ပါကင်‌တ‌စ္ဆေ(ပုညခင်‌)

ဆရာမ ပုညခင် ရေးထားတာလေးတင်ပေးပါရစေ

....... ပါကင်တစ္ဆေ   (  ပုညခင်  )

ပထမအစတုန်းက ထိုအမျိုးသမီးကို ကျွန်မစိတ်မ၀င်စားချေ။ ကျွန်မ စိတ်ဝင်စားလောက်စရာ အချက်အလက်များလည်း သူ့မှာရှိမနေချေ။

ကျွန်မအမြင်မှာတော့ သူသည်
သာမန်သူလိုငါလို ထူးမခြားနား မိန်းမတစ်ယောက်သာ ဖြစ်သည်။ ယခုပြောပြမည့် အဖြစ်အပျက်များ မတိုင်ခင်အထိပေါ့။

ထိုအမျိုးသမီးက ကျွန်မနေထိုင်သော တိုက်ခန်းတွဲနှင့် ဘေးချင်းကပ်လျက်ရှိ တိုက်ခန်းတခန်းခန်းမှာ နေထိုင်သည်ဟု ကျွန်မသိထားသော်လဲ သူနေတာ ဘယ်အထပ်ဘယ်အခန်းဆိုတာ ကျွန်မမသိ။ သိလည်းမသိချင် သိအောင်လဲကြိုးစားအားထုတ်ခြင်းမရှိခဲ့ချေ။ နားလည်လွယ်အောင် ခေတ်စကားဖြင့်ခပ်ရှင်းရှင်းပြောရလျှင်
လုံးဝ လုံးဝကို စိတ်မ၀င်စားပါဘူးပေါ့။

လွန်ခဲ့သော ၁၀ နှစ်ခန့်က ကျွန်မထိုတိုက်ခန်းကိုပြောင်းရွှေ့လာချိန်မှာ ကိုယ့်တိုက်ရှေ့မှာ ကိုယ့်ကားကို ချောင်ချောင်ချိချိ ရပ်ထားရသည်မှာ အေးအေးလူလူ ရှိလှပေသည်။

တိုက်ရှေ့တွင် ကားငါးစီးလောက် ချောင်ချောင်ချိချိရန်ရန် နေရာရှိသည်။ ကျွန်မက ဟိုနားဒီနားလည်း အိမ်လည်သွားလေ့မရှိ။ ကိုယ့်အလုပ် ကိုယ့်အာရုံနဲ့ကိုယ် အမြဲရှုပ်နေ
တတ်သူ။ အပြင်သွားစရာရှိလျှင် တိုက်ပေါ်ကဆင်း ကားပေါ်တက်၊ အပြင်ကပြန်လာလျှင် ကားရပ် အိမ်ပေါ်တန်းတတ်သွားတတ်သူမို့ အိမ်နီးနားချင်းများနဲ့လဲ ရင်းနှီးမှုမရှိလှ။

ထိုအမျိုးသမီးကိုတော့ ကျွန်မကားအ၀င်အထွက်တွေမှာ အနီးအနားတွေ့တတ်တာကလွဲပီး မျက်နှာချင်းတောင် ဆုံခဲလှသည်။ တစ်ခါတစ်ရံမှာအိမ်ကိုဂျာနယ်ပို့သူမှတစ်ဆင့် နွားနို့ပို့သူမှတစ်ဆင့် ထိုအမျိုးသမီး စရိုက်ကြမ်းကြောင်း အိမ်ဖော်များကို နှိပ်စက်ကြောင်း အိမ်နီးချင်းများကိုပြသာနာရှာတတ်ကြောင်းကြားသိရသော်လဲမိန်းမတစ်ချို့မှာရှိတတ်သောသဘာဝမို့ထူးဆန်းတယ်လို့လဲ မထင်မိပေ။

ထိုသို့ကျွန်မဘ၀နှင့်သက်ဆိုင်မှုမရှိသော ကျွန်မလုံးဝစိတ်မ၀င်စားခဲ့သော ထိုအမျိုးသမီးသည်တစ်နေ့သောအခါမှာကျွန်မနှင့်သက်ဆိုင်လာလိမ့်မည်ဆိုတာကိုအဲ့ဒီတုန်းကတော့ကျွန်မဘယ်လို ကြိုသိနိုင်ပါ့မလဲ

ခေတ်ကာလသည် ပြောင်းလဲလို့လာလေသည်။ ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး စီမံချက်ကြောင့်ပင်လူလတ်တန်းစားတော်တော်များများကားစီးလာနိုင်သည်။

ဟိုအရင်ကဟိုက်ဘော့စ်များသာ စိးနိုင်ခဲ့သောမတ်ခ်တူးရွေငါးလိုကားမျိုးကို ခေါင်းခေါက်ပီး ၀ယ်နိုင်လေပြီ။

