လူသားစား​ဆေးရုံ အပိုင်း၁

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁)
        (ဖြစ်ရပ်မှန်အား အခြေံရေးသားသည်။)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
                  *****************

(ဘာ … ဘယ်လို လူသားစား ဆေးရုံဟုတ်လား)
(ဟုတ်တယ် … အဲ့ဒီဆေးရုံပတ်ဝန်းကျင်မှာ နေတဲ့လူတွေ တင်စားခေါ်ဝေါ်ကြတာ ပြန်လမ်းမရှိဘူး လူသားစားဆေးရုံ)
(ထွက်ပေါက် ဘယ်မှာလဲ)
(ထွက်ပေါက် တစ်ပေါက်တည်းရှိတယ် … အဲ့ဒီထွက်ပေါက်ကနေ ထွက်မယ်ဆိုရင်လဲ ငရဲပြည်ကိုတစ်ခါတည်း ရောက်နိုင်တယ်)

                         ****************
                            အခန်း (၁)
                    ဆရာဝန်ကြီး၏ ဘဝ အစ

''အောင်ပြီဟေ့ … ငါအောင်ပြီကွ''
''စွန်ရဲနိုင် … မင်းအောင်တယ်မဟုတ်လား''
''အောင်တာပေါ့ကွ … ငါအောင်တယ် မင်းတို့ရော''
''ငါလဲအောင်တယ်ကွ …  5Dနဲ့''
''ဟာ … ငါက all D ဂုဏ်ထူးခြောက်ခုနဲ့ အောင်တာကွ ငါဖြစ်ချင်တဲ့ ဆရာဝန်ကြီးဖြစ်ခွင့်ရပြီ သန်းနိုင်ရေ ဖြစ်ခွင့်ရပြီကွ''
''ရဲမောင် … မင်းရော အောင်တယ်မဟုတ်လား Dရော ပါတယ်မဟုတ်လား''
''ငါ … ငါကတော့ ''
''ဖြေစမ်းပါကွ မင်းအောင်တယ်မဟုတ်လား''
''ဟင့်အင်း !… အောင်တာပေါ့ကွ မင်းတို့သူငယ်ချင်းပဲလေ ငါလဲအောင်တာပေါ့''
''ဟာကွာ … အရေးထဲ နောက်နေသေးတယ် Dရော ပါတယ်မဟုတ်လား''
''အင်း !… မင်းတို့လို All D 5Dမဟုတ်ဘူး … ငါကတော့ 4Dပဲပါတယ်''
''ဟာ … ဝမ်းသာလိုက်တာကွာ ငါတို့သူငယ်ချင်းသုံးယောက် ဆရာဝန်ကြီးတွေဖြစ်ပြီပေါ့ကွ ဟားဟား … ငါသိပ်ပျော်တာပဲကွာ ငါ့ရဲ့အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်ပြီ ငါအရမ်းပျော်တယ်''
''အေးကွာ စွန်ရဲ … မင်းကိုကြည့်ပြီး ငါတို့ပိုပျော်မိတယ် အောင်စာရင်းမထွက်ခင်တည်းက ငါတို့နှစ်ယောက်မအောင်ရင် နေပါစေ … မင်းကိုအောင်စေချင်ခဲ့တာ အခုငါတို့သုံးယောက်စလုံး အောင်တဲ့အပြင် အားလုံးလဲ ဆေးကျောင်းတတ်ခွင့်ရပြီကွ''
'' ဟုတ်တယ်သန်းနိုင်ရေ … ဟုတ်တယ်ကွ ငါရင်ဘတ်ထဲမှာ ပြောပြမတတ်အောင် အရမ်းပျော်နေတယ်ကွာ''
'ကဲ … သူငယ်ချင်းတို့ ငါတို့မိဘတွေလဲ ငါတို့ကိုမျှော်နေလောက်ပြီး မိုးလင်းမှ ငါတို့သူငယ်ချင်းတွေ ပြန်ဆုံကြမယ်''
''အေး သူငယ်ချင်းတို့ရေ … ငါတော့ ငါ့အဖေကို အရင်ဆုံးကန်တော့ပြီး ဆေးကျောင်းတတ်ခွင့်ရကြောင်း ပြောရမယ်ကွ ပြောရမယ် … ငါ့ကိုခွင့်ပြုကြဦး''
''အေး !… စွန်ရဲ … ကောင်းကောင်းသွားနော်''
''အေးပါကွ … သွားပြီး … သူငယ်ချင်းတို့ရေ''
''အေးအေး …''

ယနေ့ဟာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်သည့် နေ့ရက်ကလေးပင်ဖြစ်ချေပြီး ကျောင်းသားကျောင်းသူများမှာ အောင်စာရင်းအား အစောဆုံးကြည့်ရှု့ချင်သောကြောင့် ကျောင်းအရှေ့၌ များပြားစွာရှိနေခဲ့သည်။ ထိုအထဲတွင် စွန်ရဲနိုင်၊ သန်းနိုင်၊ ရဲမောင်ဟူသော ကျောင်းသားလေးသုံးဦးသည်လည်း အပါအဝင်ဖြစ်ပြီး အောင်စာရင်းကြည့်ရှု့ရန် ကျောင်းတံခါးစတင်ဖွင့်သည်နှင့်တစ်ပြိုင်နက် လူအုပ်ကြားအတွင်းသို့ တိုးဝင်ခါ မိမိတို့၏အမည်များအား ရင်ခုန်စွာနှင့် ကြည့်ရှု့ခဲ့ကြသည်။ ကြိုးစားထားသည့် အလုပ်တရား ကံကြောင့်ပင်လား ထိုလူငယ်သုံးဦးမှာ ဂုဏ်ထူးကိုယ်ဆီနှင့် တက္ကသိုလ်ဝင်စားမေးပွဲအား ကောင်းမွန်စွာ အောင်မြင်လာခဲ့ကြသည်။ စွန်ရဲနိုင်ဟူသော ထိုလူငယ်လေးဟာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်တို့၌ တစ်နှစ်တစ်တန်းအောင်မြင်လာခဲ့ပြီး ပညာရည်ထူးချွန်သူတစ်ယောက်ဖြစ်စေသည်။

