... နှုတ်ကြောင့်ဆိုလျှင် ...
✒✒✒✒✒✒✒✒
""ရှင်...ညက တစ်ညလုံးပြန်မလာပဲ ဘယ်တွေ သဝေထိုးနေလဲ
...ကိုမိုး...""
အင်း...ပြသနာတော့စပြီ။ဆားခွက်အတွင်းမှ ဆားအနည်းငယ်နှိုက်
၍ အိမ်ရှေ့စဉ့်းအိုးအနီး သွားတိုက်နေစဉ် မိန်းမဖြစ်သူ ခင်ဖြူ အမေး
ကြောင့် ကိုမိုး စိတ်နည်းနည်းညစ်သွားရသည်။ဘာမှတော့ ပြန်မဖြေမိ။
""မေးနေတယ်လေ...ဘာလို့ပြန်မဖြေတာလဲ...မဟုတ်တာလုပ်ထား
လို့ ငြိမ်နေတာ မို့လား...""
""ခင်အုန်းတို့ အိမ်မှာ ကွင်းပိုင်မြှောက်လို့ အရက်သောက်ရင်း မူးပြီး
အဲ့မှာပဲ အိပ်ပျော်သွားတာ...""
ပြန်မဖြေလျင် ပြသနာက ပိုကြီးလာမည်ဆိုးသဖြင့် မဖြေချင်ဖြေချင်နှင့်
ကိုမိုးပြန်ဖြေလိုက်သည်။အခုတလော လင်မယားနှစ်ယောက် အိမ်မှာ
တကျက်ကျက်ဖြစ်နေတာနဲ့...ဆင်ခြင်ပြီး စကားပြောနေရသည်။
""ဒါပဲလား...""
""ဟုတ်တယ်လေ...ဒါပဲပေါ့...မနက်စောစော ပြသနာ မရှာစမ်းနဲ ခင်ဖြူ....""
""ဖူး...ထွီး...""
ပလုတ်ကျင်း၍ ပါးစပ်ထဲမှ ရေများကို ထွေးထုတ်လိုက်ကာ မျက်နှာမှ ရေစက်များကို ခါးမှလုံချည်ကိုဖြည်၍ သုတ်လိုက်ရင်း အိမ်ပေါ်တက်ပြီး ကွမ်းအစ်ကိုဆွဲ၍ ကိုမိုး ကွမ်းထိုင်ယာနေလိုက်သည်။
""ပြသနာကို အရင်လုပ်တာ ဘယ်သူလဲ...ရှင်ညက ရှင့်မယားငယ်
မေလွင်နဲ့ သွားအိပ်နေတာ မဟုတ်လား...ရှင်တို့ နှစ်ယောက်ကို အတူ
တွေ့လိုက်တယ်လို့ မြင်တဲ့သူတွေ ကျမကို လာပြောတယ်...ဘာငြင်းချင်
သေးလဲ...""
""ခင်ဖြူ.....မင်းစကားကို ပေါက်လွတ်ပဲစား မပြောနဲ့..မေလွင် မှာ
လင်ငုတ်တုတ်နဲ့...ညက ခင်အုန်းတို့ အိမ်မှာ အရက်သောက်နေတုံး
မေလွင်က ခင်အုန်းမိန်းမဆီ အကြွေးလာတောင်းရင် အပြန်နောက်ကျ
လို့ လိုက်ပို့ဖို့ အကူတောင်းလို့ ပြန်လိုက်ပို့ပေးတာ...ငါတို့ ရိုးရိုးသား
သားပဲ...မင်း လင်တရူးပြီး သူများတွေကို လိုက်စွပ်စွဲမနေနဲ့""
ကိုမိုးလည်း စိတ်ပေါက်ပေါက်နှင့် ပါးစပ်ထဲ ရှိရာ ပြောပစ်လိုက်သည်။
""ဘာ...ကျုပ်က လင်တာရူး ဟုတ်လား...ရှင်တို့ ခွေးဇာတ်ခင်းနေ
တာကျတော့ရော ကောင်းလား...အံ့ပါတော်...ဟိုကောင်မကလည်း
သူမလိုချင်လို့ ပစ်ထုတ်လိုက်တဲ့ ငါးညှီထုပ်ကို လင်ငုတ်တုတ်နဲ့ လာပြန်
နှိုက်ချင်နေတယ်...ဒီကလည်း ထန်းညက်ခဲလှုပ်ပြလို့ အမြှီးလှုပ်ရွနေ
တဲ့ ခွေးလို တငမ်းငမ်းနဲ့... ခင်းကြလေ ခွေးဇာတ်လမ်းတွေ...""
""ဘာကွ...ခင်ဖြူ ...မင်း...မင်း""
""ကဲကွာ...ဝုန်း...ခွမ်း...ကဲကွာ...ဖုန်း...ဖုန်း...""
ခင်ဖြူ့ စကားများကြောင့် ကိုမိုး ဒေါသတို့ အထွက်အထိပ်သို့ ရောက်ရှိ
သွားပြီး လက်ထဲမှ ကွမ်းအစ်ကို ပစ်ထုတ်ကာ ဝုန်းခနဲ့ထရပ်၍ ခင်ဖြူ
ကို ကန်ကျောက်ရန် ပြေးဝင်သွားပြီးမှ သတိဝင်ကာ အိမ်ထရံတို့ကို ကန်
ကျောက် ထိုးကြိတ် ပစ်လိုက်သည်။
""လုပ်လေ...ခွေးကြီး...ရှင်အခုတော့ ကျမကိုပါ သတ်ချင်နေပြီမို့လား
ရှင့်ဟာမ မေလွင်ဆို ဒီလိုလုပ်မှာ မဟုတ်ဘူး...""
ခင်ဖြူ မျက်ဝန်းမှ မျက်ရည်များ ပိုးပိုးပေါက်က်ပေါက်ကျလာသည်။
ကိုမိုးတို့ လင်မယားရန်ဖြစ်သံကြောင့် အိပ်ပျော်နေသော သမီးနှင့် သား
ငယ်လေး နိုးသွားပြီး မျက်နှာငယ်လေးများဖြင့် အိမ်ပေါ်မှ ဆင်းသွားကြ
သည် ကိုတွေ့ရတော့ ကိုမိုး စိတ်မကောင်း...။နောက်ဖေးက နွားတင်း
ကုပ်လေးမှာ မောင်နှစ်မနှစ်ယောက် ကစားရင်း မိဘတွေရဲ့ ဒေါသအပူတွေကို ရှောင်ကွင်းနေကြပေလိမ့်မည်။
""ခင်ဖြူ မင်းပါးစပ်ကို ပိတ်ထားတော့... ငါလုပ်ရင်သေမယ်..တော်ပီ
ကွာ အိမ်မှာနေရတာ ကျက်သရေမရှိဘူး...လယ်ထဲ စပါးသွား ရိတ်
တော့မယ်...ထမင်းလဲ လာပို့မနေနဲ့...နင့်ကျိန်စာ စားပြီး အဆိပ်မိနေ
ဦးမယ်...""
