ကောင်းကင်ကြွေတဲ့နေ့

👉 ​ကောင်းကင်ကြွေတဲ့နေ့ 👈
★ ★ ★ ★ ★ ★ ★ ★ ★ ★

“မိန်းမ အကိုပြောစရာရှိတယ်”

မျက်စိပျက် မျက်နှာပျက်ဖြင့် သူဆိုလာလေသည်။

“ဘာလဲ အကို၊ အရေးကြီးလား၊ အကျီင်္တွေလဲ လဲထားပါလား၊ အပြင်သွားမလို့လား၊ ညပဲ ကိုး နာရီထိုးနေပြီအကိုရယ်၊ ဝေ ကလေးတွေကို သိပ်ရဦးမယ်”

“ကလေးတွေ မအိပ်သေးရင် မိခိုင်နဲ့ ခဏထားလိုက်ပါဝေရယ်၊ ကိုယ် ပြောမယ့် စကားအရေးကြီးတယ်၊ ကလေးတွေ ရှေ့မှာ မပြောချင်ဘူး”

၆ နှစ်တာ ပေါင်းသင်းလာခဲ့သော ယောက်ျား၏ အရိပ်အခြေကို ဝေ သိပါသည်။ ဘာ ပြောမည်ကိုလည်း ခန့်မှန်းမိပါသည်။ အဆိုးဆုံး အခြေအနေကို ကြိုတွေးရင်း ကလေး များကို အထိန်းကောင်မလေး နှင့် ထားခဲ့ရသည်။

“မိခိုင် ကလေးတွေ ခဏ ချော့ထိန်းထားလိုက်စမ်း။ ငါ နင့် အကိုကြီးနဲ့ စကားပြောစရာရှိလို့၊ အကို အောက် ဆင်းပြီး ကားထဲ သွားပြောရအောင်၊ ဒီအခန်း ကျဉ်းကျဉ်းလေးမှာတော့ စကားပြောလို့မကောင်းဘူး”

တိုက်အောက်သို့ ဆင်းလာကြပြီး ကားထဲတွင် ထိုင်မိသည်နှင့် သူ့ဘက်က စကားဆိုသည်။

“အကို အရှုပ်တွေ လုပ်ထားမိတယ်ဝေ။ အခု အဲဒီ အရှုပ်တွေ အကိုမရှင်းနိုင်တော့ဘူး။ ဝေ သိပါတယ်။ ဝေ လည်း ရိပ်မိတယ်မလား။ အခု သူက အိမ်လိုက်လာမယ် လုပ်နေတယ်ဝေ။ အခု အကို အခု သွားမှရမယ်။ အိမ်ကို ပြဿနာမသယ်လာချင်ဘူး။ ကလေး တွေရှေ့ကို ဝေ့ မိဘတွေ ရှေ့ကို ပြဿနာ မရောက်လာ စေချင်ဘူး။ ဝေ ကိုယ့်ကို ယုံကြည်ပေးပါ။ အခု ကိုယ့်ကို သွားခွင့်ပေးပါ။”

တရစပ် စကားဆိုသော လင်ယောက်ျားကို သူ စိမ်းတစ်ယောက်လို ကြည့်မိသည်။ သူ ပြောသော ပြဿနာ ကို ဝေ သိပါသည်။ အရာရှိငယ်တစ်ယောက်ဖြစ်သော ကိုက ဖောင်ကြီးသင်တန်းတက်ရင်း ခင်မင်လာခဲ့သော နာစ့်မလေး တစ်ယောက်နှင့် facebook တွင် comment တွေ ကလူနေကြသည်ကို ဝေ တစ်ယောက် တွေ့ခဲ့ပြီးပါပြီ။ သမီးငယ်လေး မွေးကာစတွင် အလှမပြင်နိုင် ဘိုသီဘက်သီနှင့် ဝေ တစ်ယောက် ဗျာများနေချိန်တွင် အကျီင်္အသစ်များ ဝယ်ကာ အရင်ကထက် ရှိုးထုတ်လာသော၊ အလုပ်ကိစ္စ အကြောင်းပြကာ အပြင်ထွက်ချိန်စိတ်လာပြီး တစ်ခါတစ်ရံ ညလုံးပေါက် ပျောက်သွားတတ်သော၊ မိန်းကလေးသုံး Healthy Shop မှ နှုတ်ခမ်းနီတောင့်ပါ လက်ဆွဲအိပ်ထဲ ပါလာသော ကို့ ခြေလှမ်းများကို ဝေ တစ်ယောက် ရိပ်မိခဲ့သည်မှာ ကြာပါပြီ။ ဝေက ထုတ်မေးချိန်တွင် ကိုက မိန်းမ သိဖို့ မလိုတဲ့ ကိစ္စပါဟုပြောခဲ့ပြီး ထိုကောင်မလေးက ဝေ့ အကောင့်ကို block လုပ်သွားခဲ့သည်။ အခုအချိန် ကိုက ရှင်းပါ့မည် ဟု ပြောလာခြင်းကိုပင် ကျေးဇူးတင်ရတော့မည

