စိတ်​ကို နိုင်​​သောစိတ်
★ ★ စိတ်ကိုနိုင်သော စိတ်★ ★ [စ\ဆုံး]
~~~~~~~~~~~~~~~~~~~~~~~
လူတို့မည်သည် မိမိတို့တစ်သက်တွင် အနည်းဆုံးတကြိမ်မျ မတော်တဆသော်လည်းကောင်း၊
အလုပ်အကိုင်၏ အခြေအနေအရသော်လည်းကောင်း
အသက်အန္တရယ်ရယ်၏ အနီးကပ်ဆုံးနေရာကို ရောက်ခဲ့ရသည့်အဖြစ်အပျက် အမျိုးမျိုးကို တွေ့ကြုံတတ်ကြရာ မောင်အံ့မောင်တွေ့ကြုံ ဖြစ်ပျက်ခဲ့ပုံမှာ ဤစာရင်းတွင် ထည့်သွင်းထိုက်ပါပေသည်။
သေမင်းခံတွင်းမှ သီသီလေးလွတ်မြောက်ခဲ့ရသူများမှာ
မိမိတို့၏ ညဏ်ကိုဖြစ်စေ ခွန်အား ဗလကို ဖြစ်စေအစွမ်းကုန်ထုတ်တတ်စမြဲ ဖြစ်၏ ..။
ထိုအခါမျိုးတွင် လူတစ်ယောက်၏ ကာယဗလ ၊ ဉာဏဗလ သတ္တိဗလ တို့သည် အမြင့်ဆုံးသော အဆင့်အတန်း ဒီဂရီသို့တက်လာပြီးလျှင် မိမိတို့အသက်တစ်ချောင်းကို အစွမ်းကုန်ကာကွယ်တတ်လေသည်။
ထိုခဲ့သော အခြေအနေမျိုးရောက်လာသောအခါ မိမိတို့
ဉာဏဗလ ကိုအစွမ်းကုန်စောစား၍သော်လည်းကောင်း
ကာယဗလကို အစွမ်းကုန်အားထုတ်၍သော်လည်းကောင်း နှစ်ခုစလုံးကို ဖျစ်ညှစ်၍ထုတ်ကာ သေမင်း၏ လက်တွင်းမှ လွတ်မြောက်အောင်ရုန်းထွက်နိုင်ခဲ့ကြ၏..။
သို့သော် မောင်အံ့မောင်၏ အဖြစ်အပျက်ကို ဖတ်ပြီးနောက် စာဖတ်သူတို့သည် ထိုနည်းလမ်းနှစ်ခုတွင် အခြားနည်းများရှိလေသေးသလားဟုသံသယဖြစ်ကောင်းဖြစ်မိပေလိမ့်မည်။
မောင်အံ့မောင်သည် အထက် မန္တလေးသားဇာတိဖြစ်၍
ပထမကမ္ဘာစစ်ကြီးအတွင်း မော်တော်ကားတပ်တွင်နှစ်နှစ်ကျော်ကျော်မျ အမူထမ်းဖူး၏...။
စစ်ကြီးပြီး၍ မြန်မာပြည်သို့ ဆိုက်ရောက်လာသော မောင်အံ့မောင်မှာ မိမိ၏စစ်ပညာ ၊ မိမိ၏ စွမ်းရည်သတ္တိ
မိမိ၏ ဆယ်တန်းအောင်သော ပညာအရည်အချင်း..
မိမိ၏ခွန်အားဗလတို့ဖြင့် ပလိပ်ဖက်တွင် အင်စပတ်တော်ရာထူးပေးသော်လည်း
ငြင်းပယ်ကာ အသက်အာမခံ ကုမ္ပဏီ တစ်ခုတွင်ကိုယ်စားလှယ်အလုပ် ဝင်လုပ်ခဲ့လေသည်။
  အလုပ်ဝင်၍ ၆ လခန့်မျရှိသောအခါ သူသည်ကိစ္စတစ်ခုနှင့် ယခင်က မရောက်ဖူးသော ပြည်မြို့သို့ရောက်ရှိလာပြီးလျှင် လမ်းမတော်ရှိ ကွမ်းလုံ ဟော်တယ်တွင် တည်းခိုထိုင်လျက်ရှိသည်။
ပြည်မြို့မှ မြို့သူ မြို့သားများသည် ကိုယ်ပိုင်ကားများ
ဘတ်(စ်)ကားများ မြင်းလှည်းများ စက်ဘီးများဖြင့် ဥဒဟို
သွားရောက်လျှက်ရှိကြကုန်၏...။
ရွေတောင်မြို့မှာ ပြည်မြို့မှ [၈]မိုင်မျသာ ဝေးသဖြင့် ခြေကျင်သွားရောက်သူများ လှည်းကြမ်းကြီးငှါးကာ
ထမင်းမြိန်စားသဘော သွားရောက်သူများလည်း
မနည်းလှချေ ။
ထိုနှစ်ဘုရားပွဲတော်မှာ ဦးဘိုးစိန်ကြီးဇတ်ကပြနေသဖြင့်
အထူး စညိကားနေလျှက်ရှိနေသည်။
ထိုဘုရားပွဲတော်ကို ပြည်မြို့မှသွားရန် အကောင်းဆုံးအချိန်မှာ ညနေခင်းဖြစ်၍
ညဥ့်ဦးယံ လည်ပတ်ပြီးသော် ည ၉ နာရီ ဆယ်
နာရီပြန်လေ့ရှိကြသည်။
တချို့လည်း ပွဲကိုညလုံးပေါက်ကြည့်ပြီးလျှင် နံနက်လင်းမှပြန်လာခဲ့သူများလည်းရှိသည်။
မောင်အံ့မောင်သည် ညနေ ၄ နာရီခန့်တွင် ဘတ်(စ်)
ကားဖြင့် သွားရောက်ပြီး နောက်ည ၁၀ နာရီ ကျော်ကျော်လောက်တွင် ဘတ်(စ်)ကားဖြင့်ပြန်လာခဲ့လေသည်။
အပြန်တွင် ဘတ်(စ်)ကားသည် ရုတ်တရက်စက်ချွတ်ယွင်းကာ ရပ်သွားလေရာ
ကားသမားသည် အစွမ်းကုန် ပြင်သော်လည်း
စက်မှာနိုးမရတော့ချေ ..။
ထိုအခါ ခရီးသည်များသည် အောက်သို့ဆင်း၍ နေရစ်ခဲ့ကြပြီးလျှင် အချို့လည်း မြင်းလှည်းကြုံများဖြင့်
ပြန်ကြလေ၏...။
ထိုနေရာမှာ ပြည်မြို့တောင်ဖက်ရှိ မိကျောင်းရဲရွာလေးနဲ့
များစွာမဝေးရတော့ပြီ ဖြစ်ရကား မောင်အံ့မောင်မှာ အဖော်တစ်ယောက်ရသဖြင့် ခြေကျင်လျှေက်ခဲ့လေသည်။
သို့သော်အဖော်မှာ မိကျောင်းရဲ ရွာအဝင်ဝတွင်မြင်းလှည်းဖြင့် လိုက်ပါ သွားသဖြင့်
တစ်ယောက်တည်းသာ လျှောက်လာခဲ့ရတော့သည်။
ဘတ်(စ်)ကားသည် နတ်မှော်ရွာမှ ထွက်သည့်အချိန်မှစ၍ မိုးအနည်းငယ် အုံလျှက်ရှိရကား
မိကျောင်းရဲရွာသို့ မောင်အံ့မောင် ဝင်ခါနီးတွင် မိုးသားများသည် တောင်ဖက်ဆီမှ အလိပ်လိုက် တက်လာပြီးနောက်သာယာသော လရောင်လေးကို
တခါတည်း ဖုံးလွမ်းသွားတော့သည်။
အနောက်မြောက်ဖက်ဆီမှ လေကလေးတစ်ချက်သုတ်၍လာပြီးလျှင်လေနှင့်အတူ
မိုးဖွဲလေးများ ကျ၍လာလေရာ...
ထိုအခါတွင်ကား....
