သိမ်​ပျက်​ကြီး ကူးတို့ဆိပ်​နှင့်​ ဥစ္စာ​စောင့်​မ​လေး စဆုံး

" သိမ်ပျက်ကြီး" ကူးတို့ဆိပ် နှင့် ဥစ္စာစောင့်မလေး " မယဉ်ထွေး "
•••••••••••••••••••••••••••••••••••••••••••••••••••••••••

တပေါင်းလ၏အပူငွေ့ကဲသောလေများသည် ဗောဓိကုန်းဆည်အတွင်းရှိ
ရေပြင်ကျယ်ထဲသို့သူ့ထက်ငါအလုအယက်တိုးဝင်နေကြလေသည်။တစ်
ဖန်လှိုင်းကြက်ခွပ်လေးများသည်သွားချီပြန်ချီပေါ်လာပြန်၏။ဆည်ရေပြင်
ထောင့်အစပ်တွင်မူ ကြာပန်းလေးများအစုလိုက်ပျော်မြူးစွာရှင်သန်နေကြ
ကုန်သည်။ပုဇွန်ဆီရောင်ဖြာနေသော နေဝင်ရိုးရီအခါသည် နတ်ရေးသည့်
ပန်းချီကဲ့သို့လှပတင့်တယ်ပေစွ။သို့သော် ဗောဓိကုန်းဆည်တဲစုပေါ်မှ
စိန်ပန်းပင်အောက်တွင် တစ်စုံတစ်ယောက်၏မျက်လုံးအစုံသည် ရေပြင်ကျယ်ကိုငေးလျက် ထိုလှပသောအချင်းအရာများသည်
သူ့နှလုံးသားနှင့်မသက်ဆိုင်သည့်နှယ်။တုံဏိဘာဝေ။မလှုပ်မယှက်သာ။

"မလိုက်ဘူး … မလိုက်ဘူး … လုံးဝမလိုက်နိုင်ဘူး … အီးဟီးဟီး "

မှောင်ရီပျိုးတော့မည်ဖြစ်သဖြင့်ဗောဓိကုန်းဆည်တဲစုမှလူအနည်းငယ်
ထွက်လာပြီးသူ့အားတဲစုသို့ပြန်ရန်ချော့မော့ခေါ်ငင်နေကြသည်။သို့ရာတွင် သူသည်ငြင်းဆန်မြဲငြင်းဆန်ကာသည်းထန်စွာငိုကြွေးလျက်ထိုနေရာ
၌ပင်သတိလစ်မေ့မျောသွားချေတော့သည်။အမှောင်ထုသည်ကား
အလုံးစုံသော ပတ်ဝန်းကျင်ကို တဖြည်းဖြည်း လွှမ်းခြုံဖုံးအုပ်လျက်။
…………………………………………………………………………
ကိုဗေဒါနှင့်မသင်းကြည်သည် အိမ်ထောင်ကျစကပင် မွေးရပ်ဖြစ်သော
ကန်လေးရွာမှထွက်ကာ  ဗောဓိကုန်းဆည်ကြီးကိုအမှီပြု၍ ဆည်တဲစုတွင်နေထိုင်ပြီးဝမ်းရေးအတွက်ဖားရှာငါးရှာသောတံငါသည်
အလုပ်ကိုလုပ်ကိုင်ကြသူများဖြစ်သည်။သူတို့တွင် ယဉ်ထွေး ဟူသော သမီးလေးတစ်ဦးရှိပြီး လွန်စွာမှအချစ်ပိုကြလေသည်။

" မသင်းကြည်ရေ … သမီးလေးကော …
အဝေးကြီးမလွှတ်ပါနဲ့ဆိုဟာ … "
" မလွှတ်ပါဘူးတော် … ဟိုနားလေးမှာတွေ့ပါတယ် … တော်
သွားကြည့်လိုက် … ကျုပ်ဟင်းအိုးတန်းလန်းကြီးမို့ … "

ကိုဗေဒါသည်သမီးလေးကိုအလွန်ဂရုစိုက်သူဖြစ်သည်။ဆည်တဲစုဖြစ်
သောကြောင့် သမီးလေးယဉ်ထွေးတွင် ကလေးပင်ဖြစ်သော်ငြား ကစားဖော်ကစားဖက်မရှိ။ထိုအခါမျိုးတွင် ကိုဗေဒါသည် သမီးလေးပျင်းရိမည်စိုးသောကြောင့် ဆည်အစပ်မှ ကြာပန်းများကိုခူး၍ကြာရိုးကိုချိုးကာကြာပုတီးလေးများပြုလုပ်ပေးတတ်
လေသည်။သမီးလေးယဉ်ထွေးသည် ကြာပုတီးလေးများရလျှင် လွန်စွာနှစ်ခြိုက်သဘောကျကာဗောဓိကုန်းဆည်ပေါ်တွင်ပြေးလွှားစော့
ကစားနေချေတော့သည်။ကိုဗေဒါသည်မိသားစုအပေါ်တွင်လည်းတာဝန်ကျေသောအိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်လေသည်။မိသားစုဝမ်းရေး
အတွက်မည်မျှပင်ပန်းသော်ငြားလည်းအပြုံးမပျက်။တံငါအလုပ်အပြင်
ဗောဓိကုန်းဆည်အနောက်ဘက်ကမ်းရှိရွာနီးချုပ်စပ်များသို့ လက်ခတ်သမ္ဗာန်တစ်စီးဖြင့်အခကြေးငွေယူကာကူးတို့သမားအဖြစ်ပို့
ဆောင်ပေးတတ်သေးသည်။ပြည်စုံကြွယ်ဝခြင်းမရှိသော်လည်းကြည်နူးသာယာသောမိသားစုဘဝလေးသည်ပျော်ဖွယ်ရာအတိ။ထိုသို့ပျော်ရွှင်စရာများဖျက်စီးခြင်းခံရမည်ဟု မည်သူမျှမသိနိုင်ချေ။
…………………………………………………………………………
" ကျွန်မကိုလာမခေါ်ပါနဲ့ … ကျွန်မကိုလာမခေါ်ပါနဲ့ … အမေရေ … "

မယဉ်ထွေး ၉ နှစ်ပြည့်သော ညတစ်ညတွင် အိပ်မက်မက်ရင်း ကယောင်ကတမ်းဖြင့် ကြောက်လန့်တကြားထအော်ရာ မိဘနှစ်ပါးမှာစိုးရိမ်တကြီးမေးမြန်းမိတော့သည်။

" သမီး … သမီးလေး ဘယ်လိုဖြစ်တာလဲ … အိပ်မက်ဆိုးတွေမက်နေတာ
လားသမီးရယ် …"
" သမီးလေး … ရေသောက်လိုက်ဦးနော် … အမေရေခပ်လာတယ် "

မိဘနှစ်ပါးမှ အရိပ်တကြည့်ကြည့်ပြုစုနေပြီးနောက် ခဏအကြာ သမီးလေး
မယဉ်ထွေးမှာစကားပြန်ပြောလေသည်။မယဉ်ထွေးသည်မျက်ရည်အဝဲသား ချွေးအရွှဲသား တုန်လှုပ်သောမျက်ဝန်းများနှင့် မိဘနှစ်ပါးအား
တွေတွေငေးကြည့်ကာ