“ အကို ဒီည အိမ်တော့ ပြန်လာမှာမလား”

မေးရန်မလိုသော မေးခွန်းကို မေးမိသည်။ သွားသင့်မသွားသင့် သူက ခွင့်တောင်း အကြံတောင်းနေခြင်းမဟုတ်ပဲ အသိပေးနေခြင်းသာ ဖြစ်ကြောင်းလည်း နားလည်ရသည်။

“ပြန်လာမှာပါ ဝေ။ အကို့ စိတ်ရင်းကို ယုံကြည်ပေးပါ။ အကိုသာ ပြန်မလာချင်ဘူးဆိုရင် ဝေ့ကို ဘယ်ဖွင့်ပြောနေပါ့မလဲ။ အရင်လို အလုပ်ကိစ္စ အကြောင်းပြပြီး ထွက်သွားမှာပေါ့”

“သွားပါ အကို။ အကို့ ပြဿနာကို အကို အပြင်မှာ ရှင်းခဲ့ပါ။ ဝေ့ကို နောက်ကျော ဓားနဲ့ မထိုးဘူးလို့ ယုံကြည်တယ်”

သူထွက်သွားကာမှ ဝေ သားနဲ့ သမီးဆီ ပြန်လာခဲ့သည်။ သားကြီးက ၅ နှစ်ကျော်၊ သမီးငယ်လေးက ၆ လကျော်၊ သားသမီး နှစ်ယောက်လုံးက အဖေကို အရမ်းချစ်ကြသည်။ သားကြီးအတွက် သူ့ အဖေက သူရဲကောင်းဖြစ်သည်။ စကားပင်မပြောတတ်သေးသော သမီးငယ်လေးက အဖေမြင်လျှင် လက်ကမ်း လိုက်တတ်သည်။ သမီးမွေးချိန်တွင် ဝေ ယောက်ျားပေါ် မယား ဝတ္တရား ပျက်ကွက်ခဲ့သည်များရှိသည်။ ကို တစ်ယောက် အပျော်ရှာသည်ကိုလည်း နားလည်ပေးခဲ့သည်။ သာမာန် ကျူရုံ ကလူရုံက ကိစ္စမရှိ။ အိမ်သို့ လိုက်လာရန် ခြိမ်းခြောက်ရလောက်အောင် ကိုတစ်ယောက် ဘယ်မျှ နယ်ကျွံခဲ့ပြီနည်း။
အပူရုပ်ကို ဟန်လုပ်ကာ သားနှင့် သမီး တို့ နှင့် တူတူ ကစားရသည်။ ဟက်ဟက်ပက်ပက် ရယ်မောနေသော ကလေး နှစ်ယောက်အသံက ဝေ့ရင်ဝကို မီးစနှင့် ထိုးသလိုပင်။
ကလေးများ အိပ်ပျော်သွားသည့်တိုင် ဝေ မအိပ်နိုင်သေး။ ကိုပြန်လာလျှင် အိမ်တံခါး ထဖွင့်ပေးရန် စောင့်နေမိသည်။ ဝေ မှေး ကနဲ အိပ်ပျော်သွားချိန်တွင် ဝေ့ ဖုန်းသံ မြည်လာသည်။ အချိန် က ည ၁၂ နာရီ။

“ဝေ ကလေးတွေ အိပ်ပြီလား၊ ဝေ လမ်းထိပ်ထွက်ခဲ့လို့ရမလား၊ ကို မရှင်းနိုင်တော့ဘူး။ ကလေး တွေ ခဏထားခဲ့လို့ရမလား။”

