****ဝိညာဉ်ဖော်ထုတ်သော အမှန်တရား****
(ဖြစ်ရပ်မှန်) [စ/ဆုံး]
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာလူငယ်လေး၏ ကိုယ်တွေ့ဖြစ်ရပ်။
အခန်း-(၁)
"ပိုင်ဇေကလဲကွာ ဘာလို့အလုပ်ထွက်မှာလဲ၊ငါတို့သူငယ်ချင်းတွေ အလုပ်အတူတူလုပ်နေရတာ
ဘယ်လောက်ပျော်စရာကောင်းလဲ"
အေးချမ်းက ပြောတော့ သိန်းထူးနှင့် မင်းဟိန်းတို့က
ဝိုင်းပြီး ထောက်ခံကြသည်။
"အေးလေကွာ၊မင်းကလည်း"
အကုန်ပြောနေကြသော်လည်း ပိုင်ဇေက မှိုင်တိုင်တိုင်နဲ့
ဘာမှလည်း ပြန်မပြော၊ငုတ်တုတ်။
"ဟေ့ကောင် ငါတို့ပြောနေတာ ကြားရောကြားရဲ့လား"
သိန်းထူးက ပိုင်ဇေ့ပုခုံးကိုလှမ်းပုတ်ပြောတော့
"အေးပါကွာ ငါလည်း မင်းတို့နဲ့ မခွဲချင်ပါဘူး၊ငါ့ကို
ချစ်တဲ့ သူဋ္ဌေး လေ၊မင်းတို့သိတယ်မလား"
အေးချမ်းတို့က ခေါင်းညိမ့်ပြတော့ ပိုင်ဇေက စကားပြန်
ဆက်သည်။
"သူ့မှာ ရာဘာခြံလုပ်ငန်းတွေရော ရှိတယ်လေကွာ၊
အဲ့ဒါ ငါ သူ့ ရာဘာခြံမှာ အလုပ်သွားလုပ်မှာ၊ငါ ဒီအလုပ်ရုံမှာလုပ်တာ စိတ်မပါတော့ဘူး၊ပိုက်ဆံလည်း သိပ်မရဘူးကွ"
ပိုင်ဇေက ထိုင်းစကားနည်းနည်းပြောတတ်တော့
အဆင်ပြေသည်ပြောရမည်။
သူ့ကိုအလုပ်ခေါ်သော သူဋ္ဌေးက တပည့်အရင်းတစ်ယောက်လို ချစ်သည်။
ပိုင်ဇေက ဆုံးဖြတ်ပြီးနေတော့ အေးချမ်းတို့ ဘာမှမပြောကြတော့။
"အေးပါကွာ မင်းသဘောပါ၊ငါတို့ကို အဆက်အသွယ်မဖြတ်နဲ့"
မင်းဟိန်းကပြောတော့ ပိုင်ဇေက
"အေးပါကွာ၊ငါ့ဆီ အလည်လာခဲ့ကြဦး၊ ဒီနေ့ မင်းတို့ကို နှုတ်ဆက်တဲ့အနေနဲ့ ဘီယာဝယ်တိုက်မယ်"
"ဟယ် ဂယ်ကြီး၊ဒါမှ တို့ကိုကို"
သိန်းထူးက ထပြောပြီး ပိုင်ဇေ့ကိုဆွဲဖက်လိုက်သည်။
"ဟား ဟား "သိန်းထူးအမူအရာကြည့်၍ တဖွဲ့လုံးပွဲကျသွားကြသည်။
ထိုအပျော်တို့၏ နောက်ကွယ်က ကံကြမ္မာဆိုးကြီး
ဝင်မွှေတော့မည်ကို သူတို့ မသိကြ.......
