#စွန့်လွှတ်အနစ်နာခံခြင်းဘယ်သူ့အတွက်လဲ
ဖေ့ဘုတ်မှာ တက်လာတဲ့ သတင်းတွေမှာ ဒါလေးတွေကို မကြာခဏ တွေ့နေရတယ်။ ရည်းစားနဲ့ ကွဲလို့ စိတ်ညစ်ပြီး သတ်သေသွားတဲ့ ကောင်မလေး၊ လက်ထပ်ခါနီးမှ စေ့စပ်ထားသူက နောက်တစ်ယောက်နဲ့ လိုက်ပြေးသွားလို့ သတ်သေသွားတဲ့ ရှေ့နေတစ်ယောက်အကြောင်း စတာတွေပါ။
အဲဒီသတင်းတွေ ဖတ်ရ ကြားရပြီးတိုင်း အင်တာနက်မှာ ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ခုကို ပြန်သတိရမိတယ်။
အိန္ဒိယနိုင်ငံက ဆင်းရဲတဲ့ လင်မယား ၂ ယောက်မှာ သမီးလေးတစ်ယောက်ရှိတယ်။ သမီးလေးဟာ စာတော်လွန်းလို့ အဖေဟာ ကျောင်းတက်နိုင်ဖို့ အလုပ်ကို ကြိုးစားလုပ် ငွေစုပြီး သူ့သမီးအတွက် ကျောင်းစရိတ်ရှာပေးနေတယ်။
တနေ့မှာ သမီးလေးဟာ အတန်းတင်စာမေးပွဲမှာ ပထမရတယ်။ အဖေဟာ ဝမ်းသာလွန်းလို့ သူ့သမီးကို ဘာလိုချင်သလဲ။ လိုချင်တာကို ဝယ်ပေးမယ်လို့ ပြောတယ်။ သမီးလေးက တခါတုန်းက သူ့ဖေနဲ့ မြို့ထဲသွားရင်း အဝတ်အစားတစ်စုံကို ကိုင်ကြည့်ဖူးတယ်။ အဖေ့မှာ ပိုက်ဆံမရှိမှန်းသိလို့ မပူဆာခဲ့ပါဘူး။ အခုတော့ အဖေက လိုချင်တာ ဝယ်ပေးမယ်ဆိုလို့ အဲဒါလိုချင်တယ်လို့ ပြန်ပြောတယ်။ အဖေဟာ ပိုက်ဆံမရှိပေမယ့် သမီးလေးကို ဟန်လုပ်ပြုံးပြရင်း သမီး လိုချင်တာ မနက်ဖြန်ကျရင် အဖေ ဝယ်လာပေးမယ်လို့ ပြောလိုက်တယ်။
နောက်တနေ့ညနေကျတော့ အဖေက သူ့သမီးကို သူလိုချင်နေတဲ့ အဝတ်အစားကို ပေးလိုက်တယ်။ သမီးလေးဟာ ပျော်လွန်းလို့ အဝတ်အစားကို ဝတ်ကြည့်လိုက် ကိုယ်လုံးပေါ်မှန်ရှေ့မှာ သူ့ကိုယ်သူ ရပ်ကြည့်လိုက် လုပ်နေတယ်။ အဖေကလည်း ပျော်လွန်းလို့ မျက်ရည်စို့နေရှာတယ်။ မပျော်နိုင်ရှာသူက အမေပါ။ အမေက သူ့ယောက်ျားမှာ ပိုက်ဆံမရှိပဲ ဒီလောက်ဈေးကြီးတဲ့ အဝတ်အစားတွေကို ဘယ်လိုဝယ်နိုင်ပါလိမ့်ဆိုတာ စဉ်းစားမရဖြစ်နေတယ်။
ညရောက်တော့ အမေက သူ့ယောက်ျားကို မေးကြည့်တယ်။ အဝတ်အစား ဝယ်ဖို့ ပိုက်ဆံဘယ်က ရသလဲပေါ့။ ယောက်ျားက ခုလို ပြန်ပြောတယ်။ "ငါ့မှာ စုထားတဲ့ ပိုက်ဆံ ရှိပါတယ်ကွာ။ ဒါပေမဲ့ အဝတ်အစားဖိုး မပြည့်လို့ ငါ ဆေးရုံတစ်ခုမှာ ငါ့သွေးဖေါက်ပြီး ရောင်းလိုက်လို့ ပိုက်ဆံရတာနဲ့ အဝတ်အစားဖိုး ပြည့်သွားတယ်"တဲ့။
ဒီလိုနဲ့ သူတို့သမီးဟာ ၁၀ တန်းကို ဂုဏ်ထူးအများကြီးရပြီး အောင်သွားတယ်။ ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မီတယ်။ ကောင်မလေးကလည်း ဆရာဝန် အရမ်းဖြစ်ချင်နေတယ်။ ဒါပေမဲ့ အဖေ့မှာ ပိုက်ဆံမရှိမှန်းသိလို့ ဆေးတက္ကသိုလ်တက်ဖို့ မပူဆာပါဘူး။ တပါတ်လောက်ကြာတော့ အဖေဟာ ပိုက်ဆံတွေ တစ်ထပ်ကြီးထဲ့ထားတဲ့ လွယ်အိတ်ကြီးကို ပြပြီး သူ့သမီးကို ဆေးတက္ကသိုလ်တက်ဖို့ မပူနဲ့၊ အဖေ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်၊ သမီး ဆရာဝန်ဖြစ်တဲ့အထိ လုံလောက်ပါတယ်လို့ ပြောလိုက်တယ်။ သမီးဟာ ဝမ်းသာလွန်းလို့ ခုန်ပေါက်ထကနေတော့တယ်။ အဖေ့ခမျာလည်း သူ့သမီးလေး ပျော်ပြီး ကနေတာကို ကြည့်ပြီး ဝမ်းသာလွန်းလို့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ တလိမ့်လိမ့် စီးကျနေတယ်။ ထုံးစံအတိုင်း မပျော်နိုင်ရှာသူက အမေပါ။ သူ့ယောက်ျားဟာ ဒီလောက်များတဲ့ ပိုက်ဆံတွေ ဘယ်လိုရသလဲဆိုတာ စဉ်းစားနေတယ်။
ညကျတော့ အမေက သူ့ယောက်ျားကို မေးလိုက်တယ်။ "ရှင် ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘယ်လိုရလာသလဲ။ ဓါးပြများ တိုက်လာသလား"တဲ့။ ယောက်ျားက "ဓါးပြမတိုက်ပါဘူးကွာ။ ဒီလိုပါ။ အရင်က ငါ့ကျောက်ကပ်ကို ဝယ်ဖို့ ကမ်းလှမ်းထားတဲ့ ဆေးခန်းတစ်ခုရှိတယ်။ ဈေးကောင်းပေးမယ်လို့ ပြောထားတယ်။ ဒါနဲ့ တလောက ငါ့ကျောက်ကပ် ၂ ခုထဲက တစ်ခုကို ရောင်းလိုက်တယ်။ သူတို့က ခွဲစိတ်ပြီး ငါ့ကျောက်ကပ်တစ်လုံးကို ထုတ်ယူလိုက်တယ်။ ဆရာဝန်က ပြောပါတယ်။ ကျောက်ကပ်တစ်လုံးနဲ့လည်း အသက်ရှင်နိုင်တယ်တဲ့။ မပူပါနဲ့ မိန်းမရာ။ ဘာပဲ ဖြစ်ဖြစ် ငါတို့သမီးလေး ဆေးကျောင်းတက်လို့ ရပြီမို့ ဝမ်းသာလိုက်စမ်းပါ"တဲ့။
၆ နှစ်ကြာသွားပြီ။ ဒီနေ့ဟာ သူတို့လင်မယား ၂ ယောက်အတွက် အပျော်ဆုံးနဲ့ ဂုဏ်အယူရဆုံးနေ့ ဖြစ်မှာပါ။ သူတို့သမီးလေးဟာ ဆေးကျောင်းနောက်ဆုံးနှစ် စာမေးပွဲကို အောင်သွားပြီ။ ဆရာဝန်အဖြစ်နဲ့ အိမ်ကို ရောက်လာတော့မယ်။ သူတို့ တဲအိမ်လေးကို သတ်သတ်ရပ်ရပ် ရှင်းထားပြီး ပန်းအိုးတွေမှာ ရောင်စုံပန်းလေးတွေ အပြည့်ထိုးထာတယ်။
အိမ်ရှေ့မှာ မြင်းလှည်းတွေ ရပ်သံကြားရတယ်။ လင်မယား ၂ ယောက်စလုံး သူတို့သမီးလေး ပြန်လာပြီဆိုပြီး အိမ်ရှေ့ကိုဝမ်းသာအားရ ပြေးထွက်လာကြတယ်။ ဟုတ်ပါတယ်။ သူတို့သမီးလေး ပြန်လာတာပါ။ ဒါပေမဲ့ အသက်ရှင်လျက်နဲ့တော့ မဟုတ်ဘူး။ အသက်မရှိတော့တဲ့ ပိတ်ဖြူအုပ်ထားတဲ့ ထမ်းစင်ပေါ်က သမီးလေးရဲ့ ရုပ်အလောင်းပါ။
လာပို့သူတွေထဲက လူကြီးတစ်ယောက်က ပြောပြတယ်။ သူတို့သမီးလေးဟာ သူ့ရည်းစားက ပစ်သွားလို့ မနေ့ညက အဆိပ်သောက် သတ်သေသွားတယ်တဲ့။
ဒီပုံပြင်လေးကို ဖတ်ပြီးတဲ့အခါ မိမိကို မနှစ်သက်လို့ စွန့်ခွာသွားသူအတွက် အသက်ပေးသင့်ပါသလား။ မိမိအတွက် အနစ်နာခံခဲ့သူတွေအတွက် အသက်ပေးဖို့ မသင့်ဘူးလား။ စဉ်းစားစရာ အတွေးလေး ပေးလိုက်ပါတယ်ဗျာ။
Credit;ဆရာဗန်မော်သိန်းဖေ၂၆-၁၀-၂၀၁၆
ဆရာရဲ့ "မျှဝေလိုသောအတွေးများ" စာအုပ်ကို အားလုံးဝယ်ဖတ်ကြပါလို့အကြံပေးပါ့ရစေ။ တအားကောင်းတဲ့စာအုပ်မို့လို့ပါ။
သမီးလေးဖတ်ဖို့ ။
စွန့်လွှတ်အနစ်နာခံခြင်းဘယ်သူ့အတွက်လဲ
in
စွန့်လွှတ်အနစ်နာခံခြင်းဘယ်သူ့အတွက်လဲ
- on 11:26 AM
- No comments
Post a Comment