နှင်းခတဲ့ပွဲ
----------
(ဝတ္ထုတို)
(၁)
ခခရယ် .....
နင် ငါ့ကို ရက်စက်လိုက်တာဟာ ...
ဒါကြောင့် နင် ငါ့ကိုချစ်တယ်လို့ အဖြေမပေးခဲ့တာပေါ့လေ ...
ငါကတော့ နင့်ကိုချစ်လိုက်ရတာဟာ ...
အရင်တုန်းက နင် ငါ့ကို ဂရုစိုက်ပေးခဲ့တာတွေ ...
ငါတို့နှစ်ယောက်ကြားမှာ စိတ်တူကိုယ်တူနဲ့ အမြဲတမ်းချစ်ချစ်ခင်ခင်ရှိခဲ့တာတွေ ...
ငါတို့အတူတူ ရေခဲမုန့်စားရင်း လေညင်းခံထွက်ခဲ့ကြတာတွေ ...
အစပ်ကြောက်တတ်တဲ့နင့်အတွက် မုန့်တီစားပြီးတိုင်း သကြားလုံးတစ်လုံး ငါအမြဲခွံ့ကျွေးခဲ့တာတွေ ...
တိုင်းရင်းသားကျေးရွာသွားတိုင်း စက်ဘီးမစီးတတ်တဲ့နင်က ငါ့စက်ဘီးနောက်မှာပဲ သီချင်းလေးငြီးရင်း ထိုင်စီးခဲ့တာတွေ ...
ဘုရားသွားတိုင်း ငါတို့နှစ်ယောက်စလုံး လုံချည်တွေသေသေချာချာမဝတ်တတ်ပေမယ့် ထမီနဲ့ပုဆိုးကိုပဲ ကြိုးစားဝတ်ခဲ့ကြတာတွေ ...
ကန်ဘောင်ပေါ်လမ်းလျှောက်တိုင်းလည်း ပိုစ့်အမျိုးမျိုးနဲ့ဓာတ်ပုံတွေရိုက်ခဲ့ကြတာတွေ ....
ဒါတွေ .....
ဒါတွေ ..........
ဒါတွေက .............
နင် ငါ့အပေါ် ဟန်ဆောင်ခဲ့တာတွေလားးးးး ခခရယ် ..။
နင် ငါ့ကို ခွဲသွားပြီးတဲ့နောက်ပိုင်း ငါ နင့်အိမ်ကို ၅ ခေါက်တိတိလာခဲ့တယ် ခခရေ ...
နင့်အိမ်လေးကတော့ သော့ခတ်ထားမြဲပါပဲဟာ ...
ဒီနေ့ နင့်မွေးနေ့ ...
ငါတို့ လက်ထပ်မယ့်နေ့...
ဇန်နဝါရီလ ၁ ရက်နေ့ ...
အပြင်မှာ နှင်းတွေကျနေတယ် ခခရေ ...
ငါတို့မင်္ဂလာပွဲလေးနေရာမှာလည်း ... နှင်းတွေခနေကြပြီ ဟာ ...
အပြင်မှာ နှင်းတွေခနေသည်။
သုတလင်းမျက်ဝန်းမှာလည်း မျက်ရည်စတွေခနေကြပြီ။
မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပြီး နှင်းစက်တွေကြားမှ လမ်းလျှောက်ထွက်လာခဲ့ပါသည်။ အိပ်ပျော်နေသည့် ဖေဖေနှင့်မေမေနိုးမည်စိုးသောကြောင့် ခြေကိုခပ်ဖွဖွနင်း၍ တိတ်တိတ်လေးထွက်လာခဲ့ရပါသည်။
*-*
(၂)
“ခခ ရေ … ငါတို့ လက်ထပ်မယ့်ရက် ရွေးရအောင်”
“ဟေ … ကောင်းသားပဲ။ ငါ့မွေးနေ့ဆိုရင်ရော ..?”