ရွေတောင်ဖက်မှလာသော ဘတ်[စ်]ကားနှင့် မြင်းလှည်းများမှာလူပြည့်၍လာသဖြင့် မောင်အံ့မောင်မှာ
မိ�ကျောင်�းရဲ ရွာသို့ဖြတ်ကာ မိုးဖွဲထဲတွင်ခပ်သုတ်သုတ်လျှောက်ခဲ့ရတော့သည်။
တစ္ဆေ ခြောက်သည်ဟုပြောသံကြားဖူးသော
မိကျောင်းရဲ
သချိုင်းကုန်း ဇရပ်ရှေ့ရောက်သောအခါ မောင်အံ့မောင်မှာ နဂိုကကြောက်စိတ်ရှိသူမဟုတ်သော်လည်း..
မိမိငယ်စဉ်က ကြားဖူးသော တစ္ဆေ သရဲများအကြောင်းသတိရကာ ဇရပ်ဖက်သို့ နှစ်ကြိမ်
သုံးကြိမ်ခန့်မျ လှမ်း၍ကြည့်မိသည်။
သို့သော် မူန်မိုင်းသောလရောင်အောက်တွင် အုံမိုင်းသောကောင်းကင်ကို နောက်ခံထားကာ
ခပ်မည်းမည်းထင်နေသော ဇရပ်ခေါင်မိုးမှတပါး
တခြားတစုံတရာမမြင်ရသဖြင့် စိတ်ထဲတွင်အေး၍
သွားရတော့သည်။
ရှေ့သို့ အတန်ငယ်လျှောက်၍ သွားမိသောအခါ ဧရာဝတီမျက်ဖက် မျက်နှာမူကာ တောင်ခြေကို
ကျောပေးဆောက်ထားသော ခြံကြီးများနဲ့အိမ်များကို
မြင်ရ၏..။
ထိုအချိန်မိုးသည် မတိတ်သေးပဲ မိုးသက်လေကလေးပါရော၍တိုက်ခပ်လာသဖြင့်
မောင်အံ့မောင်မှာ ဝတ်ကောင်းစားလှနဲ့ ဖြစ်သောကြောင့် အခန့်မသင့်ကတစ်နေရာတွင်မိုးခိုရအုံးမည်ဟု စိတ်ထဲကအောက်မေ့ မိ၏..။
ထိုသို့ရှိနေစဉ်
ခြံကြီးတခြံ အတွင်းရှိအိမ်တအိမ်မှာ မီးရောင်လက်လက်မြင်သဖြင့်မောင်အံ့မောင်လည်း
မီးရောင်မြင်ရာ စွတ်၍ဝင်သွားမိလေသည်။
မောင်အံ့မောင် သည်အိမ်ထဲသို့ဝင်လာခဲ့ရာ လူကြီးတစ်ယောက်က မောင်အံ့မောင်အားနေရာထိုင်ခင်းပေးလေ၏..။
အိမ်မှာနှစ်ထပ်တိုက်အိမ် တစ်လုံးဖြစ်၍ အတွင်းပိုင်းတွင် အတော်ကျယ်ဝန်းပြီးလျှင် အိမ်အို တစ်လုံးဖြစ်သော်လည်း ထုတ်တန်းဒိုင်းကြီးများမှာ ကြီးမားတုပ်ခိုင်လှပေသည်။
လသာမှန်အိမ်တစ်လုံးကို အစိမ်းရောင်ပြောင်းဖြင့် ခပ်လင်းလင်းထွန်းညှိ ထားပြန်ရာ အိမ်ကြီးမှာ တမျိုးတဖုံအားဖြင့် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှပေသည်။
အသက် [၅၀]ကျော်ခန့်လူကြီးတစ်ယောက်အပြင် တစ်ခြားအိမ်သူအိမ်သားဟူ၍မမြင်ရပဲ အိမ်ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်လျှက်ရှိလေသည်။
လူကြီးသည်ထောင့်တထောင့်တွင်ရှိသည့်လေးထောင့်စားပွဲကို ဝိုင်းထားသော ကုလားထိုင်များကို ညွန်ပြသဖြင့်
မောင်အံ့မောင်သည် ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်လေသည်။
လူကြီးမှာ အသက်ငါးဆယ်ကျော် ခြောက်ဆယ်အတွင်းရှိမည်ဟု ခန့်မှန့်ရ၍ ပါးရေများတွန့်လိပ်နေကာ နဖူးထက်ဆံစ
အချို့နေရာများတွင် အဖြူ ရောင်သန်းနေသည်မှတစ်ပါး
ပြည့်ဝသောမျက်နှာ ကျယ်ဝန်းမြင့်တက်သော နဖူးပြင်ရှိလေသည်။
အိမ်နံရံတွင်ကပ်လျှက် မှန်ဗီရိုကြီးများရှိရာ တချို့ဗီရိုကြီးများမှာ မှန်ကွဲနေလျှက်ရှိနေသော်လည်း
အတွင်း တွင်ထားသောပစ္စည်းများမှာ အဆန်းတကြယ်ပစ္စည်းများဖြစ်၍ အဖိုးထိုက်တန်ဟန်
ရှိသည်။
ယင်းပစ္စည်းများမှာ ဆေးစိမ်၍ထားသောအကောင်များ
ကျောက်ပန်း ကျောက်ခက် နဲ့ ငါးပုဇွန်များ ထူးဆန်းသော
သစ်သီးများပင်ဖြစ်ကြသည်။
အခြားဗီရိုတစ်လုံးတွင် ကျောက်များစီခြယ်ထားသော
ဓားအမျိုးမျိုး လှံအမျိုးမျိုး ရှိနေကြသည်။
အခြားနေရာများတွင်လည်း စင်များပြုလုပ်ကာ အထူးအဆန်း ပစ္စည်�း မှန်သမျကို အလှပြတင်ထားသည်။
မောင်အံ့မောင်သည်ခေါင်းရင်းဖက်စင်ပေါ်တွင် ပလ္လင်ဖြင့်
တင်ထားသောအစိမ်းရောင် ဆင်းတုတော်တစ်ဆူကို ဖူးမျော်ကြည့်ရူလျှက်ရှိနေသည်။
"ဒါမြဘုရားဆိုတာပေါ့ မောင်ရဲ့
ယိုးဒယားပြည်က မြဘုရားပုံစံ ထုထားတာ"
"သိပ်ကြည်ညိုစရာ ကောင်းတာပဲ ခင်မျာ "
"ဒီဖက်ကဗီရိုကို ကြည့်အုံးလေ..
အပေါ်ထပ်ကလှံသွားက အိမ်ရှေ့ဘုရားကိုယ်တော်
ကိုင်တဲ့လှံသွားပေါ့ မြင်းကွန်းမင်းတပည့် ဗိုက်ကြီးတို့ အဆက်အနွယ်ထဲက မနည်းရအောင် ကြံဖန် ဝယ်ခဲ့ရတာ "
"ဓားမြောင်ကော ခင်မျာ"
"မြင်းကွန်းမင်းသားကြီး ဆောင်တဲ့ဓားမြောင်လေ..
ဒီဟာကိုတော့မဝယ်ခဲ့ရပါဘူး ဆေးခေါင်းမြို့ [ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့  ]  ကမိတ်ဆွေတစ်ဦးကို လက်ဆောင်ပေးလို့ သူ့ဆီကတဆင့် ကျုပ်က ဓားမြတိုက်ယူခဲ့တာပါ
အောက်က ကတ္တီပါဖိနပ်က မြကလေးစီးတဲ့ဖိနပ်
အလယ်ထပ်က သားမွေးအင်ကျီ ကအချုပ်တန်းဆရာဖေဝတ်ခဲ့တဲ့ အင်ကျီ
ဒီဖက်သားရေ ဖုံးထားတဲ့စာအုပ်ကြီးက ကင်းဝန်မင်းကြီး
ဘိလပ်သွားတဲ့အခါ ပထမရေးခဲ့တဲ့ လက်ရေးမူပဲ
အင်....မြန်မာဘုရင်များလက်ထက်က ရှေးဟောင်းပစ္စည်းတွေပေါ့ လေ.."
