ပဉ္စလက်​ရွာ၏ ကျိန်​စာသမိုင်း ဇတ်​သိမ်း

☆☆"ပဉ္စလက်ရွာ၏ ကျိန်စာသမိုင်း"☆☆
              ~~~~~~~~~~~~

《အခန်း 2》ဇာတ်သိမ်း၊၊

         ထိုစဉ် နောက်ဘက်မှ သူ့,အင်္ကျီစအား
အားအင်နှင့် ဆောင့်ဆွဲခံလိုက်ရသဖြင့် နဘေးမှ ချုံနွယ်များ ထူထပ်နေသော ချုံပုတ်အတွင်းသို့ တလိမ့်ခေါက်ကွေး လိမ့်ဆင်းကျသွားလေသည်၊၊
ဒီရမ်း ထိတ်လန့်မှုတို့ဖြင့် ကမန်းကတန်းကြုံးထကာ မိမိအားဆွဲခေါ်လာသော သူကို နောက်ပြန်လှည့်ကြည့်လိုက်ရာ

"""ဟင် ..မင်း.. ဆွမ် ..ဆွမ်ပရာ"""

          အထစ်ထစ်အငေါ့ငေါ့ ရေရွတ်ရင်း ဆွမ်ပရာကို မျက်လုံးကြီးပြူးလျက် ဒီရမ်း ကြောက်လန့်စွာ ကြည့်နေမိသည်၊၊
ဆွမ်ပရာသည် ပါးစပ်တစ်ဝိုက် သွေးများပေကျံနေပြီး ဖွေးနုသော လည်တိုင်နုနုထက်တွင် ညို့စို့စို့ သွေးများက ရွဲနစ်နေသည်ကို အမှောင်ထဲ၌ ကြယ်ရောင်စုံ အလင်းများဖြင့် သိသာထင်ရှားစွာ မြင်တွေ့နေရသည်၊၊
          ဆွမ်ပရာက သူမနှုတ်ခမ်းပေါ်သို့ ရှည်လျားမဲညစ်နေသော လက်သည်းချွန်ကြီးများကို အသာတင်ကာ ဒီရမ်းအား တိတ်တဆိတ်နေရန် သတိပေးလိုက်လေသည်၊၊
သွေးရောင်လွှမ်းသကဲ့သို့ နီရဲနေသော ဆွမ်ပရာ၏ မျက်ဝန်းအိမ်များမှာလဲ တစ်ဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ညိုလဲ့တောက်ပလာသည်၊၊

""အူး.. ဝါး ..အီးဟီး.. အူး"""

            နောက်မှ လိုက်လာကြသော အသွင်ပြောင်းနေကြသည့် ကျိန်စာသင့် ရွာသားများ၏ ညည်းတွား အော်ဟစ်သံများက တစ်ဖြည်းဖြည်းနှင့် သူတို့အနား ရောက်လာကာ ရပ်တန့်သွားသည်၊၊ ထိုအခိုက် ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်သွားကာ ညပိုးပရစ်တို့၏ အသံတို့ပင် ထွက်ပေါ်မလာတော့ချေ၊၊ တစ်အောင့်ကြာမျှငြိမ်သက်စွာ ရပ်နေကြပြီးနောက် ရွာသားအုပ်ကြီးသည် တိရိစ္ဆာန်များကဲ့သို့ အော်ဟစ်အသံပြုရင်း ဆက်လက် ပြေးလွှားထွက်ခွာ သွားကြသည်ကို မြင်လိုက်ရသောအခါမှ
ဒီရမ်းတစ်ယောက် သက်ပြင်းမောကို မှုတ်ထုတ်ရင်း နဖူးမှ ချွေးများကို သပ်ချလိုက်လေသည်၊၊
ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသည့် အရပ်ဒေသတွင် ကြောက်စိတ်ကြောင့် ချွေးစီးများက ရေလောင်းထားသကဲ့သို့ သူ့တစ်ကိုယ်လုံး ရွှဲစိုနေသည်၊၊ ထိုစဉ်မှာပင် သူတို့ရှိရာချုံပုပ်အတွင်းသို့ လူတစ်ဦး ပြန်ပြေးဝင်လာသဖြင့် ဒီရမ်း ထိန်လန့်တကြား မော့ကြည့်လိုက်ရာ
မကောင်းဆိုးဝါး အသွင်ဖြင့် ဦးလဗျန်နော်အား တွေ့လိုက်ရသဖြင့်

"""ဟာ ..ဦးလဗျန်နော် ..ခင် ..ခင်ဗျားတို့ မကောင်းဆိုးဝါး...."""