ထို့ကြောင့်ပင် လမ်းပေါ်မှာကားများ များလာသည့်နည်းတူကျွန်မတို့တိုက်ရှေ့ကားပါကင်ကလေးမှာလဲစည်ကားလို့လာပီ။ ရှိသည့်နေရာထက် ရပ်ရမည့်ကားအစီးရေကများလာသောအခါ ကားပါကင်နေရာ ရရှိရေးသည် ကားရှင်တို့ရဲ့နှလုံးအိမ်ကိုခြိမ်းခြောက်လာခဲ့တော့သည်။

တိုက်ခန်း၁၆ခန်းအတွက်ကားရပ်စရာနေရာမှာ ခြောက်နေရာသာရှိလော ကားရှင်တို့သည် ဦးသူထိုးစနစ်ကိုကျင့်သုံးကြရသည်။ အိမ်ပြန်နောက်ကျလို့ ပါကင်နေရာ
မရလျှင် လမ်းတစ်ဖက်ခြမ်း လမ်းဘေးနေရာများ အနီးနား အိမ်ရာဝန်းများမှာ ဝေးဝေးလံလံရပ်ရသည်။ ထိုသို့ရပ်ရခြင်းကြောင့် ကားရှင်တို့သည် အိပ်မပျော်သောညများ
အိပ်ရေးပျက်သောညများ စိုးရိမ်ထိတ်လန့်စရာ မနက်ခင်းများကို ရင်ဆိုင်ဖြတ်သန်းကြရသည်။

ညညဆို ကိုယ့်ကားတံဆိပ်ကလေးများ ခွာအခိုးခံရလေမလား ကားမှန်များ အဖြုတ်ခံရမလား ဘယ်ငနာက  ကားမောင်းရင်း ထိပါးပွတ်ဆွဲသွားလေမလဲဟု ပူရတာတစ်မျိုး
မနက်လင်းလို့ ယာဉ်ထိန်းရဲလာလျှင် ကိုယ့်ကားနံပါတ်မှတ်သွားမှာစိုးတာကတစ်မျိုး ကြောင့် စောစောထကာ ကားသွားရွှေ့ရလေသည်။ စင်စစ်မှာတော့ ရန်ကုန်မြို့မှာ
တစ်နေရာစာ ပါကင်မရှိပဲ ကားဝယ်စီးခြင်းသည် အိမ်မရှိပဲ ခွေးမွေးသည်နှင့် ဆင်တူပေသည်။

ထိုအချိန်ကာလများတွင် ရှစ်လွှာတိုက်ခန်း ၀ရန်တာလေးမှ အရိပ်ကလေးကို ကျွန်မသတိပြုမိလာသည်။ ကျွန်မအပြင်ကပြန်လာတိုင်း အပြင်သွားတိုင်း ထိုလူရိပ်ကလေးကို
မြင်တွေ့ရလေ့ရှိသည်။ ပထမတော့ အမှတ်တမဲ့ နောက်တော့အမှတ်မထင်ဖြစ်လာခဲ့ရသည်။ မကြာခင်မှာပင် ထိုအရိပ်ကလေးအကြောင်းကို ကျွန်မရဲ့အိမ်အကူ ကောင်မလေး
ပြောစကားအရ သိခွင့်ရလေသည်။

" အစ်မ ဟိုမိန်းမ ဟိုမိန်းမ တွေ့လား အမြဲထိုင်ထိုင်နေတဲ့မိန်းမ "
" ဟင် ဘယ်မိန်းမလဲ ဘာဖြစ်လို့လဲ "
" ဟိုဘက်တိုက်က အပေါက်ဆိုးဆိုး ပြသာနာအမြဲရှာတတ်တဲ့ မိန်းမလေ ဟိုဝရန်တာမှာ ထိုင်ပီး ပါကင်စောင့်နေတာလေ "
" ပါကင် စောင့်နေတာ "
" ဟုတ်တယ်လေ အမရဲ့ သူကားဝယ်ပီးထဲက တိုက်ရှေ့မှာ သူ့ကားရပ်ဖို့နေရာ သူ့ဘာသာမျဉ်းဆွဲပီးသတ်မှတ်တယ် သူ့ကားထွက်သွားတာနဲ့ အဲ့နေရာမှာ ရေပုံးတွေ
ထိုင်ခုံတွေ သစ်သားချောင်းတွေချပီး နေရာဦးထားတယ် ပီးရင် အဲ့ရှစ်ထပ်ဝရန်တာမှာထိုင်ပီး သူ့ကားပြန်မလာမချင်း သူ့နေရာကိုငုံ့ကြည့်ပီး စောင့်တော့တာပဲ
သူ့ပါကင်လို့ သူ့ဘာသာ သတ်မှတ်ထားတဲ့နေရာကို သူများကား ၀င်ရပ်လို့ကတော့ အပေါ်ကနေ လှမ်းအော်ပီး ထဘီစွန်တောင်ဆွဲဆင်းလာ ပြသာနာရှာတော့တာ
အမရေ "

