ထမိမ်​ခြုံစုန်းလင်းတ

ရွှရင်ကျော်၏ ဘယ်လက်ညှိုးအစွမ်း နှင့် ထမိန်ခြုံ စုန်းလင်းတ ညီအမ



•• " ရွှေရင်ကျော်၏ ဘယ်လက်ညှိုးအစွမ်း နှင့် ထမိန်ခြုံ စုန်းလင်းတ ညီအမ "

ကျွန်ုပ်သည် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ ပညာနှင့် ပါတ်သက်၍ ကံကောင်းသူ တစ်ယောက်ဖြစ်၏။ ကံကောင်းသည်ဟု ယူဆ၏။

ကျွန်ုပ်၏မိခင်သည် ကျွန်ုပ်အား မွေးဖွားရန် ၂ ရက်ကျော် ဗိုက်နာခဲ့ရသည် ဆို၏။ ဗိုက်နာပင် နာနေသော်ငြား မွေးဖွားခြင်း မရှိဘဲ နာကျင်ခြင်း ဝေဒနာကို ခံခဲ့ရသည် ဆို၏။

ကျွန်ုပ်၏ ဖခင်သည် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေဂိုဏ်းမှ ကျေးဇူးရှင် အဖေကြီးဦးမြခင်၏ တပည့် ဖြစ်၏။ ကျွန်ုပ်မိဘများ၏ နေအိမ်သည် အဖေကြီး ဦးမြခင် နေထိုင်ရာ ဇီဇဝါလမ်းပေါ်တွင် နီးကပ်စွာ တည်ရှိ၏။ ထို့ကြောင့် ကျွန်ုပ်မိခင် မီးမဖွားနိုင်သေးကြောင်းကို အဖေကြီး ဦးမြခင်မှ သိရလေသည်။

အဖေကြီး ဦးမြခင်သည် ကျွန်ုပ်၏ ဖခင်အား " ငါ့သား စိတ်မပူနဲ့ ၊ အဖေ ရေစင်ပေးလိုက်မယ် ၊ ငါ့သမီးကို တိုက်လိုက်၊ မကြာဘူး မွေးလိမ့်မယ် " ဟုဆိုကာ ရေစင်တစ်ခွက် ပေးခဲ့၏။ ထိုရေစင်အား ကျွန်ုပ်၏ မိခင်မှ သောက်ပြီးသည့်နောက် နာရီပိုင်း အတွင်းတွင် ကျွန်ုပ်အား အခက်အခဲမရှိ မွေးခဲ့လေသည်။

ကျွန်ုပ်၏အမည်ကိုလဲ အဖေကြီး ဦးမြခင်မှပင် ပေးခဲ့ခြင်း ဖြစ်၏။ ကျွန်ုပ်၏ ဖခင်အား " ငါ့သား၊ မင်းရဲ့သား နာမည် မင်းမပေးနဲ့ ၊ ငါပေးမယ် " ဟု ဆိုကာ ပေးခဲ့ခြင်း ဖြစ်၏။

ကျွန်ုပ်၏ နာမည်အရင်းမှာ " အောင်ကျော်ကျော် " ဖြစ်၏။ အောင်၏ အနောက်တွင် ပါသော ကျော် ၂ လုံးသည် ဖခင်၏ အမည်ကို ယူခြင်း မဟုတ်ဘဲ ရွှေရင်ကျော်မှ ကျော်ကိုယူ၍ ပေးခြင်း ဖြစ်ကြောင်း အဖေကြီးဦးမြခင်က ပြောခဲ့သည် ဆို၏။