^^^^^^^^^^
"ကျွန်တော်လေ အဲ့ဒီအချိန်လေးတွေကို ပြန်သွားချင်တယ်၊ဖြစ်နိုင်ရင် ကျွန်တော် အသက်ပြန်ရှင်ချင်တယ်၊
ကျွန်တော် အဲ့ဒီနေ့က အိမ်မပြန်ခဲ့သင့်ဘူး"(ဝိညာဉ် တစ်ကောင်၏ ငိုရှိုက်သံ)
^^^^^^^^^^
အခန်း-(၂)
ပိုင်ဇေ သူ့လက်ထဲက စားစရာအထုပ်လေးတွေနဲ့
ညီမလေးအတွက် ကစားစရာအရုပ်လေးကိုကြည့်၍
ပြုံးမိသည်။ညီမလေး ဘယ်လောက်ဝမ်းသာလိုက်မလဲ။
အမေ့ကို ထုတ်လာတဲ့လုပ်အားခတွေနဲ့ ကန်တော့မယ်။
အလုပ်ပြောင်းတော့မှာကို ပြောမည်။
အမေ မျက်ရည်တွေနဲ့ သားကို ဆုတွေပေးမှာကို
မြင်ယောင်သေး။ဟိုလူကြီးမရှိရင် သိပ်ကောင်းမှာပဲ။
စိတ်ထဲက ဦးစိုင်းမောင်ကို တွေးလိုက်တော့ မျက်နှာက
အပြုံးတွေ ပျောက်ကွယ်သွားသည်။အဖေက
ပိုင်ဇေ (၁၆) နှစ်အရွယ်တွင် အလုပ်ထဲမှာ မတော်တဆ
ဖြစ်၍ ဆုံးသွားသည်။ပိုင်ဇေလည်း အဖေဆုံးပြီးကတည်းက သူငယ်ချင်းတွေနဲ့ အလုပ်လိုက်လုပ်သည်။ဖြစ်နိုင်လျှင် မြန်မာနိုင်ငံကို ပြန်ချင်ပြီ။
ညီမလေးကို စာတတ်စေချင်သည်။
အဖေမရှိတော့ ပိုင်ဇေ ကုန်းရုန်းအလုပ်လုပ်ပြီး
အမေတို့ကိုလုပ်ကျွေးခဲ့သည်။
အမေ နောက်အိမ်ထောင်ပြုခဲ့သည်။ဦးစိုင်းမောင်တဲ့၊
တိုင်းရင်းသားဖြစ်သည်။ပိုင်ဇေ အမေ့ကိုအပြစ်မပြောခဲ့ပေ။အဲဒီကတည်းက တပတ်တခါလောက်သာ အိမ်ပြန်
တော့သည်။ပိုက်ဆံထုတ်သည့်ရက်ဆိုလျှင် အမေတို့ဖို့
စားစရာတွေ ဝယ်၊ပိုက်ဆံအပ်ပြီးတာနှင့် အလုပ်ရုံမှာ
သူငယ်ချင်းတွေနဲ့ သွားအိပ်သည်။
အတွေးတို့က ဆူညံသံတွေကြောင့် အတွေးစပြတ်သွားသည်။
အိမ်ဆိုပေမယ့် ဟိုဘက်နဲ့ဒီဘက် ကပ်ရပ်တွဲထားသော အိမ်ခန်းများဖြစ်သည်။အခန်းတွေကလည်း သိပ်မကျယ်။မိသားစုဝင်အများကြီးဆို နေရထိုင်ရ ကျပ်တည်းသည်။
"ဟင် ဒါ အမေ့ငိုသံ"
ပိုင်ဇေ အမြန်ပြေးတော့သည်။
အိမ်ထဲရောက်တော့ ပထွေး ဦးစိုင်းမောင်က မူးပြီး
အမေ့ကိုရိုက်နှက်နေသည်။ဘေးကိုကြည့်တော့
ညီမလေးက ငိုနေသည်။ပိုင်ဇေ လက်ထဲက အထုပ်တွေကို ပစ်ချခဲ့၍
ပထွေးကို ပြေးတွန်းသည်။ဦးစိုင်းမောင် ယိုင်ပြီး ပစ်လဲသွားသည်။
"အောင်မာ မင်းကများ ၊တွေ့မယ်"