" အဖေ … အမေ … အိပ်မက်ထဲမှာ သူတို့တွေ သမီးကိုလာခေါ်နေကြ
တယ် … သမီးမလိုက်ချင်ဘူးလို့ပြောတာကို အတင်းဆွဲခေါ်တယ် …
သမီးကြောက်တယ် … သမီးအဖေတို့နဲ့ပဲနေမယ်နော် .. နော် အမေနော်"

သမီးလေး၏ကြောက်ရွံ့မှုကိုအားပေးနှစ်သိမ့်ကာ မိဘမေတ္တာဖြင့်အေးချမ်း
စွာအိပ်ပျော်စေခဲ့လေသည်။သို့သော် ဤမျှကြောက်လန့်အောင်
အိပ်မက်ထဲ၌သမီးလေးအားမည်သူလာခေါ်သည်ကိုကားမေးမရ။သမီး
လေးမှာလည်းမမှတ်မိ။ထိုအဖြစ်အပျက်သည် အဖြေမရှာနိုင်သောပုစ္ဆာ
ကဲ့သို့ရှိနေတော့သည်။အိပ်မက်မက်သည်မှာလည်း ထိုတစ်ညသာမက
ခုနှစ်ညခန့်ဆက်တိုက်မြင်မက်သည်ဖြစ်ရာ မိဘနှစ်ပါးမှာ ကောင်းမွန်
စွာမအိပ်နိုင်တော့ချေ။ထို့အတွက် မသင်းကြည်သည်ကား ရွာနီးချုပ်စပ်သို့
ငါးရောင်းသွားရင်းသမီးလေး၏အဖြစ်အပျက်ကိုပြောပြ၍မေးမြန်း
တီးခေါက်ကြည့်ရာ ရွာထဲရှိ ရှေ့မှီနောက်မှီလူကြီးများက မယဉ်ထွေးသည် သိုက်ဆက်ဖြစ်နိုင်ကြောင်းပြောကြားကြလေသည်။သိုက်ဆက်(ခေါ် )
သိုက်ကလာသူသည်လူ့ဘဝတွင်ဆိုင်ရာပိုင်ရာများနှင့်သိုက်ကြိုးဖြတ်ရ
ကြောင်းမဖြတ်လျှင် ၎င်းသိုက်သို့ပြန်လည်ခေါ်ယူတတ်ကြောင်းပြောပြန်၏။
မသင်းကြည်သည်လည်း ရွာခံများ၏စကားအသွယ်သွယ်ကို ခင်ပွန်းသည်
ကိုဗေဒါအားပြောပြသောအခါသမီးလေးအတွက်ပို၍ပင်စိုးရိမ်ပူပန်သွား
တော့သည်။

" ကိုဗေဒါရယ် ကျုပ်တို့မှာဒီသမီးလေးတစ်ယောက်ပဲရှိတာ … ဒုက္ခ
တော့တွေ့ပါပြီရှင် "

မသင်းကြည်ပြောစကားများကို ကိုဗေဒါအဖြေပြန်မပေး။စိတ်ထဲ၌ကြုံးဝါး
ခြင်းများသည် ပဲ့တင်ထပ်နေ၏။

" ငါ့သမီးကိုဘယ်နည်းနဲ့မှ အဆုံးရူံးမခံနိုင်ဘူး "
……………………………………………………………
ကိုဗေဒါနှင့်မသင်းကြည်စိုးရိမ်နေသောကိစ္စများသည် သွေးအေးစပြုလာ၏
အဘယ်ကြောင့်ဆိုသော် မယဉ်ထွေးသည် နောက်ညများတွင် အိပ်မက်
မမက်တော့သောကြောင့်ဖြစ်သည်။သို့သော် တစ်ခါတစ်ရံ မယဉ်ထွေးသည်တစ်ယောက်တည်းစကားများဖောင်ဖွဲ့ပြောနေတတ်၏။
စကားပြောရာတွင်လည်းတစ်ယောက်တည်းကိုဦးတည်ပြောသည်မဟုတ်။အဖွဲ့လိုက်စကားပြောနေသကဲ့သို့ဖြစ်၏။ထိုအချင်းအရာကိုမူကိုဗေဒါတို့
သတိမထားမိ။မည်သူမျှလည်းမရိပ်မိချေ။

ရက်ကိုလစား၍ ရာသီအလီလီပြောင်းလဲလာခဲ့သည်မှာ မယဉ်ထွေးပင် အသက်၁၆နှစ်အရွယ်ရောက်လာပြီဖြစ်သည်။အရွယ်ရောက်လာသော
မယဉ်ထွေးသည် လွန်စွာမှချောမောလှပလေ၏။မိဘအပေါ်တွင်လည်း လိမ္မာသိတတ်သူဖြစ်လေသည်။မိဘများသည်လည်း မယဉ်ထွေးကို အိမ်မှုကိစ္စအနည်းငယ်မှလွဲ၍ မည်သည့််အလုပ်မှမခိုင်းရက်။ကိုဗေဒါသည် သမီးမယဉ်ထွေးအား သူလိုတံငါသည်ဖြစ်မည်စိုးသောကြောင့် ပိုက်ဆံစု၍ ဆိတ်လေးငါးကောင်ကိုဝယ်ယူကာကျောင်းခိုင်းထားသည်။မယဉ်ထွေး
သည်မိဘဝေယျာဝစ္စမှအပအခြားအလုပ်မရှိဆိတ်ကျောင်းသောအလုပ်
တစ်ခုသာရှိလေသည်။

ကိုဗေဒါတို့အမှီပြုနေသောဆည်ကြီး၏အနောက်ဘက်ကမ်းတွင်
သိမ်အပျက်ကြီးတစ်ခုရှိ၏။ထိုသိမ်ပျက်ကြီးတွင် ဥစ္စာစောင့်များ
နေထိုင်သည်ဟုလည်း ရွာနီးချုပ်စပ်များမှသိထားကြလေသည်။ထိုသိမ်
ပျက်ကြီးသည် ကျန်သည့်အချိန်များတွင် ရေအောက်တွင်မြုပ်နေပြီး
တပေါင်းလတစ်လတွင်သာရေထဲမှပေါ်လာသည်မှာလည်းထူးခြား၏။
ထိုသိမ်ပျက်ကြီးကိုဖြတ်၍ တောင်ပေါ်သို့တက်သွားသော် နတ်စုန်းပေါ်ဟူ
သောရွာကြီးတစ်ရွာရှိ၏။တပေါင်းလတွင် နတ်စုန်းပေါ်ရွာ၌ ခြိမ့်ခြိမ့်သဲသဲ
ကျင်းပသောဘုရားပွဲရှိလေသည်။ထိုဘုရားပွဲသို့ဥစ္စာစောင့်များလည်းသွား
ကြသည်ဟုပါးစပ်ရာဇဝင်ရှိ၏။တပေါင်းလမဟုတ်သည့်အချိန်များတွင်
နတ်စုန်းပေါ်ရွာကိုရေပြင်အတိုင်းလက်ခတ်သမ္ဗာန်ဖြင့်သွားရောက်ရ၏။ခရီး
ရှည်လေသည်။ထို့အတွက် သိမ်ပျက်ကြီးသည် နတ်စုန်းပေါ်ရွာ၏ တစ်ခု
တည်းသောဖြတ်လမ်းလည်းဖြစ်ချေသည်။