ဒီရမ်း စကားပင်မဆုံးလိုက် နောက်ဘက်မှ ဆွမ်ပရာက ဒီရမ်းလည်ဂုတ်ပေါ်သို့ လက်ဝါးစောင်းဖြင့် ခပ်ဆတ်ဆတ် ခုတ်ချလိုက်သဖြင့် သူ့အသိအာရုံများ အမှောင်ကျသွားလေတော့သည်၊၊

•••••••

         ဖျော်စပ်ထားသော အတိတ်မေ့ ဆေးရည်အား သတိလစ်နေသော ဒီရမ်း ပါးစပ်တွင်းသို့ လောင်းထည့်တော့မည့် ဆွမ်ပရာလက်ကို ဖခင်ဦးလဗျန်နော်မှ လျင်မြန်စွာ ဖမ်းဆွဲထားလိုက်လေသည်၊၊

"""တော်ပြီ သမီး ..မောင်ဒီရမ်းဟာ လူကောင်းတစ်ယောက်လို့ အပါးယုံကြည်နေတယ် သူ့ဆီက အပါးတို့အတွက် တစ်စုံတစ်ခုတော့ ရကောင်းရနိုင်ပါလိမ့်မယ်"""

ပြောရင်း ပြတင်းမှတဆင့် မှုန်ရီဝေဝါးစွာ ကျဆင်းနေသော နှင်းမှုန်များဆီသို့ မျှော်ကြည့်နေသော ဖခင်အား ဆွမ်ပရာ ခွန်းတုံ့စကား မဆိုဖြစ်၊၊

•••••••

          နွေးထွေးသော နေခြည်နုက ဒီရမ်း မျက်နှာပြင်ပေါ်သို့ စူးရှစွာ ကျရောက်လာသည်၊၊
သူ သတိပြန်ရလာချိန်တွင် ရုပ်အဆင်းလှပသည့် ပျိုမြစ်နုငယ်သော ဆွမ်ပရာက သူ့နဘေးတွင် ညိုးငယ်သော မျက်နှာနှင့် ထိုင်လျက် သူ့အားစိုက်ကြည့်နေသည်၊၊

"""မောင်ဒီရမ်း မင်းသတိရလာပြီလား"""

အသံလာရာ ဦးလဗျန်နော်ဆီသို့ ကြည့်လိုက်သောအခါ လဲလှယ်ထားခြင်း မရှိသော မနေ့ညက ဝတ်စုံ အတိုင်းပင်၊၊ အနက်ရောင်ဝတ်ရုံအောက်မှ ရိုးရာလက်ဖြစ်ချည်ထည်အဝါရောင်၏ အင်္ကျီရင်ဘတ်နေရာတွင်တော့ ရွှဲနစ်နေသောသွေးကွက်ကြီးက  ယခုတော့ ခြောက်သွေ့ညိုညစ်စွာ၊၊

ဒီရမ်း ညကဖြစ်စဉ်များအား ကွက်ကွက်ကွင်းကွင်း ပြန်မြင်ရောင်လာရင်း တုန်လှုပ်ခြောက်ခြားလာသည်၊၊

•••••

"""ညီမတို့တွေဟာ လကွယ်ညရောက်တိုင်း လူ့အသိစိတ်ပျောက်ပြီး မကောင်းဆိုးဝါးအသွင် ပြောင်းလဲသွားကြတယ် အကို.. အနီးအပါးဝန်းကျင်က ရွာသားတွေကို ဒုက္ခပေးမိမှာ ကြောက်လို့ လူ့အသိစိတ်မပျောက်ခင်ထဲက တိရိစ္ဆာန်တွေကို ညီမတို့ရဲ့ သားကောင်အဖြစ် ကြိုတင်ရှာဖွေထားရတယ်  ဥာဥ့်သန်းကောင်ယံချိန်မှာ ညီမတို့ တစ်ရွာလုံး အသွင်ပြောင်းတာနဲ့ အဲ့ဒါတွေကို သွေးစိမ်းရှင်ရှင် ဆာလောင်မွတ်သိပ်စွာ စားသောက်ကြရတယ်
အကို ညက မြင်ခဲ့တဲ့ အတိုင်းပါပဲ"""

ဆွမ်ပရာက ပြောရင်း အသံတိမ်သွားပြီး ဒီရမ်းအား ရှက်ရွံ့သိမ်ငယ်စွာဖြင့် မဝံ့မရဲ စောင်းငဲ့ကြည့်သည်၊၊

"""လကွယ်ညရဲ့ တစ္ဆေမင်းသမီး စေခိုင်းမှုအတိုင်း ဦးတို့တွေဟာ တိရစ္ဆာန်တွေကို အစိမ်းလတ်လတ် စားသောက်ကြရတယ် မောင်ဒီရမ်း ..ဒါဟာ ဦးတို့လူမှန်းသိစထဲက စပြီး ဆွေစဉ်မျိုးဆက် ဒီလိုဆိုးဝါးတဲ့ ကျိန်စာအောက်ကို တစ်ရွာလုံး ကျရောက်နေခဲ့ကြတယ် ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ ဦးတို့မသိဘူး ဦးတို့သိတာ ဦးတို့ တစ်ရွာလုံးဟာ  ကျိန်စာသင့်နေကြတယ် ဆိုတာပဲ မောင်ဒီရမ်း"""

ဦးလဗျန်နော်တို့ သားအဖ ကြုံတွေ့ခံစားနေရသော စိတ်ဝင်စားဖွယ် အဖြေရှာမရသည့် ကျိန်စာကိစ္စအား
ဒီရမ်း နားထောင်ရင်း အလွန်အံ့ဩမင်သက်နေမိသည်၊၊
ဦးလဗျန်နော် ဒီရမ်းအား အကဲခတ်ကာ စကားပြန်ဆက်လေသည်၊၊

"""ဦးတို့ ကျိန်စာကို ဖြေပေးနိုင်တဲ့
သူ,တော့ရှိတယ် မောင်ဒီရမ်း"""