ဦးစိုင်းမောင် ကျုံးထလိုက်သည်။
"သားရယ် မလုပ်ပါနဲ့၊အမေ့ထိုက်နဲ့ အမေ့ကံပါ"
အမေဝင်ဆွဲသော်လည်း ပိုင်ဇေမရတော့။
ဒီလူကြီး သည်းခံလာတာများပြီ။
ဇွတ်ရုန်းပြီး ဦးစိုင်းမောင်ကို ဆွဲထိုးတော့သည်။
အရပ်ထောင်ထောင်မောင်းမောင်းနှင့် ဗလကောင်းသော ပိုင်ဇေကို ဦးစိုင်းမောင် မယှဉ်နိုင်။
အတုံးအရုံးခံရတော့သည်။
ပိုင်ဇေ့ကို အမေက ဆွဲ၍
"တော်ပါတော့ သားရယ်"
ပိုင်ဇေ အမေ့မျက်နှာကို လှည့်ကြည့်၍ ဒေါသလျှော့လိုက်သည်။
"အေး ပိုင်ဇေ၊မင်း တနေ့ ငါ့အကြောင်းသိမယ်"
ဦးစိုင်းမောင် ပါးစပ်ထဲမှသွေးတွေကို ထွီခနဲထွေး၍
အပြင်ထွက်သွားသည်။
"သားရယ် သား ဒုက္ခရောက်တော့မယ်၊သူက လူမိုက်
ငါ့ သားလေးကို အငြိုးထားရင် ဒုက္ခပါပဲ၊ အမေ့အမှားတွေပါ သားရယ်"
အမေငိုတော့
"အမေရယ် မငိုပါနဲ့၊သား သူ့ကို မကြောက်ပါဘူး၊"
ပြောပြီး ငိုနေသော ညီမလေးကို သွားပွေ့လိုက်သည်။
ညီမလေးနှင့်သူက တော်တော်အသက်ကွာသည်။
ညီမလေးကို ငယ်ငယ်ရွယ်ရွယ်နှင့် စိတ်ဒဏ်ရာ မရစေချင်။
"ဟင်း"သက်ပြင်းချလိုက်၍
မပြည့်စုံတဲ့ဘဝကို အမြန်ကုန်ဆုံးချင်ပြီ။
^^^^^^^^^^^^^^^^^^
"အမေ သားလေ ဒီဘဝ ဒီအမျှနဲ့ ဝဋ်ကြွေးတွေကျေချင်ပြီ" (ဝိညာဉ်တစ်ကောင်၏ငိုရှိုက်သံ)
^^^^^^^^^^^^^^^^^^^^
အခန်း(၃)
အေးချမ်းတို့ဒီနေ့လာမည်တဲ့
ပိုင်ဇေ ရာဘာခြံထဲမှာရှိသော အစောင့်တဲအတွင်းတွင်
စောင့်နေသည်။
ဒီနေ့ ဘာဖြစ်နေသည်မသိ။စိတ်ထဲမကောင်းမိပေ။
အမေနဲ့ ညီမလေးကို တွေ့ချင်နေသည်။
ထိုစဉ်
တဲရှေ့မှခေါ်သံကြားလိုက်ရသည်။
"ညီလေးရေ ညီလေး"
ပိုင်ဇေ အပြင်ထွက်လိုက်သည်။မြန်မာလူမျိုးတစ်ယောက်နှင့် ထိုင်းလူမျိုးတစ်ယောက်၊ပုံစံတွေက မိုက်တိမိုက်ကန်းပုံစံတွေနှင့်
ပိုင်ဇေ သတိထားနေလိုက်သည်။
"ဟုတ်ကဲ့ ဘာကိစ္စရှိလို့လဲ"ပိုင်ဇေမေးလိုက်သည်။
တစ်ယောက်က အနားကပ်လာပြီး
"ကိစ္စကတော့ မင်းကိုသတ်ဖို့"ပြောပြီး
ပိုင်ဇေ့ဗိုက်ကို ထိုးလိုက်သည်။
"အင့်"
ပိုင်ဇေ နာကျင်သွားသော်လည်းကိုယ့်ကိုကိုယ်သတိ
ထိန်းရင်း ပြန်မတ်လိုက်သည်။