နတ်စုန်းပေါ်ရွာ၌ဘုရားပွဲကြီးစည်စည်ကားကားကျင်းပနေလေပြီ။
ရေအောက်မှသိမ်ပျက်ကြီးသည်လည်းရေပေါ်၌ထီးထီးမားမားပေါ်လာလေ၏။ထိုအခါမျိုးတွင် လက်ခတ်သမ္ဗာန်သမားများ ဝင်ငွေကောင်းကာ
အူစိုကြလေသည်။

" မသင်းကြည်ရေ … ကျုပ်မနက်ပိုင်းကိုငါဖမ်းချေဦးမယ် … နေ့လည်မှ
သမ္ဗာန်ခတ်တော့မယ် … "
" ကိုဗေဒါရေ … အဲ့လိုဆိုလည်း … ဟင်းစားလေးရအောင်ရှာခဲ့ပါဦးတော်
ဒီနေ့ဆန်လည်းကုန်ပြီ ခုတစ်ခါချက်ပဲရှိတော့တယ် နောက်ပြီး မနက်ဖြန်ဈေးကိုဆန်သွားဝယ်ဖို့ ငွေလည်းလိုတယ်တော်ရေ "
" အေးပါကွာ … ကျုပ်လည်းကြိုးစားရှာနေပါတယ် … ရရစားစားဘဝက
မလွယ်ပါလားကွာ … စိတ်မပူပါနဲ့ ဘုရားပွဲရှိတော့ သမ္ဗာန်ခလေးရဦးမှာ
ပါ … ဒါပေမဲ့ သမီးလေးကို ဘုရားပွဲမလွှတ်နဲ့နော် … သမ္ဗာန်လည်း
မခတ်ခိုင်းနဲ့ … "
" စိတ်ချစမ်းပါ ကိုဗေဒါရယ် … တော်မှာနေကျတွေကျုပ်သိပါတယ် "

ကိုဗေဒါသည် မသင်းကြည်အား မှာကြားစရာရှိသည်များကိုမှာကြားကာ
ငါးဖမ်းထွက်သွားလေတော့သည်။မယဉ်ထွေးသည်လည်းဆိတ်ကျောင်း
သွားရာမှ ပြန်မရောက်သေး။တဲစု၌ မသင်းကြည်တစ်ယောက်သာ
ထမင်းချက်ရင်းကျန်ရစ်လေတော့သည်။

" တဲရှင်တို့ … တဲရှင်တို့ … "
" ဘယ်သူတွေလဲတော် … "

တဲရှေ့မှလှမ်းခေါ်သံကြား၍ မသင်းကြည်တစ်ယောက် လက်တစ်ဖက်မှ
ယောင်းမကိုကိုင်ကာ တစ်ဖက်မှလက်နှီးစုတ်ကိုင်လျက် ထွက်လာလေသည်။တဲရှေ့သို့ရောက်သော် ရုပ်ရည်ချောမောကာ
နှစ်လိုဖွယ်စကားပြောတတ်သော အမျိုးသမီးငါးဦးကို တွေ့ရလေသည်။

" အစ်မလေးတို့ ဘာကိစ္စရှိလို့ပါလဲရှင် "
" ဒီလိုပါ အရီးရယ် ကျွန်မတို့ နတ်စုန်းပေါ်ဘုရားပွဲကိုသွားချင်လို့ သမ္ဗာန်
လာငှားတာပါ … တခြားနေရာမှာလည်း ရှာမတွေ့လို့ပါ … "
" အစ်မလေးတို့ရယ် … ကျုပ်မှာ သမ္ဗာန်တော့ရှိပါရဲ့ … ခတ်ပို့ဖို့ရာ
လူမရှိဘူး … "
" အရီးလိုက်ပို့လို့ကောမရဘူးလားရှင် "

ထိုသို့ အမျိုးသမီးငါးဦးနှင့်မသင်းကြည် အပြန်အလှန်စကားပြောနေခိုက်
မယဉ်ထွေးဆိတ်ကျောင်းရာမှ ပြန်ရောက်လာလေသည်။

" အမေ … ဧည့်သည်တွေရောက်နေတာလား "
" ဟုတ်တယ်သမီးရေ … နတ်စုန်းပေါ်ပွဲကိုသွားချင်လို့တဲ့ … သမီးအဖေက
ငါးဖမ်းထွက်သွားတယ်လေ … ပို့မယ့်လူမရှိတာကောသမီးရေ … "

ထိုအခါ မယဉ်ထွေးသည် တဲလေးထဲသို့ဝင်သွားပြီးဆန်အိုးအားလှပ်ကြည့်
လေ၏။ဘုရားစဉ်အောက်မှ ပိုက်ဆံထားတတ်သော ဆေးလိပ်ခွက်လေး အားကြည့်၏။ထို့နောက် ခပ်သုတ်သုတ်ပြန်ထွက်လာလေသည်။

" အမေ … အစ်မလေးတို့ကို သမီးလိုက်ပို့လိုက်မယ်လေ … သမီး
သမ္ဗာန်ကောင်းကောင်းခတ်နိုင်ပါတယ် … သမီးတို့သွားနေကျနေရာတွေပဲ
လေနော်အမေ … "
" အမလေး သမီးရယ် … သမီးအဖေသိရင် အမေနဲ့ရန်ဖြစ်နေရပါဦးမယ်
မသွားပါနဲ့ … သမီးရယ် "

မသင်းကြည်သည် မယဉ်ထွေး၏စကားကိုကြားသော် လွန်စွာမှထိတ်လန့်
သွားကာ မသွားရန်တားမြစ်လေသည်။ထိုအခါ မယဉ်ထွေးမျက်နှာသည်
ညိုးငယ်ကာ မိခင်ဖြစ်သူမသင်းကြည်၏ မျက်လုံးကိုစူးစိုက်ကြည့်လျက်
မျက်ရည်ဝဲကာ

" အမေရယ် … ဆန်အိုးထဲမှာဆန်ကုန်နေပြီ … ဟင်းစားဝယ်ဖို့တောင်
ပိုက်ဆံမရှိတော့ဘူးမလား အမေရယ် … သမီးအစ်မလေးတို့ကို
လိုက်ပို့ပါရစေ … အမေတို့ပင်ပန်းဆင်းရဲနေတာ သမီးစိတ်မကောင်း
လို့ပါအမေရယ် … သမီးကိုသွားပို့ခွင့်ပြုပါ … "
" သမီးလေးရယ် … အီးဟီးဟီး … "

မသင်းကြည်သည် သမီးလေး၏သိတတ်မှုအပေါ်ဝမ်းသာဝမ်းနည်းဖြစ်ကာ
ငိုကြွေးမိတော့သည်။ထိုအခါ အမျိုးသမီးငါးဦးမှ မသင်းကြည်အား

" အရီးသမီးလေးကိုစိတ်ချပါရှင် သမ္ဗာန်ခ ပိုပိုသာသာလေးပေးပြီးခေါ်
သွားပါ့မယ် … "

မယဉ်ထွေးသည် ဆောင်းထားသောခမောက်လေးအား ကြိုးသေချာပြန်
ချည်လိုက်ကာ အမျိုးသမီးငါးဦး၏ ရှေ့မှဦးဆောင်ထွက်သွားခဲ့တော့သည်။
အမျိုးသမီးငါးဦးသည်ကား မယဉ်ထွေးနောက်မှ ပျော်ပျော်ပါးပါးလိုက်ပါ
လျက်။