ယခု တက္ကသိုလ်ဝင်စားမေးပွဲအား မည်သည့်ကျူရှင်တစ်ခုမျှ တတ်ရောက်ခြင်းမရှိ ကျောင်းဆရာ၊ ဆရာမများ၏ သင်ကြားမှုသာခံယူခဲ့ရပြီး ယခုကဲ့သို့ ဘာသာစုံဂုဏ်ထူးနှင့် အောင်မြင်စေခဲ့သည်။ စွန်ရဲနိုင်၏ မိခင်ဖြစ်သူမှာ ငယ်စဉ်အခါက မြို့ရွာနှင့်အလှမ်းဝေးသော နယ်မြို့လေးတွင် နေထိုင်စေခဲ့ပြီး မိမိခြောက်နှစ်သားအရွယ်၌ မိခင်ဖြစ်သူမှာ အပြင်းဖျား၍ ထိုရွာလေး၌ဆေးဆရာမရှိခဲ့ပဲ မိခင်ဖြစ်သူမှာ လွယ်ကူစွာနှင့် အသက်ပေးခဲ့ရသည်။ ထို့ကြောင့် စွန်ရဲနိုင်ဟာ ငယ်စဉ်ကတည်းမှ အမိမဲ့သားဖြစ်ခဲ့ရပြီး အတန်းဖော်သူငယ်ချင်းများ၏ နိမ့်ချခြင်းများကိုလည်း ခါးစည်းခံခဲ့ရသည်။ မိခင်နှင့်ပတ်သတ်သော ဖြစ်ရပ်တို့အား ဖခင်၏ပြန်လည်ပြောဆိုသော စကားများကြောင့် စွန်ရဲနိုင်တစ်ယောက်ဟာ မိခင်ဖြစ်သူ၏အကြောင်းတို့အား ကောင်းမွန်စွာ သိရှိထားခဲ့ပြီး မိမိ၏အတွေးထဲ၌ ခံစားချက်စိတ်ဖြင့် မိခင်၏လွယ်ကူစွာအသတ်ပေးခဲ့ရသော အဖြစ်မျိုးအား တစ်ခြားသူများ မဖြစ်စေလို မိမိသာလျင် မိခင်ကဲ့သို့ သူများအား ကယ်တင်ပေးနိုင်ရန် ဆရာဝန်ဖြစ်မှသာလျင် ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ခံစားချက်ဖြင့် ကြိုးစားလာခဲ့ရင်း ယခုဆေးတက္ကသိုလ် တတ်ရောက်နိုင်သည့် အခြေနေသို့ရောက်ရှိလာခဲ့လေတော့သည်။

ဖခင်ဖြစ်သူမှာ နောက်အိမ်ထောင်ပြုထားခဲ့ပြီး သားဖြစ်သူစွန်ရဲနိုင်အား မိထွေးနှင့်စောင့်ရှောက်စေခဲ့သည်။ မိထွေးဟာလည်း သားအရင်းမဟုတ်သော စွန်ရဲနိုင်အပေါ် ဖခင်အရှေ့၌ချိုသာစွာ ဆက်ဆံစေကာ ကွယ်ရာ၌ အမြဲတစေနိမ့်စက်နေခဲ့သည်မှာ ယခုစွန်ရဲနိုင်တစ်ယောက် (၁၆)နှစ်သားအရွယ်ထိပင်ဖြစ်ချေသည်။ ယခုအခါ စွန်ရဲနိုင်တစ်ယောက် ဘာသာစုံဂုဏ်ထူးဖြင့် စာမေးပွဲအား အောင်မြင်စေခဲ့ပြီး ဆေးကျောင်းတတ်ခွင့်ရရှိပြီးဖြစ်ကြောင်းကို ဖခင်ဖြစ်သူထံသို့ ဝမ်းသာအားရပြောကြားစေရန် အပြေးရောက်ရှိလာခဲ့လေသည်။

''အဖေ … အဖေ ခြံတံခါးဖွင့်ပါဦး အဖေ ''
''ဟဲ့ ခြံရှေ့မှာဘာတွေလာအော်နေတာလဲ ညကြီးအချိန်မတော် နားမလည်ဘူးလား ဘယ်သူလဲ … သြော်ငရဲ နင်ကိုး ပြန်လာသေးတယ်ပေါ့ဟုတ်လား မဖွင့်ပေးနိုင်ဘူး … တစ်ညလုံး အလေလိုက်နေပြီးတော့ အခုမှ ခြံရှေ့လာအော်မနေနဲ့''
''အမေ … သားစာမေးပွဲအောင်တယ် အမေရဲ့ … အမေ … အဖေ တံခါးဖွင့်ပါဦး''

အချိန်ကား သန်းခေါင်ကျော်ချိန် နံနက်(၁:၀၀)နာရီခန့်မျှရှိနေပြီဖြစ်သည်။ မိမိဟာ မိထွေးအပေါ်သို့ မိခင်အရင်းသဖွယ် သဘောထားသော်လည်း မိထွေးမှာမူ စွန်ရဲနိုင်အပေါ် သားအရင်းကဲ့သို့ သဘောထားခြင်းမရှိချေ။ ဖခင်ဖြစ်သူမှာလည်း မိထွေးအား ချစ်လွန်း၍ ကြောက်နေရသည့်အထိ ဖြစ်နေရပြီး အရာအားလုံးအား ထိုမိထွေးမှ ချုပ်ကိုင်စိုးမိုးထားလေ့ရှိသည်။ ထို့ကြောင့် စွန်ရဲနိုင်၏မိသားစုအတွင်းရေး၌ သူ၏မိထွေးသာလျင် အိမ်ထောင်ဦးစီး ဘိုအဖြစ်ချုပ်ကိုင်နေလေခဲ့သည်။ ယခုအခါတွင်လည်း အောင်စာရင်းထွက်မည့် နေ့ရက်ကလေးပင်ဖြစ်သည်ကြောင့် ညဦးပိုင်းမှ သူငယ်ချင်းများနှင့် ကျောင်းရှေ့သို့ အောင်စာရင်းအားအစောဆုံး ကြည့်ရှု့ချင်သောကြောင့် အရောက်သွားခဲ့ပြီး ယခု ညဥ့်နက်အချိန်၌ ပြန်ရောက်လာသော သူ့အား မိထွေးဖြစ်သူမှာ ခြံတံခါးအားဖွင့်ဟ မပေးခဲ့ချေ။

''မိန်းမ … သားလေးပြန်လာပြီလေ … ငါခြံတံခါးသွားဖွင့်ပေးလိုက်ဦးမယ်''
''အိုတော် !… ရှင်နေစမ်းပါ!… ရှင့်သားက တစ်ညလုံးအလေလိုက်ပြီး အခုမှပြန်လာတာကို ကျွန်မတို့တွေက အိပ်ရေးပျက်ခံပြီး ခြံတံခါးစောင့်ဖွင့်ပေးနေရမှာလား …ရှင်အသာနေစမ်း … သူ့ကိုဒီလို ဆုံးမမှဖြစ်မှာ''
''အေးကွာ … လုပ်လုပ် … မင်းသဘောပဲ''

