ရှင်‌တို့‌ယောက်‌ကျား‌တွေရယ်‌ အပိုင်း၁

"ရှင်တို့ယောက်ျားတွေရယ်..."

အပိုင်း(၁)

"အမှန်ဆို သူနဲ့ငါပြန်ဆုံကြတာကို သူ့ဘက်ကစနုတ်ဆက်သင့်တယ်၊ခုတော့ဟာ...ငါ့ကိုနုတ်မဆက်တဲ့အပြင် မျက်နှာတောင်လွှဲသွားတယ်"
သူငယ်ချင်းပေါက်ကွဲနေတာကိုကြည့်ပြီး ရွှန်းလဲ့ နူတ်ခမ်းလေးတွေတွန့်ကွေးပြုံးကာ ပုခုံးလေးတွန့်ပြလိုက်ပြီး
"ယောက်ျားတွေက ဒီလိုပါပဲ၊ ဘာမှစိတ်ထဲထားမနေနဲ့ ခံစားဖို့မတန်ဘူး"
ရွှန်းလဲ့ ဘာမှအရေးမကြီးသလို ပေါ့ပေါ့လေးပြောပြီး ဖုန်းထဲမှဖွင့်ထားသော သီချင်းအတိုင်းစည်းချက်ကျကျလိုက်ဆိုနေရင်း သူငယ်ချင်း ချစ်စု မျက်နှာကိုအကဲခတ်လိုက်သည်။
"နင်က ရည်းစားမှမထားဖူးတာကိုး ဘယ်ကိုယ်ချင်းစာတတ်မှာလဲ၊ငါ့နေရာကလဲဝင်ကိုယ်ချင်းစာကြည့်ပါဦး ငါသူ့ကိုနှစ်နဲ့ချီပြီး အရမ်းချစ်ခဲ့တာ၊သူက စာမေးပွဲကျလို့ ကျောင်းထွက်လိုက်ကတည်းကငါနဲ့ကွဲသွားတာလေ ခုမှပြန်ဆုံတာ သူနဲ့ငါ့ရဲ့ပတ်သတ်မှုက သူငယ်ချင်းထက်ပိုတယ် ငါသူ့ကိုချစ်ခဲ့တယ် အဲလိုပဲသူလဲငါ့ကို ချစ်တယ်လို့ငါထင်ထားခဲ့တာ၊ခု သူ့လုပ်ရပ်က နင်မြင်တဲ့အတိုင်းပဲ...ငါ့ကိုတွေ့တာတောင် သူမျက်နှာလွှဲသွားတယ်လေ၊အဲဒီတော့ ငါဘယ်လိုခံစားရမလဲ"
"မသိဘူးလေ"
"ရွှန်းလဲ့ဝေ"
"ဟာာ ဘာလဲဟာ၊ဘာလို့အော်နေတာလဲ"
ချစ်စုက ဆောင့်အော်လိုက်တာမို့ ရွှန်းလဲ့ သီချင်းနားထောင်နေသောဖီးလ်ပျက်ကာ သီချင်းကိုပိတ်ပစ်လိုက်ရင်း ခပ်ညည်းညည်းလေးပြန်ပြောလိုက်သည်။စိတ်လဲတိုစပြု နေပြီ။အားအားရှိ သူ့cursh တွေအကြောင်းပဲပြောပြောနေသော ချစ်စုကို ရွှန်းလဲ့ လုံးဝမှစိတ်မရှည်ချင်တော့။ရွှန်းလဲ့ ဆိုတဲ့မိန်းမ က ယောက်ျားတွေကိုနည်းနည်းမှအယုံကြည်ရှိတာမဟုတ်။ကြည့်လဲမရ။အပေါင်းသင်းလဲမလုပ်ပါ။သို့ပေမယ့် သူငယ်ချင်းချစ်စုကတော့ ရွှန်းလဲ့နှင့်ဆုံတိုင်း သူ့ crushအကြောင်းအမြဲရင်ဖွင့်မြဲ။နေ့စဉ် နေ့စဉ် ဓာတ်ပြားဟောင်းကြီးဖွင့်သလို စကားလုံးတွေလဲထပ်နေပြီမို့ ကြာတော့ ရွှန်းလဲ့စိတ်မရှည်ချင်တော့။ချစ်စုကို အမြင်ကတ်လာသည်။
"နင်ပြောတာတွေက ဒါကဒါပဲထပ်နေပြီ၊ ဓာတ်ပြားဟောင်းကြီးဖွင့်နေသလို ငါလဲနားငြီးနေပြီ....နော်၊ကဲ ပြော...သူ့ဘက်က အဲလိုပြုမူတာကို နင်မကျေနပ်ဘူးဆိုတော့ နင်က ဘာလုပ်ချင်တာလဲ"
ရွှန်းလဲ့စကားကြောင့် ချစ်စု ခပ်ငိုင်ငိုင်လေးဖြစ်သွားသည်။အတန်ကြာမှ ခပ်လေးလေး လေးပြောလာသည်က...