ဆည်စပ်တွင်သမ္ဗာန်လေးတစ်စီးစတင်ထွက်ခွာနေလေပြီ။၎င်းလှေကလေး
၏ဦးတည်ရာကား သိမ်ပျက်ကြီးကူးတို့ဆိပ်သို့။ကြာပန်းလေးများသည်
မယဉ်ထွေးအားလက်ပြနူတ်ခွန်းဆက်နေသယောင်။ရေပေါ်၌ လှုပ်လီလူပ်လဲ့။ထိုသို့တဖြည်းဖြည်းလှော်ခတ်ရင်း သိမ်ပျက်ကြီးကူးတို့
ဆိပ်သို့မရောက်မှီ ရေလယ်ကောင်တွင် သမ္ဗာန်လေးရောက်ရှိနေပေသည်
ထိုအခါအမျိုးသမီးများထဲမှ ခေါင်းဆောင်ဖြစ်သူဟု ယူဆရသူသည်
မယဉ်ထွေးအားလက်တို့ကာ

" ညီမလေး … ဒါက ကူးတို့ခပါ … ညီမလေးမိဘနှစ်ပါးကိုဒီအထုပ်လေး
ပေးခဲ့ပါ … ညီမလေး လူ့ဘဝသက်တမ်းစေ့ပါပြီ … ဒါကြောင့်အစ်မတို့က
နတ်စုန်းပေါ်ဘုရားပွဲကိုလာရင်း တစ်ခါတည်းခေါ်လိုက်တာပါ …
အစ်မတို့ … ဟိုးသိမ်ပျက်ကြီးထဲက စောင့်နေမယ် … ညီမလေးဆက်ဆက်လာခဲ့နော် " ဟုပြောရင်းညာလက်မှ သိမ်ပျက်ကြီး
ကူးတို့ဆိပ်ကိုညွှန်ပြလျက် သမ္ဗာန်ပေါ်တွင်လိုက်ပါလာသော အမျိုးသမီးငါးဦးလုံးသည်မြေသားတစ်နေရာမှမရှိသောရေလယ်ကောင်၌
မယဉ်ထွေး၏ရှေ့မှအလိုလိုပျောက်ချင်းမလှပျောက်သွားကြတော့သည်။
မယဉ်ထွေးသည်သမ္ဗာန်ပေါ်မှ သိမ်ပျက်ကြီးသို့လှမ်းကြည့်ရာ အမျိုးသမီး
ငါးဦးသည် လက်ယပ်ခေါ်နေလေ၏။ပြီးနောက်ပြန်ပျောက်သွားတော့သည်။
မယဉ်ထွေးသည်ကားနှလုံးသွေးရပ်လုမတတ်။အသက်ရှူဖို့ပင်ခေတ္တမေ့သွားကာ ရေလယ်ကောင်တွင်သမ္ဗာန်ကိုမလှော်ခတ်ပဲရပ်တန့်နေမိတော့
သည်။အတန်ကြာမျှသမ္ဗာန်ပေါ်၌ တွေဝေနေရင်း ဘဝဟောင်းမှ
အစ်မတော်သူများထံ လူ့ဘဝကိုလာလည်ဖို့ခွင့်တောင်းပုံ ခွင့်ပြုလိုက်ပုံတို့
ကို တရိပ်ရိပ် မြင်ယောင်အမှတ်ရချေတော့သည်။

" ငါအရင်ဆုံး အမေတို့ဆီပြန်ရမယ် … "

မယဉ်ထွေးသည် လူ့ဘဝမှ မိဘများဆီ အရင်ပြန်ကာ သံယောဇဉ်ဖြတ်
ဖို့စီစဉ်လေတော့သည်။

ဆည်ရေပြင်သည် ငြိမ်သက်လျက်။မယဉ်ထွေးသည်သမ္ဗာန်အားဆည်စပ်
သို့ရောက်အောင် လှော်ခတ်လာလိုက်သည်။ပြီးနောက် ဆည်တဲစုမှ
မိခင်ထံသွားကာ ဤသို့ဆို၏။

" အမေ … အဖေပြန်မရောက်သေးဘူးလား "
" ခဏနေလောက်ဆို ပြန်လာတော့မှာပါသမီးရဲ့ … ဘာလို့လဲ
သမ္ဗာန်ခတ်တာ အဆင်မပြေခဲ့ဘူးလား "
" သမီးပြောတာကိုသေချာနားထောင်ပါအမေ … "
" အမေ … ဒီနေ့ဘယ်သွားစရာရှိသေးလဲ …"
" ဈေးဝယ်ဦးမယ်သမီး အဲ့ဒါပဲသွားစရာရှိတယ် … "
" ဒါဆို … အဖေကော … အမေကော … ဒီနေ့နေ့လည် ၁၂နာရီ
နတ်စုန်းပေါ်ရွာဦးကျောင်းက ခေါင်းလောင်းထိုးသံမကြားခင်အမှီ
ပြန်လာပေးပါနော် "
" အေးပါသမီးလေးရယ် "
" သမီးနားလိုက်ဦးမယ်နော် … "

သားအမိနှစ်ယောက်စကားပြောပြီး မယဉ်ထွေးသည် တဲငယ်ထဲရှိ သူမအခန်းလေးသို့ဝင်သွားလေသည်။ကွမ်းတစ်ယာညက်ခန့်ကြာသော်
ကိုဗေဒါ ငါးဖမ်းရာမှပြန်လာလေသည်။

" မသင်းကြည်ရေ … ဒီနေ့ကံကောင်းတာပဲဟေ့ … ဟင်းစားအပြင်
ရောင်းဖို့လည်းပိုဖမ်းမိခဲ့သေးတယ် … ဒါနဲ့ သမီးလေးရော … ပြန်မရောက်
သေးဘူးလားဟ … "
" ရောက်ပါရဲ့တော်ရေ … ခုလေးတင်ခဏနားဦးမယ်ဆိုပြီးအခန်းထဲဝင်သွားတယ်လေ"

ထိုအခါ ကိုဗေဒါသည် မသင်းကြည်အားဈေးသို့လိုက်ပို့လေသည်။သို့သော်
မသင်းကြည်မှာ ဂဏှာမငြိမ် အလွန်လျင်မြန်စွာ ဈေးဝယ်ခြမ်းပြီး ပြန်ခဲ့လေ
သည်။ထို့ကြောင့် ကိုဗေဒါသည် အံ့အားသင့်ကာ အကျိုးအကြောင်းမေး
မြန်းသော် သမီးလေးကမှာထား၍ အလျင်အမြန်ဝယ်ပြီးပြန်လိုကြောင်း
ပြောလေသည်။ကိုဗေဒါလည်းဆက်မေးမနေတော့ဘဲ နတ်စုန်းပေါ်ရွာဦး
ကျောင်းမှ ခေါင်းလောင်းမထိုးမှီအိမ်ရောက်အောင်ပြန်တော့သည်။အိမ်သို့
ရောက်သော် သမီးလေးအခန်းတွင်းသို့ မိဘနှစ်ပါးလုံးဒုန်းစိုင်းပြေးဝင်
ကြလေသည်။အခန်းသို့ရောက်သော် မယဉ်ထွေးသည် တည်ကြည်စွာ
ဘုရားရှိခိုးကန်တော့နေ၏။ပြီးနောက် မိဘနှစ်ပါးကိုကန်တော့ပြန်၏။
သမီး၏ထူးဆန်းသောအပြုအမူများကြောင့် ကိုဗေဒါတို့ ကြောင်အမ်းနေမိ
လေသည်။