"""ဘယ်သူလဲ ဦးလေး"""

ဦးလဗျန်နော်၏ ထူးဆန်းသော စကားကြောင့် ဒီရမ်း ပျာပျာသလဲ မေးကာ ဦးလဗျန်နော်ထံသို့  အာရုံစိုက်နေမိသည်၊၊

"""ဒီရွာသား မဟုတ်တဲ့ လူစိမ်းတစ်ဦးပဲ"""

"""ခင်ဗျာ"""

"""ဟုတ်တယ် အကို ဒီရွာသားမဟုတ်တဲ့ ဘယ်လူစိမ်းကိုမဆို ညီမတို့ အလွယ်တကူရှာလို့ရပါတယ်
ဒါပေမယ့် ညီမတို့လျို့ဝှက်ချက်ကို သိသွားရင် မယုံတဲ့အပြင် မကောင်းဆိုးဝါးတွေဆိုပြီး တစ်ရွာလုံးကို မီးလောင်တိုက်လာသွင်းကြမှာ အကို  ..အဟင့် ဟင့်"""

ဝမ်းနည်းစွာ ငိုရှိုက်နေသော ဆွမ်ပရာကိုကြည့်ရင်း ဒီရမ်းစိတ်မကောင်းဖြစ်မိသည်၊၊
ဦးလဗျန်နော်တို့သားအဖသည် မိမိ၏ အသက်သခင် ကျေးဇူးရှင်၊၊ သူတို့သာ မကယ်ခဲ့လျှင် ဒီရမ်းလဲ တောင်ခြေတွင် သတိလစ်လျက်သားဖြင့် တောမုဆိုး၏ အစာဖြစ်လို့ ဘဝတစ်ပါး ပြောင်းနေလောက်ချေပြီ၊၊ မိမိတွင် ဦးလဗျန်နော်ပေးသော အသက်သာရှိတော့၏ ၊၊ထို့ကြောင့်
ဒီရမ်း တွေးရင်း ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်လေသည်၊၊

"""ဦးတို့တွေအားလုံး ဒီကျိန်စာဆိုးက လွတ်မြောက်ဖို့အတွက် ကျွန်တော်ကြိုးစားပြီး ကူညီပေးမယ်ဗျာ"""

"""အ.. အကို တစ်ကယ်ပြောတာလား ဟင်"""

ဆွမ်ပရာက အံ့ဩဝမ်းသာသွားသော မျက်ဝန်းညိုကြီးများနှင့် မော့ကြည့်လျက် သူ့အားမေးလေသည်၊၊

"""တစ်ကယ်ပါ ညီမ.. ဦးက ကျွန်တော့်ကို ဖြစ်အင်အသေးစိတ်ပြောပြပါ"""

ဆွမ်ပရာကို ပြန်ဖြေရင်း ဦးလဗျန်နော်အား တစ်ဆက်ထဲ မေးလိုက်လေသည်၊၊

"""ဦးတို့အားလုံး ဒီလိုဖြစ်ရခြင်း အကြောင်းကို ရေရေရာရာ မသိဘူး မောင်ဒီရမ်း.. တစ်ခုတော့ရှိတယ် ဦးတို့ရွာရဲ့ မြောက်ဘက်စူးစူး, အတော်ဝေးတဲ့ နေရာမှာ အလွန်ကြီးမားတဲ့ ရှေးဟောင်း ရဲတိုက်ပျက်ကြီး တစ်ခုရှိတယ် ဦးတို့ ရွာကလူတွေ ဘယ်သူမှ အဲ့ဒီရဲတိုက်ကြီးနား ကပ်လို့မရကြဘူး ဦးထင်တာ ကျိန်စာဟာ အဲ့ဒီရဲတိုက်ကြီးနဲ့ ပတ်သပ်နေလိမ့်မယ် မောင်ဒီရမ်း"""

•••••••

     ကျိန်စာသင့်နေသောရွာငယ်လေးအား  ကယ်တင်ရန် ဒီရမ်းတစ်ယောက် တောကိုဖြတ်၍ မိုးသောက်ယံမှစပြီး ခရီးထွက်လာခဲ့သည်၊၊
ဦးလဗျန်နော် ပေးလိုက်သော ဓားရှည်တစ်လက်ဖြင့် နွယ်မြက်ပင်များအား ခုတ်ထွင်ပြီး လမ်းဖောက်လုပ်၍ ခရီးဆက်ခဲ့သည်မှာ နေ့ဝက်ပင် ကျိုးခဲ့ချေပြီ၊၊လူလဲ မောဟိုက်ပင်ပန်းကာ လက်မောင်းတွေလဲ နာကျင်ကိုက်ခဲလာသည်၊၊
မွန်းတည့်ချိန် ပူပြင်းလှသည့် နေရောင်ခြည်ဒဏ်ကြောင့် အရိပ်ခိုရန် နီးစပ်ရာအပင်ကြီးအောက် ဝင်ထိုင်၍ ဆွမ်ပရာထည့်ပေးလိုက်သော ထမင်းထုတ်အား ဖြေစားမည်အပြု

"""လူလေး မောင်သက္က"""