"ငါသူ့ဆီဖုန်းဆက်မယ်"
ချစ်စုစကားကြောင့် ရွှန်းလဲ့မျက်ခုံးလေးတွေမြင့်တက်သွားသည်။
"နင်က သူ့ဖုန်းနံပါတ်သိလို့လား"
"သိတယ်၊ ငါတစ်ဖက်လှည့်နဲ့ ငါ့သူငယ်ချင်းတစ်ယောက်ကိုအကူညီတောင်းပြီး သူ့ဖုန်းနံပါတ်တောင်းထားတာ"
"သြော် သြော်"
ချစ်စုကို အံ့သြသည့်မျက်လုံးများဖြင့်ခြေဆုံးခေါင်းဆုံးကြည့်လိုက်ရင်း ရွှန်းလဲ့တအံ့တသြရေရွတ်လိုက်မိသည်။ထို့နောက် ဒါမျိုးကျ သွက်တယ် ဆိုသည့် အကြည့်ဖြင့် ထပ်မံကြည့်လိုက်ကာ နှာခေါင်းလေးရှုံ့ပြလိုက်ရင်းက
"သိတယ်ဆိုလဲ ဆက်ပေါ့"
"ငါ့ဖုန်းအိမ်မှာကျန်ခဲ့တယ် နင့်ဖုန်းငှား၊သူ့ ဆီဖုန်းဆက်ဖို့တွေးလိုက်မိတာ လက်တွေတုန်ပြီး ရင်တွေခုန်လာပြီဟယ်၊နင် ခေါ်ပေး"
"ဖြစ်မှဖြစ်ရလေ၊နင့်ဘာသာခေါ်ပါ့လား၊ရော့  ဖုန်း"
ချစ်စုလက်ထဲဖုန်းထည့်ပေးလိုက်ပြီး ရွှန်းလဲ့ထိုင်ရာမှထရပ်လိုက်တော့ ချစ်စုက ရွှန်းလဲ့လက်ကိုဆွဲကာ ပြန်ထိုင်ခိုင်းပြီး သူ့Crushဆီဖုန်းခေါ်ပေးဖို့ ဇွတ်အကူညီတောင်းလေတော့သည်။မတတ်သာသည့်အဆုံး သဘောတူလိုက်ရကာ ရွှန်းလဲ့ကပဲ သူ့crushဆီကိုဖုန်းခေါ်ပေးခဲ့ရသည်။
"ဟယ်လို"
"ဟယ်လို "
"ဟုတ်ကဲ့ ကိုသီဟ နဲ့စကားပြောချင်လို့ပါရှင်"
"ကျွန်တော် သီဟ ပါခင်ဗျ ၊အစ်မက ဘယ်သူလဲမသိဘူး"
တစ်ဖက်ကအမေးကို ရွှန်းလဲ့မဖြေသေးဘဲ ချစ်စုကို လှည့်ကြည့်လိုက်သည်။ချစ်စုကတော့ တစ်ဖက်က ငယ်ချစ် ကိုသီဟနဲ့ စကားပြောရတော့မည်ဟုယူဆပြီး ကြည်နူးရင်ခုန်ပြီး ရှက်နေတာလားမပြောတတ် မျက်နှာလေးကိုနီရဲနေသည်။
"ကျွန်မက ချစ်စု ရဲ့ သူငယ်ချင်းပါ၊ ချစ်စုက ကိုသီဟ နဲ့စကားပြောချင်လို့တဲ့ ၊ချစ်စုကို ကိုသီဟ ရင်းရင်းနှီးနှီးသိမှာပါ၊သိတယ်မဟုတ်လား"
တစ်ဖက်မှ ဘာမှပြန်မပြောဘဲ အသံတိတ်သွားသည်။ထို့ကြောင့် ရွှန်းလဲ့က တစ်ဖက်မှပြန်ပြောလာမည့်စကားကိုနားစွင့်ရင်း
"ဟယ်လို...ကိုသီဟ ကျွန်မပြောတာကြားရဲ့လား"
"ကြားပါတယ်၊ ချစ်စု က ဘယ်သူလဲ၊အစ်မတို့ဖုန်းမှားနေပြီထင်တယ်၊ ကျွန်တော့သူငယ်ချင်းတွေထဲမှာ ချစ်စုဆိုတဲ့နာမည်မရှိဘူးဗျ "