"အတော်စုံပါကလား ခင်မျာ"
"စုံအောင်လည်းနှစ်ရှည်လများ စုခဲ့တာကိုးမောင်ရဲ့
ဟိုဖက် ဗီရိုထဲကပစ္စည်းတွေကတော့ တယ်မကြာလှသေးပါဘူး
အပေါ်ဆုံးထပ်က ကြိုးနှစ်ချောင်းကတော့
ဆရာစံနဲ့ မင်းလောင်းမောင်မောင်သန့်ကိုသတ်လိုက်တဲ့
ကြိုးကအစကို နည်းနည်းစီ ဖြတ်ယူထားတာ
ဟိုဖက်က ခြောက်လုံးပြူးပျက်ကလေးက စံဖဲရဲ့ ပစ္စည်းပဲအမူ ပြီးတဲ့နောက်မှာ သူမယားဆီက တိတ်တိတ်ကြိတ်ဝယ်ခဲ့ ရတယ်
ဟိုဖက်အစွန်ဆုံးထောင့်မှာ သစ်ခေါက်ဆိုးရောင်ကြီးလိုလို တစ်ခုမြင်မိလိမ့်မယ်
အဲဒါ သိလား.."
"မသိပါဘူး ခင်မျာ"
"ဗန္ဓရသေ့ ဆောင်းတဲ့ဒေါက်ချာပေါ့မောင်"
"စုံလည်းစုံပါပေ့ခင်မျာ  အံ့လောက်ပါပေတယ်"
"ကဲ ရောက်တဲ့အခိုက် ကော်ဖီပူပူလေးတစ်ခွက်သောက်သွားပါဦးမောင်"
"ဟာ အလကားဒုက္ခရှာလို့ ခင်မျာ "
"ဖျော်ပြီးသား အသင့်ရှိပါတယ်မောင်ရဲ့ ကိုယ်တိုင်တော့ မဖျော်နိုင်ဘူး မျက်စိမမြင်လို့"
မောင်အံ့မောင်မှာ
ထိုလူကြီးရုတ်တရက်ပြောလိုက်သော စကားကို နားတွင်မယုံနိုင်အောင်ရှိနေတော့သည်။
(အံ့အြောသင့်လျက်) 
"ခင်မျာ"
"ကျုပ်က မျက်စိမမြင်ဘူး မောင် ဒါပေမယ့်
မျက်လုံးက ကြောင်တောင်ကန်းကိုး မောင်ရဲ့
ရုတ်တရက်ကြည့်တော့ လူကောင်းလိုပေါ့ "
ထို့နောက်လူကြီးသည် နောက်ဖေးသို့သွားရောက်ကာ
ကော်ဖီနှစ်ခွက်ယူလာခဲ့ပြီးလျှင် တစ်ခွက်ကို မောင်အံ့မောင်အားပေး၍ တစ်ခွက်ကို ကိုယ်တိုင်သောက်လေသည်။
နောက်ဖေးတွင်ကား မီးသွေးများဖြင့် ရဲရဲတောက်နေသော မီးဖိုကြီးကို မောင်အံ့မောင်မြင်နေရသည်။
"ဦးကသိပ်ဒုက္ခရှာတာပဲကိုး အိမ်ကလူတွေခိုင်းရင်"
(စကားမဆုံးမီဖြတ်၍)"ဟာ ကျုပ်ကတစ်ယောက်တည်း
ဒီအိမ်မှာနေတယ် ထမင်းကတော့ မိကျောင်ရဲ ရွာကလေးက ထမင်းဆိုင်က အချိန်မှန်မှန် လပို့တာပဲ"
"ဦးကြည့်ရတာ သိပ်ဂရုဏာ ဖြစ်မိတာပဲ ခင်မျာ "
"မောင်ကဘာအလုပ်လုပ်လဲ "
"အသက်အာမခံ ကုမ္ပဏီ တစ်ခုမှာ ကိုယ်စားလှယ်လုပ်ပါတယ် ခင်မျာ "
"ဟန်ကျလိုက်လေ မောင်ရယ် ဒီလိုဖြင့် မောင်အေးဆေးနေနိုင်တာပေါ့
အပေါ်ထပ်မှာ အထူးအဆန်းတွေ
ပြစရာ အများကြီး ကျန်သေးတယ်မောင် "
မောင်အံ့မောင်သည် စကားမပြောချေ ကော်ဖီကိုသာ သောက်လျှက်ရှိနေသည်။
လူကြီးမှာ မျက်စိမမြင်သော်လည်း အိမ်တွင်းမူ ကိစ္စများကို မျက်စိမြင်သောသူတစ်ယောက်ကဲ့သို့
စွမ်းဆောင် လုပ်ကိုနေနိုင်သည်ကို စိတ်ထဲတွင် အံ့အြနေမိသည်။
ထိုအချိန်ထိ မိုးဖွဲလေးများ ကျဆင်းနေသောကြောင့်မိုးတိတ်မှ အေးဆေးပြန်တော့မည်ဟု မောင်အံ့မောင်စိတ်ကူးမိသည်။
"ကိုင်းကိုင်း ရောက်တုန်းအပေါ်ထပ်ကိုလိုက်ကြည့်ပါအုံး
မောင့်မှာလက်နှိပ်ဓတ်မီးတော့မပါဘူးထင်ပါရဲ့"
"မပါဘူး ခင်ဗျ "
"ဒါဖြင့်ဖယောင်းတိုင်ထွန်းခဲ့ပေတော့ ဟောဒီမှာ"
လူကြီးသည်မောင်အံ့မောင်ထိုင်နေသော ကုလ.းထိုင်အနီးရှိ စားပွဲ အံဆွဲထဲမှဖယောင်းတိုင်များ
နဲ့ မီးခြစ်ထုတ်ပေးရာ မောင်အံ့မောင်သည် ဖယောင်းတိုင်တစ်တိုင်ကို မီးထွန်းညှိလိုက်လေသည်။
"လာလာ စောပါသေးတယ် ရောက်တဲ့အခါ
စုံအောင်ကြည့်သွားတာပေါ့ "
လူကြီးသည်တဆစ်ချိုးလှေကားကို ရှေ့မှတက်သွားသဖြင့်မောင်အံ့မောင်သည် ဖယောင်းတိုင်ကိုကိုင်ကာ နောက်မှလိုက်ပါသွားတော့သည်။
အပေါ်ထပ်တွင်ကား
အပြင်ခန်းတွင်မှန်ဗီရိုဟောင်းကြီးတစ်လုံး စားပွဲဟောင်းတခုနှင့် ကုလားထိုင်နှစ်လုံးရှိသည်။
ထို့နောက်လူကြီးသည်မောင်အံ့မောင်အား အတွင်းခန်းခေါ်သွားလေသည်။
အခန်းတွင်းတွင်ကားတစ်ယောက်အိပ်သစ်သားကုတင်တစ်လုံးရှိ၍ အိပ်ယာဘေးတွင်ကား စားပွဲဝိုင်းတစ်လုံးရှိသည်။
စားပွဲဝိုင်းတွင်ကား ကြေးလင်ဗန်းတစ်ချပ်တင်ထားလေသည်။
လူုကြီးသည် စားပွဲလေးကို ကိုင်ပြီးနောက်..
  "မောင်ယူလာတဲ့
ဖယောင်းတိုင်ဒီလင်ဗန်းလေးပေါ်မှာ
ထွန်းထားပေးပါလား ရော့ဟောဒီမှာတောင်ဖယောင်း
တိုင်တစ်တိုင်ပါသေးတယ် ပိုပြီးမြင်ရအောင်
နှစ်တိုင်ထွန်းလေ"
မောင်အံ့မောင်သည် လူကြီးပြောသည့်အတိုင်း
ပြုလုပ်လေ၏ ။
အခန်းမှာ အလျှား ၁၅ ပေ၊ အနံ ၁၀ပေ ၊အမြင့် ၁၂ ပေခန့်ရှိသော အခန်းလေးဖြစ်၍  သံတိုင်များ စိုက်ထားသည့် ပြတင်းပေါက်ကလေး နှစ်ပေါက်ရှိ၏..