''အဖေ … အမေ … သားကိုတံခါးဖွင့်ပေးပါဦး''
''ဟဲ့ … ငရဲ … သွား … လာအော်မနေနဲ့ တစ်ညလုံး အလေလိုက်နေပြီး မနက်မိုးလင်းမှ နင့်ကိုတံခါးဖွင့်ပေးနိုင်မယ် … နင်ဆက်အော်မနေနဲ့နော် ငါကြောင်းသိတယ်မဟုတ်လား''

ပိတ်ထားသည့်ခြံတံခါးအရှေ့မှ အဆက်မပျက် စွန်ရဲနိုင်တစ်ယောက် အော်ခေါ်အသံပေးနေသော်လည်း မိထွေးဖြစ်သူ၏ အိမ်အတွင်းမှ အော်ဟစ်ပြန်လည်ပြောဆိုသော စကားတို့အား ကြားလိုက်ရသည်။ မိမိကိုယ်တိုင်သိရှိ၏။ ဖခင်ဖြစ်သူကိုလည်း မိထွေးနှင့်ပတ်သတ်လာလျင် အားကို၍ရမည်မဟုတ်။ ခြံရှေ့၌ ဆက်လက်အော်ခေါ် အသံပေးပြန်လျင်လည်း မိထွေးဖြစ်သူ၏ိံ နိမ့်စက်မှုများအား မိမိခံစားရဦးမည်ဖြစ်သည်။ ထို့ကြောင့် သတ်ပြင်းတစ်ချက်သာလျင် ခပ်ပြင်းပြင်းချလိုက်စေပြီး ခြံတံခါးအားမှီလျက် ခြင်များကိုသာအဖော်ပြုစေပြီး မိုးလင်းမည့်အချိန်ကိုသာ စောင့်မျှော်နေရလေတော့သည်။

ထိုညလေးဟာ စွန်ရဲနိုင်အဖို့ မည်သည့်နာကျင်ခြင်းများကိုမှ ဂရုမစိုက် သူတစ်ယောက်လွန်စွာပီတိဖြစ် ပျော်ရွှင်နေခဲ့သည်။ ငယ်စဉ်ကလေးဘဝကတည်းမှ မိမိ၏ရည်မှန်းချက်ပန်တိုင်ဆီသို့ အရောက်လှမ်းနိုင်တော့မည်ဖြစ်ပြီး စိတ်၏လျင်မြန်ခြင်းများနောက် စွန်ရဲနိုင်တစ်ယောက် လိုက်ပါစေရင်း မိမိဆရာဝန်ကြီးဖြစ်သည့်အထိ စိတ်ကူးမျာနှင့် မျောလွှင့်နေလေခဲ့သည်။ ခြံတံခါးအားမှီလျက် အိပ်ပျော်သွားခဲ့လေသလား။ မိထွေးဖြစ်သူမှာ ခြံတံခါးတွန်းဖွင့်လိုက်သည်နှင့် တံခါးအားမှီလျက်အိပ်နေသော စွန်ရဲနိုင်တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့စေသည်။

''အမလေးဟယ် … စောစောစီးစီး မင်္ဂလာမရှိလိုက်တာ''
''အမေ … အမေ … သားစာမေးပွဲအောင်တယ်အမေရဲ့ ဘာသာဂုဏ်ထူးနဲ့ အောင်တာ''
''အဲ့ဒါ ငါကဘာလုပ်ရမှာလဲ''
''ဗျာ … ''

တွန်းဖွင့်လိုက်သည့် တံခါးကြောင့် အိပ်ပျော်နေရာမှ မြေပြင်ပေါ်သို့လိမ့်ကျသွားသော်လည်း လူးလဲထလျက် မိထွေးဖြစ်သူအား ဝမ်းသာအားရ အပြုံးမျက်နှာလေးဖြင့် မိမိဘာသာစုံဂုဏ်ထူးဖြင့် စားမေပွဲအောင်ကြောင်း ပြောဆိုလိုက်လေသည်။ သို့သော် မိထွေးဖြစ်သူမှာ မထင်မဲ့မြင်မျက်နှာထားဖြင့် မိမိအား ပြန်လည်တုန့်ပြန်လိုက်သော စကားတို့အား ကြားလိုက်ရသည့်စွန်ရဲနိုင်တစ်ယောက်မှာတော့ ပြုံးနေသည့်မျက်နှာထားလေးမှ ဖြည်းညင်းစွာတည်တံ့သွားစေခဲ့သည်။ ထို့နောက် မိထွေးဖြစ်သူအား ဆက်လက်ပြောဆိုမနေတော့ပဲ ဖခင်ဖြစ်သူရှိနေသည့် အိမ်အတွင်းသို့ အပြေးဝင်ရောက်လေတော့သည်။
''အဖေ … အဖေ … သား … သားစာမေးပွဲအောင်တယ်အဖေ … ဘာသာစုံဂုဏ်ထူးနဲ့အောင်တာအဖေရဲ့ သားဖြစ်ချင်တဲ့ ဆရာဝန်ကြီးဖြစ်ခွင့်ရတော့မယ် … သားဆေးကျောင်းတတ်ခွင့်ရပြီး အဖေ … အဖေပျော်လားဟင်''

ဝမ်းသာလွန်း၍ အလိုလိုသာလျင် စီးကျလာခဲ့သော မျက်ရည်များနှင့် ဖခင်ဖြစ်သူအား စွန်ရဲနိုင်တစ်ယောက် ဝမ်းသာအားရပြောဆိုလိုက်သော်လည်း ဖခင်ဖြစ်သူမှ ဂရုမစိုက်သော အမူယာနှင့်
''အေး … ကောင်းတာပေါ့ … မြန်မြန်အောင်တော့ အလုပ်မြန်မြန်လုပ်ရတာပေါ့''
''ဗျာ … အဖေ … အဖေဘာပြောလိုက်တယ်''
''အေးလေ … မင်းကျောင်းတတ်မယ်ဆိုလို့ အလုပ်မလုပ်ခိုင်းသေးပဲ ဆယ်တန်းထိကျောင်းနေခိုင်းခဲ့တာလေ အခုဆယ်တန်းအောင်ပြီဆိုတော့ ငါတို့ကိုတစ်လှည့်ရှာကျွေးဦးပေါ့''
''အဖေ … သားအခုခြောက်ဘာသာ ဂုဏ်ထူးနဲ့အောင်တာ အဖေရဲ့ သားဆေးကျေုာင်းဆက်တတ်မယ်လေ … သားငယ်ငယ်လေးတည်းက ဆရာဝန်ကြီးလုပ်ပြီး ပိုက်ဆံမရှိတဲ့ လူတွေအားလုံးကို အလကားဆေးကုပေးမယ် … အမေလိုအဖြစ်မျိုး သူများတွေကို မဖြစ်စေချင်ဘူးလေ''
''တိတ်စမ်း!… ဘာပြောတယ် … နင်ကဆေးကျောင်း ဆက်တတ်မယ်ဟုတ်လား … ဟားဟား … နင်ဟာသတွေ သိပ်ပြောတတ်တာပဲ နင့်အောက်မှာ ငါ့ကလေးကျောင်းသားလေးတွေ ရှိနေသေးတယ်လေ သူတို့အတွက် နင်မငဲ့တော့ဘူးလား … နင့်ကိုဆေးကျောင်းဆက်ထားဖို့မပြောနဲ့ တစ်နေ့တစ်နေ့ ငါတို့အိမ်မှာ စားဖို့တောင်အနိုင်နိုင်ရှာနေရတာ အိုဟာ !… ကုန်ကုန်ပြောမယ် ငါ့ကလေးတွေအတွက် နင်အလုပ်လုပ်ပြီး ပိုက်ဆံထွက်ရှာပေး … ဒါမှမဟုတ်ရင် နင်အိမ်မှာမနေနဲ့''