ရွှန်းလဲ့ ဖုန်းနားထောင်နေရင်းမှ ချစ်စုကို မျက်လွှာပင့်ကြည့်လိုက်သည်။ချစ်စု ကလဲ သနားစရာမျက်နှာငယ်လေးနှင့် အကြည့်လေးတွေကတစ်ဖက်ကဘာပြောလိုက်လို့လဲဟု မေးနေသယောင်။
"သေချာစဉ်းစားပါဦး၊ရှင်တကယ်ပဲ ချစ်စုကို မသိဘူးလား၊ရှင်နဲ့သူ့ရဲ့ ရင်းနှီးမှုက ချစ်သူရည်းစားအဆင့်ထိရောက်ခဲ့တယ်လေ၊ ရှင်သူ့ကိုမသိဘူးဆိုတာဖြစ်နိုင်ပါ့မလား"
"တကယ်မသိဘူးဗျ ၊ ချစ်စုဆိုတဲ့နာမည်ကြားကိုမကြားဖူးတာ၊အစ်မတို့ဖုန်းမှားနေပြီ"
"ဘာ"
ဒါ သက်သက်ရင့်တာလေ။ဖုန်းမှားတယ်ဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စ။သိရက်နဲ့ မသိဘူးဆို ဗြောင်ငြင်းနေတာမို့ သူငယ်ချင်းချစ်စုအတွက်စိတ်မကောင်းဖြစ်သွားကာ တမုဟုတ်ချင်း ဒေါသလဲထွက်လာသည်။
"ထပ်မေးမယ် ရှင်တကယ်သူ့ကိုမသိတာလား၊သိရက်နဲ့မသိယောင်ဆောင်နေတာလား"
"အဟက်၊ တကယ်...ကျွန်တော် သူ့ကိုမသိဘူး"
"ဒီမှာ...ရှင်ဘယ်လိုလူစားလဲ၊ ချစ်တုန်းကချစ် ကြိုက်တုန်းကကြိုက်ခဲ့ပြီးမှ မိန်းကလေးတစ်ယောက်ကိုဒီလို ပြောစရာလား၊တစ်ဖက်သားကိုမျှော်လင့်ချက်ပေးပြီး ထားပစ်ခဲ့ပြီးမှ ပြန်ဆုံတော့လဲ စောင့်နေရရတဲ့သူရဲ့ရင်ဘတ်ကို ဆောင့်ကန်သလို စော်ကားမော်ကားစကားတွေပြောနေတယ်၊ရှင့်ကိုယ်ရှင်ဘာထင်နေတာလဲ၊ အလကား အောက်တန်းကျတဲ့လူ"
ရွှန်းလဲ့ ဒေါသထွက်ထွက်ဖြင့်ပိတ်ပြောပစ်ပြီး တစ်ဖက်ကဘာမှပြန်မပြောနိုင်ခင် ဖုန်းချပစ်လိုက်ကာ ချစ်စုကို စူးကနဲကြည့်လိုက်သည်။ချစ်စုကလဲ မျက်နှာငယ်လေးဖြင့် ရွှန်းလဲ့ကိုပြန်ကြည့်ကာ
"သူ ဘာပြောလို့လဲဟင်"
"နင့်ကိုမသိဘူးတဲ့၊ချစ်စုဆိုတဲ့နာမည်ကိုကြားကိုမကြားဖူးတာတဲ့၊မှတ်ပြီလား ၊ဒီမှာ ချစ်စု...ယောက်ျားဆိုတဲ့အမျိုးက ကျားပဲ၊နင်သိလား အဆိုတစ်ခုတောင်ရှိသေးတယ်...ချစ်ခြင်းတရားသည် ယောက်ျားတော်တော်များများ၏စိတ်ထဲတွင် တသတ်မှတ်တည်းရှိမနေခြင်းကို ကမ္ဘာ့အတွေးခေါ်ပညာရှင်များ ရှင်းချက်မထုတ်ရသေးပါတဲ့...နင်အဲဒီကောင်ကိုမေ့လိုက်တော့...မတန်ဘူး"
"ပြောတာလွယ်တယ်...ငါသူ့ကိုတကယ်ချစ်ခဲ့တာ၊အဲဒီတော့ငါသူ့ကိုဘယ်လိုလုပ်မေ့နိုင်မှာလဲ"
ပြောရင်း ချစ်စုမျက်ဝန်းတွင်မျက်ရည်တို့ဝေ့သီလာကြသည်။ထို့နောက် ချစ်စု ဆက်ပြောလိုက်တာက...