"ကောင်လေး မင်းတော်တော်မာပပဲ"လူစိမ်းကပြောပြီး
"ဆရာရေ"လှမ်းခေါ်လိုက်သည်။
"ဟင် ဦးစိုင်းမောင်" ပိုင်ဇေ ပြောပြီး
တအံတသြကြည့်နေသည်။ဦးစိုင်းမောင်နောက်က
လူခုနစ်ယောက်လောက်ပါသည်။လူမိုက်တွေဖြစ်မည်။
"ဟား ဟား မင်းပထွေးလေ၊မှတ်မိတယ်မလား၊ဟေ့ကောင်တွေ ဆော်တော့"
ဦးစိုင်းမောင်လှည့်ပြောတော့ လူမိုက်တွေအကုန် သူ့ဆီ
ပြေးလာသည်။ပိုင်ဇေပြန်ခုခံသော်လည်း
အများနှင့်တယောက် ဘယ်လိုမှမနိုင်တော့ချေ။
ပိုင်ဇေ လဲကျသွားသည်။လူမိုက်တွေက
သူ့ကို ဝိုင်းကန်နေတုန်း
"ဟေ့ကောင်တွေ ဒီမလောက်လေးမလောက်စားလေးကို ဆွဲမလိုက်စမ်း"ဦးစိုင်းမောင်အမိန့်ပေးသမျှ
သူ့လူတွေက လိုက်လုပ်သည်။
"အား ဦးစိုင်းမောင် ခင်ဗျား မယုတ်မာနဲ့"
ပိုင်ဇေ နာကျင်သမျှကို အံကြိတ်ပြီးပြောသည်။
"ဟား ဟား မင်းက ငါ့ကို ဘာမှတ်နေတာလဲ၊ငါ့ကိုမင်းထိုးခဲ့တာလေ၊မင်းမေ့ပေမယ့် ငါမမေ့ဘူးကွ၊မှတ်ထား
စိုင်းမောင်က မြွေပွေးလိုလူကွ၊မထိရင် ဘာမှမလုပ်ဘူး၊
ထိလို့ကတော့ ယင်ကောင်တောင်အလွတ်မပေးဘူး၊
မင်းအမေမျက်နှာကို မထောက်ဘူး၊မပူပါနဲ့၊မင်းကိုအသေမသတ်ဘူး၊မင်းခံစားရတာကို ငါထိုင်ကြည့်နေဦး
မှာ"ပြောပြီး ဓားရောင် လက်ခနဲတွေ့လိုက်သည်။
"အား" ပိုင်ဇေ လဲကျသွားသည်။
"ဟား ဟား ဟား"ဦးစိုင်းမောင် ရယ်နေသည်။
..............................
"ဟိုရှေ့က ခြံနဲ့တူတယ်၊"သိန်းထူးက ပြောတော့
"အေး ဟုတ်တယ်ထင်တယ်၊ဒီနားက လူပြတ်လိုက်တာ
ငါတောင် ကျောချမ်းတယ်"မင်းဟိန်းက ပြောရင်း
ခြံရှေ့ရောက်တော့ အေးချမ်းက
"မင်းတို့အရင်ဝင်ချင်ဝင်နှင့်၊ ငါ ဟိုနားက မုန့်ဆိုင်မှာ
ဆေးလိပ်သွားဝယ်လိုက်ဦးမယ်၊"
"မုန့်ပါဝယ်ခဲ့"မင်းဟိန်းက လှမ်းမှာသည်။
အေးချမ်းဆိုင်ကယ်နဲ့ပြန်လှည့်သွားတော့ နှစ်ယောက်ထဲ
ပဲ ခြံထံဝင်ခဲ့တော့သည်။
"ဟင်" သိန်းထူးလန့်သွားသည်။
"ဟိုမှာ လူတွေ ၊ပိုင်ဇေ လဲနေတယ်ကွ"
မင်းဟိန်းတို့ ရိုးရိုးသားသားမှတ်၍ အထဲကို ဆက်ဝင်သွားသည်။
"မလာနဲ့ သွား"ပိုင်ဇေ လှမ်းအော်သည်။
