အဦကလည်း မြင့်
အုတ်ခဲကျိုးတွေနဲ့ ခေါင်းရိုက်မိပြီး သေပါလေရောဗျာ ..
ဒီလပိုင်းမှာတင် (၂)လောင်းပေါ့ ..
အသုဘကိစ္စ ၀ိုင်းကူညီကျ ..
ပိုင်ရှင် ကလည်း စိတ်မကောင်းဖြစ် ...
အကူငွေတွေလည်း ကျန်ရစ်သူမိသားစုကို
ထောက်ပံ့ပေးပါတယ် ..
ကျွန်တော်လည်း အလုပ်လုပ်ရတာ စိတ်သိတ်မပါချင်တော့ဘူး ..
ဒီအိမ် ခိုက်နေပြီ ထင်တာဘဲလေ ...

နောက်တစ်ပတ်ကျော်လောက် ကြာတော့ ..
ညနေစောင်း မှောင်ခါနီးပြီ ...
အလုပ်သမားတွေ ပြန်ပြီး တိုက်အရှေ့မှာ
အုတ်ကျိုးတွေ သစ်စသစ်နတွေကို
မိစုတစ်ယောက် သန့်ရှင်းရေးလုပ်နေတယ် ..
“လာကြပါဦးဗျ ..လာကြပါဦးဗျ ...”
တပည့် ကျော်ကျော်ရဲ့ အော်သံကြားလို့ သွားကြည့်တော့
မိစုကို ကျော်ကျော်ကပွေ့ထားတယ် ..
မိစု ခေါင်းမှာလည်း သွေးတွေချည်းဘဲ ..
ဦးခေါင်းခွံကြီးလည်း ကွဲနေတာ အကြီးကြီး ..
မိစုလည်း  ပျော့ခွေနေတယ် ..
သူ့ယောက်ျား ဝေဖြိုး က ..
“ကျော်ကျော် ငါ့မိန်းမ ဘာဖြစ်တာလဲ”
“ကျွန်တော် ခြံအပြင်လမ်းမပေါ်မှာ
ဖုန်းပြောနေတုန်း ခြံထဲက တဒုန်းဒုန်းနဲ့ အသံကြားလို့
လှည့်ကြည့်လိုက်တော့
အစ်ကို့ မိန်းမ မစု စင်ဝင်ကွန်ကရိတိုင်ကြီးကို ခေါင်းနဲ့ တိုက်နေတာဗျ ..
အားနဲ့ကို ပြေးတိုက်နေတာ ..
အဲ့ဒါနဲ့ ကျွန်တော်လည်း ခြံထဲ ပြေးဝင်ပြီး
အတင်းဆွဲလိုက်မှ လဲကျသွားလို့ လှမ်းအော်ခေါ်လိုက်တာ ..
“ကဲ ! စကားများ မနေနဲ့ ကားသွားငှားကြစမ်း”
တစ်ယောက်တည်းလည်း မနေရဲခဲ့ကြတာမို့
ဝင်းသိန်းနဲ့ ကျော်ကျော်ကို အိမ်စောင့်ထားခဲ့ပြီး
ကျွန်တော်နဲ့ ဝေဖြိုး မိစုကို ပြည်သူ့ဆေးရုံကို
ပို့လိုက်ကြပါတယ် ..
မိစု အသက်ရှူနေပါသေးတယ် ..
ဆေးရုံ မရောက်ခင်လေးမှာ မိစုမျက်လုံးပွင့်လာတယ် ..
“မိစု သတိထားနော် ..ခု ဆေးရုံသွားနေတယ် သိလား”

“တစ် ... ယောက် ... မှ ... မ ...နေ ... နဲ့ ...”