" အဖေ … အမေ … ဒီအထုပ်လေးကိုအခုဖြည်မကြည့်ပါနဲ့ဦး …
သမီးအရမ်းအိပ်ချင်နေလို့ …  သမီးအိပ်ပျော်သွားမှ ဖြည်ကြည့်ပါ … သမီးအခုအိပ်တော့မယ်နော် … "

မယဉ်ထွေးသည် ထိုသို့ပြောရင်း ကုတင်ပေါ်လဲလျောင်းအိပ်စက်လိုက်လေ
တော့သည်။ထိုအိပ်စက်ခြင်းသည်ထာဝရလမ်းခွဲတစ်ခုဖြစ်သည်ကို
မိဘနှစ်ပါးမှာမသိချေ။အတန်ကြာသော်နတ်စုန်းပေါ်ရွာမှခေါင်းလောင်းထိုးသံကိုကိုဗေဒါတို့ပီပြင်စွာကြားလိုက်ရသည်။ထို့နောက်သမီးလေးအိပ်သွား
ပြီအထင်နှင့် ကိုဗေဒါတို့ တဲရှေ့သို့ပြန်ထွက်ခဲ့သည်။မသင်းကြည်သည် မယဉ်ထွေးသမ္ဗာန်ခတ်လိုက်သွားခြင်းကိုကိုဗေဒါအားမပြောရဲပေ။သို့ရာ
တွင် ကိုဗေဒါမှ သမီးပေးသောအထုပ်အား ဖြည်ကြည့်ချိန်တွင် ရွှေဒင်္ဂါးပြားများတွေ့ရလေသည်။ကိုဗေဒါသည် အံ့အားသင့်လျက် မသင်းကြည်ကို မေးမြန်းတော့သည်။

" မသင်းကြည် … ဒါ … ဒါ … ရွှေဒင်္ဂါးတွေ … "
" ………………………… "

မသင်းကြည်ထံမှ စကားသံစိုးစဉ်းမျှမကြားရတော့ချေ။ကိုဗေဒါသည်
သမီးအခန်းထဲသို့ ရွှေဒင်္ဂါးထုပ်လေးကိုင်ကာ ပြေးဝင်သွားလေသည်။

" သမီး … သမီး … ဒီရွှေဒင်္ဂါးတွေကဘယ်လို … သမီး … ထပါဦးသမီး "

မသင်းကြည်သည် ကိုဗေဒါ၏အသံကိုကြားသော် သမီးအခန်းသို့အူယား
ဖားယား ပြေးဝင်သွားတော့သည်။မယဉ်ထွေးကိုမိဘနှစ်ပါးမှထွေးပွေ့
လှုပ်နိုးသော်လည်းခြေဖျားလက်ဖျားအေးစက်လျက်။ကိုဗေဒါတို့
ရင်ထဲတွင်မီးကျီးခဲထည့်ထားသကဲ့သို့ပူလောင်ပြင်းပြနေတော့သည်။

" ဒါ … ဒါဘယ်လိုဖြစ်တာလဲ … မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး "
" သမီး …  သမီးလေး … ထပါဦး … သမီးလေးရယ် … အီးဟီးဟီး … "

သမီးလေးသေဆုံးသွားခြင်းအပေါ်မိဘနှစ်ပါးစလုံးမချင့်မရဲ။
လက်လည်းမခံနိုင်ချေ။ငိုကြွေးမြည်တမ်းလျက်။

" မသင်းကြည် … ကျုပ်မရှိတုန်း ဘယ်သူတွေလာသေးလဲ … အိမ်ကို
ဘယ်သူတွေလာသေးလဲ "
" ပြောပါ့မယ်ကိုဗေဒါရယ် … ကျုပ်အမှားတွေပါ … ဒီနေ့တော်ငါးဖမ်းထွက်
တုန်း မိန်းကလေးငါးယောက်ရောက်လာတယ် နတ်စုန်းပေါ်ဘုရားပွဲ သွားချင်တယ်ဆိုပြီး … သမ္ဗာန်လာငှားတယ် … အီးဟီးဟီး …
သမီးလေးက ဆန်မရှိတာတွေ့ပြီး သူတို့နဲ့ သိမ်ပျက်ကြီးကူးတို့ဆိပ်ကို
လိုက်သွားတယ် … ကျုပ်တားပေမဲ့မရဘူး … ပြန်လာတော့ … ပြန်လာ
တော့ …အထုပ်လေးပါလာပြီး ခုလိုဖြစ်ပျက်ကုန်တာပါပဲရှင် "
" သမ္ဗာန်လာခေါ်ရင် မထည့်နဲ့လို့ အတန်တန်မှာထားရက်နဲ့ဟာ … "

ကိုဗေဒါနှင့်မသင်းကြည်တို့နှစ်ဦးစလုံး ယူကြုံးမရ။သူတို့အတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဆုံးရူံးသွားရပြီမဟုတ်ပါလား။
ညနေစောင်းသောအခါတွင်မူမယဉ်ထွေး၏အလောင်းအား ဆည်တဲစုမှ လူအနည်းငယ်နှင့်မြုပ်နှံသဂြိုလ်လိုက်ကြတော့သည်။ညနေဆည်းဆာ
အောက်ရှိဆည်ရေပြင်ပေါ်မှကြာပန်းလေးများသည် ကိုဗေဒါတို့အား မည်သူ့ကို လွမ်းနေပါသနည်းဟု မေးနေသကဲ့သို့ပင်။ရင်တွင်းဝေဒနာများ
ကားဖြေရခက်လှပေ၏။
…………………………………………………………………………
နတ်စုန်းပေါ်ရွာတွင် ဘုရားပွဲကား မပြီးသေး။ထိုပွဲတော်ရာသီတွင်ထူးဆန်း
စွာသေဆုံးသွားသော မယဉ်ထွေး၏သတင်းသည်လည်း အလွန်မွှေးနေချေ
၏။

" အဲ့ဒါ သိမ်ပျက်ကြီးက ဥစ္စာစောင့်တွေလာခေါ်ပြီးလိပ်ပြာနူတ်တာနေမှာ"
" ကြောက်စရာကြီးတော် … လိုက်ရဲပေါင်ကျုပ်တော့ … "