ကြည်လင်အေးချမ်းလှသော အသံကြောင့် ဒီရမ်း မော့ကြည့်လိုက်တော့ မျက်လုံးအစုံစူးရှလျက် အဖြူရောင်ဝမ်းဆက်နှင့် ဖြူဖွေးနေသော ဆံပင်အား ထုံးဖွဲ့ထားကာ မုတ်ဆတ်ကျင်စွယ်များလဲ ဖွေးဆွတ်နေသည့် အသက်ကြီးရင့်လှပြီဖြစ်သော ဆာဒူးကြီးတစ်ပါးကို တွေ့လိုက်ရလေသည်၊၊

"""မောင်သက္က ပြန်ရောက်လာပြီကိုး
အိမ်း ဝဋ်ကြွေးတွေ ကျွတ်ချိန်တန်တော့လဲ မင်း ပြန်လာရတော့မပေါ့"""

"""ခင်ဗျာ.. မောင်သက္ကဆိုတာ ဘယ်သူတုန်း အဘိုး"""

"""မောင်သက္ကဆိုတာ မင့်ပေပဲလေကွယ်"""

"""ဗျာ ..ကျွန် ..ကျွန်တော်က"""

ဒီရမ်းအား ဆာဒူးကြီးက လက်ကာပြလိုက်ကာ

"""အမောင်သက္က အဘိုးနောက်က လိုက်ခဲ့ပေတော့ကွယ့်"""

ဆာဒူးကြီးစကားဆုံးသည်နှင့် ဒီရမ်းကား စိတ်ညို့ခံထားရသူပမာ ထူးဆန်းလှစွာ သူ၏ ခြေများက မြေမြင်နှင့်မထိပဲ လေတွင်မျောလျက် ဆာဒူးကြီးနောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့လေတော့ သည်၊၊တစ်နေရာအရောက်တွင်

"""မောင်သက္က ဒီနေရာကို ကြည့်စမ်း အာရုံစူးစိုက်ပြီး သေချာကြည့်ကွယ့်"""

ရှေ့မှ မြင်နေရသော ကြီးမားလှသည့် ရဲတိုက်ပျက်ကြီးအား ဒီရမ်း စူးစိုက်ကြည့်ရင်း ဦးခေါင်းမှာ တရိပ်ရိပ်မူးဝေလာသည်၊၊

•••••••

            ဥဒဟိုသွားလာလှုပ်ရှားနေသော လူအများကြား မင်းချင်းများနှင့် မြင်းစီးရဲမက်များ ခြေချင်းလိမ်နေကြသည်၊၊ မင်းသမီးမနုဒမ္မာနှင့် ရန်သူတော်အား ရှာဖွေတွေ့ရှိပါက ဘုရင်မင်းမြတ်က အဖိုးထိုက်တန်လှသော ကျောက်သံပတ္တမြားများနှင့် ရာထူးများကိုပါ ချီးမြှင့်မြှေက်စားမည့် ကြေညာစာရွက်များကိုလဲ နေရာအနှံ့အပြားတွင် တွေ့နေရသည်၊၊

•••••••

"""အမောင် မျက်နှာလဲ မကောင်းပါလား တောထဲတောင်ထဲ အမောင်ဖျားနေရင် ခက်ရော့မယ်"""

သူ့နဖူးအား လက်ဖဝါးနုနုဖြင့်အသာစမ်းရင်း စိုးရိမ်တကြီး ပြောလာသော မနုဒမ္မာ မင်းသမီးလေးအား ရင်ခွင်ထဲထွေးပွေ့လိုက်ကာ

"""အမောင် စိုးရိမ်တာ နှမလေးအတွက်ပါ
ရန်သူတော်ရဲ့သား, အမောင်နဲ့ ချစ်ကြိုက်မိပြီး ထွက်ပြေးလာတဲ့ နှမလေးကို ဖခင်ဘုရင်က အမျက်တော်ရှပြီး ခုဆို မင်းပြစ်မင်းဒဏ် သင့်နေရပြီမဟုတ်လား ဒီလောက,မှာ နှမလေးအတွက် ပုန်းအောင်ရာ နေရာ သိပ်ရှားနေပြီကွယ်"""

သက္ကပြောရင်း မနုဒမ္မာအား ရင်ခွင်ထဲမှ ဆွဲထုတ်ကာ မနုဒမ္မာရှေ့ ဦးခေါင်းညွတ်ချက် ဒူးထောက်ထိုင်ချလိုက်လေသည်၊၊

"""ဒါတွေအားလုံး အကျွန်မျိုးရဲ့ အပြစ်တွေပါပဲ အကျွန့်ကို ခွင့်မလွှတ်ပါနဲ့ အရှင်မ"""

ချစ်ရသူ သက္က၏ အပြုအမူတို့အား မနုဒမ္မာ မနှစ်သက်ပေ၊၊ သည်ကဲ့သို့ သူစိမ်းပြင်ပြင် စကားတော်တို့အားထွက်လာဖို့ လေသံမျှပင် မဟစေလို..အမောင်တစ်ယောက် သူမကို အဘယ်ကြောင့် ယခုလို စိမ်းကားရက်သနည်း၊၊ မနုဒမ္မာရင်ထဲ အောင့်မျက်နာကျင်လာသည်၊၊