“ဘာကိုလဲ ? မိစု ...
မိစု ...
မိစု ...
ခေါ်မရတော့ပါဘူး ...
လှုပ်တယ် ...
မရတော့ဘူး ..
“ဟီး !!! မိစုရယ် ..  အဖြစ်ဆိုးလှချည်လားဟာ”
“ဝေဖြိုး တပည့် စိတ်ထိန်းပါကွာ ..”
“ကားဆရာ ဆေးရုံသာ မောင်းသွားလိုက်ပါဗျာ”
ဆေးရုံရောက်တော့ တာဝန်ကျဆရာဝန်နဲ့တွေ့
ရဲတပ်ဖွဲ့ဝင်တစ်ချို့ ရောက်လာပြီး
ကျွန်တော်တို့ကို မေးကြမြန်းကြပါသေးတယ် ...
အလောင်းကို ရင်ခွဲရုံပို့ ...
ည(၁၁)နာရီကျော်လောက်မှ အိမ်ကို
ကျွန်တော်နဲ့ ဝေဖြိုး ပြန်ရောက်လာကြပါတယ် ..
ရဲတပ်ဖွဲ့ဝင်နှစ်ယောက်လည်း ..
ကျွန်တော်တို့နဲ့ ပါလာပါတယ် ..
မိစု ခေါင်းနဲ့ တိုင်ဆောင့်ခဲ့တာ ဟုတ်/မဟုတ် လိုက်ကြည့်တာပါ ..
ခြံရှေ့ Taxi ကားရပ်တော့ ကျော်ကျော်တို့နှစ်ယောက်က ခြံပြင်မှာ ..
ခြံထဲ မ၀င်ရဲလို့တဲ့ ...
ရဲတပ်ဖွဲ့ဝင်တွေ လိုက်စစ်ပါတယ် ..
တိုက်အ၀င် စင်ဝင်ကွန်ကရိတိုင်မှာ ..
မိစု တိုက်ခဲ့တဲ့ သွေးကွက်က အထင်းသား ..
ဆံပင်စတစ်ချို့တောင် ကပ်နေသေးတယ် ..
ရဲတွေလည်း ဓါတ်ပုံရိုက် မှတ်တမ်းယူပြီး
taxi နဲ့ ပြန်သွားပါတယ် ..
အဲ့ဒီ့တော့မှ ၀င်းသိန်းနဲ့ ကျော်ကျော် က ပြောတယ် ..
“ဆရာတို့ ထွက်သွားတော့ ကျွန်တော်တို့လည်း ကြောက်တာနဲ့
အရက်ပုလင်းလက်ကျန်လေး ထိုင်ခုံမှာ ထိုင်သောက်နေတုန်း
တိုက်ထဲက ရယ်သံကြီး ကြားရတယ်ဗျ ..
ကြောက်စရာကြီးဗျာ ..
အဲ့ဒါနဲ့ ကျွန်တော်တို့ မနေရဲတော့တာနဲ့
ခြံပြင်ထွက်နေကြတာဗျ” ...
“အေးပါကွာ .. ထားလိုက်ပါတော့ ..”
ဝေဖြိုး က ကျော်ကျော့်ကို ..
ရပ်ကွက်ထိပ်မှာ ဆိုင်ကယ်နဲ့ အရက်သွားဝယ်ခိုင်းလိုက်တယ် ..
မကြာခင် အရက်နဲ့ အမြည်းတွေ ရောက်လာလို့
ကျွန်တော်တို့ ထိုင်သောက်နေလိုက်ကြတယ် ..
မူးလာတော့ ဝေဖြိုးလည်း တိုက်ဘက်ကိုလှည့်ပြီး
အော်ဆဲတော့တာပေါ့ ..
သူလည်း ပေါက်ကွဲရှာမှာပေါ့လေ ..
“စိတ်ထိန်းပါ ဝေဖြိုးရာ .. ပတ်ဝန်းကျင် ရှိသေးတယ် ..
တော်တော့နော် တပည့်”
ချော့သိပ်လိုက်ရတယ် ..
ကျွန်တော်တို့ (၃)ယောက်ဘဲ ခြံထဲမှာ ကျန်တယ် ...
တိုက်ထဲက ပစ္စည်းတွေ ကျသံ ထိသံတွေ ကြားနေရတယ် ..
တပည့်တွေကလည်း အလုပ်ဆက်မလုပ်ရဲတော့ဘူး ...
မနေရဲတော့ဘူးတဲ့ ..