"အချစ်မတွေ့သေးတဲ့ နင်က ငါ့ခံစားချက်ကိုနားလည်မှာ မဟုတ်ဘူး၊ ၊နင်လဲ လူတစ်ယောက်ပဲ နင့်နှလုံးသားကဘာသားနဲ့ထုထားတာမို့လဲ၊သေချာတယ် နင်တစ်နေ့တော့ အချစ်ကိုတွေ့မှာပါ၊ အဲဒီအချိန်ကျမှ နင်ငါ့ကိုနားလည်လာလိမ့်မယ်"
ချစ်စုစကားကြောင့် ရွှန်းလဲ့ နူတ်ခမ်းလေးများကော့ညွှတ်လာသည်အထိ သဘောတကျ ပြုံးလိုက်မိသည်။ရွှန်းလဲ့လို မိန်းမ တစ်ယောက်က တစ်နေ့နေ့မှာချစ်တတ်လာမယ်ဆိုပါလား။ဒါ...ဖြစ်နိုင်ပါ့မလား။

"ရှင်တို့ယောက်ျားတွေရယ်..."
အပိုင်း(၂)

လူကြားထဲမှာတောင် မျက်ရည်ကိုထိန်းမထားနိုင်ဘဲ တဟင့်ဟင့်ရှိုက်ငိုနေသော သူငယ်ချင်းချစ်စုကိုကြည့်ကာ ရွှန်းလဲ့ သက်ပြင်းအကြိမ်ကြိမ်ချမိသည်။
"ဘာလို့ငိုနေတာလဲ ငိုမနေနဲ့၊ နင့်ကိုငါအစကတည်းကပြောပါတယ် သစ္စာရှိတဲ့လူရှားတယ်လို့၊နင်ငါ့စကားမှနားမထောင်တာ ခုတော့နင်ငိုရပြီမို့လား"
"ရွန်းလဲ့နော်...နင်လိုမိန်းကလေးက ငါ့ခံစားချက်ကိုဘယ်သိမှာလဲ၊ငါသူ့ကိုအရမ်းချစ်တာ"
"အမလေး၊ရှေ့ကတစ်ယောက်တုန်းကလဲနင်ဒီလိုပြောခဲ့တာပါပဲနော်၊ ခုနောက်တစ်ယောက်ကျတော့လဲထပ်ပြောပြန်ပြီ၊ချစ် ချစ် တွေ့သမျှယောက်ျားတွေသာအကုန်ချစ်လိုက်တော့၊ ငါ သေချာတားနေတဲ့ကြားက ငါ့စကားနားမထောင်တာ"
"သူလဲ ငါ့ကိုတကယ်ချစ်တယ်ထင်တာကိုး၊သူတကယ်မချစ်ရင် ငါ့ကိုဘာလို့ အကြည့်တွေ စကားတွေနဲ့ မျှော်လင့်ချက်ပေးနေလဲ"
"သူ့ဘက်က နင့်ကိုချစ်တယ်ပြောခဲ့လို့လား"
"အဲလိုတော့ဘယ်ပြောမလဲ"
"မပြောဘဲနင်ကဘာလို့ သူနင့်ကိုစိတ်ဝင်စားနေတယ်လို့ယူဆနေတာလဲ ရူးနေတာလား"
ရွှန်းလဲ့ စိတ်တိုတိုဖြင့် ပိတ်ပြောပစ်လိုက်သည်။
"သူအကြည့်တွေ သူ့စကားတွေကြောင့် သူငါ့ကိုအဲလိုတွေမျှော်လင့်ချက်ပေးခဲ့လို့"