နတ်စုန်းပေါ်ရွာခံများသည်တစ်ယောက်တစ်ပေါက်စကားများပြောကြကုန်၏။သိမ်ပျက်ကြီး၏ရာဇဝင်ကားမယဉ်ထွေးကြောင့်တစ်ဖန်နိုးထကာ အသက်ဝင်လာချေတော့သည်။
…………………………………………………………………………
ကောင်းကျော် ဟူသောနတ်စုန်းပေါ်ရွာ၏ လူမိုက်အိုးသည် နတ်စုန်းပေါ် ပွဲတွင်ပျော်ပါးချင်၍မိခင်အိုဒေါ်ခင်ရီအကြော်ရောင်းရသောချွေးနဲစာလေးများကို အရက်များအလွန်အကျွံသောက်သုံးကာ အကုသိုလ်ကြီးမားစွာ တောင်းယူနေလေ၏။လေဖြတ်နေသောဖခင်ဦးကောင်းစံကိုလည်းညှာတာ ရကောင်းမှန်းမသိ။ထည့်မတွက်။သူ့အတွက်သာကြည့်သော တစ်ဘို့တည်း
သမား လူ့ငနွားစစ်စစ်ပေတည်း။

" အမေ … အမေ … ကျုပ်ပွဲသွားမလို့ … အေ့ … ပိုက်ဆံ … ပိုက်ဆံပေး
ခုပေးဗျာ … အေ့ … "
" သားရယ် … အမေ့ဆီ ပိုက်ဆံမရှိပါဘူးကွယ် … မနက်ကသားကို
ပေးလိုက်တာ … အကုန်ပါပဲ … "
" ဟာဗျာ … တော်တော်နားငြီးတာပဲ … ကျုပ်တက်ရှာမှာ … "
" သားရယ် … အမေ့ကိုအဲ့လိုစကားတွေမသုံးပါနဲ့ကွယ် … အမေကခံနိုင်
ပေမဲ့ … သားကံကြီးထိုက်မှာစိုးလို့ပါကွယ် … "
" ထိုက်ထိုက်ဗျာ … ဘာဖြစ်ဖြစ် … ကျုပ်လိုတဲ့ပိုက်ဆံမှမပေးတာ "

ကောင်းကျော်သည် ဝုန်းဒိုင်းကျဲကာ ဒယိမ်းဒယိုင်နှင့်စုတ်ချာသော အိမ်လေးပေါ်သို့တက်သွားလေသည်။ထို့နောက် လေဖြတ်နေသော ဖခင်၏အခန်းတွင်းသို့ဝင်ကာ ပိုက်ဆံကိုရှာလေ၏။ကွပ်ပျစ်ပေါ်တွင်
လေဖြတ်၍ စကားမပြောနိုင်သော ဖခင်ကိုတွန်းဖယ်ကာ အိပ်ယာခင်း
အောက်ကိုရှာသော် ပိုက်ဆံတစ်ချို့ကိုတွေ့ရလေသည်။ဖခင်ကြီးသည်
ကား မယူနဲ့လည်းမပြောနိုင်။လက်များခြေများသည်လည်းလူပ်မရ။
သားဆိုးသားမိုက်ကြောင့်ဝမ်းနည်းမျက်ရည်များသွင်သွင်ကျလျက်သာ။

" အွမ်း … အွမ်း … "

စကားမပြောနိုင်၍ အားစိုက်ထုတ်ပြီး ဦးကောင်းစံ၏နူတ်မှထွက်လာသော
အသံ။ထိုအသံကိုဒေါ်ခင်ရီကြားသော် အိမ်ပေါ်သို့ မျက်ရည်များဖြင့်
အပြေးလေးတက်လာခဲ့လေသည်။

"သား … ကောင်းကျော် … အဲ့ဒါသားအဖေဆေးဖိုးလေးပါကွယ် …
ဒါလေးတော့ ချန်ထားပါသားရယ် … အမေတောင်းပန်ပါတယ် … "
" ဘာ … ဆေးဖိုးဟုတ်လား … မပျောက်မဲ့အတူတူကုမနေနဲ့ … သေပါစေတော့ … ဆေးကုတာလည်း ကျုပ်တစ်သက်ရှိတော့မယ် …
ဒီပိုက်ဆံနဲ့ အရက်နဲ့အမြည်းကိုတစ်ဝကြီးသောက်ပြီးနှပ်နေဦးမှာ …
ဟားဟားဟား … "

ကောင်းကျော်သည်တားမရဆီးမရ ဖခင်၏ဆေးဖိုးကိုယူကာ ရွာထဲသို့
ထွက်သွားလေ၏။မိခင်ဒေါ်ခင်ရီသည် ဝမ်းနည်းမဆုံး ခင်ပွန်းသည် ဦးကောင်းစံကိုကြည့်ကာ မျက်ရည်များထိန်းမရ ရှေးဘဝက မည်သည့်အကုသိုလ်ကြောင့်သူတို့ဇနီးမောင်နှံကံဆိုးရသနည်းဟု ကံကိုသာအပြစ်ဖို့ရင်း ထွက်သွားသောသား၏ကျောပြင်ကိုငေးလျက်
နူတ်မှ

" ဒီလိုသားဆိုးမျိုးကိုကွယ် … မယဉ်ထွေးလာဆုံးမလှည့်ပါ … မြင်လှည့်ပါ
ဦး " ဟု ပြောမိတော့သည်။

" ဟေ့ကောင် … လူမောင် … ဒီမှာပိုက်ဆံရလာပြီ … အရက်နှစ်လုံးနဲ့ကြက်ကြော်တစ်ကောင်ဝယ်ခဲ့ကွာ … "
" ဟုတ်ကဲ့ ကိုကောင်းကျော် … ဒါပေမဲ့ … နတ်စုန်းပေါ်ပွဲရှိတော့
တစ်ရွာလုံးဆူညံနေတာ အေးအေးဆေးဆေးဘယ်မှာသွားသောက်မလဲဗျ"

လူမောင်ပြောစကားကြောင့် ကောင်းကျော်၏အရက်ခိုးဝေနေသော
ဦးနှောက်သည် ခဏမျှစဉ်းစားကာ

" မင်းကလည်း အ ရန်ကောကွာ … တစ်နှစ်တစ်ခါပေါ်လာတဲ့ သိမ်ပျက်ကြီးရှိနေတာပဲ … အဲ့မှာဘယ်သူမှ မရှိဘူး နားအေးလွန်းလို့
ခဲတောင်ခဲသွားဦးမယ် … ဟားဟားဟားဟား "
" ဟာ … ကိုကောင်းကျော်ကလည်း အဲ့သိမ်ပျက်ကြီးမှာက ဥစ္စာစောင့်
တွေရှိတယ်လို့ ပြောတယ်ဗျ … ပြီးတော့ တစ်လောကမှ သေထားတဲ့
မယဉ်ထွေးသတင်းကလည်းရှိသေး …  ကျုပ်မလိုက်ရဲဘူးဗျာ "
" အေး … လူမောင် … မင်းမလိုက်ချင်နေခဲ့ … ငါကတော့သွားမှာပဲ …
အရက်နဲ့အမြည်းသာငါ့ကိုဝယ်ပေးလိုက် … ငကြောက်ကြီးရေ …
ဟားဟားဟား  "

