နေကြာပန်းလေးတစ်ပွင့်လို ပြုံးပါ

နေကြာပန်းလေးတစ်ပွင့်လို ပြုံးပါတဲ့...
.
ဟင်းချက်နေရင်း ကိုယ့်ကိုယ်ကိုယ် နေကြာပန်းတစ်ပွင့်အဖြစ် ပုံဖော်ကြည့်လိုက်တယ်။ စိတ်ကူးပုံဖော်မှုအရ နိုင်းနိုင်းစနေဟာ နေကြာပန်းတစ်ပွင့်ဖြစ်သွားတယ် ဆိုပါစို့။ အဲဒီနေကြာပန်းလေးဟာ ၂ဝဝ၅၊ ၂ဝဝ၆ခုနှစ်မှာ စပြီးအညှောင့်ပေါက်ခဲ့တယ်။ ကံကြမ္မာဆိုတာကို နားမလည်ခဲ့ဘူး၊ ပတ်ဝန်းကျင်ဆိုတာကိုလည်း မသိခဲ့ဘူး။ စိတ်ထဲရှိတဲ့အတိုင်း ရှင်သန်ပေါက်ရောက်မိလိုက်တယ်။
.
တဖြည်းဖြည်း အဲဒီနေကြာပင်လေး အဲဒီနေရာမှာ ပေါက်ရောက်နေကြောင်းကို လူတချို့သိလာခဲ့တယ်။ အပင်ကို လာကြည့်ကြတယ်။ အပင်လေး ကျန်းကျန်းမာမာရှင်သန်နေတာကို ကြည့်ပြီး တချို့က ဝမ်းသာကြတယ်။ အာဟာရဖြစ်စေမယ့်မြေသြဇာတွေနဲ့ အားပေးကြတယ်။ လူ့သဘာဝအတိုင်း နှစ်သက်သူရှိရင် မနှစ်သက်သူလည်း ရှိကြမှာပါပဲ။
.
အဲဒီနေကြာပင်ကို တချို့က နှစ်သက်ပေမယ့် တချို့က မနှစ်သက်ကြဘူး။ ကြည့်စမ်း... စကားလုံးတောင်မပီ၊ ဝါကျတောင်မမှန်တဲ့ နေကြာပင်က ကြီးကြီးကျယ်ကျယ်၊ အဲဒီနေရာမှာ သူဘာလို့ ရှင်သန်ပေါက်ရောက်နေတာလဲ၊ ဒါဟာ လောက (စာပေလောက) ကို ဖျက်ဆီးမယ့်အပင်၊ လူငယ်တွေရဲ့ ဦးနှောက်ထဲ ရောဂါပိုးမွှားတွေကို ကူးစက်စေမယ့်အရာတဲ့။ နေကြာပင် ဘာမှမပြောခဲ့ဘူး... ကိုယ့်ကိုနှစ်လိုသူကို ကျေးဇူးတင်ပြီး၊ မလိုသူကို ရန်မလုပ်ဘဲ ပြုံးပဲနေခဲ့တယ်။
.
ပတ်ဝန်းကျင်မှာ ကိုယ့်ကိုရှင်သန်စေမယ့် မြေသြဇာတွေရှိသလို၊ ကိုယ့်ကိုဖျက်ဆီးပစ်မယ့် ပိုးမွှားတွေလည်း ရှိတယ်ဆိုတာကို နေကြာပင်လေးသိလိုက်တယ်။ ဒါပေမယ့် တစ်ခါတလေမှာ အဲဒီပိုးမွှားတွေဟာလည်း ကိုယ့်ကိုလူပိုသိစေဖို့၊ ကိုယ့်ကို ကောင်းသထက်ကောင်းအောင် ဝတ်မှုန်တွေကူးပေးမယ့်သူ၊ ကိုယ့်ကိုယ်ကိုယ် သတိပြုဆင်ခြင်မိဖို့၊ ပိုကြိုးစားဖို့ တွန်းအားပေးတဲ့အရာလို့ နေကြာပင်လေး သိလိုက်တယ်။ သူတစ်ပါးရဲ့ ငြင်းခုန်တဲ့ပွဲတွေမှာ နေကြာပင်ဝင်မပါခဲ့ဘူး၊ ဟိုစပ်စပ် ဒီစပ်စပ် ဘယ်သူ့ကိုမှ ရန်မလုပ်ခဲ့ဘူး၊ ကိုယ့်ကိုမြှောက်ပေးသူတွေကြားမှာ နေကြာပင်ဘဝင်မမြင့်ခဲ့ဘူး၊ နေမြဲအတိုင်း ဘာအနှောင်အဖွဲ့မှမခံ လွတ်လွတ်လပ်လပ် ရှင်သန်ခဲ့တယ်။ ကိုယ်လုပ်တတ်တာကိုပဲ ဇွဲရှိရှိလုပ်ရင်း ရှင်သန်ခဲ့တယ်။
.