အိမ်ထောင်ပရိဘောဂ ဟူ၍ များစွာမမြင်ရပဲ ခုတင်ခြေရင်းတွင် အလျှားငါးပေသာသာခန့်ရှိ သေတ္တော
တစ်လုံးရှိသည်။
ကြမ်းများမှာ ဖုန်တသောသောရှိနေပြီးလျှင် မျက်နှာကျက်မှာ ပင့်ကူမျင်များ ကြပ်ခိုးများ ဖြင့်လျှက်ရှိသည်ကို ဖယောင်းတိုင်နှစ်တိုင်၏
အလင်းရောင်ဖြင့်မြင်နေရသည်။
   "ထိုင်လေကုတင်ပေါ်မှာပဲထိုင်ပါ ဒါကျုပ်အိပ်ယာပဲ
ဘာမှအားနာစရာမရှိပါဘူး"
မောင်အံ့မောင်သည်စကားပြန်မပြောပဲ ကုတင်နံဘေးရှိအိမ်နံရံတွင်ချိတ်ဆွဲထားသော ပစ္စည်းများကိုကြည့်ရူလျက်ရှိနေသည်။
ချိတ်ထားသော ပစ္စည်း များမှာ ငွေဓားအိမ်ဖြင့်ထည့်ထားသော ဓားလွယ်တခု ၊ ဓားမြောင်တစ်ချောင်း အလွန်ကြီး၍လှပသော လွယ်အိတ်ကြီးတစ်လုံး လေးတောင်ခန့်ရှည်သည့်ဝါးပြောင်းတစ်ခုနဲ့အတူ ကျည်တောက်တွင်ထည့်ထားသည့် အရင်းတွင်ငှက်မွေးများတပ်ထားသည့်မြှားများ၊ ဒူးလေးကြီးတစ်ချောင်းနဲ့ မြှားတစ်စင်း စသည်တို့ဖြစ်လေသည်။
ပစ္စည်း များမှာမြို့ထဲတွင်အလွန်မြင်ရခဲသည့်ပစ္စည်းများပင်ဖြစ်သည်။
"ဒီပစ္စည်းတွေကကော အမိန့်ရှိပါအုံး ခင်မျာ "
"ဓားလွယ်က ကရင်နီတစ်ယောက်လက်ဆောင်ပေးတာ..
ဒါနဲ့လည်ပင်းပြတ်တဲ့လူ ၁၀ ယောက်ထက်မနည်းဘူးတဲ့ ...
ဒူးလေးနဲ့ ငှက်မူတ်ပြောင်းကတော့ ကချင်နယ်စပ်ရဲ့ဟိုဘက်...လဝ လူမျိုးများအသုံးပြုတဲ့ပစ္စည်းပဲ"
"လွယ်အိတ်ကြီးက ကောင်းပါပေ့ဗျာ ဒီလိုဟာမျိုး တခါမှ
မမြင်ဖူးဘူး ကချင်လွယ်အိတ်နဲ့တူတယ် "
"ဆိုပါတော့ သို့သော်ရခဲ့တာက လဝနယ်ဖက်ကရခဲ့တာ
လဝနယ်စပ်က မြောက်ဖက်ကို တစ်နေ့ခရီးလောက်သွားတော့အင်မတန်ရိုင်းတဲ့ လူတစ်မျိုးရှိတယ်..လူမျိုးရဲ့နာမည်ကို ဦးလေးလည်းမခေါ်တတ်ဘူး ..
ဦးက ဒီလူရိုင်းတွေနဲ့ နှစ် နှစ်တောင်နေခဲ့ဖူးတယ်...
"ဟုတ်လား ခင်မျာ..ဘယ်လိုကြောင့်လဲ ခင်မျ "
"ကျုပ်ကို ဖမ်းထားလို့ပေါ့မောင် အဲဒီလွယ်အိတ်ကသူတို့ဆီက ရခဲ့တဲ့ လွယ်အိတ်ပဲ..
သြော် ..ဒါထက်မောင်က လွယ်အိတ်ကြီးလှတယ်သာ ချီးမွမ်းနေတာကိုး...
အထဲက ပစ္စည်း တွေမြင်ရင် ပိုပြီး အံ့အြ အုံးမယ် "
"ဘာ ပစ္စည်းများလဲ ခင်မျာ"
"မြင်တော့သိလိမ့်မပေါ့လေ..
တဆိတ် မောင်ပဲ ဖြုတ်လိုက်စမ်းပါ လွယ်အိတ်ကို.."
မောင်အံ့မောင်သည်ကုတင်ပေါ်မတ်တတ်ရပ်၍ လွယ်အိတ်ကြီးကိုဖြုတ်ယူလိုက်ရာ အတွင်းတွင် လုံး၍
အတော်အတန် လေးလံသော အရာနှစ်ခုပါရှိသည်ကိုတွေ့ရ၏ ထို့နောက်အိမ်ရှင်လူကြီးလက်သို့ လှမ်းပေးလိုက်သည်။
"ထိုင်ပါ ထိုင်ပါ ကုတင်ပေါ်မှာထိုင်ပြီးပြောကြတာပေါ့
ဘာမှအားနာစရာ မရှိပါဘူး ...
ကျုပ်အိပ်ယာပဲ.."
မောင်အံ့မောင်သည် ထိုလူကြီးဖိတ်ကြားချက်အရ ကုတင်ပေါ်တွင်အေးဆေးစွာထိုင်ချလိုက်တော့သည်။
လူကြီးသည် လွယ်အိတ်အတွင်းမှ ခပ်လုံးအရာနှစ်ခုဖြည်းဖြည်းချင်းဆွဲထုတ်လေရာ
မောင်အံ့မောင်သည် ကြောက်လွန်းအားကြီးကာ
ကြက်သီးမွေးညှင်းများထ၍ နောက်သို့ တွန့်ဆုတ်သွားမိသည်။
အလုံးနှစ်လုံးမှာ လူ၏ ဦးခေါင်းများဖြစ်၍  ဦးခေါင်းအကြီးမှာ လိမ္မ်ာသီး လုံးခန့်ရှိ၍ အငယ်မှာ
ဘိလိယက်ဘောလုံးခန့်မျသာရှိလေသည်။
ငယ်ပင်ငယ်သော်လည်း.
ဆံပင်၊ နဖူး ၊ မျက်စိ ၊ နှာခေါင်း၊ ပါးစပ် ၊
နားရွက်မှစ၍ အင်္ဂါ လက်က္ခဏာ အချိုးအစားအားဖြင့် ပကတိလူ၏ ဦးခေါင်းပေတည်း ။
ယုံမှားစရာမရှိချေ ။
မောင်အံ့မောင်သည် ကြက်သေသေလျှက်ရှိနေတော့သည်။
"ဟား....ဟား...ဟား....
ကြောက်သလားမောင်ရဲ့ ကြည့်လေ
ကိုင်ကြည့်ပါ "
"ကျွန်တော် မကိုင်ဝံ့ပါဘူး ခင်မျာ"
လူကြီးသည်စကားကို တယောက်တည်းပြောနေသည့်အလား ဆက်တိုက်
ဆက်၍ ပြောလာတော့သည်။
"စိတ်ထဲ သံသယဖြစ်မနေနဲ့မောင် လူ့ခေါင်းအစစ်တွေပဲ
ဆေးစိမ်ပြီးငယ်အောင်လုပ်ထားတာပါ
နည်းကတော့လွယ်ပါတယ် ကျုပ်ရှေ့မှာတင်လုပ်တာပဲ
ခေါင်းကိုမဖြတ်ခင် ဦးရေကို ခွာလိုက်ရတယ်
အထဲက ပုတ်သိုးဟာတွေထုတ် သဲထည့်ပြီး အလိုက်သင့် ချုပ်ရတယ် ကျန်တဲ့အလုပ်က လွယ်ပါတယ် ကျောက်ခဲ ပူပူနဲ့ နှံ့အောင် တိုက်ပေးရုံပါပဲ
အဲဒီတော့မှ သူ့အနေထား ကျသွားတာကိုး..
ဒီခေါင်းအငယ်လေးက ခလေးတစ်ယောက်ရဲ့ခေါင်းပဲ..
လုပ်ရတာ ၃ နာရီလောက်ပဲကြာတယ်...."
"ဒီလိုဆိုတော့ သူတို့ကကြည့်ဖို့
ခွင့်ပြုကြသလား ခင်မျာ "
"ဘယ်ခွင့်ပြုလိမ့်မလဲမောင် ဆေးရည်စိမ်တဲ့ အိုးတွေကိုတောင်လူမမြင်အောင် သစ်ရွက်နဲ့ ဖုံးထားတယ်...
အနားကို သူတို့ရဲ့ မှော်ဆရာကြီးတွေကလွဲပြီး ဘယ်သူမှမကပ်ရဘူး...