လူမောင်သည် သိမ်ပျက်ကြီးသို့မလိုက်ရဲ၍နေခဲ့၏။ကောင်းကျော်သည်
အရက်ပုလင်းကို တစ်လုံးလက်ကစွဲ တစ်လုံးကိုခါးကြားထိုးကာ
ပုဆိုးကိုခါးတောင်းကျိုက်လျက် ကျန်လက်တစ်ဖက်က အမြည်းကိုကိုင်
ပြီး ရွာထဲမှ သိမ်ပျက်ကြီးဘက်သို့ သိုင်းကွက်နင်းကာ ထွက်ခွာလေ၏။
အချိန်ကား မှောင်ရီပျိုးစ နွားရိုင်းသွင်းချိန်ပေတည်း။ကောင်းကျော်တစ်
ယောက် မူးမူးဖြင့်လျှောက်လာရာ သိမ်ပျက်ကြီးသို့ရောက်လေပြီ။ခွေး
တစ်ကောင်ကြောင်တစ်မြီးမှမရှိ လူသူလေးပါးကင်းရှင်းလျက် သူ၏
အကြိုက် ယမကာဇာတ်ကို ခင်းချေတော့သည်။အရက်သောက်ဖန်များ
လာသောအခါကောင်းကျော်သည် ခေါင်းမထောင်နိုင်တော့ ထိုသိမ်ပျက်
ကြီးတွင် အမူးလွန်ပြီးအိပ်ပျော်နေတော့သည်။ညသည်နက်၍လာလေပြီ။

" ငမိုက်သား … ကောင်းကျော် … မိဘကိုစော်ကားတဲ့အတွက်
သိမ်ပျက်ကြီးမှာရှိတဲ့ အစောင့်အရှောက်အပေါင်းကို အယုံအကြည်မဲ့စွာ
စော်ကားတဲ့အတွက် နင်ပြန်ခံစားစေရမယ် … တောက် … "

ကောင်းကျော်သည် မိန်းကလေးတစ်ယောက်၏ မာန်ပါလှသော ကြိမ်းဝါး
သံကိုကြားသော်လည်းမျက်လုံးမဖွင့်နိုင်။အိပ်မက်ဟုမှတ်ယူကာပြန်အိပ်
နေပြန်သည်။တစ်ခဏအကြာတွင်သူ၏ဘယ်ခြေထောက်ပေါ်သို့ တစ်စုံတစ်ရာတက်လာသည်ဟု ခံစားရကာ ယားယံ၍ ညာခြေဖြင့်
ကုတ်လိုက်ရာ

" အား … "

မြွေပွေးတစ်ကောင်သည် ကောင်းကျော်အား ပေါက်လိုက်ခြင်းပင်။ကောင်း
ကျော်အော်သံအား အိပ်မောကျနေသော ရွာမှ မည်သူမျှမကြား။ကောင်း
ကျော်သည်ကား ထိုသိမ်ပျက်ကြီး၌ပင် အသက်ထွက်သွားတော့၏။
မနက်လင်းသော် လူမောင်သည် ကောင်းကျော်အားရှာမတွေ့၍  သိမ်ပျက်
ကြီးသို့လိုက်သွားရာ သေဆုံးနေသောကောင်းကျော်အလောင်းကိုတွေ့ရ
လေတော့သည်။ထိုသတင်းသည် ရွာထဲတွင် အုတ်အော်သောင်းနင်း
ဖြစ်ကာ သိမ်ပျက်ကြီးကို ပိုမိုစိတ်ဝင်စားကြကုန်၏။တပေါင်းလသည်
နတ်စုန်းပေါ်ရွာကို မင်းမူလျက်ကောင်းတုန်းသာ။
…………………………………………………………………………
သိမ်ပျက်ကြီး၏အစောင့်အရှောက်ကြီးမားပုံကိုလူပြောများလာသကဲ့သို့
ရွာနီးချုပ်စပ်များမှာလည်း ကောင်းကျော်၏အဖြစ်ကို သင်ခန်းစာယူကာ မိဘကိုရိုသေပြီးငါးပါးသီလကိုအတတ်နိုင်ဆုံးထိန်းသိမ်းလာကြသည်။
သို့သော် အများနဲ့မတူပဲ သင်းကွဲသော စုန်းပြူးလူများသည် အရပ်တိုင်း နေရာတိုင်းတွင်ရှိစမြဲ။ငနောင်သည်နတ်စုန်းပေါ်ရွာ၏သမ္ဗာန်ခတ်သူတစ်ဦး
ဖြစ်ကာမိဘနှစ်ပါးလုံးမရှိတော့ပေ။အရက်သောက်ကာလောင်းကစား
လည်းပြုတတ်ပြီးမိန်းမရူပ်သူလည်းဖြစ်လေသည်။

" ထွီ … ဟေ့ကောင်ရ … ကောင်းကျော်သေတာ သူ့ဘာသာမြွေပေါတဲ့
တောကို သွားအိပ်လို့သေတာ … ဘာသိမ်ပျက်ကြီးနဲ့မှမဆိုင်ဘူး
အဲ့ဒီ့နေရာကို အယုံအကြည်လည်းမရှိဘူး … ဥစ္စာစောင့်ဆိုတာ
အရမ်းချောဆိုပဲ … ဟားဟားဟား … ငနောင်ဆိုတဲ့ငါနဲ့
တွေ့လိုက်ချင်တာ … "
" ငနောင် … မင်းကတော့ဘာမှကိုမလန့်တတ်တာ … ငါတော့
ကြောက်မိသားကွ "

အချိန်သည် ညနေ ၆နာရီခန့်ဖြစ်ပြီး ငနောင်နှင့်ဖိုးဇ တစ်ဖက်ရွာမှ ကြက်တိုက်ပြန်လာရင်း သမ္ဗာန်ပေါ်သို့မတက်ခင်တွင် သိမ်ပျက်ကြီး အကြောင်းပြောနေကြခြင်းပင်။ထိုအခိုက်ချောမောလှပသည့် မိန်းကလေး တစ်ယောက်ရောက်လာကာနတ်စုန်းပေါ်ရွာသို့သွားလိုသည်ဟုဆို၏။
ငနောင်သည်လည်း နတ်စုန်းပေါ်သို့ပြန်မည်ဖြစ်ရာ လှေပေါ်တက်ရန် မိန်းကလေးအားပြောကြားလေ၏။ထို့နောက်သမ္ဗာန်ကိုဖြေးညင်းစွာ စတင်လှော်ခတ်လေတော့သည်။ငနောင်နှင့်ဖိုးဇသည် ထန်းရည်မူးပြီး ရီဝေဝေဖြစ်နေကြရာ ငနောင်သည် မိန်းကလေးအား ရိသဲ့သဲ့စကား ဆိုချေ၏။ထို့နောက် လက်ကိုဖမ်းဆွဲရာလှေပေါ်၌ပင် ထိုမိန်းမလှလေး ပျောက်သွားတော့သည်။

" ငနောင် … သူ … သူ … သူဘယ်ရောက်သွားတာလဲ "
" မသိဘူးဖိုးဇ … ငါတို့ရှေ့တင်ပျောက် … ပျောက် … ပျောက်…
ပျောက်သွားတာ … "

မူးနေသော ထန်းရည်၏ဂုဏ်သတ္တိများပင်ပြယ်ကုန်၏။ငနောင်နှင့်ဖိုးဇသည်
လည်း နတ်စုန်းပေါ်သို့ရောက်ရန်သာ စိတ်စောနေတော့သည်။ရေထဲမှ
ထွက်လာမည်လား။လှေပေါ်၌လာထိုင်နေမည်လား။သို့လောသို့လော
အတွေးများဖြင့် နှစ်ယောက်သားကြောက်နေကြကုန်၏။ထိုအခိုက်
သိမ်ပျက်ကြီးကူးတို့ဆိပ်ကိုကျော်ဖြတ်လာရာ သိမ်ပျက်ကြီး၌ ပျောက်သွားသောမိန်းကလေးကို တွေ့လိုက်ရလေတော့သည်။သူမသည် စက်ဆုပ်မုန်းတီး သောမျက်လုံးများ ခက်ထန်သောမျက်နှာထားနှင့် သိမ်ပျက်ကြီးအတွင်းမှခါးထောက်ကာ ကြောက်မက်ဖွယ်ရာ ရယ်နေတော့
သည်။