"""အို ! အမောင်ရယ် ..အဟင့် ..ဟင့်.. ဒီလိုမပြောပါနဲ့လား နှမတော်အနား အမောင်သာရှိနေရင် ဒီလောကကြီးရဲ့ မည်သည့်နေရာမဆို ပုန်းအောင်ခိုနားရာချည်းပါပဲ
အမောင်ရှိရင်ဖြင့် နှမတော်ဘဝ လုံခြုံမှုရှိပါတယ် အမောင်ရယ်"""

ငိုရှိုက်ကာပြောရင်း ရင်ခွင်ထဲခေါင်းတိုးဝင်လာသော ချစ်ရသူအား သက္ကနွေးထွေးစွာ ပြန်လည်ထွေးပွေ့ထားလိုက်သည်၊၊

"""အရှင်မတို့ စားဖွယ်ရာများ သုံးဆောင်လို့ရပါပြီ"""

တောတွင်း၌ မနုဒမ္မာ၏ နောက်လိုက်နောက်ပါများက အသီးအရွက်၊ သစ်သီးသစ်ဥများရှာဖွေကာ ချက်ပြုတ်စီမံထားသော အစာများကို စားရင်း ချစ်သူနှစ်ဦး အပူသောကကို တခဏတာ မေ့ပျောက်ကာ ကြည်နူးနေမိကြသည်၊၊
ထိုစဉ် သူတို့အား အတန်ကြာချောင်းမြောင်း ကြည့်ရှု့၍ ထွက်ခွာသွားသော လူစိမ်းတစ်ဦးကိုမူ မည်သူမှ သတိမထားမိကြပေ၊၊

•••••••

"""အား"""

သက္ကအော်သံကြောင့် မနုဒမ္မာ ပုန်းအောင်းနေသော ကျောက်လိုဏ်ဂူအတွင်းမှ စိုးရိမ်ကြီးစွာ ပြေးထွက်လာသည်၊၊

"""ဟင် ..အမောင် အမောင်"""

"""မင်းသမီးကို မထိစေနဲ့ ဆက်ပစ်"""

မြေပြင်ပေါ် လဲပြိုကြတော့မည့် သက္ကထံသို့ ပြေးမည်အပြု မဲညစ်ညစ် မြှးတံများက အရှိန်ပြင်းစွာ ပြန်ဝဲလာကာ မင်းသမီးမနုဒမ္မာနောက်မှ ထွက်လိုက်လာသော  နောက်လိုက်နောက်ပါများ၏ ရင်ဝဆီသို့ စူးစိုက်ခိုဝင်ကုန်ကြလေသည်၊၊

မြေပြင်ပေါ် လဲပြိုကျသွားသော သက္ကအား မြင်းစီးစစ်သည်က ဆံပင်မှ ဆွဲယူမလျက်
လည်ပင်းပေါ်သို့ ဓားကို တေ့တင်ကာ ဆ,နေလေသည်၊၊ မြှးဒဏ်များကြောင့် သေအံ့မူးမူး သက္က၏ မျက်ဝန်းများက
မနုဒမ္မာအား လှမ်းကြည့်ကာ နှုတ်ဆက်နေသယောင် ..

"""ဟိတ်.. ရပ်စမ်း မလုပ်နဲ့.. """

မနုဒမ္မာ တားမြစ်ချိန်ပင် မရလိုက် အားကုန်လွှဲ၍ ခုတ်ပိုင်းလိုက်သော ရဲမက်လက်တွင်းမှ ဓားက လျင်မြန်သော အဟုန်ဖြင့် သက္ကလည်အား ပိုင်းဖြတ်သွားလေတော့သည်၊၊

မနုဒမ္မာ ထိုသူများကို မျက်ရည်များအကြားမှ စူးစိုက်ကြည့်လိုက်မိသည်၊၊
ရဲမက်လက်တွင်းမှ ချစ်ရသူခေါင်းပြတ်အား မင်းချင်း စစ်သည်များကြားမှ  ကြာက်လန့်စွာ ကြည့်နေရှာသော ရွာသားတစ်ဦးထံ၌ မနုဒမ္မာအကြည့်များ ရပ်တန့်သွားသည်၊၊

"""မင်းသမီးကို သွားခေါ်ခဲ့ကြ"""

စစ်ကဲလေး၏ အမိန့်သံအဆုံးဝယ်
ရဲမက်များက မင်းသမီးထံတော်ရှေ့သို့ လျှောက်လာကာ မဖမ်းဝံ့ပဲ ဒူးထောက်လိုက်ကြသည်၊၊
မနုဒမ္မာ၏ နာကြည်းသော မျက်ဝန်းတို့က နုံချာလှသည့် သတင်းပေး ရွာသားထံတော်ပါးမှ မခွာ စူးစိုက်ကြည့်နေမြဲ၊၊ထို့နောက် သူမ, နောက်လှည့်ကာ ကျာက်လိုဏ်ဂူ အတွင်းသို့ ပြေးဝင်လာခဲ့သည်၊၊

မနုဒမ္မာသည် ချွန်မြိလှသော သားလှီးဓားကို လည်တိုင်နုနုပေါ်တင်လျက်

"""ဤရွာသားနှင့်တကွ သင်တို့ ဆွေတော်မျိုးတော်တွေအားလုံး
ငါကဲ့သို့ ဒုက္ခရောက်ကြပါစေ
နိမ့်ပါးသော လူသားများဖြစ်ကြပါစေ  လူသားစင်စစ်ဖြစ်ပါလျက် စာနာတရားမရှိသော သင်တို့တစ်ရွာလုံးအပေါ်..ငါ့ကျိန်စာ သက်ရောက်ပါစေသား"""