ကောင်မလေးစကားကြောင့်
" သြော် လောကမှာ ဒီလိုလူမျိုးလဲ ရှိပါသေးလား "
ဟု ကျွန်မအံ့သြမိပါသည်။

ကျွန်မနားလည်ထားတာကတောိ့တိုက်ခန်း ၁၆ ခန်းရှိသည့် တိုက်ရှေ့ပါကင် ခြောက်နေရာကို ဘယ်အခန်းကမှ မပိုင်ဆိုင်ချေ။ ပိုင်ဆိုင်ခွင့်လဲမရှိ မြေညီထပ်အခန်းကလဲ
မပိုင် ရှစ်ထပ်ကအခန်းရှင်လဲမပိုင် ဘုံပိုင်ဖြစ်သော ထိုခြောက်နေရာစာ ပါကင်လေးမှာ ဦးသူရပ်စတမ်းသာဖြစ်သည်။ ဒီသဘောတရားလောက်တော့ အရွယ်ရောက်ပြိး
ဆင်းရဲချမ်းသာ အယုတ်အလတ် အမြတ်မရွေး ပညာမဲ့ ပညာတတ်မဆို နားလည်သဘောပေါက်လိမ့်မည်ဟု ယုံကြည်မိတာက ကျွန်မအမှားသာဖြစ်တော့သည်။

တစ်ချို့မြေညီထပ်အခန်းရှင်များသည် သူတို့အခန်းရှေ့ပါကင်နေရာကို သူတို့အပိုင်ဟု မျက်နှာပြောင်ပြောင်ဖြင့် သတ်မှတ်ထားကြသည်။ သူတို့ကား ထွက်သွားလျှင်လဲ
ထိုနေရာကို ဘယ်သူ့ကိုမှ အချိန်ပိုင်း နာရီပိုင်းမျှ ဝေမပေးလိုကြဘဲ တစ်နေကုန် တစ်နေခန်း ပါကင်နေရာမှာ လူလဲလို့ ပါကင်တစ်နေရာစာအတွက် သူတို့ စိတ်ဓာတ်
အဆင့်အတန်းကို ဖော်ပြကြလေသည်။

ကျွန်မကတော့ ပါကင်ဦးရမှာကို အလွန်ရှက်တတ်သူဖြစ်သည်။ ပါကင်ကို ရုပ်ပျက်ဆင်းပျက် ရန်စွယ်တငေါငေါ စောင့်ကြပ်သူများသည် ကိုယ်မပိုင်သော နေရာတစ်ခုအတွက်
ကိုယ်ဂုဏ်သိက္ခာကို ကိုယ်ပြန်ချနေသူများဟုသာ ယူဆမိသည်။

ပါကင်ဦးသူများထဲတွင် ထိုအမျိုးသမီးကတော့ အဆိုးဝါးဆုံးဖြစ်လေသည်။ ကျွန်မအပြင်ကပြန်လာချိန်တွင် သူမကို မြေပြင်အနီးတစ်ဝိုက်ဖြစ်စေ ဝေဟင်အနီးတစ်ဝိုက်ဖြစ်စေ
မကြာခဏ မြင်တွေ့ရသည်။ တစ်ခါတစ်ရံတွင် အနီးတ၀ိုက်ရှိ အခန်းရှင်များအားလုံး သူ့အကြွေးမကင်းသလို မျက်နှာထားဖြင့် သူသတ်မှတ်သော သူ့ပါကင်ကို ပတ်ပီး
လျှောက်နေတတ်သလို တစ်ခါတရံ ရှစ်လွှာဝရံတာတွင် ထိုက်ကာ သူ့နေရာကို မမှိတ်မသုန် စောင့်ကြပ်နေပုံကား မိုးကောင်းကင်နောက်ခံဖြင့် မြင်တွေ့ရလေ့ရှိသည်။

တစ်မနက်မှာတော့ ကျွန်မအပြင်သွားရန် ကားပေါ်တက်မည်ပြုစဉ် ကျွန်မတို့ကားအဖြူဘေးဘက်တွင် အချွန်တစ်ခုခုဖြင့် ခြစ်ဆွဲထားသော ခြစ်ရာအစင်းတစ်ခုကို ထင်းထင်း
မြင်လိုက်ရလေသည်။ ကျွန်မသည် ရုတ်တရက်ရင်တုန်သွားကာ