“နင့်မွေးနေ့က ဇန်န၀ါရီလ ၁ ရက်နေ့ …
အင်း နှစ်တစ်နှစ်ရဲ့အစ … မဆိုးတော့မဆိုးဘူးဟ .. ဒါပေမယ့် လူကြီးတွေကို မေးရအုံးမယ်လေ … အဲ့ဒီလမှာ မင်္ဂလာဆောင်လို့ရရဲ့လားမသိဘူး”
“ဟာ …. မသိဘူးဟာ … ရရမရရ … ငါကတော့ ငါ့မွေးနေ့မှာပဲ မင်္ဂလာဆောင်ချင်တယ်…ဒါပဲနော်… ငါ့မွေးနေ့က ငါတို့မင်္ဂလာပွဲပဲ …အိုကေ ..?”
“အေးပါဟာ … အေးပါ … ခခ သဘော”
“ဖြစ်ရလေ … ကိုတ နော် … မသိရင် ငါကပဲအနိုင်ယူနေသလိုလို .. ဟွင်းးး နင့်မွေးနေ့က ပြီးသွားလို့လည်း ငါ့မွေးနေ့ရွေးရသေးတယ်”
“ဟုတ်ကဲ့ပါခင်ဗျာ … ကျွန်တော်မျိုး သုတလင်းမွေးနေ့ထိလည်း မစောင့်နိုင်တော့ပါဘူးးးး နော် … နှမတော် မေသုခလေးသဘောအတိုင်းပါလို့……ဟီးးး”
မင်္ဂလာဆောင်ဖိတ်စာတွေလိုက်ကြည့်သည့်နေ့က အဖြူရောင်ကြိုက်တတ်သည့် ကျွန်တော့်သဘောအတိုင်းပင် ဖိတ်စာလေးကို အဖြူရောင်လေးရွေးဖြစ်ခဲ့ကြသည်။ ရိုးရှင်းသည့် မင်္ဂလာဖိတ်စာလေး….. ဖြူစွတ်နေသည့် စက္ကူလေး၏ အလယ်တွင် ‘မောင်သုတလင်း နှင့် မမေသုခ’ ဆိုသည့် နာမည်လေးနှစ်လုံးကို ရွှေရောင်ဖောင်းကြွလေးများဖြင့် ရေးပေးပါရန် မှာထားခဲ့ကြပါသည်။ မေသုခဆန္ဒအတိုင်း မင်္ဂလာရက်ကို သူမမွေးနေ့လုပ်မည်ဟုရွေးထားကြသလို သုတလင်းဆန္ဒအတိုင်းလည်း ဖိတ်စာလေးကို အဖြူရောင်ရိုးရိုးရှင်းရှင်းလေးပင် ရွေးထားဖြစ်ခဲ့ကြပါသည်။ မင်္ဂလာနေရာကိုတော့ ဘုန်းကြီးကျောင်းတွင် မင်္ဂလာဦးဆွမ်းကျွေးပြီး မိဘမဲ့ကလေးများကို အလှူဒါနပြုလုပ်ကြဖို့ပင် နှစ်ဦးသဘောတူထားပြီးဖြစ်သည်။ သူတို့အစီအစဉ်များကိုလည်း နှစ်ဖက်မိဘများကို ဖွင့်ပြောကြရပေအုံးမည်။ လူလတ်ပိုင်းရောက်လာပြီဖြစ်သည့်သူတို့လည်း မိဘများကို အပူမပေးလို၍ လက်ထပ်တော့မည်ဟုအသိပေးပြီးသည်နှင့် စီစဉ်စရာများကို ကြိုတင်လေ့လာနေကြခြင်းဖြစ်ပါသည်။ သူတို့နှစ်ယောက်၏ ချစ်စရာကောင်းတဲ့အကျင့်လေးတစ်ခုကတော့ ဘာပဲလုပ်လုပ် တစ်ယောက်အကြိုက်တစ်ယောက် မျှမျှတတ ဦးစားပေးကြခြင်းပင်။ မကြာခင် လက်ထပ်တော့မည့် သူတို့နှစ်ယောက်၏ တွေ့ဆုံမှုသည်လည်း ရိုးရိုးရှင်းရှင်းလေးပင်…။ ထူးခြားမှုရှိသည်ကတော့ သူတို့၏ ချစ်သူဘ၀ကာလ …. ချစ်စဖွယ်ကာလလေးများ …. အတုယူဖွယ် ဖြတ်သန်းမှုလေးများနှင့် ….. လေးစားအားကျဖွယ် ချစ်ခင်မြတ်နိုးတန်းဖိုးထားတတ်မှုလေးများပင်…….