ထိုအရာသည် မထူးဆန်းသော်ငြား ကျွန်ုပ်ကမူ ကံကောင်းခြင်းဟု ခံယူ၏။

ကျွန်ုပ်၏ ဖခင်သည် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေဂိုဏ်းမှ ဆရာတစ်ယောက် ဖြစ်သောကြောင့် နေအိမ်တွင် တပည့်တပန်းများ နေ့စဉ် လာရောက်တတ်၏။ ထိုတပည့်များအား ကျွန်ုပ်၏ ဖခင်မှ ပယောဂ ကုထုံးကုကွက်များ ၊ ပညာ နှင့် သက်ဆိုင်သော အကြောင်းအရာများကို ဆုံးမ သင်ကြားရ၏။ ထိုအကြောင်းအရာများကို ကျွန်ုပ် ကလေးဘဝကပင် အခါများစွာ နားထောင်ခွင့်ရခဲ့၏။

ဤသို့ နေ့စဉ်ဆိုသလို ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်း နှင့် ပါတ်သက်သော စည်းမျဉ်း စည်းကမ်းများ နားထောင်ခွင့် ရခဲ့ခြင်းသည် ( အခြားသူများအတွက် )ထူးဆန်းမည် မဟုတ်ဟု ပြောနိုင်၏။ သို့သော် ကျွန်ုပ်ကမူ ကံကောင်းသည်ဟု ခံယူ၏။

အဖေကြီးဦးမြခင်၏ တပည့်များ ( ဖခင်၏ ပညာညီအကိုများ ) သည်လည်း မကြာခဏဆိုသလို လာရောက် လည်ပတ်လေ့ရှိ၏။ ထိုဆရာကြီးများထံမှ ( ဂိုဏ်းတော်နှင့် ပါတ်သက်၍ ) တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတများ ၊ ဆောင်ရန် ရှောင်ရန်များစွာ သိခဲ့ရ၏။

ဤအဖြစ်သည် မထူးဆန်းသော်ငြား ဤသို့ ဆရာကြီးများ၏ အတွေ့အကြုံကို အခါများစွာ ခံယူခွင့်ရခြင်းသည် ကံကောင်းသည်ဟု ကျွန်ုပ် ခံယူ၏။

ထိုဆရာကြီးများစွာ၏ ဂိုဏ်းတော်နှင့် ပါတ်သက်သော အတွေ့အကြုံများသည် လွန်စွာ အံ့သြဖွယ် ဖြစ်၏။ လွန်စွာ မှတ်သားဖွယ် ဖြစ်၏။ တစ်ချို့သော အကြောင်းအရာများသည် ( ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းဝင် မဟုတ်သူများအတွက် ) မယုံကြည် နိုင်လောက်အောင် ထူးဆန်းလှ၏။

မှတ်မှတ်ရရ ရှိသည်များစွာအနက် အမှတ်တရ ဖြစ်နေသော အကြောင်းအရာ အချို့ကို တင်ပြလိုပါ၏။ အဖေကြီး ဦးမြခင်တွင် ပျော်ပျော်နေတတ်သော တပည့်တစ်ဦးရှိ၏။ ထိုသူသည် ဆရာကြီးတစ်ယောက်လည်း ဖြစ်၏။

ထိုဆရာကြီးအား ကျွန်ုပ်၏ ဖခင် နှင့် သူငယ်ချင်းများက " ရှပ်ကိ " ဟု ခေါ်ကြ၏။ အဘယ်ကြောင့် " ရှပ်ကိ " ဟု ခေါ်ကြသနည်းဆိုသော် ထိုဆရာကြီးသည် ပျော်ပျော်ရွှင်ရွှင် နောက်နောက် ပြောင်ပြောင် နေတတ်သူ ဖြစ်သည့်အလျောက် ပယောဂ စမ်းသပ်သည့်အခါ " အောက်လမ်းအတိုက် ရှိရင် ကပ်ထား " ဟု ပြောရမည့်အစား " အောက်လမ်း ရှပ်ကိ " ဟု စကားလိမ်ဖြင့် ပြော၏။ သိုက်စွဲရှိလျှင် ကပ်ထားဟု ပြောရမည်ကို " သိုက်စွဲ ရှပ်ကိ " ဟု ပြော၏။