" ဟယ် မောင်ရေ ဒီမှာကြည့်ပါအုန်း အစင်းရာကြီးထင်းနေတာပဲ ဒါမတော်တဆခြစ်မိတာမျိုးမဟုတ်ဘူးမောင်ရေ တမင်ရည်ရွယ် တကူးတက သေသေချာချာ အားစိုက်ဆွဲ
ခြစ်ပစ်လိုက်တာမျိုးပဲ မောင်ကားကို မနေ့က ဘယ်မှာရပ်မိသေးလဲ "
" မနေ့ကမောင် အိမ်ကိုခဏပြန်လာတော့ မောင်တို့တိုက်ရှေ့ ပါကင်နေရာမလွတ်တာနဲ့ နေရာလွတ်နေတဲ့ ဟိုဘက်တိုက်မှာ ခဏ၀င်ရပ်ထားမိလိုက်တယ် "
" မောင်ကလဲ ဘာလို့ သူများတိုက်ရှေ့သွာံးရပ်ခဲ့ရတာလဲ "
" ဒီနားမှာတော့ ဒီလိုပဲရပ်နေကြတာလေ သူတို့တိုက်ကကားတွေလဲ မောင်တို့တိုက်ရှေ့လာရပ်တတ်တာပဲဆိုတော့ မောင်လဲခဏလေးပဲဆိုပီး ရပ်လိုက်မိတာ အရင်လည်း
ဒီလိုရပ်နေကျပါ ဘာမှမဖြစ်ပါဘူး ခုံလေးတစ်လုံးချ နေရာဦးထားတာတွေ့ပေမဲ့ ခဏပဲဆိုပီးဆင်းဖယ်ပီး ရပ်လိုက်မိတာ "

" ဟို အကိုရပ်တဲ့နေရာက မျဉ်းဆွဲထားတဲ့ နေရာလား "
" ဟုတ်တယ်လေ "

အိမ်ကကောင်မလေးက အထိတ်တလန့်ပုံစံဖြင့် ၀င်မေးလိုက်တာမို့ မောင်ကခေါင်းညိတ်ဖြေလိုက်လေသည်။ ကောင်မလေးမျက်နှာ မဲ့သွားကာ

" အဲ့ဒါဟိုမိန်းမနေရာလေအမ ပါကင်စောင့်နေတဲ့နေရာ ဒါသူ့လက်ချက်ပဲနေမှာ "
" ဘယ်လို "
" သူက သူမအားလို့ မစောင့်နိုင်ချိန်မှာ သူဦးထားတာဖယ်ပီး ၀င်ရပ်တဲ့ကားတွေကို အချွန်နဲ့ဆွဲဆွဲခြစ်ပစ်နေကျတဲ့ "
" ဟယ် ဟုတ်ပါ့မလားဟယ် အဲ့လောက်တော့ အကျင့်ယုတ်ပါ့မလား "
" အမရေ သူကအရမ်းအကျင့်ယုတ်တာ သူ့နေရာရပ်မိတဲ့ကားမှန်သမျှကို အဲ့လိုခြစ်ပစ်တာပဲ "
" နင့်ကို ဘယ်သူပြောတုန်း "
" ဒီနားမှာ ဈေးဝယ်ရင်း အဲ့ဖက်တိုက်ခန်းတွေမှာနေတဲ့ ကောင်မလေးတွေပြောသံကြားတာ သူတို့အိမ်ရှင်တွေလဲ အဲ့မိန်းမကို သိပ်မုန်းတာတဲ့ အဲ့မိန်းမလက်ချက်မှန်းလဲ
သိကြတယ်တဲ့ ဒါပေမဲ့ လက်ပူးလက်ကြပ်မမိသေးတော့ ဘာမှပြောလို့ မရဘူးတဲ့ "

ကျွန်မသည် ထိုမိန်းမနှင့်တော့ တုပဖက်ပြိုင် ရန်မဖြစ်လိုရကား ဘာမှပြသာနာအစသွားမရှာမိတော့။ တတ်နိုင်သမျှ ထိုမိန်းမနှင့် ကင်းအောင်နေမည်။ ထိုနေရာမှာ သွား
မရပ်မိစေရန်လဲ မောင့်ကိုသတိပေးရလေသည်။ ကားအစင်းရာကိုလဲ ချက်ခြင်းဆေးသွားမမှုတ်ဖြစ်သေးဘဲ ဒီတိုင်းသာ ထားထားရသေးသည်။