""သွားသွား...မသာကြီး...ငါ့ကို ရိုက်ဖို့ကြံတဲ့ မသာကြီး...လယ်ထဲ
သွားရင်း မြွေပွေးကိုက်ပြီး သေပါစေတော်...""
ခင်ဖြူ၏ ကျိန်ဆဲသံကို မကြားသလို ဟန်ပြုကာ ထရံမှ တံစဉ်ကို ယူကာ
ကိုမိုး အိမ်ပေါ်မှ ဆင်းသွားလိုက်သည်။
တစ်ခါမှ မရိုက်ဖူးသည့် ယောက်ျားက မယားငယ်ကိစ္စနှင့် ရိုက်ဖို့ ရွယ်
လိုက်တော့ စိတ်နာနာနှင် ခင်ဖြူ ကျိန်ဆဲ လိုက်မိသည်။
ယခုလိုဖြစ်နေတာ ခင်ဖြူ လင်တရူးနေသည် မဟုတ်။အိမ်
ထောင်သက် ဆယ်နှစ်ကျော်မှ ခြေလှမ်းပျက်လာသည့် ကိုမိုးကို ဒေါသ
ထွက်စိတ်၊ အတိတ်ကဇာတ်လမ်း၏ မခံချင်စိတ်များကြောင့် ရင်တွင်းအပူ
မီးလောင်မြိုက်၍ ဒေါသတငွေ့ငွေ့ထွက်နေရခြင်းဖြစ်သည်။
တချိန်က တရွာတည်းနေ တရေတည်းသောက် ကိုမိုး၊မေလွင်၊ခင်ဖြူ
တို့ သူငယ်ချင်းသုံးယောက်မှာ ကိုမိုးနှင့်မေလွင်က ချစ်သူတွေ။ခင်ဖြူက
၎င်းတို့နှစ်ယောက်အတွက် အဖြည့်ခံ သူငယ်ချင်း။
မိဘတွေ၏ ကြွေးမြီကိစ္စကို အဆင်ပြေဖို့ မိမိဘဝကို စတေးရန်
မေလွင်က ကိုမိုးကိုစွန့်၍ မောင်မောင်စိုးရွေးကိုချယ်ခဲ့သည်တွင် ကိုမိုး
တစ်ယောက် နာကျည်းစိတ်နှင့် ခင်ဖြူကို ချစ်ရေးဆိုခဲ့သည်။
အစကတည်းက ကိုမိုးကို တဖက်သတ် စိတ်ဝင်စားနေသူ ခင်ဖြူက
မဆွတ်ခင်က ညွှတ်ချင်နေတော့ ချစ်သူတွေ ဖြစ်သွားကြသည်။
""ခင်ဖြူ....ငါတို့လက်ထပ်ကြရအောင်ဟာ...""
လို့ ကိုမိုးပြောလာတော့ ခင်ဖြူပျော်လိုက်ရသည်ဖြစ်ခြင်း....။ ကိုမိုးက
တစ်ဘဝစာအတွက် မိမိကို ရည်ရွယ်ထားခဲ့သည် မဟုတ်လား...။
မေလွင်တို့ လက်ထပ်ပွဲနှင့် မတိမ်းမယိမ်းပင် ကိုမိုးနှင့်ခင်ဖြူ လက်ထပ်
ဖြစ်ခဲ့ကြသည်။
တကယ်ချစ်၍ လက်ထပ်ခဲ့သည်ဖြစ်စေ၊မခံချင်စိတ်ကြောင့် လက်ထပ်
ခဲ့သည်ဖြစ်စေ၊ကိုမိုးက ခင်ဖြူအပေါ်မှာ လင့်ဝတ္တရားကျေပွန်ခဲ့တာအမှန်။
မိဘများလက်ဖွဲ့ခဲ့သည့် လယ်(၇)ဧက စိုက်ပျိုး၍ လည်းကောင်း၊ဓနိခုတ်၊
ငါးဖမ်း၊ပုဇွန်ထောင် ထွေရာလေးပါးမကျန် လုပ်ကိုင်ကျွေးမွေး ခဲ့သည်မှာ
သမီးတစ်ယောက် သားတစ်ယောက်ထွန်းကားလာသည်အထိ။
တဖက်မှ ကိုမောင်မောင်စိုးနှင့် မေလွင်တို့မှာလည်း ခင်ဖြူ ကလေး
တွေနှင့် မတိမ်းမယိမ်း သားနှစ်ယောက် ထွန်းကားလာပြီးမှ လင်သား
အပေါ် အနိုင်ယူတတ်သည့် မေလွင်ကြောင့် အိမ်ထောင်ရေး အဆင်
မပြေ။
ထိုအခြေအနေမျိုးမှာ ကိုမိုးကလည်း မေလွင်တို့အိမ် အဝင်အထွက်
စိပ်နေသည်။
""ခင်ဖြူ.... ညည်းယောက်ျားနဲ့ မေလွင် ဟိုဘက်ရွာမှာ အတူတွေ့
လိုက်တယ်...ရယ်လားမောလားနဲ့ နော်...ယောက်ျားကို လွှတ်မထားနဲ့..အေ့...""
""ညည်းယောက်ျား အခုနောက်ပိုင်း မေလွင်တို့ အိမ်မှာ အမြဲတွေ့နေ
တွေ့နေတယ်နော်...သတိလည်းထားဦး..အဆက်ဟောင်းတွေနော်..""
ပတ်ဝန်းကျင်ကပါ ဒီလိုတွေ ပြောလာတော့ ခင်ဖြူ ကိုယ့်ယောက်ျား
ကိုယ်မယုံချင်တော့...။အနေအထိုင်ဆင်ခြင်ဖို့ပြောတော့လည်း...
""ငါမဟုတ်တာ ဘာမှ မလုပ်ဘူး.. အနေအထိုင်ဆင်ခြင်စရာလည်း
မလိုဘူး...ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး ခင်ဖြူ....""
ကိုမိုးက ကန်လန့်တိုက်ပြောသည်။မေလွင် အိမ်ကို အဝင်အထွက် အသွားအ
လာမပြတ်။ဒီတော့ ကိုမိုးနှင့် ခင်ဖြူ အိမ်မှာ တကျက်ကျက် ရန်ဖြစ်နေရ
သည်။
အိမ်ထောင်ကျပြီးကတည်းကအခေါ်အပြော အဆက်အဆံ မရှိခဲ့သော
မေလွင်ကလည်း ယခု လမ်းတွေ့လျင်
""ခင်ဖြူ....အိမ်ထောင်ရေး အဆင်ပြေလား...ကိုမိုးကတော့ မူးမူးလာ
ရင် ငါ့ကို ရင်တွေ လာလာဖွင့်နေတယ်...ကြည့်ထိန်းထားနော်...