ဂိုဏ်းတော်အား မရိုမသေ လုပ်ခြင်း မဟုတ်ပေ၊ သူ၏ ပင်ကိုယ်သဘာဝအရ ထိုသို့ ပြောခြင်းဟု သိရ၏။ ဤနည်းဖြင့် ပယောဂအစွဲများစွာကို ပျောက်ကင်းအောင် ကုသခဲ့လေသည်။ ထို့ကြောင့် ရင်းနှီးသော ပညာညီအကိုများက ၎င်းအား အမည်ရင်း မခေါ်ကြဘဲ " ရှပ်ကိ " ဟုပင် ခေါ်ကြလေသည်။ ထိုသို့ခေါ်သည်ကို ထိုဆရာကြီးမှ ကျေနပ်စွာ လက်ခံခဲ့၏။

ထို့ပြင် အဖေကြီးဦးမြခင်၏ တပည့်လည်းဖြစ် ၊ ဆရာကြီးဦးတိုး ( ကဒုံကနိ ) ၏ တပည့်လည်း ဖြစ်သော ဆရာကြီးဦးဟန်တင်သည် ပယောဂ ဆန်းဆန်းပြားပြားများ ကုသခွင့်ရသော ဆရာကြီး တစ်ဦးဖြစ်၏။ ယခုတိုင် သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်၏။

ဆရာကြီးဦးဟန်တင် ကုသခဲ့သော ပယောဂ အစွဲများစွာအနက် ယနေ့တိုင် ကျွန်ုပ် အမှတ်ရနေဆဲ ကုထုံး ၂ ခုရှိ၏။ ပထမ ကုထုံးမှာ " ပုဏ္ဏက ဓားကွဲ၊ မျက်ရည်ရွှဲ " ကုထုံးဖြစ်၍ ဒုတိယ ကုထုံးမှာ ယခု တင်ပြအပ်သော " ရွှေရင်ကျော်၏ ဘယ်လက်ညှိုးအစွမ်း နှင့် ထမိန်ခြုံ စုန်းလင်းတ ညီအမ " ကုထုံးဖြစ်၏။

ထိုကုထုံးများ ဖြစ်ပွားခဲ့ရာ အရပ်ဒေသများကိုမူ ကျွန်ုပ် မမှတ်တော့ကြောင်း ရိုးသားစွာ ဝန်ခံပါ၏။ ဆရာကြီးဦးဟန်တင်နှင့် ပြန်တွေ့ခွင့် ရပါလျှင် အသေးစိတ် ဖေါ်ပြပေးနိုင်ပေမည်။