အိမ်နီးချင်း ဦးလေးတစ်ယောက်ပြောသည်မှာ

" ဦးတို့တော့ အတတ်နိုင်ဆုံး သူနဲ့ကင်းအောင်နေတယ် တစ်ခါလေး သူ့နေရာသွားရပ်မိတာ ဦးကားကိုအခြစ်ခံလိုက်ရတယ်လေ တစ်ခါ ဦးတူမလေး သူ့ပါကင်နေရာ
ထိုးမယ်ကြံတော့ ပြေးဆင်းလာပီး ရန်တွေ့လိုက်တာ တူမလေးမှာ မျက်လုံးအကြောင်သားနဲ့ ကြောက်လန့်နေရော ဒီနားကကလူတွေအားလုံးကလဲ သူနဲ့ရန်မဖြစ်ချင်
တာနဲ့ ဘယ်သူမှသွားမထိုးကြဘူးလေ သူနဲ့လဲ အပေါင်းသင်းမလုပ်ကြတော့ဘူး "

တစ်ခါက ကျွန်မနှင့်မောင်အပြင်ကပြန်လာခိုက် လွတ်နေသော ကားပါကင်တစ်ခုမှာ ပါကင်ထိုးမည်ပြင်လျှင် မြေညီထပ်အခန်းမှာ ထိုင်စောင့်နေသော အဒေါ်ကြီးက
မျက်နှာထိ မျက်နှာထားနှင့် ထလာကာ

" ဟေ့ဟေ့ ဒါတို့အိမ်က ကားပါကင်လေ အိမ်ကကားကခုပဲပြန်လာမှာ ကားအ၀င်ထွက်ရှိတယ် ပိတ်လဲမရပ်ပါနဲ့ "
ဟု ရန်လိုဒေါသသံဖြင့် လှမ်းအော်ပြောခြင်း ခံရလေရာ ကျွန်မသည် ဖြန်းခနဲ ဒေါသထွက်မိသည်။ ရုတ်တရက်ကားပေါ်ကဆင်းမည်ပြင်တော့ မောင်က ကျွန်မလက်ကို
လှမ်းဆွဲကာ

" ခင်လေး ဘာလုပ်မို့လဲ "
" သွားရှင်းပြမယ်လေမောင် တစ်ကယ်တော့ ဒီနေရာကို သူတို့မပိုင်ကြောင်း သွားပြောရမှာပေါ့ "
" ခင်လေးရယ် သူတို့က မသိလို့ လုပ်ကြတယ်လို့ ထင်နေတာလား "
" အင်းလေ "
" ခင်လေးရယ် သူတို့ဒီလောက်အပါ့မလား ခင်လေးကသာအနေတာ သူတို့ကမသိလို့လုပ်တာမဟုတ်ဘူး သိလျက်နဲ့ အရှက်မရှိ လုပ်နေကြတာလေ ပါကင်ဦးသူတိုင်း
မသိလို့ ဦးနေကြတာလို့ ခင်လေးကထင်နေတာလား အလိုက်တာ ခင်လေးရယ် "

မောင်ပြောသလိုပဲ ခုတော့ ပါကင်ဦးသူများဟာ မသိလို့ ဦးကြသူများမဟုတ်မှန်း ကျွန်မသိပါပီ။

အခုလဲ ပါကင်တစ်နေရာအတွက် သူမပတ်ဝန်းကျင်မှာ လူများရဲ့ ရွံမုန်းမှု ရှောင်ရှားမှုတွေကို သူမရခဲ့သည်။ အဲ့နောက်မှာတော့ ကျွန်မသည် ထိုအမျိုးသမီးနှင့် ပတ်သတ်ပီး
မုန်းရမှာကိုတောင် မေ့လျော့စွာ ဟာသအမြင်ဖြင့် တွေးတက်လာလေသည်။တစ်ဖြည်းဖြည်းနှင့်ပင် ပါကင်တစ္စေ များသည် ကျွန်မတို့အတွက် စိတ်ဆိုးစရာမဟုတ်ပဲ
သနားစရာ တရားကျစရာ ဟာသလုပ်စရာဖြစ်လာခဲ့ရသည်။

" ငယ်ငယ်တုန်းက ကစားရင်း အော်ဆိုဖူးတယ် ညောင်ပင် တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ ညောင်ကိုင်းမှာနေတဲ့ "
" ခုတော့ပြောင်းဆိုရအောင် ပါကင်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ ရှစ်လွှာကိုင်းမှာနေ "

ထိုအမျိုးသမီးကိုမြင်တိုင်း ကျွန်မပါးစပ်က ဟာသတွေပြောထွက်လာမိတတ်သည်။ မုန်းရမည့်အစား ရယ်မောလာမိသည်။

တစ်နေ့တော့ ဘယ်တော့မှမဆုံချင်သော ထိုအမျိုးသမီးနှင့် မျက်နှာချင်းဆိုင်ဆုံရမည့်အဖြစ် ရောက်ရှိရလေသည်။ အဲ့ဒီတွေ့ဆုံမှုဟာ ကျွန်မနဲ့သူ့အတွက် ပထမဆုံးနှင့်
နောက်ဆုံးတွေ့ဆုံခြင်းဖြစ်ခဲ့ပါသည်။