သူများလက်ထဲ ပါသွားမှ ဟုတ်ပေ့ဖြစ်နေမယ်""
စေတနာစကားလား၊ခနဲ့ စကားလားတော့မသိ။ အနာရှိထားတော့ စပ်
လှသည်။မခံချိ မခံသာနှင့် ခင်ဖြူ အံကြိတ်နေရသည်။
""အဲ့ဒါ ဒင်းကြောင့်...ကဲဟာ...ကဲဟာ...""
""ဒုန်း...ဒုန်း...ဒုန်း""
မနက်စာအတွက် ချက်ရန် ခုတ်ထစ်နေသော ငါးများနေရာတွင် ကိုမိုး
မျက်နှာကြီးကိုမြင်၍ ဓားနှင့် အပိုင်းပိုင်း ခုတ်ထစ်နေမိသည်။
""ဟင်...""
ထိုစဉ် မျက်ဝန်းထောင့်မှ အနီရောင် အရိပ်တစ်ခုကိုမြင်လိုက် သဖြင့်
လှည့်ကြည့်လိုက်တော့ အိမ်ပေါ်မှ ဆင်းသွားသည့် ကိုမိုးကို တွေ့လိုက်
ရသည်။ဘယ်အချိန် အိမ်ပေါ် တက်လာခဲ့မှန်း မသိလိုက်...
""ကိုမိုး....ရှင် လယ်ထဲသွားပြီ မဟုတ်လား ဘာလာလုပ်တာလဲ""
""အေးကွာ...တံစဉ် ကျန်လို့ လာယူတာ...""
ကိုမိုးက လေးတိလေးကန် အသံဖြင့် ပြန်ဖြေပြီး ခြံပြင်ထွက်သွားလေသည်။တံစဉ် မနက်
က ကိုမိုးယူသွားတာ ခင်ဖြူတွေ့လိုက်ပါသည် ။ဘယ်တံစဉ်ပါလိမ့်...။
ခင်ဖြူ ရှည်ရှည်ဝေးဝေးတွေးမနေတော့...။ချက်ပြုတ်ရန်အတွက် ပြင်
ဆင်ရပြန်သည်။
""ဟင်...လာပြန်ပြီ...ဘယ်သူလဲ""
မျက်ဝန်းထောင့် မိမိရှေ့မှရိပ်ကနဲ့ ဖြတ်ကာ ခေါင်းရင်းဘက်သွားလိုက်
သည့် အရိပ်ကြောင့် မီးဖိုချောင်မှ ထွက်ပြီး အိမ်ရှေ့ထွက်၍ ခေါင်းရင်း
ပြတင်းပေါက်မှ ကြည့်လိုက်တော့ ယောက်ျားဖြစ်သူ ကိုမိုးကိုတွေ့ရပြန်သည်...။စော
စောကပင် ခြံပြင်ထွက်သွားသည့် ကိုမိုးက ဘယ်အချိန် ခြံထဲပြန်ဝင်လာ
ပါလိမ့်...။
ကိုမိုးက အိမ်ခေါင်းရင်းတွင် မတ်တပ်ရပ်၍ နောက်ဖေး
နွားတင်းကုပ်ရှေ့တွင်
ကစားနေသည့် သမီးနှင့်သားကို ငေးကြည့်နေသည်ကို တွေ့ရလေသည်။
""ကိုမိုး...ရှင် အခုချိန်ထိ လယ်ထဲ မသွားသေးဘူးလား..ဘယ်အချိန်
စပါးရိတ်မှာလဲ...""
ကိုမိုး ခင်ဖြူ့ကို လှည့်ကြည့်လာသည်။အို....ကိုမိုးမျက်နှာပြာနှမ်းနေပါလား
နေမကောင်းဘူးလား...။
""ရိတ်မှာပါကွာ...သားနဲ့ သမီး စိတ်မချလို့ လာပြန် ကြည့်တာ...မင်း
ကလဲ ငါ့မြင်ရင် ရန်ရှာဖို့ပဲ ချောင်းနေတာပဲ....""
""ကလေးတွေကို စိတ်မချ ဖြစ်မနေနဲ့...ရှင်ရှိရင်သာ ရန်ဖြစ်နေရလို့
ကလေးတွေ စိတ်မချမ်းမသာ ဖြစ်နေရအုံးမယ်..ရှင်ပြန်မလာလဲ အေး
တာပဲ...အဲ့ဒီ လယ်ထဲမှပဲ တသက်လုံးနေ...""
စိတ်ပေါက်ပေါက်နဲ့ပြောလိုက်သော ခင်ဖြူ စကားအဆုံးမှာ ကိုမိုးက
အံသြမင်သက်ဟန်ဖြင့် ခင်ဖြူ့ကို ကြည့်လာသည်။မျက်ဝန်းထဲမှာ မျက်ရည် တချို့ဝေ့ခနဲ့
ဖြစ်သွားတာ ခင်ဖြူ တွေ့လိုက်ရသည်။
""အေးပါကွာ...အေးပါ...""
ချာကနဲ့ လှည့်ထွက်သွားသည့် အနီရောင်ကွက်ကျဲအကျီင်္လက်ရှည် ဝတ်
ဆင်ထားသည့် ကိုမိုး၏ ကျောပြင်ကိုကြည့်ပြီး ရင်ထဲ လှစ်ဟာ သွားသ
လိုလို ဝမ်းနည်းသွားသလိုလို အမည်မသိသော ခံစားမှုတရပ်ကို ခင်ဖြူ
ခံစားလိုက်ရသည်။
လင်မယား စိတ်ဆိုးတုန်းပြောလိုက်တာပဲလေ...။အချိန်တန်ရင် ပြန်လာမှာပဲ ဟု စိတ်ကို အတွေးဖြတ်၍ အိမ်မှုကစ္စတွေကို ခင်ဖြူ ဆက်
လက်လုပ်နေလိုက်သည်။
""အစ်မခင်ဖြူ....မခင်ဖြူ....ဟောဟဲ...ဟောဟဲ...ဟော...""
""ဘာလဲဟဲ့....ဘယ်သူလဲ....အော်...သံချောင်း...အမောတကောနဲ့ ဘာဖြစ်လာ တာလဲ""
အိမ်ရှေ့မှ အမောတကော ခေါ်သံကြောင့် ထွက်ကြည့်လိုက်တော့ တရွာတည်းနေ သံချောင်းကို တွေ့ရသည်။
""အစ်မ ခင်ဖြူ...ကိုကြီး ကိုမိုး လယ်ထဲမှာ ပိုးထိလို့ ....""