ဆရာကြီး ဦးဟန်တင် ကုသပေးခဲ့သော ဤ " ရွှေရင်ကျော်၏ ဘယ်လက်ညှိုးအစွမ်း နှင့် ထမိန်ခြုံ စုန်းလင်းတ ညီအမ " အစွဲသည်........
လွန်စွာ ကြောက်မက်ဖွယ်ကောင်း၏။
လွန်စွာ အံ့သြဖွယ်လည်း ဖြစ်၏။
အတုယူဖွယ်လည်း ဖြစ်၏။
ချီးကျူး ဂုဏ်ယူဖွယ်လည်း ဖြစ်၏။
ထို့အတူ...........
သင်္ခန်းစာယူစရာလည်း ကောင်းလေသည်။

~~~~~~~~

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်၌ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကဒုံကနိ ကျေးရွာ နှင့် မနီးမဝေး ရွာလေးတစ်ရွာတွင် ထူးဆန်းသော ပယောဂ တစ်ခု ဖြစ်ပေါ်ခဲ့၏။

ထူးဆန်းသော ပယောဂဟု ဆိုရခြင်းမှာ ထိုရွာသား မောင်သန်းအောင်(အမည်လွှဲ) သည် ပယောဂဖြစ်ခဲ့၏။ စုန်းတိုက် ဖြစ်၏။ အပင်းလည်း မိထား၏။ မောင်သန်းအောင်၏ မိသားစုများသည် ကောင်းနိုးရာရာ အခြားပယောဂ ဆရာများအား ပင့်ဆောင်၍ ကုသစေ၏။
သို့သော် မည်သည့်ဆရာမျှ ပျောက်ကင်းအောင် မကုသနိုင်ဟု ဆိုသည်။

မောင်သန်းအောင်အား ပြုစားထားသော အစွဲသည် လွန်စွာ အစွမ်းထက်သော စုန်းတိုက်ဖြစ်လေရာ လာရောက်ကုသသော ဆရာမှန်သမျှ လက်လျော့ကြရ၏။ ပြေးကြရ၏။ ပြေးကြရသည် ဆိုသည်မှာ လာကုသော ဆရာမှန်သမျှအား မောင်သန်းအောင်အား ပြုစားထားသည့် စုန်းများမှ ထိုရွာတွင် ဆက်မနေနိုင်ရန် နည်းပေါင်းစုံဖြင့် တိုက်ကြသောကြောင့် ဖြစ်၏။

စုန်းများဟု ဆိုရခြင်းမှာ မောင်သန်းအောင်အား ပြုစားထားသော စုန်းသည် တစ်ဦးတည်း မဟုတ်ပဲ စုန်းပညာတတ်မြောက်သော ညီအမ နှစ်ယောက်မှ ပြုစားထားခြင်း ဖြစ်၏။

ထိုစုန်းညီအမသည် အသက် ၂၀ ဝန်းကျင် အမျိုးသမီးငယ်များသာ ဖြစ်၏။ တက္ကသိုလ် ကျောင်းသူ ခေတ်ပညာတတ်များလည်း ဖြစ်၏။
ထိုညီအမများကား ဗူး ခေါ် ပညာသည်များလည်း ဖြစ်၏။ ၎င်းတို့၏ အဘွားသည် ထိုကျေးရွာ တစ်ကြော၌ လူတိုင်း ကြောက်ရွံ့ရသည် ကဝေပျံ အဆင့်ရှိ စုန်းမကြီး ဖြစ်လေသည်။

လာရောက်ကုသကြသော ပယောဂ ဆရာတို့သည် မနိုင်၍ ပြေးကြသည့်အခါ ကောင်းကင်ယံ၌ လင်းတကြီး သုံးကောင်သည် တဂီးဂီး အော်ဟစ်ကာ လိုက်၍ တိုက်ကြ၏။ ထိုအတိုက်ကြောင့် အချို့ဆရာများမှာ ရုတ်ချည်းဆိုသလို လဲကျ သေဆုံးကြရလေသည်။

ထို လင်းတကြီး ၃ ကောင်သည် ဘွားအေဖြစ်သူ စုန်းမကြီး နှင့် ၎င်း၏ မြေး ၂ ယောက်ဖြစ်လေ၏။
စုန်းပညာအတတ်ဖြင့် ထမိန်ခြုံကာ လင်းတ အသွင်ဖြင့် တိုက်ကြခြင်း ဖြစ်သည်။

သို့ဖြင့် ထိုစုန်းအတိုက်အား ကုသပေးပါရန် ဆရာကြီးဦးဟန်တင်အား လာရောက် ပင့်ကြလေသည်။ ဆရာကြီးသည် ထိုအစွဲအကြောင်းကို ကြားသိပြီး ဖြစ်သောကြောင့် အားတက်သရော လိုက်သွားခဲ့၏။

ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်း ဆရာတို့သည် ပယောဂ ကုသရန် သွားသည့်အခါ တောစက်၊ တောင်စက် ၊ ရွာစက် ၊ ကွင်းစက် စသော အောက်လမ်းမိစ္ဆာတို့၏ ပညာစက်ကို ဖြတ်ရ၏။ မိမိအား အနှောက်အယှက် မပြုလုပ်နိုင်စေရန် ထိုသို့ စက်ဖြတ်ရခြင်းဖြစ်၏။

ဆရာကြီးဦးဟန်တင်သည် အတွေ့အကြုံရင့်ကျက်သော ဆရာကြီးတစ်ယောက် ဖြစ်၏။ သို့ရာတွင် စုန်းညီအမ၏ အစွမ်းကို သိလိုသဖြင့် တမင် စက်မဖြတ်ဘဲ သွားခဲ့သည် ဆို၏။ ထို့ကြောင့် လမ်းခရီးတစ်လျှောက်၌ အခက်အခဲ အနှောက်အယှက်များစွာ ကြုံရလေသည်။

ဤသို့ဖြင့် ညနေစောင်း အချိန်တွင် ထိုရွာသို့ ရောက်ခဲ့၏။ ညအိပ်သောအခါ အတွင်းရန် အတွင်းစက်၊ အပြင်ရန် အပြင်စက်ဟူသော မိစ္ဆာစက်တို့ကို မဖြတ်သဖြင့် နယ်ခံ စုန်းမြေးအဘွား သုံးယောက်သည် ဆရာကြီးအား စတင် တိုက်ခိုက်ကြလေသည်။

ပထမဦးစွာ ရွာအစွန် သဂြုင်္ိင်းဘက်မှ စွဲစွဲငင်ငင် အူလိုက်သော ခွေးအူသံများ ထွက်ပေါ်လာ၏။ ထိုခွေးအူသံများသည် တစတစဖြင့် ဆရာကြီး တည်းခိုရာ အိမ်နားရောက်လာ၏။ လေမတိုက်ပါဘဲ သစ်ပင်များ ယိမ်းထိုး လှုပ်ခါလာ၏။ ကောင်းကင်ယံမှ ကြောက်မက်ဖွယ် လင်းတ အော်မည်သံ တဂီးဂီးကို ကြားလာရ၏။ ဆရာကြီး ရှိနေသော အိမ်ငယ်သည်လည်း သွက်သွက်ခါ ယိမ်းထိုး လှုပ်ရန်းလာတော့သည်။

အိမ်ရှင်မိသားစုသည် လွန်စွာ ကြောက်ရွံ့နေကြပြီ ဖြစ်၏။ ဆရာကြီးဦးဟန်တင်အား အားကိုးတကြီးဖြင့် တစ်ခုခု တုန့်ပြန်ပါရန် တောင်းပန်ကြလေသည်။ ထို့ကြောင့် ဆရာကြီး ဦးဟန်တင်မှ ဘယ်လက်ညှိုးဖြင့် အတွင်းစက် အပြင်စက် ဖြတ်ချလိုက်ရာ တဂီးဂီး အော်နေသော လင်းတသံများသည် လည်းကောင်း၊ လှုပ်ရမ်းနေသော အိမ်နှင့် သစ်ပင်ဝါးပင်များသည် ချက်ခြင်းဆိုသလို ရပ်တန့်ကာ တိတ်ဆိတ်သွားလေ တော့သည်။

နောက်တစ်နေ့တွင် မောင်သန်းအောင်အား စစ်ဆေးပြီးနောက် ကုသရာ အလွန်ခေါင်းမာသော စုန်းညီအမသည် အပြင်းအထန် အာခံကြ၏။ သို့သော် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်း ပညာ၏ အစွမ်းကို စုန်းညီအမ ၂ ယောက် လက်မြှောက် ရလေတော့သည်။

ထိုသို့ကုသရာတွင် ၎င်းစုန်းညီအမ၏ ပြောပြချက်အရ ပယောဂဆရာများစွာသည် ၎င်းတို့ စုန်းမြေးအဖွား ၃ ယောက်၏ လင်းတအတိုက်ကြောင့် အသေဆိုးဖြင့် သေခဲ့ရကြောင်း သိရလေသည်။ ဆရာကြီး ဦးဟန်တင်သည် အလွန်ဒေါသဖြစ်လျက် ဝင်ပူးနေသော စုန်းညီအမအား လက်သီးဖြင့် တခွပ်ခွပ်မည်အောင် ထိုးလေတော့သည်။