ဝေ မျှော်လင့် မထားသော စကားကို ကြားရပြန်သည်။ အထိန်းကောင်မလေး ကို နှိုးကာ အိပ်ပျော်နေသော ကလေး များကို အစောင့်ထားခဲ့ရသည်။ ပိုက်ဆံအိပ်နှင့် ဖုန်းကို ယူရင်း လမ်းထိပ်ထွက်ခဲ့သည်။ လမ်းထိပ် ကျော်ကျော် လောက်တွင် ကိုနှင့် ကောင်မလေး တစ်ယောက် ရပ်နေသည်။ ဟုတ်ပါသည်။ face book တွင် ဝေ တွေ့ ခဲ့ဖူးသော ကောင်မလေးပါ။ သူ့ face book အကောင့် နာမည်က Nu War။ အမည် အရင်း ဟုတ်မဟုတ် မသိ။ ဖောင်ကြီးတွင် ရိုက်ထားသော သူ့ပုံများကို ကိုက မထိတထိ comment များ ရေးထားသည်ကို တွေ့ဖူးသည်။ ကို တစ်ယောက်ထဲ ရိုက်ထားသော ပုံများတွင် သူက မထိတထိ comment များ ပြန်ပေးထား သည်ကို တွေ့ဖူးသည်။ ကို့ အကောင့်ထဲတွင် မိသားစုပုံများ တင်ထားသည်က အများအပြား။ အလုပ်အကိုင်နှင့် အမျိုးကောင်း သမီး ဖြစ်ပါလျက် အိမ်ထောင်ရှိ ယောက်ျား တစ်ယောက်နှင့် မည်သည့် အခြေအနေထိ အကျွံခံခဲ့ပြီနည်းဟု မိန်းကလေးချင်း ကိုယ်ချင်းစာ စိတ်ပူမိသည်။

“ညီမ ဘာဖြစ်ချင်လဲ။ ဘာလုပ်ချင်လဲ ပြောပါ။ အစ်မ ဘယ်လို ဖြေရှင်းပေးရမလဲ။”

တွေ့တွေ့ ချင်း ကောင်မလေးကို မေးမိသော ဝေ့ စကားဖြစ်သည်။ သူက စကားမပြန်။ မျက်ရည် ဝိုင်းသော မျက်လုံး များဖြင့် ငေးမောနေသည်။ ငါလဲ မျက်ရည်ဝိုင်းချင်တယ်ဟု စိတ်ထဲက ပြောမိသည်။

“ ကို ဘာဖြစ်တာလဲ ဝေ့ကို ပြော။ သူက ဘာဖြစ်ချင်တာတဲ့လဲ။ ကလေးတွေ အကြာကြီး မထားခဲ့ချင်ဘူး။”

“ကဲ ရှင်းလေ။ မင်း ဘာဖြစ်ချင်တာလဲ ပြောလိုက်။ ငါ မရှင်းတတ်တော့ဘူး။ ငါ မှားတာပါ။ ငါမှားတာ။ ငါ့ကိုယ်ငါပဲ အပြစ်တင်တယ်”

ကိုက ထိုကောင်မလေးကို ပြောသည်။ သို့သော် စကားတစ်ခွန်းမှ ထွက်မလာ။ ဝေ ဘာလုပ်ပေးရမလဲ ဆိုသော စကားကို ထပ်ကာ ထပ်ကာ မေးသည်။ စကားတစ်ခွန်းမှ ထွက်မလာ။ ဝေ စိတ်တိုလာသည်။ ညဘက်ကြီး လမ်းမ အလယ်တွင် ဒီလို ပြဿနာကို ရှင်းရသည်ကိုလည်း စိတ်တိုသည်။ ကလေးများကို အထိန်းကောင်မလေး နှင့် ထားခဲ့ရသည်ကိုလည်း စိတ်ပူသည်။ ထွက်လာသော ဒေါသနှင့်အတူ ရည်ရွယ်မထားသော အပြုအမူကို လုပ်ခဲ့သည်။

“ကဲ ညီး စကားမပြောချင်ဘူးဟုတ်လား။ အိမ်လိုက်လာမယ်လို့ ပြောတယ်ဆို။ ငါ့အိမ်ကို အရမ်းလိုက်ချင်တယ် ဟုတ်လား။ လာ အိမ်လိုက်ခဲ့။”

မထုံတတေးနှင့် တေမိ လုပ်နေသော ကောင်မလေး လက်ကို ဆွဲ ပြီး အိမ်ဘက်သို့ လျှောက်လာခဲ့သည်။ ကောင်မလေးက ရုန်းသည်။ မြဲမြဲကိုင်ထားသော ဝေ့လက်မှ သူရုန်းမရ။

“ဝေ ဒီလို အရမ်းမလုပ်ပါနဲ့ ဒါ ဖြေရှင်းတဲ့ နည်းမဟုတ်ဘူး။”

ကို့ စကားက ဝေ့ရင်ကို နာကျင်စေသည်။ ကောင်မလေးကို ဆွဲ ထားသော ဝေ့လက်ကို ကိုက အတင်း ဝင်ဆွဲသည်။ ဝေ့ကို ချုပ်ပြီး ကောင်မလေးနှင့် ဝေးရာကို ဆွဲခေါ်သည်။ ယောက်ျား အားကို ဝေမယှဉ်နိုင်။ လက်လွှတ်လိုက်ရသည်။ ကိုဆွဲရာနောက်သို့ ပါသွားရသည်။ ကောင်မလေးက မလှမ်းမကမ်းတွင် ကျန်ခဲ့သည်။ ကို ဝေ့ကို ချုပ်ထားသော လက်ကို လွှတ်လိုက်ချိန်တွင် မရည်ရွယ်ပါပဲနှင့် ကို့ ပါးကို ရိုက်လိုက်မိသည်။