သို့သော် နောက်ကျသွားပြီ။
သိန်းထူးတို့ပြန်လှည့်၍ မရတော့။
ဦးစိုင်းမောင် သေနတ်ထုတ်၍ ချိန်ထားတော့သည်။
"ဟာ ဦးလေးရယ် မလုပ်ပါနဲ့၊ကျွန်တော်တို့မှာ ဘာအပြစ်ရှိလို့လဲ"
မင်းဟိန်းက တောင်းပန်တော့
"ဟား ဟား မင်းတို့ကိုလွှတ်ပေးရင် ငါ အဖမ်းခံရမှာပေါ့ ဒီတော့ကာ "
ဦးစိုင်းမောင် သေနတ်မောင်းတင်ပြီး ပစ်လိုက်တော့သည်။
"ဒိုင်း ဒိုင်း"
မင်းဟိန်းနဲ့ သိန်းထူး လဲကျသွားသည်။
"မင်းဟိန်း သိန်းထူး၊ဟီး ဟီး ၊ငါ့ကြောင့် ငါ့ကြောင့်ပါ၊
ငါ့ကိုခွှင့်လွှတ်ကြပါ"
ပိုင်ဇေ သွေးအိုင်ထဲမှာ လဲကျရင်း ငိုနေသည်။
"ဟား ဟား ဟား"
ဦးစိုင်းမောင်ကတော့ တဟားဟား ရယ်မောနေသည်။
...............
အေးချမ်း ဆိုင်ကယ်နှင့် ခြံထဲ ဝင်လာတုန်း
သေနတ်သံတွေနှင့် အော်သံတွေ ကြားလိုက်ရသည်။
"တခုခုပဲ"လို့တွေးရင်း ဆိုင်ကယ်ရပ်ကာ ခြေလျင်ဝင်လာလိုက်သည်။
တဲတော့ လှမ်းမြင်နေရပြီ။
ရှေ့ကို ထပ်လျှောက်လာရင်း
"ဟင် " သိန်းထူးနဲ့မင်းဟိန်း ဆိုင်ကယ်နားမှာ
လဲကျနေသည်။လူအများကြီးကိုလဲ တွေ့လိုက်ရသည်။
အေးချမ်း အခြေအနေကို နားလည်သွားပြီး
ဘေးရှိ သစ်ပင်ကို ပြေးကပ်ပြီး ပုန်းနေလိုက်သည်။
"ဟိုမှာ ပိုင်ဇေပပဲ၊သွေးတွေနဲ့ မြေကြီးပေါ်မှာ တစောင်းလေးလဲနေတယ်"
သူ့ဘေးမှာ လူတွေဝိုင်းလျက်
"သူ့ပထွေးပပဲ၊မဖြစ်ဘူး ငါ ရဲ ကိုသွားအကြောင်းကြားမှ"
အေးချမ်း ခြေဖော့၍ နောက်ကိုပြန်ဆုတ်သည်။
"ဂျွတ်" သစ်ကိုင်းခြောက် တက်နင်းလိုက်မိသည်။
"ဟေ့ကောင်တွေ ဟိုမှာ လူ လိုက်ကြစမ်း"
ဦးစိုင်းမောင်အော်တော့ သူ့လူတွေ ဆိုင်ကယ်သွားယူကြတော့သည်။
အေးချမ်းကတော့ အသားကုန်ပြေးပြီး ဆိုင်ကယ်ဆီရောက်တော့ မောင်းပြေးတော့သည်။
မောင်းရင်း နောက်လှည့်ကြည့်တော့
ခပ်လှမ်းလှမ်းမှာ ဆိုင်ကယ်လေးစီးနဲ့၊
အေးချမ်း ဇွတ်မောင်းတော့သည်။
"ဟာ ဟိုမှာ ရဲစခန်း ရောက်တော့မယ် ဟေ့ကောင်တွေ ပြန်လှည့်"
လူဆိုးအဖွဲ့ထဲက ခေါင်းဆောင်ကအော်တော့၊အကုန်လှည့်ပြေးတော့သည်။
အေးချမ်းလည်း ရဲစခန်းထဲဝင်ပြီး တိုင်ကြားတော့သည်။
........