လက်သီးဖြင့် ထိုးရာ၌ မျက်နှာကို အဆက်မပြတ် အင်ပြည့်အားပြည့် ထိုးခြင်းဖြစ်၏။ စုန်းညီအမ ဝင်ပူးနေသော ဝေဒနာရှင် မောင်သန်းအောင်၏ မျက်နှာသည် ဆရာကြီး၏ လက်သီးဒဏ်ဖြင့် ဖူးဖူးရောင်လျက် အညိုအမဲ စွဲနေတော့၏။

စုန်းညီအမ ၂ ယောက်မှ သစ္စာရေသောက်ကာ အရှုံးပေးသည့်အခါ မောင်သန်းအောင်၏ မျက်နှာထက်မှ ဒဏ်ရာများ နှင့် ပယောဂစက်များကို ထွက်သည့်အခါ တစ်ပါးတည်း နှမ်းတစ်စိမျှ မကျန်အောင် ယူဆောင်သွားရမည်ဟု အမိန့်ပေး၏။

ထို့ပြင် ဆရာပေါင်းများစွာ၏ အသက်ကို စုန်းအတတ်ဖြင့် နှတ်ယူခဲ့သော ရက်စက်လှသည့် စုန်းညီအမကို သင်္ခန်းစာ ပေးလိုသောကြောင့် ဆရာကြီး ထိုးလိုက်သည့် ဒဏ်ကြောင့် ရရှိခဲ့သော ဒဏ်ရာ အဖုအပိန့် အညိုအမည်း တို့သည် ၎င်းစုန်းညီအမ မျက်နှာထက်၌ မပျောက်မကင်းပဲ တည်ရှိစေရမည်၊ ၎င်း ညီအမ ၂ ဦးစလုံး ဆရာကြီးဦးဟန်တင် ရှေ့မှောက်သို့ လူကိုယ်တိုင် လာရောက်၍ ရှိခိုးတောင်းပန်မှ ဒဏ်ရာပျောက်စေဟု အမိန့်တော် ပြန်ခဲ့သည်။

မောင်သန်းအောင်၏ ပယောဂ ဝေဒနာသည် ပျောက်ကင်းပြီ ဖြစ်သောကြောင့် ဆရာကြီးသည် ထိုရွာမှ ပြန်ခဲ့၏။ ထိုရွာသည် သင်္ဘောဆိပ်ရှိရာ ဘိုကလေးမြို့နှင့် အနည်းငယ် ဝေးကွာသဖြင့် လှေဖြင့် အရင်သွားရ၏။ ဆရာကြီးအား ရွာသား ၅ ဦးခန့်မှ လှေဖြင့် လိုက်ပို့ကြ၏။

ထိုလှေငယ် ရွာအလွန်သို့ ရောက်လေသောအခါ တဂီးဂီး အော်မြည်သံကြီးကို ကောင်းကင်ယံ ထက်မှ ကြားရလေသည်။ လှေဖြင့် လိုက်ပို့သော ရွာသားများသည် မျက်စိမျက်နှာ ပျက်လျှက် လွန်စွာ ကြောက်ရွံ့တုန်လှုပ်လာကြ၏။ ဆရာကြီး သတိထား သတိထားဟု အထိတ်တလန့် သတိပေးကြ၏။ ယခင်ဆရာများသည် ထိုနည်းဖြင့် အသက်ဇိဝှိန် ချုပ်ငြိမ်းခဲ့ကြရသောကြောင့် စိုးရိမ်ကြခြင်း ဖြစ်သည် ဆို၏။

ဆရာကြီး ဦးဟန်တင်သည် ကောင်းကင်ယံထက် မော့ကြည့်လိုက်ရာ လွန်စွာ ကြီးမားလှသည့် လင်းတ သုံးကောင်သည် ဖြန့်ကျက် ပျံဝဲကာ ထိုးသုတ်ဟန် ပြင်နေသည်ကို တွေ့ရတော့သည်။

အတွေ့အကျုံရင့်ကျက်ပြီး ဖြစ်သော ဆရာကြီးသည် ဘယ်ဘက်လက်ညှိုးအား အထက်သို့ ထောင်လိုက်ပြီး " ရွှေရင်ကျော်ကွ၊ မိစ္ဆာစက် အားလုံးပျက်စေ ၊ ဘုရားငါးဆူအမိန့် ၊ အဘဆရာတော်ကြီးများ အာဏာ ၊ ငါ့ဆရာ၏ အမိန့် " ဟု ပြောဆို ဖြတ်ချလိုက်၏။

ဆရာကြီး ဦးဟန်တင်၏ ဘယ်လက်ညှိုး တစ်ချက် အလှုပ်တွင် လင်းတ တစ်ကောင်သည် ဂီးကနဲ အော်မည်ကာ အောက်သို့ ဇောက်ထိုးကြ သွား၏။ ထိုနည်းဖြင့် ကျန်လင်းတ နှစ်ကောင်သည်လည်း မြေသို့ကြရလေသည်။