သူတို့က သူတို့ရန်သူများရဲ့ ခေါင်းကို ဒီလိုလုပ်တာပဲ.."
"ဒါဖြင့်ဦးကို သူတို့နှိပ်စက်သေးသလား"
"နာအောင်တော့ မနှိပ်စက်ပါဘူး ဒါပေမယ့်တောထဲမှာရှိတဲ့ သစ်ပင်ဆေးပင်တွေကို
ကြိုထားတဲ့ အိုးထဲကဆေးရည်ကိုတော့ အတင်းတိုက်ကြတယ်...
ဒါကြောင့်မို့ ဦးမျက်စိကွယ်သွားတာပေါ့ "
"သိပ်ထူးဆန်းတာပဲ ခင်မျာ လူခေါင်းကိုများ ဆေးအတတ်နဲ့ငယ်အောင်လုပ်လိုရ့တယ်ဆိုတာ
ကျုပ်ဖြင့် ဒီတစ်ခါပဲကြားဖူးတယ် "
"ဟုတ်ပါတယ်မောင်ရဲ့ ဒီခေါင်းတွေက ဒီမှာလုပ်ယူတာပဲ "
[ယခင်ကထက်အံ့အြသင့်လျက်] "ဒီမှာ ဟုတ်လားခင်မျ "
"ဟုတ်တယ် ကျုပ်ကိုယ်တိုင်လုပ်တာပေါ့
ဒီမှာ ကျုပ်လိုချင်တဲ့ ပစ္စည်း တွေရနေတာပဲ..ဥပမာ
ကျောက်ခဲတွေဆိုတာကျုပ်တို့ ခြံနောက်ဖေးက တောင်ကြားမှာ လိုချင်တဲ့ ကျောက်ခဲတွေ ကျောက်တုံးကလေးတွေရယ်..
ဧရာဝတီမြစ်ကမ်းပါးက လိုချင်တဲ့ ကျောက်ပြားကလေးတွေရတယ်.....
ပြီးတော့လိုချင်တဲ့ဆေးပင်တွေကို အရှေ့ဖက်မင်းကြီးတောင်မှာအားလုံး ရနိုင်တာပဲ
ဘာလို့ မလုပ်နိုင် ရမှာလဲ ..."
"ဆန်းပါပေ့ ခင်မျာ"
"ဆန်းဆိုကျုပ်ဟာလူဆန်းတစ်ယောက်ကိုးမောင်ရဲ့
တစ်ခုတော့ ဂရုစိုက်ရတာက ကိုလုပ်လိုက်တဲ့လူဟာ
အစအနမပေါ်ပဲ ခြေရာပျောက်သွားဖို့လိုတာပဲ ..."
"အလို....ဘုရား....ဘုရား..."
"ကျုပ်ကလုပ်ချင်တာလုပ်တဲ့ လူတစ်ယောက်ပဲမောင်ရဲ့
ကျုပ်လုပ်လိုက်ရင် အစအနမပေါ်ပါဘူး
မလုပ်ရင်လည်းနေရော လုပ်ရင်လည်း ပိုင်လောက်မှ
လုပ်တာကိုး...."
မောင်အံ့မောင်မှာ လူကြီး၏ စကားများကို ကြားရသောအခါမိမိသည် စိတ်မနှံ့သူ လူရူးကြီးတစ်ယောက်နဲ့ ရင်ဆိုင်တွေ့ပြီဟု အောက်မေ့မိ၏ ..။
သို့သော်
လူကြီးမှာ အသက် ၅၀ ကျော်ခန့်ရှိပြီး အားအင်ချည့်နဲ့သောအရွယ်ဖြစ်သဖြင့်သူကစတင်၍
တစုံတစ်ရာပြုလုပ်မည်ကို ကြောက်ရွံဖို့အကြောင်းမရှိချေ။
အကယ်၍
ခွန်အားဗလ ယှည်နိုင်သည် ထားဘိအုံး..။
မျက်စိမမြင်သော လူကြီးတစ်ယောက်သည်
မိမိအားတစုံတရာ ပြုလုပ်ရန်တတ်နိုင်မည် မဟုတ်ချေ ။
လူကြီး၏ အရိပ်အခြေကို မိမိကစောင့်ကြည့်ရန်သာရှိလေသည်။
ခေါင်းနှစ်လုံးကို တလှည့်စီကိုင်ကာ လူကြီးက သူ့စကားကို ဆက်ပြန်တော့သည်။
"ဟောဒီအငယ်က ခလေးရဲ့ခေါင်း အကြီးက မိန်းမတစ်ယောက်ရဲ့ခေါင်း...
ကျုပ်က တစ်စုံလိုချင်တာ မောင်ရဲ့..
ယောက်ကျားကြီးတစ်ယောက်ရဲ့ ခေါင်းလိုသေးတယ်...
အင်း....မောင်ရောက်လာတာနဲ့တော့ အဆင်သင့်ပါပဲ"
"အလို...ဘုရား..ကယ်တော်မူပါ.."
ပထမတွင်မောင်အံ့မောင်မှာ သံသယ ဖြစ်မိရုံမျသာရှိသော်လည်း ထိုစကားကြားလိုက်ရသော
အခါမှ လူကြီးတကယ်ပြောနေကြောင်းသိရတော့သည်။
သို့သော်
ယခင်ကမိမိစိတ်ကူးထားသည့်အတိုင်းလူကြီးအား
တစုံတရာကြောက်ရွံ စရာအကြောင်းမရှိချေ ။
အသက် ၅၀ ကျော် လူကြီးတစ်ယောက်အား မိမိသည်
အဘယ်ကြောင့် မနိုင်ပဲရှိအံ့နည်း။
ဤလူကြီးကားကောင်းသည်ဖြစ်စေ ရူးသည်ဖြစ်စေ
မိမိအား တစုံတစ်ရာ ပြုလုပ်တော့မည်ဖြစ်သည်။
ဤကဲ့သို့အခြေအနေသို့ရောက်နေပြီဖြစ်ရကား
ပုလိပ်ထံသွား၍ တိုင်ချက်ပေးခြင်းသာအကောင်းဆုံးဖြစ်မည်ဟု
စဉ်းစားလိုက်မိသည်။
အချိန်ကလည်း များစွာညဥ့်မနက်သေးချေ ။
ထိုအချိန်တွင် မိုးလည်းစဲသွားပြီဖြစ်၍ ကြည်လင်အေးမြလှသော လရောင်ကလေးသည်
ပြတင်းပေါက်မှထိုးဖောက် ဝင်ရောက်လျှက်ရှိ၏..။
အိမ်ကြီးမှာ ပြည်ရန်ကုန် ကားလမ်းနဲ့ ကိုက် ၃၀ ခန့်မျသာဝေးသောကြောင့် တစ်ခါတရံ လမ်းပေါ်မှ ဘတ်(စ်)ကားများမောင်းနှင်သွားသံကိုကြားရ၏..။
ထိုမှတပါး..
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လျှက်ရှိလေသည်။
သို့နှင့်မောင်အံ့မောင်သည်
ကုတင်ပေါ်တွင်ခြေတွဲလွဲချ ထိုင်နေရာမှ မတ်တပ်ရပ်ရန်ကြမ်းပြင်ပေါ်သို့ ခြေထောက်လိုက်သည်။
သို့သော်...
ခြေကားကြမ်းပြင်ပေါ်သို့ မရောက်ချေ ။
ခြေကိုချ၍ မရတော့ပဲ သူ၏ တစ်ကိုယ်လုံးမှာ ကြိုးဖြင့်တုတ်နှောင်ထားဘိသကဲ့သို့ရှိနေတော့သည်။
မောင်အံ့မောင် မှာထိုအခါမှ ကြောက်စိတ်များအတန်ငယ်ပေါ်၍လာတော့သည်။
လူကြီးသည် မောင်အံ့မောင် အားနဘေးမှလက်တဖက်ဖြင့်ညင်သာစွာတွန်းလိုက်ရာ
မောင်အံ့မောင်မှာ အိပ်ယာပေါ်သို့ တစောင်းလဲကျသွားလေသည်။
လူကြီးသည် ရှပ်အင်ကျီအိတ်အတွငအမှ ငွေကြိုးတစ်ကုံးဖြင့်ဆွဲထားသောခါးပိုက်ဆောင်ငွေ နာရီအားထုတ်ယူကြည့်လိုက်ရင်း......