"ဒီတခါ မင်းအလှည့်၊ဟား ဟား"
ပိုင်ဇေကို သေနတ်နဲ့ချိန်ရင်း ရယ်နေသည်။
"ခင်ဗျားကြီး တသက်မကျေဘူး"
ပိုင်ဇေ စကားပြောရတာ အားမပါတော့၊တိုးတိုးလေးသာ ထွက်တော့သည်။ခေါင်းတွေလည်း မူးနောက်နေပါပြီ။
ဗိုက်က ဓားတန်းလန်းနှင့် နာကျင်နေပြီဖြစ်သည်။
သွေးတွေလည်း အိုင်ထွန်းနေသည်။
"ဟား ဟား သေစမ်း၊ဒိုင်းးးး"
ပိုင်ဇေ့ နှလုံးတည့်တည့်ကို ပစ်ချလိုက်သည်။
"ဒီကောင့်ကို မခဲ့"ပြောတော့
ကျန်ခဲ့သော တပည့်တစ်ယောက်က ထမ်းလာသည်။
"ဟား ဟား မင်း တစ္ဆေဖြစ်သွားတောင် စကားမပြောနိုင်တဲ့ တစ္ဆေဖြစ်ရမယ်ကွ၊ဟား ဟား၊ငါပြောထားသလို
သူ့ကို မှောက်ရက် ကျင်းထဲထည့်လိုက်"
ဦးစိုင်းမောင် ခိုင်းသမျှ တပညိ့ကလည်း လုပ်သည်။
"မြန်မြန်ဖို့"
"ဟုတ်၊ဆရာ ဟိုအလောင်းနှစ်လောင်းကရော ဘယ်လိုလုပ်လိုက်ရမလဲ"
တပည့်က မေးတုန်း လိုက်သောသူတွေ ပြန်ရောက်လာသည်။
"ဆရာ လွတ်သွားတယ်"
ဦးစိုင်းမောင်က ထိုသူတို့ကို ဒေါသမျက်လုံးနှင့် လှမ်းကြည့်ပြီ
"ထားလိုက် ငါတို့မှာ အချိန်မရှိတော့ဘူး၊သူတို့က
မထင်မှတ်ပဲ သတ်မိတာဆိုတော့ တွင်းမှကြိုမတူးရသေးတာ၊မြန်မြန်ဖို့ကွာ"
"ဟုတ် ဟုတ်"
"မှတ်ထားကွ၊ငါ ဘယ်လောက်အငြိုးအတေးကြီးတာ
သိပြီလား ပိုင်ဇေ"
ဦးစိုင်းမောင် တဦးဦးကို ပြောနေသလို မျက်လုံးပြူးပြောနေသည်။
"ပြီးပြီ ဆရာ "
"သပ်သပ်ရပ်ရပ်လုပ်ခဲ့၊သွားမယ်"
ဦးစိုင်းမောင်တို့သုတ်သုတ် သုတ်သုတ်နှင့် ထွက်သွား
သည်။
သူတို့နောက်က ဝိညာဉ်တစ်ကောင်လိုက်လာသည်ကို မသိကြ။
^^^^^^^^^^^^^^^^^
အမေရယ် မငိုပါနဲ့၊အမေ့အမှား မဟုတ်ပါဘူး
သား ကျေနပ်ပါတယ်အမေ၊အမေ့ကို အပြစ်မတင်ပါဘူး
(ဝိညာဉ်တစ်ကောင်၏ ငိုရှိုက်သံ)
^^^^^^^^^^^^^^^^^^
ရဲတွေရောက်လာတော့ ပိုင်ဇေ့အလောင်းမတွေ့တော့၊
ရဲတွေလည်း စစ်ဆေးစရာရှိတာ စစ်ဆေးနေကြသည်။
ဦးစိုင်းမောင်ကို လိုက်ဖမ်းကြတော့ ဘယ်ခြေရာဖျောက်သွားသည်မသိ။ရှာကိုမတွေ့တော့။
အေးချမ်းတို့ ပိုင်ဇေ့အမေကို သွားအကြောင်းကြား
သည်။
ပိုင်ဇေ့အမေကတော့ သူ့ကိုယ်သူအပြစ်တင်ရင်း ငိုရှိုက်နေသည်။မအေငိုတော့ ပိုင်ဇေ့ညီမလေးကပါ လိုက်ငိုနေရှာသည်။အေးချမ်း သူတို့ကိုကြည့်၍ စိတ်မကောင်း
"အမေ ကလည်း မငိုပါနဲ့၊ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့ နော် အမေ နော်"
ပိုင်ဇေချော့ချင်ပေမယ့် သူ့ပါးစပ်က အသံမထွက်၊
အေးချမ်းကိုလှမ်းကြည့်တော့ မျက်လုံးတွေက ကြောင်နေပြီး ငိုင်ငိုင်ကြီး ထိုင်နေသည်။
"ဘာလို့ ငါ့ကို မမြင်ကြတာလဲ၊အီး ဟီး ဟီး"
စိတ်ထဲကသာ ပြောနိုင်ပေမယ့် အသံကမထွက်။
"ငါ့အဖြစ်က ဆိုးလိုက်တာ"
..........