ကျွန်တော်လည်း ဆုံးဖြတ်လိုက်ပါတယ် ..
၁။ ပိုင်ရှင့်သား ကောင်လေး ဆွဲကြိုးချသေ ..
၂။ ပန်းရံဆရာ ဇော်ထွန်း တိုက်ပေါ်က ပြုတ်ကျသေ ..
၃။ မိစု ဘာကြောင့်မှန်းမသိ တိုင်နဲ့ ခေါင်းနဲ့ ဆောင့်သေ ..
သြော် .. (၃)လောင်းတောင် ရှိသွားပြီ ..
နောက်ဘာထပ်ဖြစ်မယ် ကျွန်တော်လည်း မသိ ..
ကောင်လေး သေပြီး မကျွတ်ဘဲ
သူ့အိမ်မှာ နေတာ မကြိုက်လို့ လိုက်သတ်နေတာလား?
ဒီမြေကဘဲ ခိုက်နေတာလား?
ကောင်လေး မသေခင် ဘာမှ မဖြစ် ..
ဒီကောင်လေး သေပြီးနောက်ပိုင်းမှ ဆက်တိုက်ဆိုသလို
ဖြစ်နေတာဆိုတော့ စဉ်းစားရ အခက် ..
သေချာတာကတော့ ဒီအိမ်ခိုက်နေပြီဆိုတာပါဘဲ ..
ကိုယ့်အလှည့် ရောက်မလာဘူးလို့ ပြောလို့မရ ...
ငွေ မရလည်း နေပါစေတော့ ..
အလုပ်ပြန်အပ်လိုက်တော့မယ် ..
မနက်အစောကြီးကတည်းက ..
ပိုင်ရှင်နဲ့ ကိုမင်းခိုင်ကို ဖုန်းဆက်ပြောလို့
ရောက်လာကြတယ် ..
ပိုင်ရှင်ကိုလည်း အရင်က မပြောဖြစ်ခဲ့တာတွေ
ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ပါတယ် ..
ပိုင်ရှင်ကလည်း စိတ်မကောင်းဘူးလေ ...
နောက်နေ့တွေမှာ ငွေကြေးကိစ္စ ရှင်းကြလင်းကြ ..
အသုဘနဲ့ ရက်လည်ပြီးတော့
ကျွန်တော်လည်း နှုတ်ဆက်ပြီး ရွာပြန်လာခဲ့လိုက်ပါတယ် ..
ကျွန်တော်တို့ ထွက်သွားတော့ ..
ကိုမင်းခိုင် အဖွဲ့ထဲက အလုပ်သမားအဖွဲ့တွေ
ဆက်နေမယ် ပြောတယ် ...
နေချင်တဲ့သူ ဆက်နေကြတော့ ..
ကျုပ်တော့ ဒီတိုက်အိမ်ကြီးကို ..
ဆက်လည်း မဆောက်ချင်တော့ဘူး ..
ဒီခြံထဲမှာလည်းဆက်လည်း မနေချင်တော့လို့ ..
ကိုယ့်ရွာ ကိုယ်ပြန်ပြီဗျို့ ..

နောက်ပိုင်း ကိုမင်းခိုင် ဖုန်းဆက်ပြောလို့
ပြန်ကြားတာကတော့ ...
အဲ့ဒီ့ခြံထဲမှာ နေတဲ့ ..
ကိုမင်းခိုင် ရဲ့ အဖွဲ့ထဲက အလုပ်သမားနှစ်ယောက်
ရန်ဖြစ်ပြီး ဓါးနဲ့ ထိုးလို့ တစ်ယောက်သေသွားသေးတယ်တဲ့ ..
နောက်ပိုင်း တိုက်အိမ်ကြီးက သရဲအရမ်းခြောက်လာလို့ ..
ကိုမင်းခိုင်တို့လည်း ဆက်မဆောက်ရဲတော့ဘဲ
အလုပ်ပြန်အပ်လိုက်တယ်တဲ့ ..
နောက်တော့ ဆက်ဆောက်ဖြစ်လား?
မဆောက်ဖြစ်လား? တော့ မသိဘူး ..
လွန်ခဲ့တဲ့ (၃)နှစ်လောက်က ..
ကိုမင်းခိုင် အလုပ်ကိစ္စနဲ့ အဲ့ဒီ့တိုက်ရှေ့က ဖြတ်တော့
အဲ့ဒီ့တိုက်ကြီးက ဆောက်လက်စ တန်းလန်းကြီးဘဲတဲ့ ..
ခြံရှေ့တံခါးမှာလည်း ...
“ရောင်းမည်”ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတာ မြင်ခဲ့တယ်တဲ့ ..
သြော် .. ရောင်းထွက်သွားခဲ့ရင်ဖြင့်ဗျာ ...

မှတ်ချက် ။ မိတ်ဆွေတစ်ဦး၏ ကိုယ်တွေ့ဖြစ်စဉ်အား
အငှားခံစားချက်ဖြင့် ပြန်လည်ရေးသားပါသည်။
ဖတ်ရှုသူများအား ကျေးဇူးတင်ပါသည်။

                            လူကြီးသား
           (၈-၁၁-၂၀၁၆)ရက်နေ့ (၂၂၁၅)ချိန်


Post a Comment