အဲ့ဒီနေ့ည ၁၀ နာရီ ကျွန်မအပြင်ကပြန်လာခဲ့သည်။ ကျွန်မတို့တိုက်ရှေ့ကားရပ်မိတော့ ကားပါကင်အပြည့်ဖြစ်နေပီမို့ ဖြည်းဖြည်းဆက်မောင်းလာရင်း ဘေးချင်းကပ်
တိုက်ရှေ့ကိုရောက်တော့ နေရာလွတ်တစ်ခုတွေ့သည်။ ထိုနေရာသည် ဟိုအမျိုးသမီး ကားပါကင်နဲ့ကပ်လျက်ဖြစ်သည်။ ထိုအမျိုးသမီး ပါကင်နေရာမှာသူမ
စီးနေကျကားကိုမတွေ့ရပဲ ဒီအနီးနားရပ်နေကျမဟုတ်သော MarK X ကားအနက်လေးကိုတွေ့ရသည်။ ထိုကားကအသစ်လို ပြောင်လက်တောက်ပလွန်းတာမို့
ထိုကားရှင်အစား ကျွန်မ ကြက်သီးထသွားမိသည်။ သူ့ကားပြန်မလာခင် Mark X ကား ထွက်သွားပါစေဟုသာ ဆုတောင်းပေးဖို့ တက်နိုင်လေသည်။

ကားသော့ဖြုတ်ပီး ဆင်းမယ်ကြံမှ ဖုန်းကအသံမြည်လာသည်။ နိုင်ငံခြားကသူငယ်ချင်းခေါ်သောဖုန်းမို့ ကားထဲမှာ ခဏဆက်ထိုင်ကာဖုန်းပြောနေမိသည်။ ကျွန်မကား
အနီးနားမှာတော့ လူသူရှင်းလေး နေလေပြီ။
ထိုအချိန်တွင် တိုက်လှေကားမှဆင်းလာသော ထိုအမျိုးသမီးကို ကားနောက်ကြည့်မှန်မှတစ်ဆင့် မြင်လိုက်ရလေသည်။ သူမကကားထဲမှာ ကျွန်မရှိနေတာကိုသိပုံမပေါ်။
ကျွန်မရဲ့ ကားမှန်တွေကလဲ အညို။ သူမကိုတော့ မလှမ်းမကမ်း စတိုင်းဆိုင်မှဖြာထွက်နေသောအလင်းရောင်ဖြင့် မြင်လိုက်ရသည်။

ကျွန်မကြည့်နေချိန်မှာ သူမသည် အနီးနားကို ကျီးကြည့်ကြောင်ကြည့် ကြည့်ကာ ကားနှစ်စီးကြားသို့ ကုပ်ချောင်းချောင်းချဉ်းကပ်လာလေသည်။ သူမလက်ထဲမှာလဲ
ပြောင်ပြောင်လက်လက် အရာသေးသေးလေး ကို ဖျတ်ခနဲတွေ့လိုက်ရလေသည်။

" သူငယ်ချင်း ခဏနော် ပီးမှ ငါ viber ကပဲဖုန်းပြန်ခေါ်လိုက်မယ်နော် "

ကျွန်မကသူငယ်ချင်းကိုပြောပီးဖုန်းချလိုက်သည်။ ထိုအမျိုးသမီးကတော့ ကျွန်မကားနှင့် Mark X ကားကြား မှောင်ရိပ်ကိုရောက်ရှိလာခဲ့ပီ။ သူမကခပ်ပြောင်ပြောင်
အချွန်လေးတစ်ခုဆုပ်ကိုင်ထားသော သူမရဲ့လက်ကို Mark X ကားဘေးသို့ ဖျတ်ခနဲ ကပ်လိုက်စဉ်မှာ ကျွန်မက ဆတ်ခနဲ ကားတံခါးဖွင့်ထွက်ကာ သူမရှေ့
ရပ်လိုက်ပါသည်။

" အမ ဘာပျောက်လို့လဲ "
" ဟင် "
" ကားနားမှာ တစ်ခုခုကျကျန်ခဲ့လို့လားအမ ကူရှာပေးရမလား "
" ရ ရပါတယ် မနက် မနက်မှပဲ ရှာတော့မယ် "