*-*
(၃)
သုတလင်းနှင့်မေသုခတို့သည် တက္ကသိုလ်တက်ရင်း ဆုံခဲ့ကြသည့်သူငယ်ချင်းများဖြစ်သည်။ မေသုခသည် ခေါင်းမာသလောက် အကြောတင်း အနိုင်ယူတတ်သည့် ဘုဆတ်ဆတ်ကောင်မလေးတစ်ယောက်သာ … ။ သုတလင်းကား နားလည်ပေးတတ်သူ ၊ ဦးစားပေးတတ်သူ ၊ ရှေ့နောက်ကြည့်ကာ စဉ်းစားချင့်ချိန်တတ်သူဖြစ်သည်။ တက္ကသိုလ်တက်ကြသည့် လေးနှစ်တာကာလအတွင်း ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများကဲ့သို့ ပြောမနာဆိုမနာ စကြနောက်ကြ ပြောကြဆိုကြရင်းဖြင့် အနစ်နာလည်းခံခဲ့ကြသူများသာ။ နောက်ဆုံးနှစ်ရောက်လာချိန်မှာတော့ သုတလင်းနှင့်မေသုခမှလွဲ၍ သူငယ်ချင်းအားလုံး အတွဲကိုယ်စီရကုန်ကြပါတော့သည်။
ကျောင်းစာကြည့်တိုက်ထဲတွင် စာထိုင်ဖတ်နေသည့် ကောင်မလေးတစ်ယောက်… ပခုံးသာသာ ဆံပင်အတိလေးကို ဖြောင့်ထားပြီး မျက်ခုံးထူထူလေးဖြင့် မျက်နှာပြောင်နေတတ်သည့် ထိုကောင်မလေးသည် သူငယ်ချင်းများကို အနိုင်ယူတတ်သည့် မေသုခဆိုသူလေးပင် …. ရည်းစားရသွားသည့် သူမသူငယ်ချင်းများအား စိတ်ကောက်ပြီး တစ်ယောက်တည်းစာထိုင်ဖတ်နေခြင်းသာ..။
“ဟဲ့ အရူးမ …. ဒီမှာ ဘာလုပ်နေတာလဲ”
“စာဖတ်နေတယ်လေ … နင် မမြင်ဘူးလား”
“မြင်ပါတယ် ခခရယ် … ငါက နင် ဒီမှာရှိမှန်းသိလို့ လိုက်လာတာဟ”
“ဘာလုပ်မို့လဲ”
“နင့်ကို .. ငါချစ်တယ်ဟ”
“ဘာာာာာာ…..”
“ဒါ စာကြည့်တိုက်လေ …. တိုးတိုးအော်ပါ ခခရယ်”
“နင် ….နင် …. သုတလင်း …..နင် …ငါ စိတ်လျှော့ထားရတယ်နော်”
“ဟီး …. ငါ ဒီစကားပြောဖို့ တစ်ညလုံးလည်း အိမ်မှာလေ့ကျင့်တယ်။ မနက်ကလည်း အခန်းလွတ်ထဲသွားပြီး တစ်ယောက်တည်းလေ့ကျင့်နေတာဟ …. အင်္ဂလိပ်စာအချိန်တောင် လွတ်သွားတယ် .. ခခ .. နင် ငါ့ကို ချစ်ပြီးသားမို့လားဟင်”
“ဘာာာ….