"ဖြစ်ပါ့မလား အေးချမ်းရယ်၊မင်းကြည့်ရတာ
မျက်တွငိးဟောက်ပက်နဲ့၊ပိန်ကျသွားလိုက်တာလည်း
ကြည့်ဦး"
အလုပ်သမားခေါင်းဆောင် ကိုမောင်လှက ဂရုဏာသက်စွာ ပြောနေသည်။အေးချမ်းခမျာလည်း အဖြစ်အပျက်ဆိုးကြီး ဖြစ်ပြီးကတည်းက
ညဘက်တွေဆို အိပ်မပျော်တော့ပေ၊မျက်လုံးကြီးက
ကြောင်ပြီး အရူးအတိုင်းကို ဖြစ်နေသည်။
"ရပါတယ် အကိုရယ်၊ကျွန်တော့်သူငယ်ချင်းတွေရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ချင်လို့ပါ"
အေးချမ်းကို တားမရ၍ ခေါ်ခဲ့ရတော့သည်။
.............
ပိုင်ဇေ့အလောင်းကတော့ ရှာကြတုန်းပင်၊
သိန်းထူးနဲ့ မင်းဟိန်းကို ဒီနေ့ သင်္ဂြိုလ်ကြမည်ဖြစ်သည်။
အားလုံးစိတ်မကောင်းကြပေ။
ပိုင်ဇေ့အမေကတော့ သမီးလေးကိုဖက်ကာ ငိုနေရှာသည်။
ထိုအချိန်တွင်
"အား ကျွန်တော်တို့မှာ ဘာအပြစ်ရှိလို့လဲဗျာ၊မသတ်ပါနဲ့"အေးချမ်းဘေးတွင် ထိုင်နေသော
မင်းဟိန်းဦးလေးက ထအော်သည်။
အကုန်လုံးဝိုင်းအုံကြည့်ကြတော့
ခဏပဲပူးရသည်ထင်သည်။ပြန်ထွက်သွားသည်။
"ဟင် ဒါ မင်းဟိန်းအသံ" အားလုံးက ဝိုင်းထောက်ခံကြသည်။မင်းဟိန်းဦးလေးကတော့ သူ့ကို ဝိုင်းကြည့်နေသည့်လူတွေကို ကြောင်တောင်တောင်ကြည့်နေသည်။
အားလုံးက စုတ်တသတ်သတ်နှင့် စိတ်မကောင်းဖြစ်နေကြသည်။
ပိုင်ဇေ့ကို ချစ်သော သူဋ္ဌေးဝင်လာသည်။
တရှုံ့ရှုံ့ငိုနေသော ပိုင်ဇေ့အမေက သူဋ္ဌေးကို ပြေးဖက်သည်။
အားလုံး အံ့အားသင့်သွားကြသည်။
ပိုင်ဇေ့အမေက သူဋ္ဌေးကို ထိုင်ကန်တော့၍ ဝူးဝူးဝါးဝါးနှင့်ပြောနေသည်။
ထိုအခါမှ ပိုင်ဇေ ဝင်ပူးမှန်းသိတော့သည်။
ပိုင်ဇေက လက်ဟန်ခြေဟန်တွေနဲ့ သူ့ကို ဘယ်လိုသတ်ခဲ့ကြောင်းပြောပြနေသည်။ပထမဆုံး စကေဘာနှင့်အရင်ထိုးကြောင်း၊သူ့ကိုသတ်သွားသည့်လူကြီးကို မကျေနပ်ကြောင်း၊သူ့အလောင်းက ဘယ်မှာမြှုပ်ထားကြောင်း၊လူဆိုးတွေ ဘယ်နေရာမှာ ပုန်းနေတယ်ဆိုတာကိုလည်း ဝူးဝူးဝါးဝါးနှင့်ပဲ ပြောရှာသည်။