သူမက ကျွန်မရှေ့မှ ချာခနဲလှည့်ကာ တိုက်လှေကားသို့ အပြေးတပိုင်းထွက်ခွာသွားသည်။ မပီတပီ အလင်းရောင် တစ်ဝက်တစ်ပျက်ဖြင့်မြင့်လိုက်ရသော သူမရဲ့
ထိတ်လန့်တုန်လှုပ်နေကာ သိမ်ငယ်နေသောမျက်နှာက ကျွန်မအာရုံထဲမှာ စွဲထင်လာတာ ဘာကြောင့်မှန်းမသိ ရင်ထဲတစ်မျိုးကြီး ဖြစ်ကျန်ခဲ့ရလေသည်။

လမ်းမဆီက အုန်းခနဲ အသံကြီးတစ်ချက်နှင့်အတူ ထိုနေ့မနက်ခင်းမှာ ကျွန်မအိပ်ရာမှ နိုးလာခဲ့ရသည်။

" ဘာဖြစ်ပြန်ပီလဲ မသိဘူး "
" ကားတိုက်ပြန်ပီ ထင်တယ် "

ကျွန်မတို့ ၀ရန်တာမှာရပ်ပီး အသံလာရာသို့လှမ်းကြည့်မိလျှင် ဟိုအမျိုးသမီး ကားပါကင်အနီးတွင် ၀ိုင်းအုံနေသော လူများနှင့်အတူ ခေါင်းခန်းတစ်ခုကြေမွနေသော
ကားအဖြူနှင့် ထိုကားကို အရှိန်လွန်ဝင်တိုက်ခဲ့ပုံရသော ဘတ်စ်ကားကြီးတစ်စီးကို တွေ့လိုက်ရလေသည်။

" ဟို ဟို ဟိုမိန်းမကား အဲ့ဒါဟိုမိန်းမကား အမယ်လေး သေပီထင်တယ် "

ကျွန်မတို့နောက်မှရပ်ကြည့်နေသော အိမ်ဖော်ကောင်မလေးက ထိုနေရာသို့မျက်လုံးပြူးကာ အထိတ်တလန့် ရေရွတ်လိုက်သည်။ ကျွန်မရင်ထဲ ဒိန်းခနဲခုန်သွားသည်။
မောင်ကအိမ်ပေါ်မှ ခပ်သွက်သွက်ပြေးဆင်းသွားသည်။ ကျွန်မကတော့ စိတ်နှလုံး ထုံဟုန်ပြာဝေလျက် ထိုမြင်ကွင်းကိုသာ တုန်လှုပ်မှင်သက်စွာ ငေးစိုက်ကြည့်နေမိ
လိုက်လေသည်။

" လွန်ခဲ့သော တစ်လခန့်က ဘ၀တစ်ပါးသို့ ပြောင်းသွား ကွယ်လွန်ခဲ့သော............. "

ဘုန်းကြီးရဲ့ တရားပြသံသည် ကားပါကင်လေးတစ်ဝိုက် တီးတိုးပျံ့လွင့်နေသည်။ ကျွန်မကတော့ ဘယ်တုန်းကမှ မပတ်သက်ချင်ခဲ့သော မိန်းမတစ်ယောက်ရဲ့ ၀ိညာဉ်
အတွက် အမျှပေးဝေဖို့ ကားပါကင်ပေါ် ခင်းထားသည့် ပလတ်စတစ်ဖျာလေးပေါ်မှာ ထိုင်လျက်ရှိသည်။ ကျွန်မလိုပဲ ထိုမိန်းမကြောင့် ခြစ်ရာကိုယ်စီရှိခဲ့ဖူးသော
ကားများရဲ့ ပိုင်ရှင်များလည်း ထိုနေရာလေးမှာ စုဝေးနေခဲ့သည်။

မနက်စောစော အပြင်သွားရန် သူမစွဲလမ်းတွယ်ငြိရာ ပါကင်နေရာမှ အလျင်စလို မောင်းထွက်ချိန်မှာပင် ဘရိတ်ပေါက်လာသော ဘတ်စ်ကားကြီး တစ်စီးက သူမရဲ့
ကားဦးခေါင်းပိုင်းကို သူမနဲ့အတူ မွမွကြေစေခဲ့သည်။

ထိုနေ့ ထိုရက်မှအစပြုကာ ပတ်ဝန်းကျင်ရဲ့ အမုန်းများနှင့်အတူ သူမအပိုင်စားရခဲ့သော သူမရဲ့ ဂုဏ်သိက္ခာဖြင့် စတေးပေးဆပ် လဲလှယ်ခဲ့ရသောကားပါကင်နေရာလေးသည်
ကျန်ရစ်သူ ကားရှင်များရဲ့စိတ်နှလုံးကို ခြောက်လှန့်ခဲ့သည်ဟု ဆိုကြသည်။