သံချောင်း၏ အော်ပြောသံက ခင်ဖြူ ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလို။
""မဟုတ်တာတွေ မပြောစမ်းနဲ့...ကိုမိုး အခုမှ ငါ့ရှေ့ကပဲ
လယ်ထဲသွားတာ...ဘယ်လို လယ်ထဲရောက်အုံးမလဲ...အခုမှ အလွန်
ဆုံးရောက် နှစ်အိမ်ကျော်က မသန်းဝင်း အိမ်ရှေ့လောက်ပဲရှိ ဦးမှာ
နင်နဲ့တောင် လမ်းမှာတွေ့ဦးမယ် ...နောက်စရာ မဟုတ်ဘူး..မသာလေး
...""
""ကျနော် နောက်နေတာ မဟုတ်ဘူး အစ်မ...တကယ်ပြောတာ...
ကျနော်ပြေးလာတဲ့ အချိန်နဲ့ဆို ကိုမိုး ပိုးထိတာ နာရီဝက်ကျော်နေပြီ
အခု ကိုနိုင်အေးတို့ ဆေးရုံ ပို့ဖို့ သယ်သွားကြပြီ... အဲ့ဒါ အစ်မကို
ကျနော်လာခေါ်တာ...""
သံချောင်းစကားများက ခင်ဖြူ နားထဲ သံရည်ပူတွေ အလား စီးဝင်
သွားသည်။ ကလေးနှစ်ယောက်ကိုတောင် ဘာမှ မမှာနိုင်ပဲ သံချောင်း
နောက်မှ ခင်ဖြူ ပြေးလိုက်သွား မိသည်။
သို့သော် လမ်းမှာပင် အလှမ်းဝေးလွန်းလှသည့် တိုက်နယ်ဆေးရုံသို့ မရောက်မှီ ဆုံးပါးသွားသည့် ကိုမိုး
အလောင်းကို ပြန်သယ်လာသည့် လူစုနှင့် ခင်ဖြူ တွေ့လိုက်ရချိန်မှာတော့
မိမိ အတွက် ကမ္ဘာပျက်သလိုပင်...။ဒါဆို အိမ်ကိုပြန်လာတာ ကိုမိုးအစစ်မဟုတ်ဘူးပေါ့....မသေခင်က ဇနီးနှင့် သားသမီးတွေကို စိတ်မချတဲ့ စွဲလန်းစိတ်နှင့် ဝိညာဉ် ဘဝနှင့် လာကြည့်တာလား ကိုမိုးရယ်.....
""အောင်းမလေး ကိုမိုးရယ်...အဖြစ်ဆိုးလှချည်လား...ရှင်သေရတာ
ကျမကြောင့်ပါရှင်...ကျမကို ခွင့်မလွတ်ပါနဲ့....ကျမကိုပါ... တခါတည်းခေါ်သွားပါလား ကိုမိုးရယ်...""
""ဖေကြီးရေ...ဖေကြီး...သမီးကို ချစ်တယ်ဆို....ဖေကြီးရေ...ဟင့်...
ဟင့်...အီး...ဟီး...ဟီး...""
""မေကြီး...ဖေကြီးဘာဖြစ်တာလဲဟင်...ခေါ်လို့လဲ မရဘူး...ဖေကြီး
ရေ...ဖေကြီး...ထလေ...အီး...ဟီး...ဟီး""
ကလေးနှစ်ယေက်၏ ဖခင်ကို တကျီကျီတ၍ ငိုကြွေးသံက ကြားရသူ
တို့၏ ရင်ထဲ ထိခိုက်လွန်းသဖြင့် မျက်ရည်တွေပါ စမ်းကုန်ကြရသည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
""ကိုမိုးသေရတာ ခင်ဖြူ့ကြောင့်တဲ့တော်...ကိုမိုးမသေခင် လယ်ထဲ
သွားခါနီး ခင်ဖြူက မသာကြီး...မြွေပွေးကိုက်သေပါစေလို့ ကျိန်လိုက်
တာတဲ့...တကယ်ကိုက်တာလဲ မြွေပွေးပဲတဲ့တော်...""
""ခင်ဖြူ ကျိန်ရင် တကယ်ဖြစ်တယ်ဆိုတာ ဖြစ်နိုင်တယ်...ဘာဖြစ်လို့
လဲသိလား...သူ့ လျှာမှာ အမည်းစက်တွေရှိတာ သတိထားမိကြလား
အဲ့ဒီလို မွေးရာပါ လျှာမှာ အမည်းစက်ပါတဲ့သူတွေ ဒေါသ ထွက်ပြီး
ကျိန်ရင် တကယ် ထိတယ်တဲ့ တော်...""
""ဟင်...ဒါဆို ခင်ဖြူက မွေးရာပါ ဝမ်းတွင်းစုန်းများလား...ကြောက်
စရာကြီးတော်...""
ကိုမိုးဆုံးပါးသွားပြီးနောက်ပိုင်း ပတ်ဝန်းကျင်မှ အတင်းအဖျင်း စကား
များကို တဆင့်စကား တဆင့်နားနှင့် ခင်ဖြူ ကြားနေ သိနေရသော်လည်း
ရန်စွယ်ငေါ ငေါ ပြန်မပြောလိုတော့ပါ။နှုတ်ဆိတ်၍သာ နေလိုက်သည်..။
ကိုမိုးသေရတာ မိမိပယောဂမကင်းဟူ၍လည်းမှတ်ယူထားသောကြောင့်
ဖြစ်သည်။တဖန် ငယ်ရွယ်စဉ်က အဖွားဖြစ်သူ၏ ဆုံးမစကားကိုလည်း ခင်ဖြူ ပြန်လည်
ကြားယောင်မိသည်။
""ငါ့မြေး...ဝစီဗေဒဆိုတာ ထိတိုင်းရှ တတ်တယ်ကွဲ့...ငါမြေး သူတ
ပါးကို ဒေါသတကြီး ဘယ်တော့မှမကျိန်ဆဲပါဘူးဆိုတဲ့ကတိ အဖွားကို
ပေးစမ်း...""
""ဟုတ်ကဲ့ပါ အဖွား....သမီးကတိပေးပါတယ်...""
ထိုစဉ်က အဖွား ဘာအတွက် ကတိတောင်းမှန်း ခင်ဖြူ နားမလည်ခဲ့ပါ။
ခင်ဖြူ ထမင်းပန်ကန်ထဲမှ ငါးကြော်ကို အလစ်သုတ်သွားသော ကြောင်
အား ဒေါသထွက်ထွက်ဖြင့်
""ငါ့ ငါးကြော် ခိုးတဲ့ကြောင်...မြန်မြန်သေပါစေဟာ...""