"အချိန်မှန်သားပဲ ၆ မိနစ်နဲ့ ၃၅ စက္ကန့်မှာ ခြေထောက်တွေ သေသွားရမယ်...
နောက်စက္ကန့် ၃၀ အကြာမှာ တကိုယ်လုံးတောင့်
သွားမှာပဲ..ခုတင်ပေါ်အေးဆေးလှဲနေလိုက်ပါ မောင် "
ပြောပြောဆိုဆို လူကြီးသည် မောင်အံ့မောင်အား
ပက်ကလ်လှန်၍ ပေးလိုက်ကာ ဦးခေါင်းအောက်တွင်
ခေါင်းအုံနှစ်လုံးကို ထပ်၍ထိုးပေးလေသည်။
ထို့နောက်လူကြီးသည် တစ်ကိုယ်တည်းပြောနေသကဲ့သို့ ဆက်လက်ပြောပြန်တော့သည်။
"အဆုံးမှာတော့ ဒီကမောင်သောက်လိုက်တဲ့ကော်ဖီထဲခပ်လိုက်တဲ့
ဆေးတစ်မျိုးပေါ့...
လဝနယ်စပ်မှာပေါက်တဲ့ ဆေးခြောက်ပင်တစ်မျိုးပဲ...
သူတို့ကတော့ဆေးသစ်ခွလို့ ခေါ်ကြတယ်...
ပေ ငါးဆယ် ခြေက်ဆယ်လောက်မြင့်တဲ့ သစ်ပင်ကြီးတွေပေါ်ပေါက်ပြီး မနည်းရအောင် တက်ယူရတယ်....
အချိန်လည်းသိပ်မှန်တာပဲ မှန်တယ်မမှန်သိရအောင်
ဦးကိုယ်တိုင် စမ်းသောက်ကြည့်ဖူးတာကိုးမောင်ရဲ့..
ဝမ်းထဲရောက်သွားပြီး ၆မိနစ် ၃၅ စက္ကန့်ဆိုရင် တန်ခိုး
ပြတော့တာပါပဲ..
ဒါမေယ့်
မောင့်ကိုသာထိခိုက်တာပါ မောင့်စိတ်တန်ခိုးကို မထိခိုက်တာမဟုတ်ပါဘူးသည်းခံပါမောင်ရယ်မကြာလှပါဘူး သူ့တန်ခိုးက အလွန်ဆုံးခံရင် ၂ နာရီပါပဲ
ဒီအတွင်းကိစ္စကောင်းကောင်းပြီးနိုင်ပါတယ်...
မောင်အံ့မောင် သည်အားယူထရန်ကြိုးစားလျှက်ရှိနေသည်။
သို့သော်ထရန်မတတ်နိုင်ပဲရှိလေသည်။
တကိုယ်လုံးတွင်ကြွက်သားတမျှင်ကို မှမလူပ်ရှားနိုင်တော့ ရှိရာလျာနဲ့ နူတ်ခမ်းများလည်းမရွေ့လျားနိုင်တော့ပြီဖြစ်၍
စကားမပြောနိုင်တော့ချေ ။
မျက်လုံးက မြင်ရခြင်း ၊ နားကကြားရခြင်း စိတက်သိရခြင်း အာရုံများသာ ကျန်တော့သည်။
မောင်အံ့မောင်မှာ ခွဲစိတ်ကုသရန် ထုံဆေးပေးထားသော လူတစ်ယောက်လိုရှိနေသည်။
လူကြီးသည်ခေါင်းနှစ်လုံးပါသော လွယ်အိတ်ကို နေသားတကျ ချိတ်ထားလိုက်ပြီး မောင်အံ့မောင်ထံသို့
ပြန်လာသည်။
"မောင့်ကိုတခုတောင်းပန်ရဦးမယ်....
အကောင်းဆုံးခေါင်းပုစံရအောင် ခေါင်းကိုဖြတ်တာဟာ
အသက်ရှင်ခိုက်မှာ ဖြတ်ချလိုက်ရတာ အကောင်းဆုံးပဲ
ဒါမေမယ့်
နာကျဖို့ဆိုတာ စိတ်တောင်မကူးနဲ့...
ဘယ်လိုမှမနေဘူး..အပ်တချောင်းစူးတာကမှ
နာအုံးမယ်...
ကျုပ်ဆေးက ကိုယ်ခန္ဓာမှာရှိတဲ့ အာရုံခံစားမူအားလုံးကို
ဖျောက်ဖျက် ပစ်လိုက်ပြီမောင်ရဲ့ ဘယ်မှာနာကျင်တော့မှာလဲ...
ကျုပ်က ကိုယ်ရေးကိုယ်တာအတွက်သာ သုံးနေလို့ပေါ့မောင်ရေ နိုမ့ဟုတ်ရင်ဆေးပညာဌာနဖက်ကိုများ ဒီဆေးလှူလိုက်ရင် ဘယ်လောက်အဖိုးတန်မလဲဆိုတာ
မောင်ပဲ စဉ်းစားကြည့်လိုက်အုံးနော်....
ကျုပ်ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လိုက်ပါရစေဦး "
မောင်အံ့မောင်ကား ကုတင်ပေါ်တွင် ပက်လက်လန်ကာ
ခြေလက်များကို ဆန့်တန့်လျက်ရှိလေ၏..။
မည်သည့်ကိုယ်ခန္ဓာအစိတ်အပိုင်းကိုမျမလူပ်ရှားနိုင်သော်လည်း မိမိမကြာခင်ကြုံရမည့် အဖြစ်အပျက်ကို
တွေးကာ ကြောက်ရွံ့ ထိတ်လန့်ခြင်းကြီးစွာဖြစ်လျှက်ရှိနေတော့သည်။
ကြောက်ရွံခြင်းမှာ မိမိကိုယ်ကို လက်သန်းတချောင်းမျသာမလူပ်ရှားနိုင်ခြင်းသဖြင့်သာဖြစ်ရာ အကယ်၍ လက်တဖက်မျ လူပ်ရှားနိုင်ပါခဲ့ပါမူ
လူကြီးအားတခါတည်း ပြတင်းပေါက်မှ ပစ်ချလိုက်လို၏..။
လည်မြိုကိုဖျစ်၍ သတ်လို၏
အစိမ်းလိုက်ဝါး၍ စားလို၏
ကြောက်ရွံသောစိတ်များတွင် ဒေါသထွက်သောစိတ်များ
ရောနှောဝင်ရောက်လျှက်ရှိနေသည်။
သို့သော်
မောင်အံ့မောင်ကား စိတ်သာရှိပြီး ကိုယ်မရှိသော သတ္တေဝါမျိုးကဲ့သို့ဖြစ်နေလေသည်။
မောင်အံ့မောင်မှာ မိမိခန္ဓာကိုယ်ကို အပ်တစ်ချောင်းစာမျ မလူပ်ရှားနိုင်သော်လည်း စိတ်ထဲကမူ ပတ်ဝန်းကျင်လူပ်ရှားမူကို ယခင်ကထက် သွက်လက်ဖြတ်လတ်စွာကြားသိလျက်ရှိ၏..။
လမ်းပေါ်မှ ဘတ်စ် ကားများဖြတ်သွားသံကို တခါတရံကြားလိုက်ရ၏..။
ခေါင်းရင်းနံရံရှိ တိုင်ကပ်နာရီကြီးမှ တချက်ချက်မြည်သော အသံကိုလည်းကြားရ၏..။
မိမိဦးခေါင်းမှ ဦးရေကိုရှေးဦးစွာဆုတ်ပြီးနောက်
ဦးခေါင်းကို ဖြတ်ရန်ပြန်လာမည့်လူကြီး၏ခြေသံများကိုလည်း
နားစွင့်နေလျက်ရှိ၏...။
ထိုအချိန်တွင်
မောင်အံ့မောင် မျက်လုံးအစုံမှာ အပေါ်ခေါင်မိုးပေါ်သို့