" ဟား … ဟား … ဟား … "

အသံသည်ရေပြင်ကိုပဲ့တင်ထပ်ကာတုန်လူပ်ဖွယ်ရာအတိ။ငနောင်တို့
သည် ခေါင်းနဘမ်းများကြီးကာ နတ်စုန်းပေါ်သို့ အလျင်အမြန်လှော်ခတ်
ကြတော့သည်။အတန်ကြာ၍ နတ်စုန်းပေါ်သို့ရောက်သော် လူခွဲပြီး
အိမ်သို့ကိုယ်စီပြန်ကြ၏။မနက်လင်းသော် ငနောင်သည် သူ၏အိမ်ရှေ့တွင်
မည်သည့်ဒဏ်ရာမှမတွေ့ရဘဲသေဆုံးနေချေတော့သည်။ထိုသတင်းကို
ဖိုးဇကြားသော် သူလည်းသေမည်ထင်ကာ အကြောက်လွန်ဒူးတုန်တော့၏
သို့ရာတွင် ဖိုးဇမသေခဲ့ပေ။ထို့အတွက်အကျွတ်တရားရကာ ပြုခဲ့သော မကောင်းမှုများကိုစွန့်၍နတ်စုန်းပေါ်ရွာဦးကျောင်းတွင်သင်္ကန်းစည်းကာ
သာသနာ့ဘောင်တွင် အေးချမ်းစွာနေထိုင်တော့သည်။နတ်စုန်းပေါ်ရွာ၌
ကလေးငယ်များကိုဆုံးမလျှင် မယဉ်ထွေးကိုတိုင်တည်၍ ချော့မော့ပြော
တတ်ကြ၏။နတ်စုန်းပေါ်ရွာနှင့်ရွာနီးချုပ်စပ်များတွင်လူဆိုးလူမိုက်များ
လျော့ပါးသွားသည်မှာအမှန်။အစောင့်အရှောက်ကြီးသောသိမ်ပျက်ကြီးကူးတို့ဆိပ်သည်ကားအချိန်ကာလရွေ့လျားသော်လည်းပျက်ပြယ်မသွား။
နတ်စုန်းပေါ်ဘုရားပွဲရောက်တိုင်းရေထဲမှပေါ်လာပြီးတည်ရှိမြဲ။အစောင့်အရှောက်ကြီးမြဲကြီးလျက်ပင်။
…………………………………………………………………………
မှောင်ရီပျိုးတော့မည်ဖြစ်သဖြင့်ဗောဓိကုန်းဆည်တဲစုမှလူအနည်းငယ်
ထွက်လာပြီးသူ့အားတဲစုသို့ပြန်ရန်ချော့မော့ခေါ်ငင်နေကြသည်။သို့ရာတွင် သူသည်ငြင်းဆန်မြဲငြင်းဆန်ကာသည်းထန်စွာငိုကြွေးလျက်ထိုနေရာ
၌ပင်သတိလစ်မေ့မျောသွားချေတော့သည်။အမှောင်ထုသည်ကား
အလုံးစုံသော ပတ်ဝန်းကျင်ကို တဖြည်းဖြည်း လွှမ်းခြုံဖုံးအုပ်လျက်။

နတ်စုန်းပေါ်ရွာဦးကျောင်းမှ တုံးမောင်းခေါက်သံကို ဆည်တဲစုမှ အတိုင်း
သားကြားရလေသည်။အရုဏ်တက်လေပြီ။ထိုစဉ်မသင်းကြည်ကိုဗေဒါ
မသိအောင် အိပ်နေရာမှ နိုးထကာ ဆည်ပေါ်ရှိ စိန်ပန်းပင်အောက်တွင် မိုင်တွေစွာထိုင်နေ၏။မသင်းကြည်သည်ဖြေးညင်းစွာတိုက်ခတ်၍ကြားရ
သော တပေါင်းလ၏ လေသံကို သမီးယဉ်ထွေးအသံဟုထင်မှတ်မိ၏။

" သမီးလေးရယ် … အမေ့ကိုမလွမ်းဘူးလားကွယ် … အမေသမီးကို
သိပ်သတိရတယ် … ပြန်လာပါသမီးလေးရယ် … ဒီတစ်ခါသမီး
ပြန်လာရင် အမေကိုယ်တိုင်အဖော်လုပ်ပြီး ကြာပုတီးလေးတွေချိုးပေး
ပါ့မယ် … ကြာပန်းလေးတွေပွင့်နေပြီလေ … သမီးကြိုက်တဲ့ကြာပန်း
လေးတွေပွင့်နေပါပြီကွယ် … သမီးကိုမခေါ်သွားဘဲ အမေ့ကိုခေါ်သွား
ရင်သိပ်ကောင်းမှာပါသမီးရယ် … ရွှေဒင်္ဂါးတွေကိုအမေတို့မမက်ပါဘူး
ကွယ် … ရွှေဒင်္ဂါးတွေပြန်ယူသွားပါ … ကျုပ်သမီးလေးကိုပဲပြန်ပေးကြပါ
ပြန်ပေးကြပါ … ပြန်ပေးကြပါတော် "

မသင်းကြည်သည် စိန်ပန်းပင်အောက်တွင် သမီးလေးယဉ်ထွေးအား တမ်းတငိုရိုက်လျက်။တစ်ဦးတည်းစကားတွေပြောနေချေ၏။မယဉ်ထွေး
ဆုံးပါးသွားချိန်မှစ၍ အရူးတစ်ပိုင်းခံစားရကာ နေ့စဉ်နေ့တိုင်း စိန်ပန်းပင်
အောက်တွင် သမီးကိုမျှော်၏။မိုးချုပ်လျှင် ဆည်တဲစုမှ ကိုဗေဒါနှင့်တံငါ
သည်အနည်းငယ် စုပေါင်းကာ မသင်းကြည်အား ချော့မော့ခေါ်ငင် တတ်သည်။မသင်းကြည်တစ်ယောက်စိန်ပန်းပင်ကိုမှီရင်းရေရွတ်နေသည်။

" ကြာပန်းလေးတွေပွင့်နေပြီ … သမီးရေ … "

ဗောဓိကုန်းဆည်ကြီးသည်တိတ်ဆိတ်ငြိမ်သက်လျက်။အရာရာတိုင်း
သည်ပြောင်းလဲနေတတ်သော်လည်းမိခင်တစ်ယောက်၏မေတ္တာတရား
သည်ကားကမ္ဘာတည်သရွေ့ရှင်သန်နေပါလိမ့်ဦးမည်။

                                           ထာဝရလေးစားစွာဖြင့်
                                     #ဒေါင်းဖဏ်သာ( အမေ့သား )


1 comments:

အရမ်းဖတ်လို့ကောင်းပါတယ်👍👍

Reply

Post a Comment