ဟု ခင်ဖြူ ကျိန်ဆဲလိုက်ရာ ခဏအကြာ ထိုကြောင်နှင့် အမြဲတမ်းအ
တူ ဆော့နေကျအိမ်ကခွေးကပင် ဘာစိတ်ပေါက်သည် မသိ၊ ထိုကြောင်
အား ထကိုက်သတ်လိုက် လေတော့သည်။
ထိုအရာကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသူ အဖွားက ထိန်လန့်ပြီး
ခင်ဖြူကို သတိပေးဆုံးမခြင်းဖြစ်သည်။ ခင်ဖြူ့ လျှာပေါ်မှ အမည်းစက်
များအကြောင်းကို အဖွားသိဟန်တူပေသည်။
ခင်ဖြူ လည်း ထိုစဉ်ကတည်းက မည်သူ့ကိုမျှ မကျိန်ဆဲခဲ့ပါ။အခုမှ ယောက်ျားဖြစ်သူကို ဒေါသကြောင့် ပါးစပ်ကလွှတ်ကနဲ့ ကျိန်ဆဲမိခြင်းပင်..။ထိုတစ်ကြိမ်ကလည်း
မိမိယောက်ျား အသက်ကိုဆုံးရှုံးစေသည့်အထိ ဖြစ်သွားသည်။
တိုက်ဆိုင်မှုလား တကယ်ပင် ခင်ဖြူ့နှုတ်က ကျိန်စာစီးခြင်းလားတော့ မသိပါ။
မိမိမှာတော့ အားကိုးရာမဲ့ကာ ကလေးနှစ်ယောက်နှင့် လောကဓံကို ရင်
ဆိုင်ရပေဦးမည်ဟု တွေးကာ အားငယ်စိတ် ဝင်မိသည်။
သို့သော် ကြာကြာအားငယ်စိတ် မဝင်နိုင်...။ကလေးတွေ ရှေ့ရေးက ရှိသေးသည်။ မိခင်စိတ်အပြည့်နှင့် မားမားမတ်မတ်ရပ်တည်ရန် ဆုံးဖြတ်ပြီး မိမိပိုင်လယ်ကို မောင်ဖြစ်သူ နိုင်အေး အကူ အညီနှင့်ဆက်လက် လုပ်ကိုင်ရင်း
အားရင်အားသလိုအထည်ကလေးများ ရောင်းချကာ ဘဝကို ရပ်တည်
နေရသည်။
ဒီကြားထဲ ကိုမိုးတစ်ယောက် မကျွတ်မလွတ်ပဲလယ်ထဲမှာလူအများ
အား ခြောက်လှန့်နေသည့်သတင်းက ထွက်လာပြန်သဖြင့် ခင်ဖြူ စိတ်မကောင်းကြီးစွာ ဖြစ်ရပြန်သည်။ခင်ဖြူ ကိုယ်တိုင် မတွေ့ရ၍ မယုံကြည်နိုင်သော်လည်း တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရသူများမှာတော့ ပရောဂ ဆရာများနှင့် တော်တော်လေး ကုယူလိုက်ကြရသည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ညသန်းခေါင် ခုနှစ်စဉ်ကြယ် အမြှီးထောင်ချိန် ဦးဖိုးငို တစ်ယောက်
ပေါက်တူးတစ်လက် ပခုံးထမ်း၍ လယ်ကန်သင်းအတိုင်း လျှောက်လာခဲ့
သည်။ဒီအချိန်ကြီး လယ်ထဲဆင်းလာသည်မှာ တခြားသူများ တွေ့လျင် ထူးဆန်းနေပေလိမ့်မယ်။ မည်သူမျှတွေ့၍လည်း မဖြစ်ပါ။ဦးဖိုးငိုမှာ သူများမသိစေချင်သော အကြံရှိနေသည်။
မိုးမရွာသည်မှာကြာပြီဖြစ်၍ မိမိလယ်အတွင်း ပျိုးစပါးပင်များ ရေမဝဖြစ်
ကာ သေးကွေးကြုံလှီနေသည်။ထိုအခြေအနေမျိုးတွေ တခြားလယ်များ
နှင့်မတူ တမူထူးခြားစွာ ရေများမခမ်းမခြောက် အမြဲပြည့်နေသည့်
မုဆိုးမခင်ဖြူ လယ်ကွက်မှ ရေများအား မိမိလယ်အတွင်းခိုးဖောက်ချရန်
အကြံနှင့် လူမသိ သူမသိအချိန် လယ်ထဲ ဆင်းလာခြင်း ဖြစ်သည်။
သင့်တော်သော နေရာအား ဦးဖိုးငို ရွေးချယ်လိုက်ကာ လယ်ကန်
သင်းအား ဖြိုချရန် လက်ထဲက ပေါက်တူးအား မြှောက်ရွယ်လိုက်စဉ်
""ဟီး...ဟင်း...ဟင်း...ဟီး""
ညဥ့်အချိန် ခြောက်ခြားဖွယ်ရာ ငြီးသံကြီးနှင့်အတူ ကျောဘက်မှ အေးစက်သော အထိအတွေ့
တစ်ခုကို ဦးဖိုးငို ခံစားလိုက်ရသည်။ ရေစိုနေသော လက်အေးကြီးတဖက်က ပခုံးကို လာရောက်ဆုပ်ကိုင်လိုက်
သည်ကို ခံလိုက်ရသဖြင့် ဦးဖိုးငိုမှာ ကြက်သီးများ တဖြန်းဖြန်း ထသွားရသည်။ နောက်သို့ လှည့်ကြည့် လိုက်သော်လည်း ဘာမှ မတွေ့။
တယောက်ယောက်နောက်ခြင်းလား...။စိတ်မလုံစွာ ဘေးပတ်ဝန်းကျင်ကို ကြည့်ရန် ခါးကြားမှ ဓာတ်မီးထုတ်၍ မီးထိုး
လိုက်စဉ် ဦးဖိုးငိုမျက်လုံးနှင့် တံတောင်ခန့်အကွာ မီးရောင်တည့်တည့်မှ အလွန်ကြီးမား မဲပြာဖောင်းအစ်နေသည့်
မျက်နှာကြီးတစ်ခုအား အနီးကပ် တွေ့လိုက်ရလျင် ဦးဖိုးငိုမှာ ကြောက်သွေးဆောင့်တက်၍ ပြေးရန်ပင်သတိမရပဲ မျက်လုံးကြီးပြူး၍ မတ်တပ်စုံရပ် နေမိလေသည်။
""ဦး...ဖိုး...ငို...ဘာကြည့်...နေတာ...လဲ...ကျုပ်..င...မိုး...လေ...ဟီး..ဟီး..ဟီး...""
တစ်လုံးခြင်း လေးလေးပင်ပင်ကြီးပြောလိုက်သော အသံကြီးကို ကြားလိုက်ရမှ...ဦးဖိုးငိုမှာ
""အောင်းမလေး....ငမိုး....ငမိုး...သရဲ...သရဲ...""