''ဗျာ !… အမေ … ''
''နင်ငါ့ကို အမေလိုမခေါ်နဲ့ ငါနင့်အမေမဟုတ်ဘူး''
''ရက်စက်လိုက်ကြတာဗျာ … အဖေ သားကို ကျောင်းဆက်မထားပေးတော့ဘူးလား သားဆရာဝန်ကြီးဖြစ်ရင် အဖေနဲ့အမေ့ကို တစ်လှည့်ပြန်လုပ်ကျွေးမှာပါ''
''အေး !… အဖေ့အကြောင်းလဲ မင်းသိမှာပါ … မင်းအမေရဲ့ သဘောအတိုင်းပဲ အဖေနေရတယ်ဆိုတာ''
''ဒါဆို အဖေကလည်း သားကို !… ''
''ဟုတ်တယ် ငါ့ယောကျာ်းကလည်း ငါ့သဘောအတိုင်းပဲ မနက်ဖြန်ကစပြီး နင်ငါ့အသိတစ်ယောက်နဲ့ ဆိုဒ်ထဲမှာပန်းရံ လိုက်လုပ်ချည်တော့''
''မလုပ်နိုင်ဘူး ကျုပ်မလုပ်နိုင်ဘူး ကျုပ်ကျောင်းဆက်တတ်မှာ ကျုပ်ဆရာဝန်ကြီးတစ်ယောက် ဖြစ်အောင်လုပ်ပြီး ကျူပ်အမေလို အဖြစ်ဆိုးမျိုးတွေ မကြုံရအောင် ကျုပ်လူတွေကိုဆေးကုပေးချင်တယ် ကျုပ်ကျောင်းဆက်တတ်မယ်''
''သြော် !… နင်က ငါ့စကားကိုတောင် လွန်ဆန်နေပြီးပေါ့လေ မိုက်ရိုင်းလိုက်တာ … ရတယ် … ဒါဆိုအခုချက်ချင်း ငါ့အိမ်ပေါ်ကနေဆင်း … ဆင်းသွား''
''အဖေ.! ''

မိထွေးဖြစ်သူ၏ အနိုင်ကျင့်ကာ နေအိမ်ပေါ်မှ နင်ချနေခဲ့ခြင်းကြောင့် ဖခင်ဖြစ်သူအား အားကိုကြီးစွာတမ်းတခေါ်လိုက်သော်လည်း ဖခင်ဖြစ်သူမှာ တစ်ဖက်သို့မျက်နှာမူနေခဲ့ပြီး ခေါင်းသာလျင် ခါရမ်းပြလိုက်သည်။ ဖခင်၏ထိုသို့သော အမူယာအား စွန်ရဲနိုင်တစ်ယောက် အကဲခတ်ကြည့်ရုံနှင့် ကောင်းစွာသဘောပေါက်စေနိုင်သည်။ ထို့ကြောင့် မည်သည့်စကားမှ ဆက်လက်၍ပြောဆိုမနေတော့ပဲ ဝမ်းနည်းကြီးစွာငိုကြွေး၍ နေအိမ်အပေါ်မှ ဆင်းစေတော့သည်။
''သွား သွား … နင်ဘယ်တော့မှ ငါတို့ဆီပြန်မလာနဲ့ အလကားကောင်… မိဘစကားကို လွန်ဆန်တဲ့အကောင် သွား … ဆင်း … ဆင်သွား''

လွန်စွာဝမ်းနည်းမိသည်။ သူတစ်ယောက် ထိုသို့သော အဖြစ်အပျက်မျိုးနှင့်ကြုံဆုံရလိမ့်မည်ဟု မည်သည့်အခါမှ ထင်မထားခဲ့ချေ။ မိထွေးအားလည်း မိမိအပေါ်၌ မည်သို့ပင် နိမ့်စက်ခဲံ့ပါစေ မိမိကိုသာလျင် လိမ္မာရေးကြားရှိစေရန် ဆုံးမပေးခြင်းသာဖြစ်သည်ဟု တွေးမိခဲ့ဘူးသည်။ ယခုအခါမိထွေးဟာ ဆေးကျောင်းအားဆက်၍ မတတ်ခိုင်း အဖေတူအမေကွဲ ကလေးကျောင်းသားလေးများအား ဆက်လက်ကျောင်းထားနိုင်ရန် ပိုက်ဆံရှာအလုပ်လုပ်ခိုင်းခဲ့သည်။ သို့သော် စွန်ရဲနိင်ဟာ မိမိ၏ယုံကြည်ရာဖြစ်သော ပန်းတိုင်ဆီသို့ အရောက်လှမ်းချင်သေးသည်။ ထို့ကြောင့် မိထွေး၏တစ်ဖက်သတ် အနိုင်ကျင့်ပြောဆိုသော စကားများအား လွန်ဆန်၍ နေအိမ်ပေါ်မှသာလျင် ဆင်းလာခဲ့ချေတော့သည်။ ထို့နောက် ဝမ်းနည်းကြီးစွာ လမ်းတစ်လျောက်လုံး ငိုကြွေးနေခဲ့ရင်း မည်သည့်ဆီသို့ဦးတည်ရမည်အား မသိ၊ ခြေဦးတည့်ရာဆီသို့သာ လျောက်လှမ်းနေမိတော့သည်။