ထိုအခြင်းအရာကို မြင်တွေ့ရသော ရွာသားတို့သည် အလွန်ပင် အံသြနဘန်း ဖြစ်သွားကြ၏။ ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေ ဂိုဏ်းပညာ၏ အစွမ်းကို မျက်ဝါးထင်ထင် မြင်တွေ့ရသဖြင့် ၎င်းတို့အား ပညာပေးပါရန် တောင်းပန်ကြလေသည်။

ထို့ကြောင့် ဆရာကြီးဦးဟန်တင်သည် လမ်းတစ်ဝက်မှ ပြန်လှည့်ကာ ပညာပေးခဲ့ရ၏။ လှေပေါ်ပါ ရွာသားများ၏ ပြန်လည်ပြောပြမှုကြောင့် ပညာအစွမ်းကို သိသွားကြသော ရွာသူ ရွာသားတို့သည် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေပညာကို ရွာလုံးကျွတ် ခံယူကြလေသည်။

ဂိုဏ်းတော် ပညာ၏ အစွမ်း ၊ ဆရာကြီး၏ ရဲရင့်မှုတို့ကြောင့် ထိုရွာ၌ ပညာစခန်း ထူးထူးခြားခြား ပွင့်ခဲ့ရခြင်း ဖြစ်သည်။

ရက်အနည်းငယ် အကြာတွင် ထိုရွာမှ ပြန်ခဲ့၏။ လမ်းခရီးတစ်ယောက် မည်သည့် အနှောက်အယှက်မှ မတွေ့ရတော့ဘဲ သင်္ဘောဆိပ်ရှိရာ ဘိုကလေးဆိပ်ကမ်းသို့ ရောက်လာခဲ့၏။

ဆရာကြီး ဦးဟန်တင်သည် ဆိပ်ကမ်းရှိ သင်္ဘောပေါ်တွင် နေရာယူလျက် ထိုင်နေ၏။ ဆိပ်ကမ်းထက်တွင် လိုက်လံပို့ဆောင်သော တပည့်များဖြင့် စည်ကားနေ၏။ ထိုအချိန်တွင် လူအုပ်ကြားထဲမှ အသက် ၂၀ ခန့် အမျိုးသမီးငယ် နှစ်ယောက် တိုးထွက်လာ၏။ ဆရာကြီး ထိုင်နေရာ သင်္ဘောပေါ်သို့ မျက်နှာငုံ့လျက် တက်လာ၏။

ဆရာကြီးရှေ့ ရောက်သည့်အခါ ထိုင်လိုက်ကြပြီး ရိုသေစွာ ရိုခိုးတောင်းပန်ကြလေသည်။ ထိုညီအမသည်ကား ထမီခြုံလျှင် လင်းတဖြစ်သော စုန်းပညာသည် ညီအမဖြစ်၏။ ၎င်းတို့၏ မျက်နှာများသည်လည်း အထိုးခံထားရသော ဒဏ်ရာများဖြင့် ဖူးယောင်ညိုမည်း နေသည် ဆို၏။

ဆရာကြီး ဦးဟန်တင်မှ ခွင့်လွှတ်ပါကြောင်း နှင့် ဒဏ်ရာများ ပျောက်ပါစေကြောင်း အမိန့်ပေးသော အခါ စုန်းညီအမ မျက်နှာပေါ်မှ ဒဏ်ရာများသည် တမုဟုတ်ခြင်း ပျောက်ကွယ်သွား လေတော့သည်။

ဆရာကြီးက မကောင်းသော စုန်းပညာများကို စွန့်လွှတ်ရန် တိုက်တွန်းသော်လည်း ၎င်းတို့မှ မစွန့်လွှတ်လိုပါကြောင်း အသနားခံကြလေသည်။
ဆရာကြီးက ၎င်း၏ ဘယ်လက်ညှိုးဖြင့် စက်ဖြတ်စဉ်က မည်သို့ ခံစားရသနည်းဟု ၎င်းတို့အား မေးရာ - စက်ဖြတ်လိုက်သည့်အခါ ဘယ်လက်ညှိုးထိပ်မှ လျှပ်စီးလက်သည့်နှယ် အလင်းတန်းတစ်ခု ထွက်လာသည်ကို မြင်ကြရသည် ဆို၏။
ထိုးအလင်းတန်းသည် ၎င်းတို့၏ စုန်းပညာစက်အား ဖြတ်တောက်သောအခါ ၎င်းတို့၏ ဇက်ပိုးအား ဓားထက်ထက်ဖြင့် အပိုင်းချခံရသည့်သဖွယ် နာကြင်စူးရှစွာ ခံစားရကြောင်း ၊ ရွှေရင်ကျော် ဆေးတော်စောင့် အစောင့်များစွာကိုလည်း မြင်တွေ့ရကြောင်း ၊ ထိုအစောင့်များသည် ၎င်းတို့အား ဆုံးမရန် အသင့်ဖြစ်နေသည်ကို မြင်တွေ့ ရပါကြောင်း ရှင်းပြခဲ့ကြလေသည်။