မနုဒမ္မာ နာကြည်းခြင်းများနှင့်အတူ ကျယ်လောင်စွာ ရွတ်ဆိုရင်း သူမလက်တို့က လှုပ်ရှားလာသည်၊၊ နီစွေးလှသော သွေးတို့က လည်တိုင်မှတဆင့် မို့မောက်သော ရင်ညွှန့်ထက်သို့ တစ်ဖြည်းဖြည်းပူနွေးစွာစီးဆင်းကျကုန်လေတော့သည်၊၊

•••••••

         အရှင်မအား မြေမြုပ်၍  ထွက်ခွာသွားသည့်မင်းချင်းများအား မျက်စိတစ်ဆုံး ကြည့်ရှု့လိုက်ပြီး လူတစ်ဦးသည် ပုန်းကွယ်နေရာမှ ထွက်လာခဲ့သည်၊၊ ထို့နောက် အရှင်မ အလောင်းအား လျင်မြန်စွာ  တူးဖော်ထုတ်လိုက်ကာ ကျောက်လိုဏ်ဂူထဲသို့ သယ်ဆောင်လာခဲ့လေသည်၊၊
ထိုသူသည် လိုဏ်ဂူအတွင်း ပုန်းအောင်နေသဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော မင်းသမီး၏ ငယ်ကျွန်,တစ်ဦးဖြစ်သည့် နန်းတွင်းသမားတော်ဦးသိဒ္ဒိ၏သား  ကုန်မာရီပင်ဖြစ်လေသည်၊၊ ထို့နောက်  မင်သမီးအလောင်းအား ကျောက်ခုံပေါ်တင်လျက် မပုပ်မသိုးအောင် ဆေးစီမံကာ လျို့ဝှက်လိုဏ်ဂူအတွင်း ထည့်ထားခဲ့လေတော့သည်၊၊

•••••••

"""လူလေး မင့်သိပြီလား"""

ဆာဒူးကြီး၏ အေးစက်လှသော လက်တစ်ဖက်က သူ့ပုခုံးထက်သို့ လာရောက်ဆုတ်ကိုင်သောအခါ ဒီရမ်း လက်ရှိအခြေအနေကို သတိပြန်ရလာသည်၊၊
သူ့မျက်ဝန်းတွင် လွမ်းဆွတ်မှုတို့ကြောင့် မျက်ရည်ကြည်တို့က တွဲခိုနေလေသည်၊၊

"""လူလေး ဒီကျိန်စာကို မင်းချေဖျက်မှ ရမယ် ဒီလောကကြီးထဲမှာ မနုဒမ္မာကို သတ်လို့ရမယ့် လက်နက် တစ်မျိုးထဲပဲ ရှိတယ် အဲ့ဒါကတော့ ဒါလေးပဲ"""

ဆာဒူးကြီး လက်ဝါးပြင်ပေါ်မှ ခရင်းခွသဏ္ဍန် ချွန်ထက်လှသော အနက်ရောင် သံချွန်လိမ်ကို ဒီရမ်း စူးစိုက်စွာ ကြည့်နေစဉ်မှာပင် ထိုအရာသည် ဆာဒူးကြီး လက်ထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်၊၊

"""ဒီ ပစ္စည်း ဟော့ဒီ ရဲတိုက်ပျက်ကြီးထဲက မနုဒမ္မာအဆောင်တော်မှာ ရှိတယ် သွားယူချေကွယ့်.. အေး ..တစ်ခုတော့ မှတ်ထား ရဲတိုက်ထဲမှာ ဘယ်သူနဲ့ပဲ တွေ့တွေ့ သူတို့ မျက်နှာကို လုံးဝမကြည့်မိပါစေနဲ့ သူတို့ဟာ လူတွေမဟုတ်ဖူး..လူလေးနဲ့ မျက်လုံးချင်းဆုံတာနဲ့ လူလေးကို မှတ်မိပြီး ဝိုင်းသတ်ကြမယ့် အတိတ်ဘဝက မင်းချင်းစစ်သည်တွေရဲ့ ဝိဥာဉ်တွေပဲ ..
ညနေ နေမဝင်ခင် ရဲတိုက်ထဲက ပြန်ထွက်လာခဲ့ ..ကဲ ..သွားတော့"""

          ဆာဒူးကြီး ခိုင်းသည့်အတိုင်း ဒီရမ်း ရဲတိုက်ပျက်ကြီးထဲသို့ ဝင်လာခဲ့သည်၊၊
အတွင်းသို့ ရောက်သည်နှင့် သူအလွန်ပင် အံ့အားသင့်သွားရလေသည်၊၊ ရဲတိုက်ကြီး၏အပြင်က အိုဟောင်းကာ ရေညှိအလိမ်းလိမ်းတက်နေပြီး အထဲတွင်တော့ ဆီမီးတိုင်တို့၏ အလင်းများကြောင့် နန်းတွင်း အသုံးအဆောင် ပစ္စည်းမှန်သမျှ ဝင်းဖန့်နေကာ မင်းချင်းများလဲ ဆူညံစွာ ပြောဆိုလျက် သွားလာ လှုပ်ရှားနေကြသည်ကို အံ့ဩဖွယ် မြင်လိုက်ရခြင်းကြောင့် ဖြစ်လေသည်၊၊