သူဋ္ဌေးကို လက်အုပ်ချီ၍ သူ့အမေနဲ့ ညီမလေးကို စောင့်ရှောက်ပေးရန်လည်း ပြောနေသည်။
နောက်ပြီး အေးချမ်းဆီပြေးလာ၍ သူ့ကိုခွင့်လွှတ်ပေးပါ၊သူ့ကြောင့် သူငယ်ချင်းတွေဒုက္ခရောက်တာပါဟူ၍
ဒူးထောက်တောင်းပန်သည်။
အေးချမ်းက ခေါင်းခါ၍ ဆွဲထူပြီး
"မင်းကြောင့်ဖြစ်တာ မဟုတ်ပါဘူးကွာ၊စိတ်မဆင်းရဲနဲ့"
ငိုပြီး ပြောပြသေးသည်။
ပိုင်ဇေက ဘုန်းကြီးဝတ်ပြီးငါ့ကိုအမျှဝေပေးပါ
ဟု မျက်ရည်လည်ရွှဲနှင့်ပြောပြီး ထွက်သွားသည်။
ပိုင်ဇေ ပြောသလို ရဲတွေရှာတော့ အလောင်းကိုတွေ့တော့သည်။
ဦးစိုင်းမောင်ကိုလည်း ဖမ်းမိသွားသည်။
အေးချမ်းလည်းကတိအတိုင်း ပိုင်ဇေပြောသလို
ဘုန်းကြီး ဝတ်လိုက်သေးသည်။
ဦးစိုင်းမောင်ကို ဖမ်းမိသောအခါ ပိုင်ဇေ ကျွတ်သွားသည်ထင်သည်။
အေးချမ်းကို လာနှုတ်ဆက်သည်။
"အေးချမ်း ၊မင်းကို လာနှုတ်ဆက်တာ၊ငါ ကျွတ်လွတ်သွားပြီကွ၊ငါ မင်းကိုကျေးဇူးတင်တယ်ကွာ"
ပိုင်ဇေ့အပြောကို အေးချမ်းက ပြုံး၍
"အေးပါ သူငယ်ချင်းရာ၊မင်းစကားပြောနိုင်ပြီနော်"
"ငါ့ကို ဟိုလူယုတ်မာက မှောက်ရက် မြှုပ်လို့ ငါစကားမပြောနိုင်တာ၊အခု ငါသွားရတော့မယ်၊နှုတ်ဆက်ပါတယ်
သူငယ်ချင်းရယ်၊နောက်ဘဝမှာ မင်းတို့လိုသူငယ်ချင်းကောင်းတွေနဲ့ ဆုံတွေ့ချင်သေးတယ်"
ပြောပြီး ပျောက်သွားသည်။
အေးချမ်းလည်း အိပ်မက်က လန့်နိုးလာသည်။
"ပိုင်ဇေ၊ သိန်းထူး၊မင်းဟိန်း မင်းတို့ ကောင်းရာသုဂတိလားပါစေကွာ"ဆုတောင်းနေမိပါသည်။
ပြီးပါပြီ။
အမှားပါလျှင် ခွင့်လွှတ်ပေးပါ။ကြိုးစားရေးထားသော်လည်း လိုအပ်ချက်များရှိသေး၍ သည်းခံဖတ်ပေးကြပါ။
ရေးသူ-နွေဦးပန်း
{အကြောင်းစုံပြောပြပေးသော ကိုရူးရဲဆန်အား အထူးကျေးဇူးတင်လျက်😊😊}
Post a Comment