ငြိမ်းချမ်း​ရေးသဝဏ်​လွှာကဗျာ​လေးချိုးကြီး

ငြိမ်းချမ်းရေးသဝဏ်လွှာ ကဗျာလေးချိုးကြီး

"ပြည်သူ့ နေ့စဉ်” ကနဦး ကမ္ဘာစသလိုပ၊
သည်ယခု ယနေ့ပင် ဦးစွာအစတွင်ဖြင့် ၊
ဘီလူးပမာဏ ၊
နှစ်ဦး နှစ်ဖြာ နှစ်ဝ မြန်မာ့တံခွန် ရတနာတွေကို နော်ကွယ် ။
အထူးသဒ္ဓါ ဗလဝရယ်နှင့် ၊
ဆရာ့ သဝဏ်လွှာ ။

(အို) မောင်အောင်သန်းတို့ရဲ့ ၊
အဆောင်ဆောင် နန်းတွေ ကြဌန်းတွေနဲ့ ၊
အခေါင် မြန်းမကွဲ့လို့ ၊
အောင်ပန်းတကြိုင်ကြိုင်နှင့် ၊
ညောင်ရမ်းပိုင် အညာချီတော့ ၊
အာဇာနည်မှ တကဲ့အာဇာနည်ဆိုတဲ့
မဟာထေရ်ဘားမဲ့ ဆရာတို့ထုံးလိုပ ၊
ဘာမထီညာမထီ နွားရဲ့ပမာသို့
အားနဲ့ ဆရာရုန်းသဖြင့် ၊
အလုံးစုံ လွတ်ရှာကြသော်လည်း ၊
ဝဋ်ကြမ္မာ ဘဝပို့စရာ တချို့ သတ္တဝါတည်းဟူသော
"တို့ဗမာ” သခင်ဗဟိုဝယ်
တို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့ အလိုမငယ်
"ဆိုရှယ်လစ် ”ကယ်နှင့် ၊
တံခွန်တလူလူ "ကွန်မြူနစ်”ကယ်တို့၊
မချစ်သာ မေတ္တာကင်းပြန်သနဲ့ ၊
အချင်းချင်းပင် တငြင်းထဲ ငြင်းငြင်းပြီး ၊
မင်းပွဲအတုမှာ ထမင်းပွဲလုခါ လယ်မျိုခဲပါလို့ ၊
ပွဲချင်းပြီး အသေအကြေ တအူအူ အသံဗလံနှင့်
တဆူဆူ တညံညံ ကိုက်ကြ,တိုက်ကြ,မိုက်ကြတော့ ၊
ဘဏ်တိုက် အခြေအနေ ထိပြန်သနဲ့ ၊
ငွေမရှိပြန်လျှင် အဖေ၏သဏ္ဌာန် ကဲ့သို့သော
အမေရိကန်တို့ အင်္ဂလန်တို့မှာ ချေးရတဲ့
ကြွေးမျိုးစုံကုဋေကုဋာနှင့် ၊
ပြေရွာမှာ သေတာလောက်မကောင်းပြီမို့ ၊
အပေါင်းသော အမျိုးသားတပဲ့ မညီလိုသဖြင့်
မကြည်ညိုလျှင် ၊
ယိုးဒယားနဲ့ သီဟိုဠ်ကျွန်းရဲ့ပြင် ၊
(ဪ) သို့ကလောက် ကျော်ပေ မော်ပေတဲ့ ၊
ငတို့ ပေါက်ဖော်တို့ရဲ့ တရုပ်နီ တည်းဟူသော
တရုပ်ပြည်ကိုတောင်
တသုတ်တချီ မြန်းရော့မယ်လို့ ၊
မှန်းဆခါခါပေနော်ကွယ် ၊
တနွမ်းနွမ်း တလျလျ ၊
မချမ်းမြပါတဲ့ ၊
(ဪ) ကမ္မဌာန်း ဒကမ ၊
ပန်းလှ,လှကြတဲ့ ဘန်းများဆရာ ။