“လက်ကို ကြမ်းကြမ်း ဆွဲတာတောင် ကိုက အထိမခံနိုင်ဘူးလား၊ ရှင့်ကောင်မလေးအတွက် အဲဒီလောက်တောင် နာနေလား။ အခု ဝေက ဘာလုပ်ရမှာလဲ။ ဒီနေရာကို ဝေ့ကို ခေါ်တာ ဘာလုပ်ဖို့လဲ။ ဒီကောင်မလေးကို ရှင် ဘယ်လောက် ကရုစိုက်လဲ သိစေချင်လို့လား။”

“မဟုတ်ဘူးဝေ။ ဝေ့ရှေ့မှာ ကိုယ်ရှင်းပြချင်လို့။ ဒါပေမယ့် ဒီလိုမဟုတ်ဘူး။ သူ့ ကို အိမ်ခေါ်လို့ မရဘူး။ ပတ်ဝန်းကျင်ရှိတယ်။ သားနဲ့ သမီးနဲ့ မျက်နှာရှိတယ်။ သူက ကိုယ်တို့ မိသားစု ကို ပြိုကွဲစေချင်တာ။ သူ့ အတွက်ထဲ မဝင်ပါနဲ့ဝေ။ သူ့ကို ထားခဲ့လိုက်တော့ ကိုယ်တို့ အိမ်ပြန်ရအောင်ပါ။”

“သူက ဘာလို့ ဝေတို့ မိသားစုကို ပြိုကွဲစေချင်ရတာလဲ။ ရှင်ပတ်သက်ထားတာ မကောင်းတဲ့ မိန်းမ မဟုတ်ဘူး။ ကေတီဗီက မိန်းမ မဟုတ်ဘူး၊ အလုပ်နဲ့ အကိုင်နဲ့ မိန်းမ၊ အနီဝတ် နာစ့်မ တစ်ယောက်။ ရှင်က ဘာတွေ လုပ်ထားလို့ သူက အဲလို ဖြစ်စေချင်ရတာလဲ။ ရှင်တို့ ဘယ်အတိုင်းအတာအထိ ကျွံထားလဲ။ ဝေ့ကို နောက်ကျော ဒါးနဲ့ မထိုးပါနဲ့ လို့ ပြောထားတယ်နော်။ ဝေ မသိတာတွေ ဘာတွေ ရှိလဲ”

“ကိုယ်တို့ နယ်ကျွံခဲ့ကြတယ်ဝေ။”

နားထဲတွင် မိုးကြိုး ပစ်လိုက်သလိုပင်။

“ရှင် အဲဒီလောက် အောက်တန်းကျသလား”

အော်ဟစ်မေးလိုက်သော အသံက လေသံမျှသာထွက်သွားသည်။ တစ်သက်တာလုံး ချစ်ခင်လေးစားခဲ့ရသော ယောက်ျား မှ ဟုတ်ပါရဲ့လားဟု စူးစူးစိုက်စိုက် ကြည့်မိသည်။ ဝေ့ ကို သူ မျက်နှာချင်းမဆိုင်။

“နင့်ကို ငါ ရွံတယ်”

သူ့ ရှေ့မှ လှည့်ထွက်ခဲ့သည်။ အိမ်ထောင်ကျကတည်းက နာမည်ပင် အပြည့်အစုံ မခေါ်ခဲ့ဖူးသော ယောက်ျားကို နင် နှင့် ငါ သုံးကာ ပြောမိလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူး။

“ဝေ ဘယ်သွားမလို့လဲ။ ကိုယ်နဲ့ တူတူ အိမ်ပြန်ရအောင်ပါ။”

နောက်မှ ခေါ်နေသော သူ့ အသံကို လျစ်လျူရှုရင် ခပ်လှမ်းလှမ်းတွင် ထိုင်နေသော ကောင်မလေးထံ သွားလိုက်သည်။