လက်ထဲမှ ပေါက်တူးအားပစ်ချကာ ငယ်သံပါအောင် အော်ဟစ်ပြီး ထွက်
ပြေးလေတော့သည်။
နောက်မှ""ဖိုးငို...မပြေးနဲ့....ဟင်း..ဟင်း""ဟုသော တဖုန်းဖုန်း
ပြေးလိုက်လာသော ခြေသံကြီးကို ကြားလိုက်ရလျင် ဦးဖိုးငို အကြောက်လွန်ပြီး လယ်ကန်သင်းပေါ် မှောက်ခုံပြုတ်ကျ၍ သတိ
လစ်သွားလေတော့သည်။ နောက်နေ့မှ လယ်ထဲလာသူများ ခင်ဖြူတို့ လယ်ကန်သင်းပေါ်
လဲနေသည့် ဦးဖိုးငိုကို အိမ်ထမ်းပြန်ပို့ကြရသည်။ပယောဂ ဆရာတွေနှင့် တော်တော်လေးကုယူ လိုက်ရသည်ဟု ဆိုသည်။
နောက်တစ်ယောက်က သံချောင်း။နံနက်၎နာရီထိုး စပါးရိတ်ဖို့
လယ်ထဲလာကြရင်း သံချောင်းက နောက်ဆုံးက သီချင်းလေး တ
အေးအေး၊ ဆေးလိပ်လေး တဖွာဖွာနှင့်။
""သံချောင်း...မီးတတို့ ပေးစမ်း...""
နောက်က ဆေးလိပ်မီးတောင်းသံ။ ရင်းနှီးသလိုအသံကြောင့် လက်ထဲ
မှ ဆေးလိပ်ကို လက်ပြန်ပေးလိုက်သည်။
""ဖုန်း...""
""အ...""
""ခွေးကောင်...အခုထိ သောက်ကျင့်မပျောက်သေးဘူး...ဆေးလိပ်
ဖင်မှာ တံတွေးချည်းပဲ...""
ဆေးလိပ်မီးလဲပေးရသေး.၊ကျောကုန်းလဲ ဖုန်းခနဲ့ အထုခံလိုက်ရသဖြင့်
သံချောင်း ဒေါသထွက်ပြီး လှည့်ကြည့်လိုက်တော့ ခန္ဓာကိုယ်ကကျောပေး
လျက် မျက်နှာက မိမိဘက်လှည့်ကာ ဆေးလိပ်ဖွာရင်း ရယ်ပြနေသည့်
ကိုမိုးမျက်နှာကြီးကို တွေ့လိုက်ရလျင်
""အောင်းမလေး..ဗျ..သရဲ....သရဲ....ကိုကြီး ငမိုး..သရဲကြီး...""
သံချောင်းအော်သံကြောင့် ရှေ့က သွားသူများထိတ်လန့်တကြား လှည့်
ကြည့်သော အခါ မည်သူ့မျှမတွေ့ရပဲ လယ်ကွင်းထဲပတ်ပြေးနေသော
သံချောင်းကို သာ တွေ့ရလေသည်။သံချောင်းကို ဝိုင်းဖမ်းပြီး ရွာထဲ ပြန်ပို့ကြရသည်။နောက်ကျောမှာ လက်ဝါးရာ နီနီကြီးမှာ တပတ်လောက်ခန့် မပျောက်။သူလဲ တော်တော်လေး ကုလိုက်ရသည်။
တခါလည်း ရွာထဲသို့ အာရုံဆွမ်းချိုင့်ယူပြီး ပြန်လာသော
ကိုရင်လေးနှင့် ဘုန်းကြီးကျောင်းသားလေးတို့အား တာကန်သင်း
ရိုးအား ဆောင့်ကြောင့်ထိုင်ပိတ်၍
""တပည့်တော် လိုက်ပို့ပါရစေ ဘုရား.... ""
ဟုဆိုကာ ဆွမ်းချိုင့်ကို သူ့လက်အရှည်ကြီးနှင့် လှမ်းဆွဲသဖြင့်
ကိုရင်လေးနှင့် ကျောင်းသားလေးမှာ ဆွမ်းချိုင့်အားပစ်ချ၍ ဘုန်းကြီး
ကျောင်းသို့ ငိုကြီးချက်မအော်ဟစ် ထွက်ပြေး ကြလေသည်။ကျောင်းက
ဦးပဉ္ဇင်းများ လိုက်လာကြည့်တော့ ဆွမ်းချိုင့်ကို လက်ရာမပျက် တာကန်
သင်းပေါ်မှာ တွေ့ကြရလေသည်။
ထိုသို့ ကိုမိုး မကျွတ် မလွတ်ဖြစ်ကာ ခြောက်လှန့်နေသည်ဆိုသော သတင်းများကြောင့် ခင်ဖြူမှာ စိတ်မကောင်းကြီးစွာဖြစ်သည်။ ယောက်ျားဖြစ်သူကို မကောင်းသော ဘဝမှ အမြန်ဆုံးကျွတ်လွတ်ရန် မည်သို့လုပ်ရမည်ကလည်း ခင်ဖြူ တွေးတောနေမိသည်။ သေဆုံးစဉ်က အလှူအတန်များပြုလုပ် အမျှအတန်းပေးဝေခြင်း၊ ဒီကြားထဲတွင်လည်း ဘုန်းကြီးကြောင်းဆွမ်းကပ်၊ သင်္ကန်းကပ် တတ်နိုင်သလောက် အလှူအတန်းလေးများပြုလုပ် အမျှဝေပေးသော်လည်း ကောင်းမှုအကျိုး သာဓု ခေါ်ခွင့်ရဟန်မတူ၊ ထို့ကြောင့်ကိုမိုးတစ်ယောက် မကျွတ်မလွတ်ပဲ ခြောက်လှန့်နေဟန်တူသည်...။
""ခင်ဖြူ....ခင်ဖြူ...မိန်းမ....ထပါဦး....""
ခေါ်သံကြောင့် ခင်ဖြူ အိပ်ယာထဲမှ မျက်လုံးဖွင့်ကာကြည့်လိုက်တော့
အိမ်ပေါက်ဝမှာ မျက်နှာငယ်လေးနှင့် မတ်တပ်ရပ်နေသည့် ကိုမိုး ကို
တွေ့ရလေသည်။ဆုံးပါးသွားစဉ်က ဝတ်ဆင်ထားသည့် အတိုင်း အင်္ကျီ
အနီကွက် ၊ပုဆိုးအမည်းကွက်လေးနှင့် ပုံစံမပျက်...။
"" ကိုမိုး...ကိုမိုးပါလား...ဘယ်ကရောက်လာတာ လဲဟင်...""
""မနက်က မင်း ဘုန်းကြီးကျောင်းက ပြန်လာရင်း ကိုမိုး..လို့ ရေရွတ်သံ ကြားလိုက်လို့ ကပ်လိုက်လို့ ရလာတာ မိန်းမ...မင်းက လယ်ကွင်းထဲမှာပဲ တသက်လုံးနေလို့ ပြောထားတော့ ငါဘယ်မှ သွားမရဘူး မိန်းမရယ်....""
