ငရဲတံခါး​ပေါက်

တာ့က်မန်နစ္စတန်နိုင်ငံက “ ငရဲတံခါးပေါက်”
==============================

တာ့က်မန်နစ္စတန် (Turkmenistan) နိုင်ငံ၊ ကာရာကန် သဲကန္တာရအလယ်မှာရှိတဲ့ ဒါဝီဇီ ရွာအနီးက ငရဲတံခါးပေါက်ပါ။ အချိန်ပြည့်လောင်ကျွမ်းနေတဲ့မီးတွေ၊ ချော်ရည်တွေနဲ့ လိမ္မော်ရောင်မီးလျံတွေကြောင့် “ ငရဲတံခါးပေါက်” ဆိုပြီး ကမ္ဘာမှာ နာမည်ကြီးပါတယ်။ အချင်း ၇၀ မီတာ ( ၂၃၀ ပေ) ၊ အနက် ၂၅ မီတာ ကျော်ရှိတဲ့ တွင်းပေါက်ကြီးထဲမှာ ဒီမီးတွေ တောက်လောက်နေခဲ့တာ ဆယ်စုနှစ်လေးခုရှိခဲ့ပါပြီ။

၁၉၇၁ ခုနှစ်မှာ ဆိုဗီယက်သိပ္ပံပညာရှင်တွေရဲ့ ရေနံရှာဖွေရေးပရောဂျက်ကနေ ဒီ ငရဲတံခါးပေါက် ပေါ်ပေါက်လာခဲ့တာပါ။ ဆိုဗီယက်သိပ္ပံပညာရှင်တွေဟာ ကာရာကန် သဲကန္တာရအလယ်မှာ ရေနံ ရှာဖွေရင်းနဲ့  သဘာဝဓာတ်ငွေ့တွေကို တွေ့ရှိခဲ့ပါတယ်။ သူတို့ ဟာ အနီးနားမှာ စခန်းချပြီး ဒီဒေသက ဓာတ်ငွေ့တွေကို စတင် ထုတ်ဖော်ပါတော့တယ်။ ဆီုဗီယက်တွေဟာ များပြားလှတဲ့ဓာတ်ငွေ့အရင်း အမြစ်ကြီး ကို ရှာဖွေတွေ့ရှိခဲ့မှုအပေါ် ကျေနပ်အားရခဲ့ပြီးနောက် ထုတ်ဖော်လို့ ရတဲ့ ဓာတ်ငွေ့တွေကို စတင် သိုလှောင်ပါတော့တယ်။

မကြာခင်မှာပဲ ဆီုဗီယက်တို့ ရဲ့ဓာတ်ငွေ့တူးဖော်ရေးအခြေစိုက်စခန်းနဲ့  တူးဖော်ရေးလုပ်ငန်းကြီးတစ်ခုလုံးရဲ့အောက်ခြေမြေပြင်ဟာ ဓာတ်ငွေ့သိုက်ကြီးထဲကို ကျွံကျပြီး တွင်းပေါက်ကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အသက်ဆုံးရှုံးခြင်းမရှိခဲ့ပေမယ့် ဓာတ်ငွေ့ သိုက်က မီသန်းဓာတ်ငွေ့တွေ လွတ်ထွက်ခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင်အတွက် ပြဿနာကြီးတစ်ခုဖြစ်ခဲ့တဲ့အပြင် အနီးဝန်းကျင်က ရွာသားတွေအတွက် ကပ်ဘေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီတွင်းပေါက်ကြီးထဲက အဆိပ်ရှိတဲ့ မီသိန်းဓာတ်တွေ အန္တရာယ်ကြောင့် သိပ္ပံပညာရှင်တွေဟာ ဒီဓာတ်ငွေ့တွေကို မီးရှို့ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပထမတော့ သူတို့ ဟာ အခုလို မီးရှို့ခြင်းက အကောင်းဆုံးနဲ့ စိတ်အချရဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ဓာတ်ငွေ့သိုက်ထဲက ဓာတ်ငွေ့တွေ လောင်ကျွမ်း ကုန်ဆုံးသွားလိမ့်မယ်လို့ တွေးထင်ခဲ့ပေမယ့် သူတို့ အထင် မှားခဲ့ပါတယ်။

ဒီတွင်းပေါက်ကြီးထဲက ဓာတ်ငွေ့တွေဟာ လောင်ကျွမ်းနေခဲ့တာ အခုဆိုရင် နှစ်ပေါင်း လေးဆယ်ကျော်ပါပြီ။ တာ့က်မန်နစ္စတန်ကန္တာရကြီးကို အပူချိန်တွေ ထပ်မြင့်စေခဲ့ပြီး ညအချိန်ခါတွေမှာဆို ဒီတွင်းပေါက်ကြီး ထဲက မီးလျှံတွေကို မိုင်တော်တော်ဝေးဝေးကနေတောင် လှမ်းမြင်ရပါတယ်။ တာ့က်မန်နစ္စတန်သမ္မတ Gurbanguly Berdimuhamedow ဟာ ၂၀၁၀ ခုနှစ်က ဒီ ငရဲတံခါးပေါက်ဆီ ရောက်လာခဲ့ပြီးနောက် တွင်းပေါက်ကြီးကို ပိတ်ပစ်သင့်ကြောင်း ဒါမှမဟုတ် ဒီဒေသမှာရှိတဲ့ တခြားဓာတ်ငွေ့ သိုက်တွေအပေါ် ဒီ ငရဲတံခါးပေါက်ကြီးရဲ့ အရှိန်သက်ရောက်မှုကို တိုင်းတာသင့်ကြောင်း အမိန့် ပေးခဲ့ပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ ငရဲတံခါးပေါက်ကြီးဆီ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လေ့လာကြပြီး ကမ္ဘာလှည့်ခရီးသည်ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

Ref: Metro.co.uk,Wikipedia.org
Trend Myanmar


Via-ဦးမြင့်ခိုင်


Post a Comment