ရောက်လျှက်ရှိလေရာကြီးမားသော ထုတ်လျှောက် ဒိုင်းမြှားကြီးများတွင် တွယ်ကပ်လျှက်ရှိသော ကျပ်ခိုးများ၊
အမိုက်သရိုက်များ၊ပင့်ကူအိမ်များကို ဖယောင်းတိုင်အလင်းရောက်သော နေရာများတွင်ထင်ရှားစွာ မြင်နေရသည်။
အချိန်မှာကုန်ခဲလှသည်ဟုအောက်မေ့ရ၏
ထိုအတောအတွင်း မောင်အံ့မောင်မှာ မြင်၍လည်းနေရ၏ ..။
ကြား၍လည်းနေရသည်။
သိ၍လည်းနေရ၏
သို့သော်
လူပ်၍ကား အနည်းငယ်မှ မလူပ်နိုင်ချေ ။
သူ၏ မျက်နှာအပေါ်တည့်တည့်တွင်ကား ကန့်လန့်ဖြတ်နေသည့် ရက်မတန်းကြီး တခုရှိရာ
ထိုနေရာတွင် ပင့်ကူမြှေး ပင့်ကူအိမ်များသည်
အများဆုံးဖြစ်၏...။
မောင်အံ့မောင်သည် ထိုယက်မတန်းကြီးကို အာရုံစူးစိုက်ကြည့်ရူလျှက်ရှိစဉ် သူ့မျက်နှာနဲ့ တည့်တည့်နေရာတွင် အလွန်ကြီးသောပင့်ကူကြီးတစ်ကောင်ကိုမြင်လိုက်ရသည်။
ပင့်ကူကြီးမှာ အမွေးအမျှင်ထူလျှက် အချင်းတစ်ထွာခန့်မျ
ရှိသည်။
ဤမျလောက်ကြီးသော ပင့်ကူကြီးကို မောင်အံ့မောင်မမြင်ဖူးချေ ..။
မျက်နှာပေါ်တည့်တည့်ကြီး ခုန်ချလိုက်မည်ကို ကြောက်ရွံခြင်းကပို၍ လွန်ကဲလျှက်ရှိနေမိသည်။
သို့ရှိနေစဉ် ပင့်ကူကြီးသည် ထိုမှသည်မှယိမ်းယိုင်လူပ်ရှား
ပြီးနောက်တစ်စက္ကန့်မျကြာလောက်သော်
အောက်သို့ ခုန်ချလိုက်ရာ မောင်အံ့မောင်ထင်သည့်အတိုင်းပင်သူ၏ မိက်နှာပေါ်သို့
ဖျတ်ခနဲကျ၍ လာလေတော့သည်။
အကယ်၍ လူကောင်ပကတိရှိနေပါက
မောင်အံ့မောင်မှာ
ငယ်သံပါအောင် အော်လိုက်မိမည် မလွဲတည်း ။
ယခုသော်
ရင်တွင်းမှ အသံကုန်အော်ဟစ်လိုက်သော အသံများသည် ဗလုံးဗထွေးဖြစ်ကာ တုတ်ချောင်းကဲ့သို့
မာကျောသော လည်ချောင်းအတွင်းတစ်ဆို့ ပျေက်ကွယ်ကုန်တော့သည်။
ခနအကြာမောင်အံ့မောင်စိတ်သည် ကြောက်ရွံ့ စိတ်အမြင့်ဆုံးအခြေအနေသို့ရောက်လျှက်
ပင့်ကူကြီးကို မျက်နှာပေါ်မှ လက်ဝါးဖြင့် ပုတ်ချလိုက်မိတော့သည်။
စိတ်ဟူသည်ကားလွန်စွာပင်ပင်ထူးဆန်းလှပေ၏
စိတ်တစ်ခုကို အခြားစိတ်တစ်ခုက လွမ်းမိုးနိုင်သလားမပြောတတ်ချေ ..။
အရူးကြီးသည်မိမိ မလူပ်ရှားနိုင်သည့်အချိန်အတွင်းမိမိဦးခေါင်းကို တကယ်ဖြတ်တော့မည်ဟူသော ကြောက်ရွံစိတ်အပေါ်
ပင့်ကူကိုကြောက်လန့်စိတ်က ဖုံးလွမ်းကာ အနိုင်ရသွားဟန်ရှိသည်။
ဥပမာအားဖြင့်
ရေသည် မီးကို ငြိမ်းသတ်နိုင်သည် ဆိုသော်လည်း
အလွန်ကြီးမားသော မီးပုံကြီးအတွင်းသို့ ရေတပုံးထည့်လိုက်ပါက အရှိန်ပြင်းထန်လှသော
မီးသည် ရေနဲ့တကွ ရေပုံးကိုပါ အစပျောက်အောင်
လောင်ကျွမ်းသွားသကဲ့သို့ မောင်အံ့မောင်၏ ပထမကြောက်စိတ်ကို ဒုတိယကြောက်စိတ်က
ဝါးမြို သွားခဲ့ခြင်းပင်ဖြစ်သည်။
ယခင်ကလက်သန်းတစ်ချောင်းမျ မလူပ်ရှားနိုင်သော
အံ့မောင်သည် မိမိမျက်နှာပေါ် ပြုတ်ကျလာသော
ပင့်ကူအား ပုတ်ထုတ်လိုက်နိုင်၏ ..။
လက်တစ်ဖက်အား လူပ်ရှားနိုင်ရုံမျမက အခြားလက်တဖက်ကိုလည်းကောင်း ခြေများကိုလည်းကောင်း ဦးခေါင်းကိုလည်းကောင်း
ကိုယ်ကိုလည်းကောင်းတခါတည်း ဖြေချလိုက်သလို
အနှောင်အဖွဲ့မှ လွတ်မြောက်သွားတော့သည်။
မောင်အံ့မောင်သည် အိပ်မက် မက်ရာမှနိုးလာသူတစ်ယောက်ကဲ့သို့ အိပ်ရာမှထကာ
ကြမ်းပေါ်တွင် မတ်တပ်ရပ်လိုက်တော့သည်။
ထို့နောက်
ခြေသံမကြားအောင် နင်းလျှောက်ရင်းအောက်ထပ်ဆင်း
လာခဲ့တော့သည်။
အောက်ထပ်တွင်ကားလူကြီးကို အရိပ်အငွေ့မျ မမြင်ရချေ ။
သို့နှင့် မောင်အံ့မောင်သည်
အိမ်ရှေ့ ဧည့်ခန်းဖက်မလာ
သေးပဲ နောက်ဖေး မီးဖိုဖက်သို့
လှည့်၍ သွားလေသည်။
နောက်ဖေးဆောင်မှာ အိမ်ရှေ့ခန်းများထက် ဆွေးမြေ့သော အခြေအနေရှိရာ ကြမ်းများနံရံများသည်လည်း ကြိုးတိုးကျဲတဲရှိနေလေသည်။
အခန်း၏အဆုံးတွင်ကား မီးဖိုကြီးတဖိုရှိရာ
လူကြီးသည်
မီးဖိုနားတွင်ထိုင်ရင်း မီးဖိုအတွင်းထင်းများထိုးထည့်ပေးရင်း
ရှိနေသည်ကို မြင်လိုက်ရသည်။
မီးဖိုဘေးတွင် လက်တဖက်ခန့်ကြီးသော
ကြေးအိုးကြီးတစ်လုံးကို မြင်ရလေရာတဖိတ်ဖိတ်
တောက်လျှက်ရှိသော ကြေးအိုးအရောင်သည်
တဟုန်းဟုန်းတောက်နေသော မီးအရောင်တွင်
ပြောင်တလက်လက် တောက်ပလျှက်ရှိနေသည်။
မောင်အံ့မောင်သည် လူကြီးထံသို့ ဒေါသတကြီးပြေးသွားကာ....