“ညီးတို့ အခြေအနေ အဲဒီလောက် ဆိုးလိမ့်မယ့်လို့ ငါ မထင်ခဲ့ဘူး။ နင် ဒီယောက်ျားကို အဲဒီလောက် လိုချင်ရင်လေ ခုလို ညကြီး သန်းကောင် တွယ်ကပ်မနေနဲ့။ နင့် မိဘ ခေါ်ခဲ့လိုက်။ ငါ့ ဆီမှာ လာတောင်း။ ငါ ကွာရှင်းပေးလိုက်မယ်။ တခါတည်း မင်္ဂလာပါဆောင်ပေးလိုက်မယ်။ ယူပြီး ကတည်းက ဒီယောက်ျားဆီက ငါ ဘာတစ်ခုမှ မှီခိုခဲ့တာ မရှိဘူး။ ငါ့ မိဘ ပေးထားတဲ့ အိမ်၊ ငါ့မိဘ ပေးထားတဲ့ ကားကိုသုံးပြီး ငါ့ လစာနဲ့ ငါ ရပ်တည်နေတာ။ စယူကတည်းကလည်း မှီခိုရစေဆိုပြီး ယူခဲ့တာမဟုတ်ဘူး။ ချစ်လွန်းလို့ ယူခဲ့တာ။ အဲလို မိန်းမ အပေါ်မှာ တောင်ဖောက်ပြန်တဲ့ ယောက်ျားကို နင် ယူရဲရင်ယူ။ င့ါထက်ပို ပြီး ပေးဆပ်ပြီး နင်ချစ်နိုင်မယ်ဆို အချိန်မရွေး လာတောင်းချည်။”

စကားအကုန်ပြောကာ ဝေ လှည့်ထွက်လာခဲ့သည်။ အိမ်တွင် စောင့်နေမည့် သားနှင့် သမီး အကြောင်းသာ တွေးနေလိုက်သည်။ နောက်မှ လိုက်လာကာ တတွတ်တွတ်တောင်းပန်လာသော သူ့ အသံက လစ်လျူရှု ထားလို့ မရ။

“ဝေ ထင်သလို မဟုတ်ဘူး။ ကိုယ် သူ့ကို မယူနိုင်ဘူးနော်။ သူကလဲ ကိုယ့်ကိုမယူဘူး။ သူက အပျိုလေ။ အိမ်ထောင်ရှိယောက်ျား တစ်ယောက်ကို ဘယ်ယူမလဲ။”

“ဒါဆို ရှင်က ကော ဘာလို့ သွားအိပ်လဲ။ သူကကော အိမ်ထောင်ရှိယောက်ျားနဲ့ ဘာလို့ အိပ်လဲ။ ရှင်တို့ တွေ အဲ့လောက်တောင် ကိုယ့်ကို ကိုယ်မထိန်းနိုင်ကြဘူးလား။ အဲဒီလောက်တောင် ယားနေကြလား။ မနေနိုင်လွန်းလို့ ဖာဆီ သွားအိပ်ရင်တောင် ကျွန်မ ဒီလောက် စိတ်မဆိုးဘူး။ အခုက ကျွန်မ မိဘပေးတဲ့ အိမ်မှာနေ ကျွန်မ အဖေ ပေးထားတဲ့ ကားကို စီးပြီး တခြား မိန်းမတစ်ယောက်ဆီ သွားနေတာ။ အဖေ့ ကားကို စီးပြီး အဲဒီမိန်းမနဲ့ အိပ်ဖို့ သွားနိုင်တဲ့ ရှင် စိတ်ဓာတ်ကို ရွံတာ။”

ဒေါသဖြင့် ပြောဆိုရင်း အိမ်ပေါက်ဝရောက်လာသည်။ အိမ်ပေါ် ရောက်သည်နှင့် ကိုယ့်စိတ်ကိုယ်ကို ချိုးနှိမ်ရသည်။ မျက်နှာထားကို ပြင်ရသည်။ သူတို့ အမေ ၏နာကျည်းမုန်းတီးမှုများနှင့်မျက်နှာကို ကလေးများ မမြင်စေလို။ အပြစ်ကင်းစင်စွာ အိပ်နေကြသော ကလေး များကို ကြည့်ရင်း မျက်ရည်ကျမိသည်။ မျက်ရည် သုတ်ပေးရန် အနားတိုးလာသော သူ့ကို တွန်းထုတ်လိုက်သည်။

“ ရှင် အခန်းထဲဝင်မလာနဲ့။ အပြင်က ဆိုဖာမှာအိပ်”

သူ့ကို အပြင်မှာ ထားခဲ့ပြီး အခန်းထဲဝင်လာကာမှ ညတိုင်း အဖေ နှင့် ဖက်အိပ်တတ်သော သားကြီးက အိပ်ရင်း အဖေကို လိုက်စမ်းနေသည်ကိုတွေ့လိုက်ရသည်။ မြင်ကွင်းက အသဲနှလုံးကို လက်နှင့် ဆုပ်ယူလိုက်သလိုပင်။

“ရှင့်သားက ရှင့်ကို ရှာနေတယ်။ သားနဲ့ ရှင်နဲ့ ကုတင် ဟိုဘက်အခြမ်းမှာအိပ်။ သမီးနဲ့ ကျွန်မ နဲ့ ဒီဘက်မှာ အိပ်မယ်။”