"ဒီမှာ ချစ်စု၊ ယောက်ျားတစ်ယောက်ကကိုယ့်ကိုငေးရီစိုက်ကြည့်တိုင်း အဲဒီယောက်ျားကကိုယ့်ကို ကြိုက်နေချစ်နေတယ်လို့ ယူဆလို့မရဘူး၊ အဲဒီအကြည့်တွေကို ကြာ ကြည့်လို့ခေါ်တယ် ၊ကိုယ့်ကိုရင်ခုန်အောင်စကားအလှတွေနဲ့ပြောဆိုတိုင်းလဲ ဒီလူ ကိုယ့်ကိုစိတ်ဝင်စားနေတယ်လို့ယူဆလို့မရဘူး၊တစ်ချို့ လူယောက်ျားတွေက တကယ်ချစ်လို့ စကားအလှတွေနဲ့ယုယသလို တစ်ချို့ ယောက်ျားတွေက အီစီကလီလုပ်အပျော်တွဲချင်လို့ တစ်ဖက်မိန်းကလေးသာယာအောင်ပြောဆိုယုယတတ်တယ်၊အဲဒါကိုနင့်ခေါင်းထဲမြဲမြဲမှတ်ထား"
"နင့်စကားတွေက ယောက်ျားတွေအားလုံးကို ဝါးလုံးရှည်နဲ့သိမ်းရမ်းနေတာပဲ"
"ရမ်းသင့် ရမ်းရမှာပဲလေ၊နင်လဲ ခုငိုနေတာကိုရပ်...ရည်းစားထားသပဆို ယောက်ျားမရှားဘူး၊နင့်လူထက်သာတဲ့လူတွေမှတစ်ပုံကြီး "
"ငါက သူ့ကိုပဲချစ်တာ ငါကသူ့ကိုပဲချစ်တာ"
ချစ်စုစကားကြောင့် ရွှန်းလဲ့ ဒေါသထွက်လာကာ လက်ထဲမှ ချစ်စုမျက်ရည်သုတ်ဖို့ ထုတ်ထားမိသော တစ်သျှူးထုပ်ကို ချစ်စုပေါင်ပေါ် ဘုတ်ကနဲ ပစ်ချပစ်လိုက်ရင်း
"ဒီလောက်ပြောနေတာတောင် နားမဝင်ဘူး၊ နင့်ထိုက်နဲ့နင့်ကံ နင့်ဘာသာ နင်ဖြေပေတော့၊နောက်တစ်ခါနင့် ရည်းစားအကြောင်းငါ့လာမပြောနဲ့ ၊ဒီလောက် ဆိုးသွမ်းနေတဲ့ယောက်ျားကိုများ တန်းတန်းစွဲဖြစ်နေရတယ်လို့ အံ့သြတယ်"
ကရုဏာဒေါသဖြင့် ပြောချင်တာတွေတရပ်စပ်ပြောပစ်ထားခဲ့ပြီး ကျောင်းစာအုပ်လေးတွေကောက်ပွေ့လိုက်ကာ စာသင်ခန်းရှိရာသို့ ရွှန်းလဲ့ ထွက်လာခဲ့တော့သည်။ကတိမရှိ သစ္စာမတည်တဲ့ ယောက်ျားတစ်ယောက်ကို အသည်းအသန်စွဲလန်းနေသောသူငယ်ချင်းကိုလဲ စိတ်ကုန်သည်ထက်ကုန်လာပြီ။ဘယ့်နှယ်...ယောက်ျားတစ်ယောက်အတွက်များ မျက်ရည်ကျရတယ်လို့။
××××××××××××××××××××××

"ဟယ်လို"
"နင်ခုထိ ဒီကိုပြန်မလာသေးဘူးလား၊ ကျောင်းဖွင့်တော့မှာနော်"
"အေးပါ ပြန်လာမှာပါဟ နင်ကလဲ၊ငါပြန်ရောက်ရင် နင့်ကိုပြောစရာရှိတယ် သိလား"
"ဘာပါလိမ့်"
ချစ်စုအမေးကြောင့် ရွှန်းလဲ့ ရှက်ရယ်ရယ်လိုက်မိကာ...