~~~~~~~~~

အထက်ဖေါ်ပြပါ အကြောင်းအရာများသည် မယုံကြည်သူများအဖို့ ဂမ္ဘီရ ဇာတ်လမ်းတစ်ပုဒ် ဟု ထင်ကောင်းထင်ကြပေမည်။ နေရပ် လိပ်စာ အမည်နာမ နှင့် အချိန်ကာလကို ကျွန်ုပ် မမှတ်မိသည်ကလွဲလျှင် အကြောင်းအရာ အဖြစ်အပျက်များသည် ဧကန်အမှန် ဖြစ်ခဲ့သော အရာများဖြစ်၏။

ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေပညာကို ခံယူထားသူတို့၏ ဘယ်လက်ညှိုးအစွမ်းကို သိသာထင်မြင်စေသော ကုထုံးလည်းဖြစ်၏။

ဤသည်ပင်လျှင် " ရွှေရင်ကျော်၏ ဘယ်လက်ညှိုး အစွမ်း နှင့် ထမိန်ခြုံ စုန်းလင်းတ ညီအမ " ကုထုံး ဖြစ်လေတော့သတည်း ။

NetSay ( 06/05/2016 )

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
credit- Net Say
Credit - စိတ်ခြောက်ခြားဖွယ် ပရလောကနယ်

ADMINစ​နေနံရာဟုသား


Post a Comment