                           ***
ချမ်းအေးလွန်းသည့် တစ်မနက်။
''သားရေ … သား … ဟေ့ကောင်လေး ထတော့လေ ဘယ်အချိန်ရှိနေပြီလဲ''
''ဗျာအမေ … သားဒီနေ့ သွားစရာမရှိဘူး ညကညဥ့်နက်မှ အိပ်လိုက်မိတယ် အခုအိပ်ရေးမဝသေးဘူး ပြန်အိပ်ဦးမယ်''
''ဟဲ့ … ဟာ ထတော့ အိမ်ရှေ့မှာ မင်းဧည့်သည်တွေရောက်နေတယ် မင်းဆရာဆိုလား''
''ဗျာ … သားဆရာ … ဟုတ်လားအမေ''
''အေး !… ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်လဲ ပါတယ် … အရင်တစ်ခါတုန်းက အိမ်ကိုလာဖူးသေးတယ်လေ''
''ဟုတ် … ဟုတ်အမေ သားအခုမျက်နှာသစ်ပြီး ထွက်လာခဲ့မယ်''

နှစ်နှစ်ခြိုက်ခြိုက် ယခု မိုးလင်းနေသည့်အချိန်ထိ ကျွန်ုပ်တစ်ယောက် အိပ်ပျော်နေခဲ့မိ၏။ ကျွန်ုပ်၏မိခင်ဖြစ်သူဟာ အိပ်ခန်းတံခါးအား အဆက်မပျက်ခေါက်လျက် ကျွန်ုပ်အားနိုးနေခဲ့၏။ အိပ်ချင်မူးတူးဖြစ်နေသော စကားသံများနှင့် အမေ့အားကျွန်ုပ် ပြန်လည်ပြောဆိုခဲ့သေးသည်။ အမေဟာ အိမ်ရှေ့၌ ကျွန်ုပ်၏ဧည့်သည်ရောက်နေသည်ဟု ပြောဆိုလိုက်မှသာလျင် ကျွန်ုပ်တစ်ယောက်အိပ်ယာအတွင်းမှ လူးလဲထလျက် မျက်နှာသစ်စေကာ အိမ်ရှေ့သို့ အပြေးထွက်လာမိသည်။
''ဟာ … ဆရာ … မင်္ဂလာပါဆရာ''
''အေး !… မင်္ဂလာပါကွာ''
ထိုဧည့်သည်ဟာ တစ်ခြားသူမဟုတ် ကျွန်ုပ်အား သားဖြစ်သူပျောက်ဆုံးနေခြင်းနှင့် ပတ်သတ်ပြီး
       တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                    လိုက်သူများနှင့်
                      ဖုတ်ကောင်
ဖြစ်ရပ်ဆန်း၌ သားဖြစ်သူအား ဝိုင်းဝန်းကူညီရှာပေးရန် တောင်းဆိုခဲ့သော ကျွန်ုပ်၏(၁၀)ကျောင်းသားဘဝမှ ကျူရှင်ဆရာပင် ဖြစ်ချေသည်။ ဆရာ့အား ရုတ်တရက်တွေ့လိုက်ရသည်ကြောင့် ကျွန်ုပ်တစ်ယောက်အံ့သြမိရင်း နှုတ်ဆတ်စကားများပြောဆိုခဲ့ရသေးသည်။ ဆရာ၏ဘေးတစ်ဖက်၌ သားဖြစ်သူဆန်းထွန်းပိုင်အားတွေ့ရှိရပြီး သူ၏ဇနီးသည်ကေသရီဟာလည်း ဆရာနှင့်အတူ ကျွန်ုပ်၏နေအိမ်ဆီသို့ လိုက်ပါလာခဲ့လေသည်။
''အစ်ကို … နေကောင်းပါတယ်နော်''
''ဟ … ဆန်းလေး !… မတွေ့တာတောင် တော်တော်ကြာပြီး မင်းကိုပြန်တွေ့တော့ ကြံခင်းနယ်က ဖုတ်ကောင်ကြီးကိုတောင် သတိရလာတယ် … မင်းတို့လင်မယားနှစ်ယောက်ရော နေကောင်းကြတယ်မဟုတ်လား''
''ကောင်းတယ်အစ်ကို … ကျွန်တော်ရော ကေရော နေကောင်းပါတယ် အစ်ကိုတို့ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့လင်မယားနှစ်ယောက်မှာ ဒီလိုနေ့ဆိုတာ ရှိလာခဲ့တာပါ … ကျွန်တော်နဲ့ကေ အမြဲတမ်းအစ်ကိုတို့ငါးယောက်ကို သတိလဲရနေပါတယ်''
''ဟားဟား … ကျေးဇူးတင်ပါတယ်ကွာ မင်းတို့လင်မယားနှစ်ယောက်ကိုလည်း ငါတို့သတိရပါတယ်ကွ''
''ဟုတ်ကဲ့ အစ်ကို … ကျွန်တော်တို့လင်မယားနှစ်ယောက်မှာ အစ်ကိုတို့ပေးတဲ့ အသက်ပဲရှိပါတော့တယ်ဗျာ … အစ်ကိုတို့ငါးယောက်ကတော့ တကယ့်ကို ကျွန်တော်တို့ရဲ့ အသက်သခင်ကျေးဇူးရှင်တွေပါပဲ''
''မောင်ထီးလေး !… မင်းကိုဆရာပေးခဲ့တဲ့ ကတိအတိုင်း သားလေးနဲ့သူ့ဇနီးကို ဆရာတို့လင်မယားနှစ်ယောက် ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားတယ်နော်''
''ဟုတ်ကဲ့ဆရာ … ကျေးဇူးတင်ပါတယ်''
''အေးကွ … သားနဲ့သမီးက မင်းတို့ငါးယောက်အကြောင်းကို အချိန်ပြည့် ပြောပြောနေလို့ ဆရာတို့လဲ မင်းတို့ငါးယောက်ကို ပိုပြီးလေးစားချစ်ခင်မိလာတယ်''
''ရပါတယ်ဆရာရာ … အဲ့ဒီတုန်းက ဆန်းလေးကို ကျွန်တော်တို့တွေ မရှာပေးနိုင်တော့ဘူးထင်နေခဲ့တာ တော်သေးတာပေါ့ ကြံခင်းနယ်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်သွားဆုံကြလို့ … သြော် … ဒါနဲ့ဆရာ အခု ကျွန်တော့ဆီ အလည်သတ်သတ်ပဲလား''
''အေးကွယ့် … အလည်သတ်သတ်ပဲလို့ ပြောလို့ရတယ် … အဓိကလာရင်း အကြောင်းကတော့ မွေးနေ့လာဖိတ်တာပဲကွ''
''ဗျာ !… မွေးနေ့ဟုတ်လားဆရာ ဘယ်သူ့မွေးနေ့တုန်း''
''အေး … ဆရာ့မွေးနေ့ … (၂၀၁၀)တုန်းက ကျောင်းသားအဟောင်းတွေ လေးငါးယောက်လောက် ဖိတ်ထားတယ် … ပြောရရင် ပြန်လည်တမ်းတ ငယ်ဘဝလေး … ပျော်ပျော်ရွှင်ရွင်လုပ်ချင်တာပဲ … အဲ့ဒါ မောင်ထီးလေးနဲ့ လူစွမ်းကောင်းလေးယောက်ကို လာဖိတ်တာ''
''ဗျာဆရာ !… ကျွန်တော်နဲ့ လူစွမ်းကောင်းလေးယောက်ဆိုတာ လမ်းလေး၊ မျှားလေး၊ ငါးလေး၊တန်ခိုးတို့ကိုပြောတာလား''
''ဒါပေါ့ကွ … ''
''ဟာ … ဆရာအဲ့ဒီလိုလဲမဟုတ်ပါဘူးဗျ''
''ဘာပဲဖြစ်ဖြစ်အစ်ကိုရာ အစ်ကိုတို့ငါးယောက်က ကျွန်တော်တို့မိသားစုအတွက် တကယ့်ကို လူစွမ်းကောင်းငါးယောက်ပါပဲ … အဖေ့မွေးနေ့ကို အစ်ကိုတို့အားလုံး လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်''
''လာရမှာပေါ့ဆန်းလေးရ … ဆရာ့မွေးနေ့ပဲ စိတ်ချဆရာ … ကျွန်တော်နဲ့ သူငယ်ချင်းလေးယောက် လာခဲ့ပါ့မယ်''
''ကျေးဇူးတင်ပါတယ်မောင်ထီးလေးရာ ကျေးဇူးတင်ပါတယ်''
''ဟုတ်ဆရာ !… ဒါပေမယ့်အဲ့ဒီနေ့ကြရင် ကျွန်တော်တို့(၂၀၁၀)တုန်းက ကျောင်းသား အဟောင်းတွေ ပြန်ဆုံရမှာဆိုတော့ ကျွန်တော်တို့ကလေးဘဝတုန်းကလိုပဲ နေချင်တယ်ဆရာ …ဒါကြောင့် ကျွန်တော်တို့အားလုံးက ဆရာ့တပည့်ကလေးတွေပါ … ကိုမောင်ဝင်းရဲ့ မိတ်ဆွေငါးယောက်အနေနဲ့ လူတွေမသိစေချင်ဘူးဆရာ''