သမီးလေးကို ဖက်ပြီး အိပ်ပျော်အောင် ကြိုးစားသော်လည်း ဝေ အိပ်မပျော်။ နာကျင်မှုများ၊ နာကျည်းမှုများ၊ အမျိုး အမည်မသိ ဝေဒနာများကို ကြိုးစားမြိုသိပ်ရင်း ရင်ထဲတွင် ဆို့တက်လာသည်။ ပြို့ တက်လာသော ခံစားချက်ကြောင့် ရေချိုးခန်းဆီ အလျင်အမြန်ပြေးရသည်။ အိမ်သာအိုး အနားဒူးထောက်ကျသွားချိန်တွင် ဝေတစ်ယောက် အန်ပါတော့သည်။ ရင်ထဲမှ လိပ်တက်လာသော ခံစားချက်များဖြင့် ညနေက စားထားသော အစာဟောင်းများပါမကျန် အန်ထွက်လာသည်။ နောက်မှ ကျော လာဖိပေးသော သူ့ကို မတွန်းဖယ်နိုင်တော့။ မျိုသိပ်ခဲ့ရသမျှ အတိုးချပြီး ပြန်ထွက်လာသလားပင် ထင်ရသည်။ မျက်ရည်များလည်း စီးကျလာသည်။ အချိန်အတော်ကြာ အန်ချလိုက်ပြီးချိန်တွင်တော့ ရင်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသည်။ အားယူကာ မတ်တတ်ရပ်ရင်း ဆွဲထူပေးသော သူ့ကို တွန်းထုတ်လိုက်သည်။ မျက်နှာသစ် ပလုတ်ကျင်းကာ သမီးအနား ပြန်လှဲရန် ဟန်ပြင်ချိန်မှာပြင် သူ့ ဖုန်းသံမြည်လာသည်။ အချိန်က နံနက် လေး နာရီ။ ဖုန်းကို ကောက်ကိုင် လိုက်ချိန်တွင် တစ်ဖက်မှ မိန်းမသံ ဖြင့်မေးသည်။

“ကိုမြတ်သူ ရှိပါလား”

သူ့ကို လှမ်းကြည့်လိုက်သည်။ သားကို ဖက်ရင်း အိပ်ချင်ယောင်ဆောင်နေသည်။

“အိပ်နေပါတယ်။ ဘာကိစ္စလဲ မသိဘူး။ သူ့ မိန်းမပါ”

“အစ်မ ယောက်ျားက အိမ်ထောင်ရှိတာကို ညာပြီး မိန်းကလေး တစ်ယောက်ကို လာပတ်သက်ခဲ့ပါတယ်။ အဲဒီအတွက် အစ်မ ဘယ်လို တာဝန်ယူပေးမလဲ”

“ညီ စာမဖတ်တတ်ဘူးလား။ မျက်စိ ကန်းနေတာလား။ သူ့ အကောင့်မှာ မိန်းမပုံတွေ ကလေး ပုံတွေ တင်ထားတာလေ”

“ကျွန်မ နုဝါမဟုတ်ပါဘူး။ သူ့ သူငယ်ချင်းပါ။ သူက အိမ်ထောင် မရှိပါဘူးလို့ ညာခဲ့တာပါ။ အိမ်ထောင်ရှိတယ် ဆိုရင် ကျွန်မ သူငယ်ချင်းနဲ့ မပတ်သက်ပါနဲ့ လို့ အတန်တန် တားခဲ့ပါတယ်။ သူက ညာခဲ့တာ။ သေချာ မစုံစမ်းမိတာက ကျွန်မတို့ အမှားပါ။ သူက ကျွန်မ သူငယ်ချင်းရဲ့ viber ကော face book အကောင့်တွေကိုကော ဟက် ထားခဲ့တာပါ။ အဲဒါကြောင့် ကျွန်မ သူငယ်ချင်းက သေချာ မသိခဲ့တာပါ။”

မိုးကြိုးပစ်သည်ကို ထန်းလက်နှင့် ကာချင်သော စကားများကို ရီချင်မိသည်။ ဖောင်ကြီးတက်စဉ်ကတည်းက သူတို့ သိခဲ့ကြခြင်းပင်။ မိန်းမရှိမရှိ စုံစမ်းဖို့ စိတ်မကူးပဲ အိပ်ဖို့ စိတ်ကူးတာလားဟု မေးချင်မိသည်။ တစ်ဖက် မိန်းကလေးကို စာနာပြီး ထိုစကားလုံးများကို မြိုချလိုက်ရပြန်သည်။

“ဘယ်လို တာဝန်ယူပေးမလဲဆိုတာ။ ဘယ်လို တာဝန်ယူပေးရမှာလဲ။ လိုချင်ရင် လာတောင်း ကွာပေးမယ် လို့ ပြောပြီးပြီလေ။ ဘယ်လို တာဝန်ယူစေချင်တာလဲ”