ကိုမိုးစကားကြောင့် ခင်ဖြူ ဝမ်းနည်းသွားပြီး မျက်ရည်ဝေ့သွားရသည်။
""ကိုမိုးရယ် ခင်ဖြူ့ကို ခွင့်လွှတ်ပါနော်...ခင်ဖြူ့ စကားတွေအတွက် ခင်ဖြူနောင်တရမဆုံးပါဘူး ...အစ်ကို့အတွက် ခင်ဖြူ တတ်နိုင်သလောက် ကုသိုလ် လုပ်ပေးပါတယ် အစ်ကိုရယ် အမျှဝေပေးပါတယ်...အစ်ကို မရဘူးလားဟင်...""
ကိုမိုးက မချိပြုံးလေး ပြုံးလိုက်ရင်း
""အစ်ကို ကျွတ်ချိန်မတန်လို့ သာဓု ခေါ်ခွင့် မရဘူး မိန်းမ...အခုလဲ
ဒီဘဝကြီးက ကျွတ်ချင်လို့ ခင်ဖြူဆီ အကူအညီလာတောင်းတာပါ...""
""ပြောပါ ကိုမိုး...ခင်ဖြူ တတ်နိုင်သလောက် လုပ်ပေးပါ့မယ်.""
""အစ်ကို မသေခင်က သားနဲ့သမီးကို သာ့သနာ့ဘောင်ထဲ ထည့်ပြီး အလှူအတန်းလုပ် ကုသိုလ်ပြုမယ်ဆိုပြီး ကိုမောင်မောင်စိုးနဲ့ စပါးအရောင်းဝယ် လုပ်မယ်ဆိုပြီး တိုင်ပင်ခဲ့တာ...အစ်ကိုကလဲ ဘာမှ အကောင်အထည် မပေါ်သေးတော့ ခင်ဖြူ့ကို ဖွင့်မပြောခဲ့ မိဘူး...အဲ့ဒီကိစ္စလုံးပန်းရင်း ကိုမောင်မောင်စိုး အိမ် အဝင်အထွက်များလို့...ခင်ဖြူက မေလွင်နဲ့တောင် အထင်လွဲခဲ့တယ်လေ...အစ်ကို ရည်မှန်းထားတာမဖြစ်ခဲ့ရပဲ သေသွားရတော့ အဲ့ဒီအစွဲအလန်းကြောင့် အစ်ကို မကျွတ်နိုင်ဘူး မိန်းမရယ်... ဒီတခါ စပါးပေါ်ချိန် သားနဲ့ သမီးကို ရှင်ပြု အလှူလုပ်ပြီး အစ်ကို့ကို အမျှဝေပေးပါလို့ ခင်ဖြူ ကို အကူအညီ လာတောင်းတာပါ...အဲ့ဒါဆို အစ်ကို ကျွတ်ချိန်တန်ပါပြီ...ကူညီပါနော် ခင်ဖြူ... ""
""ဟုတ်ကဲ့ပါ ကိုမိုး...ခင်ဖြူ အပြစ်တွေကို ဆေးကြောတဲ့ အနေနဲ့ သားနဲ့သမီးကို ခင်ဖြူ ရအောင်ရှင်ပြုပေးပါ့မယ်...ကိုမိုးသာ သာဓုခေါ်နိုင်အောင် စောင့်နေနော်...""
ခင်ဖြူဆီက ကတိစကားရသည်နှင့် ကိုမိုး၏ပုံရိပ်မှာ တဖြည်းဖြည်းဝေးကွာ ပျောက်ကွယ်သွားလေသည်။
""ကိုမိုး...ကိုမိုး...""
ခင်ဖြူ လန့်နိုးလာတော့ ပါးပြင်မှာ မျက်ရည်တွေနှင့်။သြော်...ကိုမိုး ကျွတ်လွတ်ချင်လာလို့ အိပ်မက် လာပေးသွား သည်ပဲ။ခင်ဖြူ စိတ်မကောင်းစွာ အပြင်မှာ တကယ် ငိုမိပြန်သည်။
""စိတ်ချပါ ကိုမိုးရယ် ခင်ဖြူ အစ်ကို့အတွက် နောက်ဆုံးလုပ်ပေးနိုင်ခွင့်ကို ရအောင် ကြိုးစား လုပ်ပေးပါ့မယ်....""
ခင်ဖြူ ယခင်ထက် ကြိုးစား၍ ငွေရှာသည်။ငါး၊ပုဇွန်၊ဂဏန်း အဝယ်ဒိုင်ဖွင့်သည်။ အကျိုးပေးတာလား ကိုမိုး၏ အကူအညီပဲလားတော့ မသိ တခဏအတွင်း စီးပွားဖြစ်လာသည်။
တစ်ည ကိုမိုးက အိပ်မက်ပေးလာပြန်သည်။
""ခင်ဖြူ လယ်တွေထဲက ကန်သင်းဘေး မြောင်းတွေမှာ မနက်ဖြန် အိုင်သွားပက်လိုက်...""