"ကိုင်း...သည်လောက်ရက်စက်ချင်တဲ့
ခွေးမသားကြီး သေပေတော့ကွာ "
ဟုပြောရင်းလည်မြို ကိုလက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်လိုက်တော့သည်။
လူကြီး၏အော်ဟစ်လိုက်သောအသံမှာ အပြင်သို့ထွက်မလာတော့ပဲ လည်ချောင်းအတွင်း
မှာပင်ပျောက်ကွယ်ကုန်တော့သည်။
ထို့နောက်
မောင်အံ့မောင်သည် မိနစ်ပေါင်းအတော်ကြာမျှ
တောင့်ညောင်းညာနေသည့် အင်အားများကို
စုလိုက်ရင်း လူကြီးအားမီးဖိုဖက်သို့ တွန်းလိုက်ရာ
လူကြီး၏ ကိုယ်လုံးသည် သစ်တုံးတစ်ခုကဲ့သို့
မီးဖိုထဲသို့ လဲကျ သွားတော့သည်။
ထို့နောက်လျှင်မြန်စွာပင် မောင်အံ့မောင်မှာ အပြင်တခါးမှလမ်းပေါ်သို့ ထွက်လာခဲ့တော့သည်။
လမ်းပေါ်သို့ရောက်၍ တခနမျ လျှောက်မိသောအခါ
ဘတ်[စ်]ကားတစ်စီးလာသည်ကို တွေ့ရသည်နဲ့
ထိုဘတ်(စ်)ကားကိုစီးကာ မိမိတည်းခိုရာ ဟိုတယ်သို့
ပြန်လာခဲ့တော့သည်။
ယခင်က ပုလိပ်တိုင်တန်းမည် စိတ်ကူးခဲ့သော်လည်း
ဒေါသအလျောက် မိမိဆုံးမရာတွင် လက်လွန်သွားသည့်
အဖြစ်ကို သတိရသောအခါ မိမိ မကောင်းမူကို မိမိပင်ကျိတ်၍ ခံတော့မည်ဟု စိတ်ကူးတစ်မျိုး ပြောင်းလဲခဲ့လေသည်။
ထိုညရထားနဲ့ပင် မောင်အံ့မောင်သည်ရန်ကုန်ပြန်ခဲ့ရာ
နောက်နေ့သတင်းစာများတွင်အောက်ပါအတိုင်း
တွေ့ရှိရ၏....။
ပြည်မြို့ တောင်ဖက် မိကျောင်းရဲ ရွာကလေးအနီး ကမ်းနားလမ်းရှိ ပွဲစားကြီး ဦးမြပိုင်ခြံနဲ့ အိမ်ကြီးကို
လွန်ခဲ့သောည ဗုဒ္ဓဟူး နေ့ည ၁၂ နာရီ ထိုးခန့်တွင်
မီးလောင် သွားကြောင်း ၊ထိုအိမ်ကြီးတွင် အထက်ဗန်း
မော်ဘက်မှ ပြောင်းလာသောဦးယာနောင်ဆိုသော
လူကြီးတစ်ယောက်ငှါရမ်းနေထိုင်ရာထိုလူကြီးပါ
မီးထဲပါသွားသည်ဟု ယုံကြည်ရကြောင်း၊
အဘယ်ကြောင့်ဆိုသော မီးများ ငြိမ်းပြီးနောက်
နောက်ဖေးဆောင်ဖက်တွင် လူ၏ အရိုးများကို တွေ့ရသောကြောင့် ဖြစ်ကြောင်း၊ ထိုလူကြီးမှာ လွန်ခဲ့သော ၆ လလောက်ကပင် အထက်ဗန်းမော်
မြို့မှ ပစ္စည်း အမြောက်အများ ဖြင့်အထက်စာပို့
သဘော်တွင်ပါလာပြီးနောက်ထိုအိမ်ကြီးကို ငှါး
ရမ်းနေထိုင်ခဲ့လေသည်။
ပစ္စည်း ဥစ္စာ ပြည့်စုံဟန်ရှိသော်လည်း အလုပ်အကိုင်
မယ်မယ်ရရ မရှိပဲ ရှေးဟောင်း ပစ္စည်း များကို ရှာဖွေ
စုဆောင်းနေသည်ဟု အိမ်ရောက်ဖူးသူများကပြောကြား
ကြကြောင်း၊ တချို့ကလည်း အင်္ဂလိပ်ပညာတတ် သူရူးကြီးတစ်ယောက်၊ စိတ်မနှံ့သူ တစ်ယောက်ဟု
ပြောကြားကြကြောင်း တယောက်တည်းနေ၍ ထမင်းကို
ရွာထမးဆိုင်ကလေးတွင် လခပေး၍ စားသောက်နေထိုင်သည် ဆိုကြောင်း ၊ ထိုသူ၏ အဆက်အနွယ်များကို ယခုတိုင်သေချာမသိရသေးကြောင်းတို့ ပင်ဖြစ်သည်။
လူ၏စိတ်သည်ကား လွန်စွာပင်ထူးဆန်းလှပေ၏ ။
စိတ်၏ အလွန်သိမ်မွေ့လှသော လုပ်ငန်းဆောင်တာ အပြောင်းအလဲတန်ဖိုး သတ္တိတို့ကို လူသာမာန်တို့၏
ညဏ်စွမ်းဖြင့် နိုင်းချိန်တွက်ချက် ကြံဆနိုင်ရန် ခဲယဉ်း
လှပေသည်။
လွန်ခဲ့သော ကမ္ဘာစစ်ကြီးအတွင်း ပြည် ဒိစတြိတ် ဆင်မြီးဆွဲနယ်မီးရထားဘူတာနဲ့ မနီးမဝေးတွင် လူတစ်ယောက်သည်နေဝင်တရီရော အချိန်တွင်
ခရီးသွားလျှက်ရှိရာ သူသည် သချိုင်းကုန်း တခုအနီးရောက်လာခဲ့၏..။
ထိုအချိန်
လေယာဉ်ပျံများသည် အောက်သို့ တဟုန်တည်း ထိုးဆင်းလာကာ မီးရထားဘူတာရုံနဲ့ မီးရထားတွဲတို့ကို
ပစ်ခပ်တိုက်ခိုက်လေတော့သည်။
ထိုသူသည်
လေယာဉ်ပျံများရန်ကို ကြောက်ရွံသဖြင့် ပုန်းကွယ်ရန် နေရာ လိုက်လံရှာဖွေလျက်ရှိရာ ကျင်းတခုကို အဆင်သင့်တွေ့လိုက်ရသော ကြောင့်ထိုကျင်းအတွင်း
ဝင်မည် ပြုလိုက်လေသည်။
သို့သော်
ထိုခေါင်းထဲတွင်ကား အပေါ်မှ မြေမဖို့ရသေးသော
လတ်လတ်ဆတ်ဆတ်တွေ့ရသည့်အပြင်
အတွင်းမှ အပုတ်နံ့ပင် မခံရပ်နိုင်အောင် တထောင်း
ထောင်း ထွက်လျှက်ရှိသည်ကိုတွေ့လိုက်ရတော့သည်။
ပထမတွင် ထိုသူသည် ဝင်ရမည် မဝင်ရမည် ခနမျ စဉ်းစားနေလျှက်ရှိနေရာမှလေယာဉ်ပျံများသည် တဖြည်း
ဖြည်းနီးလာ၍တဗြုံးဗြုံး တဗြောင်းဗြောင်း ပစ်ခပ်လေတော့သည်။
ကြံရာမရသည့်အဆုံး
ထိုလူသည်ကျင်းထဲသို့ဆင်း၍
ခေါင်း အပေါ်တွင် အလျှားမှောက်ကာ
ပုန်းအောင်းရတော့သည်။
လူ၏အလောင်းကိုလည်းကောင်း ၊ တစ္ဆေသရဲကိုလည်းကောင်း ကြောက်ရွံ့နေသော
ပထမစိတ်အား လေယာဉ်ပျံ၏ ရန်ကိုကြောက်သော
ဒုတိယစိတ်က ဖုံးလွမ်း လွမ်းမိုးအနိုင်းယူသွားခြင်းပင်ဖြစ်သည်။
ကျွန်ပ်အား မောင်အံ့မောင်ပြောပြသော အကြောင်းအရာအတ္တုပ္ပတ္တိ မှာလည်းအထက်ပါနည်း
အတိုင်းပင် ဖြစ်ဟန်လက္ခဏာရှိ၍ စိတ်ဓတ်ကြောင့်
မလူပ်ရှားနိုင်သည့်အဖြစ်ကို ပင့်ကူအားကြောက်ရွံသည့်
အကြောက်ဆုံးစိတ်က အနိုင်ယူလိုက်ဟန်ရှိလေသည်။
  [ပြီးပါပြီ]
ဒဂုန်ရွေမျှား
သွေးသောက်မဂ္ဂဇင်း ၊ မတ်လ ၊ ၁၉၅၂
ကူးယူဖော်ပြခြင်းသာ ဖြစ်ပါသည်။
ကြိုးစားလျှက်
   ရာဝန
Post a Comment