ပြိုကွဲသွားသော ယုံကြည်မှုနှင့် ကျွန်မ၏ နာကျင်မှုများအတွက်ကော ဘယ်လို တာဝန်ယူပေးမှာလဲ ဟု ပြန်မေးချင်မိသည်။ ထိုစကားလုံးများကိုလဲ မြိုချ လိုက်ရပြန်သည်။

“ မင်းသူငယ်ချင်းက ဒီမိသားစုကို ပြိုကွဲစေချင်တာဆို။ အဲလို တာဝန်ယူပေးရမှာလား။”

“ အဲလိုမဟုတ်ပါဘူးအစ်မ။ အစ်မ ယောက်ျားကို ကျွန်မသူငယ်ချင်းနဲ့ နောက်မဆက်သွယ်ဖို့ တာဝန်ယူပေးပါ။ သူ အဲလို ပြောတယ်ဆိုတာလဲ အစ်မ ယောက်ျားကို နာကျင်စေချင်လို့ ပြောတာပါ။ အစ်မက သူနဲ့ ပတ်သက်နေတော့ အစ်မ ပါ ရောပြီး နာကျင်ရတာပေါ့။”

ပြောတတ်လိုက်လေခြင်းဟု တွေးမိသည်။ ယောက်ျား တစ်ယောက်ကို ရက်ရက်ရောရော အလှူပေးပြီးမှ မိန်းမ ရှိနေသည့် အတွက် နာကျင်စေချင်သည်တဲ့။ မိမိ စိတ်ခံစားမှုနောက်ကို လိုက်ပြီးမှ ထိုယောက်ျား၏ မိန်းမ ထိုယောက်ျား၏ ကလေးများ အတွက် ငဲ့ကွက်မစဉ်းစားပဲ ထိုစကားမျိုးကို လွယ်လွယ်ပြောထွက်သည်။

“ကျွန်မ ယောက်ျားကို ကျွန်မ ကြိုးချည်ထားလို့မရဘူးလေ။ အဲဒီဘက်ကသာ ဆက်မပတ်သက်နေဘူးဆိုရင် ကျွန်မ ယောက်ျားကဘက်က ဘယ်လိုမှ ပတ်သက်လို့ မရပါဘူး။ နားလည်လားမသိဘူး”

“ဟုတ်ပါပြီ။ အစ်မကို အကြံတစ်ခု ပေးလိုက်မယ်။ ခြံခုန်ဖူးတဲ့ နွားကခုန်မှာပဲ။ အစ်မ ရဲ့ ခြံ ခုန်တတ်တဲ့ နွားကြီးကို သေချာထိန်းပါလို့”

တော်တော် ရီချင်မိပြန်သည်။ ယောက်ျားတစ်ယောက်နဲ့ လွယ်လွယ် အိပ်တတ်တဲ့ မိန်းကလေးဟာ နောက်တစ်ယောက်နဲ့ လဲ အိပ်ဖို့ လွယ်မှာပဲ။ နောက်တစ်ခါ ဆာလာရင်သာ နောက်ကြောင်း သေချာ စုံစမ်းပါလို့ပြောချင်မိသည်။ တစ်ခြား မိန်းမ များက ကျွန်မလောက် မြိုသိပ်နိုင်ပါ့မလား။
တဖက်မှ စကားကို မစောင့်ပဲ ဖုန်းချလိုက်သည်။

“အစ်မ ရဲ့ ခြံခုန်တတ်တဲ့ နွားကြီးကို သေချာထိန်းပါလို့ ပြောသွားတယ်အကိုရဲ့။ ဝေ့ အိမ်ဦး နတ်က ဘယ်တုန်းက နွားဖြစ်သွားတာလဲ”

“မင်းက သူပြောတာတွေ သွားနားထောင်နေတာကိုး”