(ဪ) အမေကူပါ အဖေကူပါနဲ့နှော ၊
ပြေသူတကာ မသာ အရှိုရှိုပွဲတွင်မှ ၊
ထမရေပူအလာ လျှာကို လွှဲတယ်လို့ ၊
ဒါလိုဘဲပြောကြမှာ ၊
လောကဓမ္မတာရဲ့ ပြောခွင့်မလိုတမျိုး ၊
(ဝါ)လိုတမျိုးလည်းဟူ၏ ၊
(အိုကွယ်) တောရဝါသနာနှင့် တောဖြင့်ခို၍ ဖိုမထိုး ။

အေးခေတ်မပေါ်
ဘေးဖြစ်အောင် မတော်မလျော်နှင့် ၊
လေးနှစ်ကျော် ငါးနှစ်အဆင်းတွင်ဖြင့် ၊
တရားစစ်ခင်းမည် တဖုံကြံလို့မို့ ၊
ဂဠုန်ပျံ ဒီပနီမှာလို မမှားပေမည့် ၊
ဥုံ အရဟံ မထေရ်ဘုရားတို့နှင့် ၊
တပြည်သား နယ်ချဲ့ အစွန်းရန်ကို ၊
တကယ်တကဲ့ တွန်းလှန်ဘို့အရေးကလဲ မဝေးတော့ပြီမို့ ၊
အရေးကြီးလျှင်ဖြင့် ၊
သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း ၊
ကိုင်း ထထကြွကြွနှင့် ဝိုင်းကြပေရော့လို့ ၊
မှိုင်းမကာ တသုတ်ဟောချိန်မို့ ၊
စစ်ကိုင်းကဆရာ အဟုတ်ပြောရမှာဖြင့် ၊
"ဗုဒ္ဓေါမေ သရဏံ” ယတြာအရေးတွေနှင့် ၊
ကမ္ဘာအေးစေတီ ဒါယကာ (ကိုရွှေနု)တို့ရဲ့ပြင် ၊
(ဪ) အောင်ဇေယတု အောင်ဇေယတုနှင့် ၊
အောင်မြေရှုစရာ ဗဟိုပလ္လင်ပျံနှင့် ၊
တောင်ခြေတခုမှာ ဗိုလ်ဝင်ခံကြသမို့လဲ ၊
ဟိုအရင်ယမန် ထပိုးတဲ့တဲ့ ထမ်းခဲ့ကြတဲ့
(စိုး)နဲ့(သန်း) တို့ကိုလဲ ၊
တမျိုးကွဲ့လွမ်းသူ ဆရာဖအေက ၊
မာပါစေ,သာပါစေ,လာပါစေ ဆုမွန်တောင်းလိုက်ကဲ့ ၊
ကဝိကူဘော် တပည့်သူတော်ကောင်းရယ်တို့ ၊
ဇာတ်ပေါင်းကာ အတည်ကျလျှင်တော့ ၊
(အမယ်မင်း) တည်တည်ပပ ညီညီမျှမျှနှင့်
ပြည်မြန်မာ့ အလံမညှိုးမူ၍
(ဪ) အနှီသမယ ၊
အပြည်ပြည်ကတောင် ခ,ရပေမည့် ၊
(အို တပည့်တို့ရဲ့) ထိုတကဲ့ ပထဝီဇယ မန္တာန်တန်ခိုး ။

(လွတ်လပ်ရေးခေတ် ကဗျာ)

🔲သခင်ကိုယ်တော်မှိုင်း

(မောင်တင်ရွှေ စုဆောင်းပြုစုသည့် သခင်ကိုယ်တော်မှိုင်း လက်ရွေးစင်လေးချိုးတစ်ရာ စာအုပ်မှ …ကူးရေးတာကတော့ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အမှတ် (၁၁)မှ ကူးရေးတာပါ ။#ms


Post a Comment