''စိတ်ချပါကွ မင်းပြောတာ ဆရာသဘောပေါက်ပါတယ် … စိတ်ချ စိတ်ချ မင်းတို့ငါးယောက်ကို ဘယ်သူတွေဆိုတာ မသိစေရဘူး ဆရာကတိပေးတယ်''
''ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်''
''အေး … ဒါဆို ဆရာ့တို့ကိုခွင့်ြ့ပုဦး … ဈေးဘက်ခဏသွားရဦးမဟ်''
''ဟုတ်ကဲ့ဆရာ … သြော် !… မွေးနေ့က ဘယ်နေ့လဲဆရာ''
''လာမယ့် ဇန်နဝါရီ (၂၈)ရက်နေ့''
''ဟုတ်ကဲ့ဆရာ''
''အစ်ကိုထီးလေး ဆက်ဆက်လာခဲ့ပါနော် ကျွန်တော်တို့မျှော်နေပါ့မယ် ကိုလမ်းလေးတို့၊ ကိုငါးလေးတို့ကိုလဲ ကျွန်တော်နဲ့ကေ အမြဲတမ်းသတိရနေပါတယ်လို့ ပြောပေးပါဦး''
''ပြောပေးပါ့မယ်ကွ ဆန်းလေးရ … ဟုတ်ပြီလား''

''ဟုတ်ကဲ့အစ်ကိုထီးလေး … ကေတို့သွားတော့မယ်''
''ကောင်းပါပြီဗျမိကေရေ … သြော် … ဆန်းလေးကိုလဲ သေချာဂရုစိုက်လိုက်ဦးနော်''
''စိတ်ချပါရှင့် ''   ''ဟော့ … အစ်ကိုထီးလေးကတော့ လုပ်ပြီ''

       တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                    လိုက်သူများနှင့်
                      ဖုတ်ကောင် တွင်

ဖုတ်ကောင်၏လက်ချက်ဖြင့် ဒဏ်ရာရရှိသွားကာ ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်း၍ သေလုနီးပါးဖြစ်နေသော ကေသရီအား ကျွန်ုပ်တို့သူငယ်ချင်းငါးဦး ကယ်တင်ပေးခဲ့ခြင်းနှင့် ပတ်သတ်၍ ဆန်းထွန်းပိုင်နှင့်ကေသရီမှာ ကျွန်ုပ်တို့အား လွန်စွာကျေးဇူးတင်နေပုံရသည်။
ဆရာနှင့်အတူ ဆန်းထွန်းပိုင်နှင့်ဇနီးဖြစ်သူတို့ဟာ ကျွန်ုပ်၏ိံနေအိမ်သို့ ရောက်ရှိလာခဲ့ကြပြီး ဆရာ့၏မွေးနေ့အား ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူတို့ လာရောက်ကြရန် လှိုက်လှဲစွာဖိတ်ခေါ်စေခဲ့လေသည်။ ထို့နောက် ကျွန်ုပ်အား နှုတ်ဆတ်လျက် ဆရာနှင့်အတူ ဆန်းထွန်းပိုင်တို့ဇနီးမောင်နံနှစ်ဦးမှာတော့ လာရာလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားခဲ့ကြတော့သည်။
                         * * * *

ယနေ့ဟာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ထွက်သည့်နေ့ရက်ပင်ဖြစ်ချေပြီး မိမိ၏ချစ်သူစွန်ရဲနိုင်တစ်ယောက် ကောင်းစွာအောင်မြင်လိမ့်မည်ဟု ဖြူလေးတစ်ယောက် ကောင်းစွာသိရှိထားသည်။ အဘယ့်ကြောင့်နည်း မိမိနှုင့်စွန်ရဲနိုင်ဟာ ငယ်သူချင်းကျေုာင်းနေဘက်များ ဖြစ်ကြပြီး အရွယ်ရောက်လာသည့်အချိန်၌ ချစ်သူဘဝသို့ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။ စွန်ရဲနိုင်ဟာ မိမိနှင့်ကျေုာင်းနေဘတ် သူငယ်ချင်းဘဝမှ စာပေအား ထူးချွန်သူတစ်ယောက်ဖြစ်စေကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အောင်မြင်ချင်လွန်း၍ နေမအိပ် ညမနား ကြိုးစားခဲ့သည်များအား မိမိ၏ကိုယ်တွေ့ပင်ဖြစ်ချေသည်။ ထို့ကြောင့် ကောင်းစွာအောင်မြင်လိမ့်မည်ဟု သိရှိထားသော်လည်း ချစ်သူရည်ရွယ်သော ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မည့် ဆေးကျေုာင်းတတ်ခွင့်အား ရရှိနိုင်မည်လားဟူ၍ တွေးတောနေခြင်းပင်ဖြစ်သည်။ ဖြူလေး၏မိဘများမှာ သူမ(၈)တန်းကျောင်းသူဘဝ၌ ရှေ့စင့်နောက်စင့်ဆုံးပါးသွားခဲ့ပြီး အမွေဆိုင်အိမ်ကြီး၌ အစ်မများနှင့် နေထိုင်နေခဲ့သူတစ်ယောက်ဖြစ်သည်။