မကျေမနပ်နှင့် သူဆိုသည်။
ပြတင်းပေါက်မှ ကြည့်လိုက်သည်တွင် ရောင်နီများ သန်းနေပြီ။ ဝေ တစ်ယောက် မိမိ ကိုယ်ကို သေချာ ဆန်းစစ် သည်။ သည် ယောက်ျားကို မိဘ ဆွေမျိုးများ သဘော မတူသည့်ကြားမှ ချစ်လွန်းသည့်အတွက် ဝေ မျက်စိမှိတ်ယူခဲ့သည်။ ယူစဉ်က သူက အငယ်တန်းစာရေး၊ ဝေက ဘွဲ့လွန်ကျောင်းသူမျှသာ။ ကြုံခဲ့သမျှ အခက်အခဲများကို ခါးဆီးခံရင်း သူနှင့် အတူ ဘဝကို ရင်ဆိုင်ခဲ့သည်။ အသိုင်းအဝိုင်းကြီးသော ဝေ့ မိသားစု တွင် သူနှင့် ယူခဲ့စဉ်က အတင်းပြောကြသော စကားများနှင့် မျက်လုံးစိမ်းများကို လစ်လျူရှုနိုင်ခဲ့သည်။ ယခုအခါ သူကော ဝေပါ အစိုးရဝန်ထမ်း အရာရှိများ ဖြစ်နေကြပြီ။ သားနှင့် သမီးလည်း ရှိနေပြီ။ မေတ္တာနှင့် သစ္စာကိုသာ တောင်းခံခဲ့သော ယောက်ျားတစ်ယောက်ထံမှာ မေတ္တာနှင့် သစ္စာ မရနိုင်တော့သည့်နောက်တွင် ဝေ မည်သို့ ဆုံးဖြတ်ရမည်နည်း။ ရိုသေမြတ်နိုးစွာ ချစ်ခဲ့ရသော သည်ယောက်ျားက တစ်ယောက် မိန်းမ တစ်ယောက်နှင့် အိပ်ခဲ့သော ကိုယ်ခန္ဓာဖြင့် ဝေ့ ဆီပြန်လာသည်ကို ဝေ မည်သို့သော နှလုံးသားဖြင့် လက်ခံရမည်နည်း။ ဝေ အချစ်ကြီး ချစ်ခဲ့ပါသည်။ အမုန်းကြီး မုန်းသည် မဟုတ်ရပါသော်လည်း အချစ်ကြီး ချစ်ခဲ့သော နှလုံးသားက ထိုကဲ့သို့သော အမှားမျိုးကို လက်မခံနိုင်။ ရောင်နီများ ယှက်ဖြာနေသော ကောင်းကင်ကို ကြည့်ရင် ဝေ ဆုံးဖြတ်ချက်ချလိုက်သည်။

“ဝေ အကိုနဲ့ ဆက်ပေါင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဝေ မခံစားနိုင်ဘူး။ မနက်မိုးလင်းတာနဲ့ အကိုထွက်သွားပါ။ သားနဲ့ သမီးကို အကို ကြိုက်တဲ့ အချိန်လာတွေ့လို့ရတယ်။ ဝေ့ အတွက်တော့ အကိုက ခင်ပွန်း လင်ယောက်ျားး အဖြစ် သတ်မှတ်လို့ မရတော့ဘူး”

“မင်း ငါ့ကို နှင်ထုတ်နေတာလားဝေ။ ဒီမိသားစုကို မင်း ဖြိုခွဲတော့မလို့လား”

“နှင်ထုတ်တယ်ပဲပြောပြော။ လက်လွှတ်လိုက်တယ်ပဲပြောပြော ဝေ့ အနားမှာ အကို့ ကို မမြင်ချင်တော့တာ အမှန်ပဲ။ အကိုလုပ်လိုက်တဲ့ အလုပ်ရဲ့ သက်ရောက်မှုက ဝေ့အပေါ် အရမ်းကြီးလွန်းတယ်။ နောင်လဲ အကို့ကို ယုံကြည်နိုင်တော့မှာမဟုတ်ဘူး။ ဝေ့ စိတ်ကို မထိန်းနိုင်တဲ့အချိန်တွေ အကို့ကို ပြောမိဆိုမိမယ်။ သားနဲ့ သမီးကို မသာယာတဲ့ မိသားစု မပေးချင်ဘူး။ သူတို့ အဖေ ဖောက်ပြန်တာ မသိစေချင်ဘူး။ အဖေကို လေးစား ဂုဏ်ယူစရာ သူတစ်ယောက်အဖြစ်ပဲ သိပါစေ။”

“မင်း ဆုံးဖြတ်ပြီးပြီလားဝေ။ သေချာရင် မင်း စိတ်တိုင်းကျ ဖြစ်စေရမယ်၊ ခုတော့ ငါ့ သားနဲ့ သမီးနဲ့ နေပါရစေဦး”

သားနှင့် သမီးကို ဖက်ထားသော သူ့ နာကျင်မှုကို ဝေခံစားမိသည်။ တစ်ချို့သော အမှားများက မှားမိရင် ပေးဆပ်ရသည့် အရင်းအနှီးက ကြီးလွန်းသည်။ ပြတင်းပေါက်မှတဆင့် ရောင်နီများဖြင့် ယှက်ဖြာနေသော ကောင်းကင်ကြီးကို ငေးကြည့်မိသည်။ ဝေ့အတွက်မှာတော့ ကောင်းကင်ကြီးက တစ်စစီ ပဲ့ကြွေကျ နေပါသည်။

Credit ​ပေးပါသည်

Post a Comment