“ရှူးးးးးး …… တိုးတိုးးးးး ငါ့ကို ချစ်လိုက်တော့နော်”
*-*
“ခခ … ဘာတွေ ပြုံးနေတာလဲ”
“အဟိ … ခခကို ကိုတ ရည်းစားစကားပြောတဲ့နေ့ကို ပြန်တွေးနေတာလေ”
“အရူးမလေးးး ငါ့ကိုအော်လိုက်တာများ …. စာကြည့်တိုက်မှူးတောင် လာကြည့်တယ်”
“ဟာ….အဲ့ဒီအချိန်က ခခက ဟိုမိန်းမတွေကို စိတ်တိုနေတာကိုဟ .. ဟီးးး”
“အင်းးးးး ခုမှ သတိရတယ် … ခခ နင် ငါ့ကို အဖြေလည်း ခုထိမပေးသေးဘူးနော်…”
“ဖြစ်ရလေ ... မင်္ဂလာပဲဆောင်တော့မှာလေ .. အဖြေက လိုချင်နေသေးလို့လားးးး”
“ငါကတော့ ချစ်တယ်ပြောရတယ် …. ငါ့ကျတော့ ခုထိလည်း ချစ်တယ်မပြောဘူး ….”
“လို လို့လားးး ကိုတရယ်….. အမှန်တော့လေ …. ခခက ကိုတကို ချစ်လား မချစ်လားကို ခုထိကို မသိသေးတာသိလား……ဟီးးး”
“ဘာာာာာာာ……”
ချစ်သူရဲ့ ရယ်သံ
တစ်ဘ၀စာပေးအပ်ဖို့ အဆင်သင့် …
ချစ်သူရဲ့ အပြုံး
တစ်ဘ၀လုံးအတွက် ခွန်အား
ချစ်သူရဲ့ စကား
အားဆေးတစ်ခွက် ဖြစ်စေသား ...
*-*
(၄)
"ခခ ... ငါ မနေ့က ဖုန်းထပ်ဆက်သေးတယ် ...
နင်ဖုန်းပိတ်ထားတယ်။ အန်တီပြောတော့ နင် ဆေးခန်းသွားတယ်ဆို ... နေမကောင်းလို့လားးး ဘာဖြစ်တာလဲ .. ကိုယ့်ကိုယ်ကို ဂရုစိုက်ပါဆိုတာ ..."
"ကိုတ ... ငါ ပြောစရာရှိတယ် ... အခု ထွက်ခဲ့ပါလား လမ်းထိပ်ကစောင့်နေမယ်"
"နေကောင်းရဲ့လားးး ဘာဖြစ်တာလဲလို့ .."
"ဘာမှမဟုတ်ဘူးး မိန်းမရောဂါ ...ဒါပဲ"
"အယ် ..အေးပါ အေးပါ"
-*-
"ကိုတ ... ငါတို့ လမ်းခွဲရအောင် "
"ဟားးးးး ဘာလဲ မင်္ဂလာဆောင်ခါနီး သွေးရူးသွေးတန်းတွေပြောပြန်ပြီဟာ .."
"မဟုတ်ဘူး ကိုတ ... ငါတကယ်ပြောနေတာ ...