အစ်မများမှာလည်း အိမ်ထောင်များကိုယ်ဆီကျလျက် အမွေဆိုင်အိမ်ကြီး၌ အတူတကွနေထိုင်ခြင်းမရှိတော့ပဲ အိမ်ကြီးအားရောင်းချကာ အမွေများခွဲဝေစေခဲ့သည်။ သူမသည်လည်း အစ်မဖြစ်သူများ၏ ခွဲဝေပေးသော အမွေတစ်ချို့ကိုယူလျက် ယခုစက်ချုပ်ဆိုင်ကလေးဖွင့်ခါ ဆိုင်ခန်းလေး၌ပင် တပည့်ဖြစ်သူမိန်းကလေးတစ်ယောက်နှင့် အတူတကွ နေထိုင်ချေခဲ့သည်။  သူမဟာ လှပပျိုပြစ်သော မိန်းကလေးတစ်ဦးဖြစ်သည့်အလား ဘဝပေးကုသိုလ်ကံအကြောင်းတရားဖြင့် မိန်းကလေးတို့၏ အလှတရားဟူသော ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံစေလှသည်။ ခန္ဓာကိုယ်အနေအထား၌လည်း ယောကျာ်းသားများ၏ စွဲမက်ဖွယ်ကောင်းလှအောင် လှပတင့်တယ်လှသည်။

ရပ်ကွက်အတွင်းရှိ ကာလသားများ၏ ပိုးပန်းခြင်းများအားလည်း ဖြူလေးတစ်ယောက် နေ့စဉ်နှင့်အမျှ ကြုံတွေ့နေခဲ့ရသည်။ သို့သော် မည်သို့ပင် ရုပ်ချောဥစ္စာပေါ ကာလသားများ သူမအားပိုးပန်းနေပါစေ။ သူမ၏ အတွေးများနှင့် နှလုံးသားကိုတော့ ချစ်သူဖြစ်သော စွန်ရဲနိုင်တစ်ယောက်တည်းကိုသာ ပေးအပ်ထားစေခဲ့သည်။ ချစ်သူ၏မိသားစုအကြောင်းများကိုလည်း သူမတစ်ယောက်သိရှိထားခဲ့ပြီး ချစ်သူအား အားမငယ်စေရန်အမြဲတစေ အားပေးနေလေ့ရှိသည်။ ယနေ့၌ သူမတစ်ယောက် ဆိုင်မဖွင့်ခဲ့ ပျော်ရွှင်စွာမိမိဆီသို့ အပြုံးပန်းများနှင့် ရောက်ရှိလာမည့် ချစ်သူကိုသာ စောင့်မျှော်နေလေခဲ့သည်။ မိုးစင်စင်မလင်းခင်အချိန်ကတည်းမှ ချစ်သူ၏အလာအား စောင့်မျှော်နေခဲ့သော် ယခုမိုးစင်စင်လင်းလာသည့် အချိန်ထိပင် ချစ်သူစွန်ရဲနိုင်မှာ မိမိထံသို့ရောက်ရှိမလာသေးချေ။

အဘယ်ကြောင့် ရောက်ရှိမလာသေးသနည်း။ သူမတစ်ယောက် လွန်စွာစိတ်ပူမိရင်း ဆိုင်အရှေ့နားသို့ထွက်လျက် ချစ်သူလာရာလမ်းအား တစ်မျော်မျော်ဖြင့် ငေးကြည့်နေမိသည်။ သို့နှင့်ယခု မနက်(၈)ခန့်အချိန်မှသာ အဝေးမှ မိမိဆီသို့ဦးတည်ခါ လျောက်လှမ်းလာသော ချစ်သူအားမြင်တွေ့လိုက်ရတော့သည်။

နေအိမ်အပေါ်မှ နှင်ချခံလိုက်ရသည့် စွန်ရဲနိုင်တစ်ယောက်မှာတော့ ခြေဦးတည့်ရာလျောက်လှမ်းနေရင်း ချစ်သူဖြူလေးရှိရာ အဝတ်ချုပ်ဆိုင်လေးဆီသို့ ခေါင်းအားငိုက်စိုက်လျက် ဦးတည်နေမိခဲ့သည်။ ဖြူလေးသည်လည်း ချစ်သူအား မြင်တွေ့လိုက်ရသည်ကြောင့် အနားသို့အပြေးလှမ်းသွားခဲ့ရင်း မျက်ဝန်းမှမျက်ရည်စများနှင့် ဝမ်းနည်းနေခဲ့သော ချစ်သူအားမြင်တွေ့လိုက်ရသည်။
'' ကို … ကိုစာမေးပွဲအောင်တယ်မဟုတ်လား … ကို ဖြူလေးမေးနေတယ်လေ ကို … အောင်တယ်မဟုတ်လား''
လွန်စွာဝမ်းနည်းနေမိသော စွန်ရဲနိုင်တစ်ယောက်မှာတော့ ချစ်သူ၏ အလျင်စလိုမေးမြန်းနေခဲ့သော အမေးစကားတို့အား ထပ်မံကြားလိုက်ရသည်မှ ပိုမို၍ဝမ်းနည်းလာမိသည်။ ထို့ကြောင့် စီးကျနေသော မျက်ရည်များအား ဘယ်ညာသုတ်လိုက်ရင်း မာန်ကိုခဲခါ

''အောင်တယ်ဖြူ … ကို စာမေးပွဲအောင်တယ်''
''ဝမ်းသာလိုက်တာကိုရယ် … ဖြူလေးဝမ်းသာလိုက်တာ … အစ်ကို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဆီရော အရောက်လှမ်းနိုင်ခဲ့ပြီလား … ကို ဘာဖြစ်လို့ခေါင်းကြီးစိုက်နေတာလဲ ဖြူမေးတာကိုဖြေဦးလေ''

ဆေးကျောင်းတတ်ခွင့်ရသော်လည်း မိထွေးဖြစ်သူ၏ အနိုင်ကျင့်မှုများကြောင့် ဆေးကျောင်းအား ဆက်မတတ်နိုင်တော့သည့် စွန်ရဲနိုင်တစ်ယောက်မှာတော့ ချစ်သူ၏အမေးစကားများအား ပြန်လည်အဖြေမပေးနိုင် ဝဲလျက်မျက်ရည်များ စီးကျလာခဲ့လေသည်။ ထို့နောက် မိမိ၏အကြေုာင်းများအား ပြန်လည်ပြောဆိုလျက် သူ၏ပန်းတိုင်ဆီသို့ မရောက်နိုင်တော့ပြီဟုဆိုခါ ဝမ်းနည်းကြီးစွာဖြစ်သွားခဲ့ရသည်။