မနက်ကြတော့ အလုပ်သမားတွေ ခေါ်ပြီး လယ်ကန်သင်းဖော်စဉ်က တူးထားတဲ့ မြောင်းမှာ အိုင်ပတ်ကြတော့ တစ်ရွာလုံး တစ်သက်နဲ့ တစ်ကိုယ် မရဘူးမမြင်ဖူးကြသည့် ငါးများ ၊ ပုဇွန်ထုပ်များ တောင်းနဲ့ပါ အသီးသီး ထမ်းသယ်ရသည့်အထိ ရသွားသည်။
ဒီကြားထဲ ငါးဖမ်းနေရင်းချက်ကြီးတစ်ယောက် တအစ်အစ်နှင့် မျက်လုံးမျက်ဆံများ ပြူးထွက်ပြီး လူးလှိမ့်နေသဖြင့် အကုန်လုံးထိတ်လန့်ပြီး ကွင်းပိုင်ကြီးကို ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ရသေးသည်။
ထိုအခါမှ ချက်ကြီး သက်သာသွားပြီး ခင်ဖြူ့ကို တောင်းပန်သည်။
ပုဇွန်တောင်း ခင်ဖြူတို့အိမ် ထမ်းပို့ရင်း မည်သူမျှ မသိအောင် ပုဇွန်အနည်းငယ် အိမ်အတွက်ဟင်းချက်ဖို့ ခိုးထားမိကြောင်း၊ လယ်ထြဲပန်လာပြီး ငါးဖမ်းနေစဉ် မိမိရှေ့မှ ခြေထောက်မည်းကြီး တစ်စုံလာရပ်သဖြင့် မော့ကြည့်တော့ မိမိကို ဒေါသထွက်သည့် မျက်လုံးကြီးများနှင့် ကြည့်၍ ငါ့ပုဇွန်တွေ အခုပြန်ပေးဟု လက်ညိုးငေါက်ငေါက်ထိုးကာ ပြောနေသည့် ကိုမိုးကို တွေ့ရသဖြင့် လန့်ပြီး အော်မည်ပြုစဉ် လည်ပင်းကို ဖမ်းညှစ်ထားခြင်းခံရကြောင်း၊ခင်ဖြူတို့က ကွင်းပိုင်ကြီးကို တောင်းပန်ကြတော့မှ လူမည်းမည်းကြီးတစ်ယောက်က တာကန်သင်းပေါ်မှ နေ၍ ကိုမိုးကို လှမ်းခေါ်လိုက်သဖြင့် လွှတ်ပေးပြီး ထွက်သွားကြောင်း
ချက်ကြီး ကြောက်လန့်တုန်လှုပ်ဟန်ဖြင့် ပြောပြသည်။
သားနှင့် သမီး ရှင်ပြုအတွက် ရည်မှန်းထားသည့် ပုဇွန်များကို ခိုးစားဖို့ ကြံသဖြင့် ကိုမိုးဒေါသထွက်ပြီး ချက်ကြီးကို ရန်ရှာခြင်းဖြစ်ပေမည်။
ရရှိသည့် ငါးများပုဇွန်များကို ရောင်းချခြင်းဖြင့် ခင်ဖြူတော်တော်လေး ပိုက်ဆံရလိုက်သည်။
စပါးပေါ်တော့လည်း အခြားလယ်များနှင့် မတူ ခင်ဖြူလယ်မှာ စပါး အထွက်ကောင်းလွန်းသဖြင့် လူတိုင်းက အားကျခဲ့ရသည့် အထိ ငွေတွေဝင်ခဲ့သည်။
မကြာမှီမှာပဲ ရည်မှန်းထားသည့်အတိုင်း သားငယ်ကို ကိုရင်လေးအဖြစ် သမီးကြီးကို သီလရှင်အဖြစ် သာသနာ့ဘောင်ထဲထည့်သွင်းသည့် အလှူပြွဲကီးကို ခမ်းနားစွာ ခင်ဖြူ ပြုလုပ်ပေးနိုင်ခဲ့ပြီး ကိုမိုးအတွက် အလှူအတန်းလုပ် အမျှအတန်း ပေးဝေနိုင်ခဲ့သည်။
""ကိုမိုးရေ အမျှ ...အမျှ...အမျှ...""
အလှူအတွက် ရေစက်ချ အမျှဝေနေစဉ်မှာ ခင်ဖြူ၏ ဘေး လစ်လပ်နေသော နေရာလေးမှ ကိုမိုး၏ သာဓုခေါ်သံ တိုးသဲ့သဲ့လေးကို ခင်ဖြူ ကြားလိုက်ရ သလိုပင်...။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဆွမ်းချိုင့်လေးကို လက်တဖက်ကဆွဲကိုင်၍ လယ်ကွင်းပြင်ကြီးကို ငေးကြည့်ရင်း ခင်ဖြူမျက်ဝန်းမှာ မျက်ရည်တွေ ဝေ့သီနေသည်။
""ကိုမိုးရေ...ရှင်ဖြစ်စေချင်တဲ့အတိုင်း သားနဲ့သမီးကို သာသနာ့ဘောင်ထဲထည့်ပြီး ရှင့်အတွက် အလှူအတန်းပြု အမျှဝေခဲ့ပြီးပြီ...အခုလည်း ဘုန်းကြီးကျောင်းမှာ ရှင့်အတွက် ရည်စူးပြီး ဆွမ်းကပ်ပြန်လာတာ...ကျုပ်ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုကို ရှင့်ကို အမျှဝေပါတယ်...ရောက်ရာဘဝက သာဓုခေါ်ပါ....ကျမ နှုတ်ထွက်စကားကြောင့် ရှင်သေခဲ့ရပြီး ကျမနှုတ်ကြောင့်ပဲ ရှင်မကျွတ်မလွတ်ခဲ့ရဘူးဆိုရင်...အခု ကျမနှုတ်က ပေးတဲ့ အမျှအတန်းကြောင့်ပဲ ရှင် ဒီဘဝက ကျွတ်လွတ်ပြီး ကောင်းရာ မွန်ရာ ဘုံဘဝ ကို ရောက်ပါစေရှင်.....ကျမလဲ သမီးနဲ့သားကို စိတ်ချရပြီဆိုရင် တရားတဘောင်ဝင်တော့မယ်လို့ ဆုံးဖြတ်ပြီးပါပြီ...ရှင်နဲ့ ကျမ ရေစက်မကုန်သေးရင် နောင်သံသရာတွေမှာ ပြန်ဆုံကြတာပေါ့ ရှင်...""
ခင်ဖြူ့နှုတ်မှ တီးတိုးရေရွတ်ရင်း အိမ်အပြန် ခြေလှမ်းတို့ကို လေးလံနှေးကွေးစွာ လှမ်းနေမိသည်။ သို့သော်လည်း ကိုမိုး၏ အရိပ်တည်ရှိခဲ့ရာ လယ်ကွင်းကြီးကတော့ တဖြည်းဖြည်းဝေးကွာ ကျန်ခဲ့လေပြီ...။
ကိုမိုးကတော့ တကယ်ပင် ကျွတ်လွတ်သွားပုံရသည် ။သူပိုင်ဆိုင်ခဲ့သည့် လယ်ကွင်းထဲမှာတော့ ယနေ့အချိန်ထိ ခြောက်လှန့်သံမကြားရတော့ပေ။ ဘယ်ဘဝ ဘယ်ဘုံမှာ ကျင်လည် ကျက်စားနေပြီလည်း ဆိုတာတော့ မည်သူမျှ မသိနိုင်တော့ပါ....
မည်သို့ပင် ဆိုစေကာမူ ဤဖြစ်ရပ်လေးကို ကြည့်၍ ဒေါသတရားနှင့် နှုတ်ထွက်ကြမ်းတမ်းတဲ့ စကားများကို လွတ်လွတ်စပယ် မပြောမိဖို့ သတိပြု ဆင်ခြင်သင့်တယ် လို့ ပြောပါရစေ ခင်ဗျာ....။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ပြီးပါပြီ။
*ဖြစ်ရပ်မှန်အား အခြေခံ၍ ရေးသားထားပါသည်။
ဇာတ်လမ်းရှည်၍ အပိုင်းဆက်ဖြစ်မည့် စိုးရိမ်စိတ်နှင့် အတင်းချုံ့ရေထားပါသဖြင့် လိုအပ်ချက်များသည် ကျနော့်၏ ညံ့ဖျင်းမှုသာဖြစ်၍ သည်းခံဖတ်ပေးပါရန်...။
ချစ်သားမာရ်နတ်(Yan Aung Phyo)
Post a Comment