         ထိုထူးဆန်းလှသည့် မြင်ကွင်းကြောင့် လူက ကြောက်စိတ်များဖြင့် တဆတ်ဆတ် တုန်ရင်နေကာ ခြေလှမ်းများကလဲ ထင်သလောက်မြန်ဆန်မရှိပေ၊၊
အစောင့်များထူထပ်စွာချထားသော မင်းချင်းများကြား အထူးသတိထားကာ တစ်ခန်းဝင် တစ်ခန်းထွက်ဖြင့် မနုဒမ္မာအခန်းအား လိုက်ရှာနေမိသည်၊၊

အခန်း တစ်ခန်းရှေ့ အရောက် ရွှေကနုတ်များ တပ်ဆင်ထားသောတံခါး
ကို ဖွင့်၍ အခန်းတွင်းသို့ ဝင်လာခဲ့လေရာ
ရွှေသားဖြင့် ပြုလုပ်ထားသော ဝင်းဝါနေသည့် စားပွဲခုံထက်တွင် နက်မှောင်နေသော သံလိမ်ဆူးချွန်ကို မြင်လိုက်ရသဖြင့် သူဝမ်းသာအားရ ပြေးယူလိုက်ကာ ထိုရဲတိုက်အတွင်းမှ လျင်မြန်စွာ ပြေးထွက်လာခဲ့သည်၊၊

          ထိုစဉ် ရဲတိုက်တစ်ခုလုံး ထူးဆန်းစွာ ရုတ်ချဉ်း ငြိမ်သက်သွားပြီး ဆီမီးတိုင်များလဲ ငြိမ်းကုန်ကာ အမှောင်ကျသွားလေတော့သည်၊၊ အန္တရာယ် အငွေ့အသက်ကို ခံစားမိသည့် ဒီရမ်းတစ်ယောက် ရဲတိုက်အတွင်းသို့  ပြန်လှည့်ကြည့်လိုက်ရာ ရဲမက်များက သူ့နောက်တွင်ရပ်လျက် သူ့အား ကြောက်မက်ဖွယ် မျက်နှာများဖြင့် စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသဖြင့် ဒီရမ်း အလွန်အမင်း ကြောက်လန့်တုန်လှုပ်သွားလေသည်၊၊
ထိုစဉ် ရှေ့ဆုံးမှ ရဲမက်တစ်ဦးက ကြောက်မက်ဖွယ် အော်ဟစ်လျက် လက်ထဲမှ ဓားကို ကိုင်မြှေက်လျက် သူ့ထံသို့ ပြေးဝင်လာလေသည်၊၊ ထိုစဉ်

"""လူလေး ရပ်မနေနဲ့ ရဲတိုက်အရိပ်အောက်က လွတ်အောင် ခုန်ချလိုက်တော့..."""

ဆာဒူးကြီး အသံကို ပီပီသသ ကြားလိုက်ရသဖြင့် ဒီရမ်း စဉ်းစားမနေတော့ပဲ အားကုန်ပြေးကာ လှေကားထိပ်မှ မြေပြင်ပေါ်သို့ ခုန်ချလိုက်လေတော့သည်၊၊

•••••••

လင်းထိန်သော ငွေလရောင်က နေ့အလားပင် အမှောင်ကိုခွင်း၍ အေးမြစွာ အလင်းဆောင် နေသည်၊၊ ညနက်လာသည်နှင့်အမျှ အအေးဓာတ်ကလဲ ပိုကဲလာကာ ဝန်းကျင်တစ်ခွင်လုံးလဲ တိတ်ဆိတ်ငြိမ်သက်နေသည်၊၊ ဒီရမ်းတစ်ယောက် ကျောက်လိုဏ်ဂူ အတွင်းသို့ သတိထားကာ ဝင်ရောက်လာခဲ့သည်၊၊

         ကျောက်ခုံထက်၌ လဲလျောင်းနေသည့် မနုဒမ္မာကား အတိတ်ဘဝကလိုပင် ပြောင်းလဲခြင်းမရှိ ပျိုမြစ်နုငယ်စွာ လှပနေဆဲ၊၊
ဒီရမ်း ကြည့်လျက်  ရင်ဘတ်ပေါ်ယှက်တင်ထားသော မနုဒမ္မာ၏ လက်လေးအား ဖြည်းညှင်းစွာ ကိုင်တွယ်ပွတ်သပ်လိုက်လေသည်၊၊
ထိုစဉ် ကြောက်မက်ဖွယ် အံကြိတ် ညည်းငြူသံနှင့်အတူ ကျောက်ခုံထက်မှ မနုဒမ္မာ လူးလွန့်လှုပ်ရှားလာသည်၊၊

"""နှမတော် အမောင့်ကို မှတ်မိသေးရဲ့လား ဟင်.. အမောင်ရောက်လာပြီလေ"""