''ကို … ဘာဖြစ်လို့ဝမ်းနည်းနေရတာလဲ အစ်ကိုက လူတော်တစ်ယောက်ပါ အစ်ကို့မှာ အစွမ်းအစတွေ အများကြီးရှိတယ် … အစ်ကိုအားတင်းထားပါ အစ်ကိုဖြစ်ချင်တဲ့ ဆရာဝန်ကြီးဖြစ်စေရမယ်''
''ဖြူရယ် အစ်ကိုအရမ်းဝမ်းနည်းမိတယ် အဖေနဲ့အမေ အစ်ကို့ကိုဒီလိုပြောလာလိမ့်မယ်လို့ အစ်ကိုတစ်ခါမှ မတွေးမိခဲ့ဘူး … ပြီးတော့အဖေကလဲ အစ်ကိုဘက်မှာမရှိဘူး အစ်ကို့ကို ကျောင်းလဲဆက်မတတ်ခိုင်းတော့ဘူး အစ်ကိုဖြစ်ချင်တဲ့ ဆရာဝန်တစ်ယောက် ဘယ်လိုလုပ်ဖြစ်တော့မှာလဲ''
''ဒီမှာအစ်ကို … အစ်ကိုပန်းတိုင်ဆီကို အရောက်လှမ်းချင်လို့ အခုအိမ်ပေါ်ကနေတောင် ဆင်းလာခဲ့ပြီမဟုတ်လား အစ်ကိုဆုံးဖြတ်ချက်မှန်တယ် … အစ်ကို့ကိုဖြူလေး ကျောင်းဆက်ထားပေးမယ်''
''ဟင် … ဖြူလေးက အစ်ကို့ကိုကျောင်းဆက်ထားပေးမယ် ဟုတ်လား … မလုပ်ပါနဲ့ဖြူရယ် !… ''

''ဘာမှမပြောနဲ့တော့အစ်ကို … ဖြူ့ချစ်သူအစ်ကိုက လူတော်တစ်ယောက် တစ်ချိန်ချိန်မှာ ဆရာဝန်ကြီးဖြစ်လာမှာသေချာတယ် အစ်ကိုဆရာဝန်ကြီးဖြစ်လာရင် ဖြူက ဆရာဝန်ကတော်ဖြစ်မှာလေ … ဖြူပညာမတတ်ပေမယ့် ဖြူ့ချစ်သူအစ်ကိုကို ပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်တယ် ဒါကြောင့် အစ်ကို့ကိုဖြူလေး အလုပ်လုပ်ပြီးကျောင်းဆက်ထားမယ် … အစ်ကိုရည်မှန်းထားတဲ့ ပန်းတိုင်ကို အရောက်လှမ်းသွားရမှာက အစ်ကို့တာဝန်ပဲ''
''ဖြူ … အစ်ကိုဘာပြောရမှန်းတောင် မသိတော့ပါဘူးကွာ … ဖြူ … ဆေးကျောင်းသားတစ်ယောက်ရဲ့ စာရိတ်က အများကြီးပဲ ဟူး !… ဘာပဲဖြစ်ဖြစ်ဖြူရယ်… အစ်ကိုပန်းတိုင်ဆီကို အရောက်လှမ်းမယ် … အစ်ကိုလဲကျောင်းပိတ်ရက်တွေမှာ အလုပ်လိုက်လုပ်ပြီး ကျောင်းစာရိတ်ရှာမယ် … အစ်ကိုဆရာဝန်င်္ကြီးတစ်ယောက်ဖြစ်လာအောင် ကြိုးစားပြီး ပန်းတိုင်ဆီကိုအရောက်လှမ်းမယ်''
''ဒါပဲပေါ့ အစ်ကိုရယ် ဒါပဲပေါ့ … အစ်ကိုအခု အိမ်ပေါ်ကဆင်းလာတယ်ဆိုတော့ နေစရာမရှိသေးဘူးမဟုတ်လား ဖြူစုထားတဲ့ပိုက်ဆံလေးတွေ ရှိတယ် တစ်ခြားတစ်နေရာမှာ ဇာတ်မြှုတ်ပြီး အိမ်လေးခဏငှားနေကြတာပေါ့''
''ဖြူရယ် … အစ်ကိုဖြူ့ကို အားနာနေမိတယ်''
''အစ်ကို … ¡ ဖြူကဘဝပေးအခြေအနေကြောင့် ပညာရေးမှာ မထူးချွန်ပေမယ့် လူတော်တစ်ယောက်ဖြစ်တဲ့ အစ်ကိုံရဲ့ပညာရေးကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးတာပဲ နောက်တစ်ခါ အားနာတယ်ဆိုတဲ့ စကားမျိုးကို ဖြူ့ကိုချစ်ရင် ဘယ်တော့မပြောပါနဲ့နော်''
''ဖြူရယ် !… ''

ဝမ်းနည်းလွန်းနေသော ချစ်သူအား နှစ်သိမ့်စကားများစွာပြောဆိုလျက် ဖြူလေးတစ်ယောက်မှာတော့ စွန်ရဲနိုင်အား ဆေးကျောင်းဆက်တတ်နိုင်ရန် မိမိကိုယ်၌ပင် ကျောင်းဆက်ထားပေးမည်ဟု ဆိုခဲ့ချေသည်။ စွန်ရဲနိုင်သည်လည်း ချစ်သူဖြူလေး၏ အားပေးပြောဆိုနေသော စကားများအားကြားလိုက်ရပြီး လွန်စွာပီတိဖြစ်မိကာ ချစ်သူအားရင်ခွင်ထဲ၌ ထွေးဖတ်ထားခဲ့သည်။ ထို့နောက်နေ့ခြင်းသားလျင် ချစ်သူနှစ်ဦးမှာတော့ မည်သူမှ မသိနိုင်သည့် နေရာတစ်ခုစီသို့ နှစ်ဦးသား ခြေရာဖျောက်ခါ ထွက်ခွာသွားခဲ့ချေတော့သည်။

                                   ****
        ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                   နေ့စဉ် ဆက်လက်ဖော်ပြပေးသွားပါမည်။

                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
                  *****************



မကြာမီ (၁၄)ပုဒ်မြောက်ဇာတ်လမ်းရှည် >>>> ပုဏ္ဏကစားတဲ့ အိမ်မဲကြီး


Post a Comment