ထိုနေရာတွင် ကားသွားရပ်မိပါက ရုတ်တရက် ကြက်သီးဖြာထလာတာမျိုး တစ်ခါတစ်ရံ ညသန်း
ခေါင် အချိန်တွင် အပေါ်ထပ်အခန်းများမှ ထိုနေရာသို့လှမ်းကြည့်မိလျှင် လူရိပ်လိုလိုပျောက်သွားတာမျိုး၊ ထိုပါကင်တွင် ကားပါကင် ထိုးမိသည့်အခါ အနီးနားရှိ ကားများနှင့်
ပွတ်တိုက်မိတာမျိုး ကြုံတွေရသောကြောင့် ထိုနေရာလေးမှာ တရားနာ အမျှဝေဖို့ အစီစဉ်ဖြစ်လာရသည်ဟုဆိုလေသည်။

ကျွန်မသည် ကားဘော်ဒီရုံရှေ့တွင် ရပ်တန့်ရင်း ဘော်ဒီရုံထဲမှာု ထွက်လာသော ကျွန်မကား အဖြူလေးကို လှမ်းကြည့်နေမိသည်။ ကျွန်မကားဘော်ဒီဘေးတွင် ရုပ်ဆိုးသော
ခြစ်ရာကြီးလည်း ရှိမနေတော့။ ကားကိုမောင်းယူလာသော ၀န်ထမ်းလေးက ကားသော့ကို လှမ်းပေးရင်း

" အမ သေချာစစ်ကြည့်ပါ ကျွန်တော်တို့ အော်ရီဂျင်နယ်အတိုင်းဖြစ်အောင် သေချာလုပ်ပေးထားပါတယ်။ ဆေးပြန်မှုတ်ပီးပေါင်းရုံထဲထည့်ပီး အခြောက်ခံထားတာပါခင်ဗျ "

အသစ်စက်စက်ပမာ ပြောင်ဝင်းတောက်ပနေသော ကားကိုမောင်းထွက်လာရင်း ကျွန်မအတွေးထဲကို ဟိုအမျိုးသမီးက၀င်ရောက်လာခဲ့ပါသည်။ သူမက ကျွန်မကားကို
ခြစ်ခဲ့သူဖြစ်သည်။ ကျွန်မက အခြစ်ခံရသူဖြစ်သည်။ ကျွန်မကားဘေးတွင် အစင်းရာကြီးရှိနေစဉ်တုန်းကတော့ ထိုအရာကြီးကိုမြင်တိုင်း ကျွန်မသူမကို သတိရမိတတ်သည်။
ခုတော့ကျွန်မကားတွင် အစင်းရာကြီးလဲရှိမနေတော့။ အရင်ကထက်တောင် ပိုမိုပြောင်ဝင်းလှပလာသေးသည်။

လူဘ၀တွင်လဲ ထိုသို့သာပဲမဟုတ်လား။ တစ်ခါတစ်ရံသူတစ်ပါး မကောင်းကြံတာခံရလေတိုင်း ကိုယ့်ဘ၀ယိုယွင်းပျက်စီးသွားတာမဟုတ်ချေ။ ခဏသာနာကျင်ရခက်သော်လဲ
တစ်ချိန်မှာ ပိုမိုတောက်ပလာနိုင်သေးသည်။ အဲ့ဒီအခါများမှာ တစ်ချိန်က နာကျင်ခဲ့ဖူးသည်ဆိုတာလေးတစ်ခုသာ အမှတ်ရစရာကျန်တတ်ပြီး ပိုမိုတောက်ပသော အနာဂတ်
ဘ၀ကြီးကို ပျော်ရွှင်စွာ ပိုင်ဆိုနိုင်ပါသေးသည်။

ထိုအမျိုးသမီးရဲ့ အဖြစ်အပျက်က ကျွန်မကို အတွေးသံဝေဂများစွာရစေခဲ့ပါသည်။

ရာသီဥတုသာယာကာ လေပြည်လေညင်း တိုက်ခတ်သည့် နေ့ရက်များတွင် ကျွန်မသည် ကျွန်မအခန်းဝရန်တာလေးတွင်ရပ်တန့်ကာ ကြည်လင်သာယာသော ကောင်းကင်ကို
ငေးမောရင်းထိုအမျိုးသမီးပိုင်ဆိုင်ခဲ့ဖူးသောကားပါကင်နေရာလေးဆီအကြည့်ရောက်မိတတ်သည်။

အခုတော့ ကျွန်မတို့အနီးတ၀ိုက်တွင် ပါကင်ဦးသူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့တော့ပါ။

ကျွန်မကတော့ ထိုနေရာလေးဆီ အကြည့်ရောက်မိတိုင်းထိုအမျိုးသမီးကိုသတိရမိမြဲဖြစ်လေသည်။

ဝတ္ထု  - ပုညခင်

Post by thet tant tar yar

Post a Comment