အဲဒီလိုနဲ့ ၂ဝ၁ဝ နေ့ရက်တစ်နေ့မှာ ကောင်းတဲ့ကံကြမ္မာတစ်ခုက နေကြာပင်ဆီ ရိုက်ခတ်လာခဲ့တယ်။ နေကြာပင်ရဲ့ ဇွဲလုံ့လကြောင့် ကံကောင်းခြင်းအပင်ကို ရှာတွေ့ခဲ့တယ်လို့ ဆိုရမှာပေါ့။ အဲဒီနေကြာပင်ကို ရေလောင်းပေါင်းသင်းပေးတဲ့ ပဲ့ကိုင်ရှင်(လို့ဆိုပါစို့) တစ်ယောက်နဲ့ ဆုံခဲ့တယ်။ နေကြာပင်လေး ဖူးပွင့်ခွင့်ရလိုက်တယ်။ ဖူးပွင့်ခွင့်ရချိန်မှာ မြေသြဇာကျွေးသူ၊ မြေကြီးဖို့ပေးသူတွေကြောင့် နေကြာပန်း ပိုဝေဆာခဲ့တယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ ပန်းဖျက်တဲ့ပိုးတို့၊ လေပြင်းမုန်တိုင်းတို့ဆိုတာ ရှိစမြဲပဲ။ အဲဒါတွေနဲ့ကြုံတဲ့အခါတိုင်းလည်း နေကြာပန်းဟာ ပြုံးပြီး နေရောင်ရှိတဲ့အလင်းဘက်ကိုပဲ ဦးတည်နေခဲ့တယ်။ ကိုယ့်ကို "ဟာ... ကိုယ့်ဟာနဲ့ကိုယ်တောင် မရပ်တည်နိုင်ဘဲ  နေရောင်ခြည်အားဖြည့်မှ ဖူးပွင့်နိုင်တာကိုများ ကြီးကြီးကျယ်ကျယ် စကားတွေပြောနေသေးတယ်" လို့ ဝေဖန်လာသူတွေကို ပြုံးပဲပြလိုက်တယ်။ ဝေဖန်တဲ့အရာတွေထဲက ကောင်းတာကိုယူပြီး မကောင်းတာကို စိတ်နှလုံးတဲ့အဝင်မခံဘဲ နေကြာပန်း ရှင်သန်ဖူးပွင့်နေလိုက်တယ်။ အမှောင်လာရင် ကိုယ့်ကိုနှိမ်ချပြီး ခေါင်းငိုက်စိုက်နေလိုက်တယ်။ ဒါပေမယ့် ဘယ်လိုလောကဓံ ဝေဖန်မှုနဲ့ကြုံကြုံ  ဒီနေကြာပန်းဟာ သူတစ်ပါးကိုလည်း မထိခိုက်၊ သူလုပ်တတ်တဲ့အလုပ်ကိုပဲ အကောင်းဆုံးကြိုးစားလုပ်ဆောင်ရင်း တကယ့်နေကြာပန်းတစ်ပွင့်လို အပြုံးနဲ့ ရှင်သန်နေလိုက်မှာပါ... နေကြာပန်းလေးတစ်ပွင့်လို ပြုံးပါတဲ့...
.
နေကြာပန်း ရှင်သန်ဖူးပွင့်အောင်
မြေသင်းပေါင်းနုတ်ပေးသူများအား ကျေးဇူးတင်လျှက်...
.
#NineNineSaNay @နိုင်းနိုင်းစနေ (Oct. 30. 2016)
.

Post a Comment