"အဟင်း...ဟို...ဟိုလေ...ဘယ်လိုပြောရမလဲဆိုတော့...ဟို...ငါ့မှာ ချစ်သူရှိနေပြီလို့"
"ဘာ...နင်က...?"
"အင်း"
"ဟုတ်ရဲ့လား၊ ဘယ်ကလဲနင့်ကောင်လေးက?"
"မန္တလေးက"
"ရည်းစားဖြစ်သွားတာမြန်လိုက်တာဟယ်၊ သူက နင့်ကိုတကယ်ချစ်တာဖြစ်နိုင်ပါ့မလား၊ချက်ချင်းကြီး"
"အောင်မာ...သူများချစ်သူကိုနော်၊ ဒီလောက်ရိုးသားတာ သူ့ထက်ရိုးသားတဲ့သူတောင် သူ့လောက်ရိုးသားမှာမဟုတ်ဘူး သိရဲ့လား"
ရွှန်းလဲ့ ဆတ်ဆတ်ထိမခံ ပြန်ပြောလိုက်တာကြောင့် တစ်ဖက်မှ ချစ်စုက တဟားဟားရယ်ကာ
"စောင့်ကြည့်ဦးမယ် စောင့်ကြည့်ဦးမယ် ၊ငါ့ကိုတော့ ယောက်ျားတွေမကောင်းကြောင်းတရားဟောလိုက်ရတာ တစ်သက်လုံးအပျို ကြီးလုပ်မယ့် စတိုင်နဲ့၊ခုတော့ ရည်းစားရနေပြီတဲ့၊ နင့်လူဘယ်လောက်သစ္စာရှိလဲ စောင့်ကြည့်ရသေးတာပေါ့ ...နော်"
"ကြည့်ပေါ့၊ သူက မိဘအုပ်ထိန်းမှုအောက်မှာ မိဘ စကားနားထောင်ပြီး မိဘသွန်သင်ဆုံးမမှုတွေနဲ့ ရိုးရိုးသားသားနေတဲ့လူတစ်ယောက်၊ငါ့ကိုလဲ အရမ်းချစ်တယ်၊ သူလို ရိုးသားတဲ့သူမျိုး လောကမှာ ၂ယောက်ရှိမှာတောင်မဟုတ်ဘူး၊သူကငါ့အတွက်တော့ ဘုရားပေးတဲ့ဆုလာဘ်ပဲလေ"
ချစ်သူမျက်နှာလေးကိုပြန်မြင်ယောင်ရင်း ရွှန်းလဲ့ကြည်နူးပီတိဖြစ်ကာ ခပ်မြူးမြူးလေးပြောလိုက်မိသည်။ထိုအခါ ချစ်စု ပြန်ပြောလာသည်က...
"ဒီမှာ သူငယ်ချင်း...လူရိုးဆိုတာ သင်္ချိုင်းကုန်းမှာပဲရှိတယ် "
"တော် တော် တော်၊နင်တို့ ဘာပြောပြော ငါသူ့ကိုလက်လွှတ်မှာမဟုတ်ဘူး၊ သူ့လိုရိုးသားတဲ့ချစ်သူလေးကို ပိုင်ဆိုင်ခွင့်ရတာကိုပဲ ငါအရမ်းကျေနပ်နေတာ၊နင့်စကားတွေကြောင့် ဗျာမများချင်ဘူး ငါ့ကိုဘာမှထပ်မပြောနဲ့"
"အဲလောက်တောင်ဖြစ်သွားတာလား၊သေချာတယ်...ရွှန်းလဲ့...နင်ဝဠ်လည်နေပြီ"

ဆက်ရန်
လေးစားစွာဖြင့်
နန်းဝတီမေ

Post a Comment