ငါ နင့်ကို လက်မထပ်နိုင်ဘူး"
"ဘာာာာ ခခ ... မနောက်စမ်းနဲ့"
"သုတလင်း ... ငါ နောက်နေတာမဟုတ်ဘူးးး
မေသုခ လက်ထပ်မယ့်ယောင်္ကျားက နင့်လိုလူမဟုတ်ဘူး ... ငါသွားမယ် ဒါပဲ"
"ခခ ဟဲ့ ခခ ...ဟာ ... နေအုံး ခခ နင် ငါ့ကို ဘာလို့လမ်းခွဲတာလဲ .. ဘာကြောင့်လဲ"
"ဟားးး ဘာကြောင့်လဲ ဟုတ်လားးး ငါ့ generation အတွက် နင်လိုခပ်တုံးတုံးလူနဲ့ ငါလက်မထပ်နိုင်ဘူး။ နင်သိပါတယ် ငါက ငါ့မျိုးဆက်ကို အဖေအမေထက် ထူးချွန်ပြောင်မြောက်စေချင်တာ ... နင့်လို သာမန်ဘွဲ့လေးရပြီး ဉာဏ်ရည်နိမ့်တဲ့သူမျိုးနဲ့ ငါမယူနိုင်ဘူးးး အိုကေ ဘိုင်းးး"
သုတလင်းအား ပြစ်ပြစ်ခါခါပြောသွားသည့် မိန်းကလေးသည် မေသုတမှ ဟုတ်ပါလေစ။ သူငယ်ချင်းချစ်သူတွေကြားမှာ စံပြစုံတွဲအဖြစ် ၊ အရမ်းချစ်ပြီး နားလည်မှုအရှိဆုံးစုံတွဲအဖြစ် တစ်ယောက်ကိုတစ်ယောက် သိပ်ဂရုစိုက်ခဲ့ကြသူတွေအဖြစ် အားလုံးကအားကျခဲ့ရသည့် သူတို့နှစ်ဦး။ ခခကျောပြင်ကိုကြည့်ရင်း မျက်ရည်ဝဲလာသည့် သုတသည် ဟန်မဆောင်နိုင်တော့သည့်အဆုံး taxi ကားတစ်စီးတား၍ အိမ်ပြန်လာခဲ့ပါသည်။ ကားနောက်ခန်းတွင် ယောင်္ကျားတန်မဲ့ မျက်ရည်မဆည်နိုင်သည့်ကောင်လေး ... သူသိပ်ချစ်ရသည့် သူ့ချစ်သူစကားတွေက မယုံနိုင်ချင်စရာ ... သူတို့အတိတ်ကိုပြန်တွေးလိုက် မျက်ရည်တွေကျလာလိုက်ဖြင့် ....
*-*
"ကိုတ ... ငါက ဘာလို့လက်ထပ်ချင်တာလဲ သိလားးး"
"ဟင် ... ငါ့ကိုချစ်လို့ပေါ့"
"အမလေးးးး လိုရာဆွဲတွေးပြန်ပြီ။ ငါကလေ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးချင်တာဟ ... ငါမွေးစားရင်ရတယ်ဆိုပေမယ့် မွေးစားတဲ့ကလေးက သူများသွေးလေ .. အဲ့တော့ ကိုယ်ပြုပြင်ပေးသလို ရချင်မှရမှာလေ ... ငါက ငါပိုင်တဲ့ကလေးလေးကို ငါ့ထက်အဆပေါင်းများစွာ တော်တဲ့ထက်တဲ့ နိုင်ငံ့အကျိုးပြုတဲ့ကလေးလေးဖြစ်စေချင်တာ .. အဲ့အတွက် ငါချစ်တဲ့သူနဲ့လက်ထပ်ပြီးမှ ငါတို့မျိုးဆက်သစ်လေးကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးးးမှာ ...တွေးကြည့်တာနဲ့တင် ကြည်နူးလိုက်တာဟာ ..."
"အေးပါ ခခရယ် ... ငါ ပါရမီဖြည့်ပေးရမှာပေါ့လေ"
"ဘာာာ နင်ဟာလေ ... အမှတ်သိပ်ယူတာပဲ"
"အော် .. နင်ပဲ ချစ်တဲ့သူနဲ့လက်ထပ်ပြီး မျိုးဆက်သစ်လေးကို ပြုစုပျိုးထောင်မှာဆို .. ငါက နင့်ချစ်တဲ့သူပဲလေ .."