မနုဒမ္မာအာရုံထဲ၌ စွဲထင်နေသော ချစ်ရသူသက္က၏ အသံအား ကြားလိုက်ရသဖြင့် မနုဒမ္မာ ဒီရမ်းကို စူးစိုက်ကြည့်ရင်း ကျောက်ခုံထက်မှ ဖြည်းဖြည်းချင်းထလာလေသည်၊၊

""""အို ..အ .. အမောင်ပါလား..အဟင့် ဟင့် နှမတော်ဆီ ပြန်လာတယ်နော် အမောင်ရယ်"""

ရှိုက်ငိုလျက် သူ့ရင်ခွင်ထဲခိုဝင်လာသော
မနုဒမ္မာ၏ အေးစက်တောင့်တင်းနေသည့် ကိုယ်လုံးလေးအား သူအလိုက်သင့် ပြန်လည်ထွေးပွေ့ထားလိုက်သည်၊၊ လိုဏ်ဂူ အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်တော့ လရောင်အောက်၌ အပင်တို့၏ အရိပ်က အောက်ခြေတည့်တည့်သို့ပင် ကျရောက်နေပေပြီ၊၊ ဒီရမ်း သတိကြီးစွာထားပြီး လက်ထဲမှ သံချွန်လိမ်အား တင်းကြပ်စွာ ဆုတ်ကိုင်ထားရင်း ရင်ခွင်ထဲမှ မနုဒမ္မာ၏ နဖူးပြင်အား ဖွဖွနမ်းလိုက်ကာ

"""နှမတော်နဲ့ အမောင်ဟာ ဘဝတွေခြားနေပါပြီကွယ် နှမတော် ဒီလိုဘဝမျိုးနဲ့ မနေပဲ ဘဝသစ်ကို စိတ်ဖြောင့်ဖြောင့်နဲ့ သွားပါတော့နော် ရွာသားတွေကိုလဲ ခွင့်လွှတ်ပေးပါ နှမတော်ရယ် တစ်နေ့ နှမတော့် နောက်ကို အမောင်လိုက်ခဲ့ပါ့မယ် အမောင့်ကို ခွင့်လွှတ်ပါ"""

ဒီရမ်း အသံတွေက ဝမ်းနည်းစိတ်ကြောင့် တုန်ရင်အက်ကွဲကာ မျက်ရည်ပူများက ပါးပြင်ပေါ်သို့ လိမ့်ဆင်းကျလာသည်၊၊
တစ်ကယ်တမ်းတော့ ချစ်သူတွေကြား  မဖြစ်သင့်လို့ ခွဲခွာရတာက အဆိုးဆုံး နာကျင်မှုတစ်ခုပဲ မဟုတ်လား၊၊
ဒီရမ်းစိတ်ကို တင်းလိုက်ပေမယ့်  သံချွန်ကိုင်ထားသော လက်တို့က မြောက်တက်မလာ၊၊

"""အင့်"""

"""ဟင်.. မ ..မနုဒမ္မာ... နှမတော်"""

သံချွန်လိမ်ဆုတ်ကိုင်ထားသော သူ့လက်ပေါ်မှ ထပ်ကာ အုပ်မိုးကိုင်လျက် မနုဒမ္မာက သူမနှလုံးသားထဲသို့ သူမကိုယ်တိုင် သံချွန်လိမ်ဖြင့် ထိုးစိုက်လိုက်လေ တော့သည်၊၊

"""အမောင်နှမတော့်ဆီ ရောက်လာထဲက ဒီလက်နက်ကို နှမတော် မြင်ပြီးပါပြီ အမောင် .. နှမတော် ကျေနပ်ပါတယ် အမောင်ရယ်"""

သူ့ရင်ခွင်ထဲမှ မနုဒမ္မာသည် သူ့မေးဖျားလေးအား ဖွဖွညင်သာစွာ လှမ်းနမ်းလိုက်စဉ် သူမခန္တာကိုယ်က အမဲရောင် မီးခိုးငွေ့များအဖြစ်သို့ အသွင်ပြောင်းကာ တစ်ဖြည်းဖြည်းနှင့်  လွင့်ပြယ်သွား လေသည်ကို ကြည့်ရင်း ဒီရမ်းတစ်ယောက် အားကုန်အော်ဟစ် ငိုယိုလိုက်လေတော့သည်၊၊ ချစ်ရသူနှင့် နှစ်ဘဝတိုင် ကွေကွင်းခဲ့ရသော ဒီရမ်းအဖို့
အတိတ်က နာကျင်မှုအတိုင်း အသစ်တဖန် ထပ်ခံစားရုံတစ်ပါး အခြားသော ဖြေသိမ့်ရာမရှိပြီ၊၊

~~~~~~~~

            ဒီရမ်း တောစပ်မှနေ၍ ရွာစွန်မှ သစ်လုံးအိမ်လေးကို လှမ်းမျှော်ကြည့်နေမိသည်၊၊ မနုဒမ္မာ၏  ကျိန်စာအောက်မှ လွတ်မြောက်သွားပြီ ဖြစ်သော ရွာငယ်လေးသည် လကွယ်ည၏ ကြယ်မှုန်ကြယ်မွှားများအောက်တွင် ငြိမ်းချမ်းစွာ အိပ်မောကျလျက်၊၊

•••••••••••

THE END.
THANK A LOT OF READING.

#WB - #SUE_YINT_MARN


Post a Comment