"ဟုတ်ပါပြီ ... ဟုတ်ပါပြီ"
*-*
(၅)
"ဟယ် ... ဒေါက်တာမကြီး မပြောမဆိုနဲ့ ဘယ်ကလှည့်လာတာလဲဟ"
"ဒီမနက် လမ်းထွက်လျှောက်ရင်း နီ့ကိုသတိရတာနဲ့ ကိုယ်ဝင်ခဲ့တာ"
"အေးဟာ ... ကိုယ်တော့ ချမ်းလို့ကွေးနေတာ ... သားတောင်လမ်းလျှောက်တယ်ထင်တယ်ကွ ... ဒါနဲ့ breakfast တခါတည်းစားလိုက်ရအောင် သူငယ်ချင်းး"
"အိုကေ good .. ဒါနဲ့ နီ့သား မင်္ဂလာဆောင်တော့မယ်ဆို"
"အင်းးးး ဆောင်မယ်လို့ပြောနေတာပဲ .. ဒါပေမယ့် ရုတ်တရက်ကြီး သူ့ကောင်မလေးက ကျောင်းဆက်တက်ချင်လို့ဆိုလားးးစကောလားရှစ်ရတယ်ဆိုလားပဲ ... ရက်ထပ်ရွှေ့ကြတယ်ပြောတာပဲ"
"အော် ဒါနဲ့ကွယ် ... လွန်ခဲ့တဲ့ ၃ လလောက်က patient တစ်ယောက် ဆေးရုံရောက်လာတယ်။ မင်္ဂလာဆောင်ခါနီးဆဲဆဲပါကွယ် ... ကလေးမလေးက ကိုယ်နဲ့အမြဲပြနေကျ patient လေ ...
သူလေးကံဆိုးလိုက်တာကွာ ..."
"ဘာလို့လဲ သူငယ်ချင်းရဲ့ ..."
"ကလေးမလေးက အမျိုးသမီးရောဂါပေါ့ကွာ ... ကိုယ့် patient အကြောင်းကို အပြင်လူကိုပြောလေ့မရှိဘူးကွ ...မင်းက ကိုယ့်အချစ်ဆုံးသူယ်ချင်းမို့ ... လိုရင်းပြောရရင်တော့ကွာ ... ကလေးမက ကလေးမရနိုင်ဘူးးးလေ"
"ဟယ် ... သနားစရာပါလားကွယ်"
"ငိုလိုက်တာကွယ် ... သူ့ကိုကြည့်ပြီး ကိုယ်တောင်မျက်ရည်မဆည်နိုင်ဘူး ... သူက မကြာခင်လက်ထပ်တော့မှာတဲ့ ... လက်ထပ်ရတဲ့ရည်ရွယ်ချက်ကလည်း သူ့မျိုးဆက်ကလေးလေးကို အကောင်းဆုံးပြုစုပျိုးထောင်ပေးချင်လို့တဲ့ ... သူ့ချစ်သူကိုလည်း သာယာတဲ့မိသားစုလေးတစ်ခု ဖန်တီးပေးချင်လို့တဲ့လေ ....."
"ဖြစ်ရလေကွယ် ..."
*-*
(၆)
အပြင်မှာ နှင်းတွေစဲနေပြီ။
ကောင်မလေးတစ်ယောက်ရဲ့ရင်ထဲမှာတော့ မစဲတော့မယ့်နှင်းတွေက ထာဝရ .....။
သူမရဲ့မွေးနေ့ ...
သူမရဲ့လက်ထပ်ပွဲနေ့ (သို့) နှင်းတွေခတဲ့နေ့ ...
*-*
ကြိုးစားပါအုံးမည်။
CD#
အေးမို့
Post a Comment