သူ့အချစ်​​တွေသာ လိုအပ်​ဆုံး၁

သူ့အချစ်တွေသာအလိုအပ်ဆုံးပါ အခန်း(1)
*********************

''ဟူး... အခုမှပဲပြီးတော့တယ်''်

စာရင်းတွေအားလုံးပြီးပြီမို့ ဆောင်းမခတစ်ယောက် ကွန်ပျူတာကို ပိတ်ရင်း အညောင်းဆန့် လိုက်သည်။

နာရီကိုကြည့်မိတော့ ည11:00နာရီအတိ။

သူမအခန်းထဲ မီးးလင်းနေပေမယ့် ပြင်ပလောက ကတော့... ည၏ တိတ်ဆိတ်ခြင်း နှင့်အတူ မှောင်အတိ ကျလို့နေသည်။

အိပ်စက် အနားယူချိန် ရောက်နေပြီဖြစ်လို့ ပြတင်းပေါက် ပိတ်ရန် လက်အလှမ်း... မိုးစက် မိုးပေါက်လေးများက မှောင်မဲမဲ ကောင်းကင်ထက်မှ အလုအယက် ခုန်ဆင်းအလာတွင်... သူမ လက်ချောင်းလေးများပါ စိုစွတ်ကုန်လေသည်။

မိုးရွာပြီဆိုလျှင် မခ မောင့်ကိုလွမ်းမိသည်။

မောင်က 'ဝသုန်မိုး' ဆိုသည့် နာမည်နှင့် လိုက်ဖက်စွာ မိုးကို ချစ်သည်လေ...။

ကျဆင်းလာသည့် မိုးစက် မိုးပေါက်လေးများကို လက်နှင့်ခံယူပြီး ပျော်ရွှင်နေတတ်သော မောင့်ပုံရိပ်တွေ..၊ မခ လက်ကို တွဲပြီး မိုးရေထဲမှာ
လျှောက်ပြေးခဲ့ကြတာတွေ..၊ မောင်နဲ့ပတ်သက်ခဲ့သမျှ် အရာအားလုံးက သတိရစရာတွေ ချည်းပါပဲကွယ်..။

သြော်...အခုဆို မောင်နဲ့ မခ လမ်းခွဲခဲ့တာ ငါးနှစ်တောင် ရှိတော့မှာပါလား..။

မောင်နဲ့လမ်းခွဲပြီးနောက် 'နွေအရင့်' နှင့် မခ တွေ့ဆုံခဲ့ရသည်။

သို့သော်... သူ့ကို မခ ချစ်မရခဲ့..၊ မခ သူ့ကို မချစ်ပေမယ့် သူကတော့ မခကိုအလွန်ချစ်သည်။ အရမ်းလည်းဂရုစိုက်သည်။

မခ ဘာလိုနေလဲ? ဘာဖြစ်ချင်နေလဲ? ဆိုတာကို ပြောစရာမလို..။

မခကို အရိပ်တကြည့်ကြည့် လိုက်ကြည့်ရင်း မခ လိုအပ်နေသမျှကို သူ့ဘက်က အကောင်းဆုံး ဖြည့်ဆည်းပေး ခဲ့သည်သာ..။

ဒါတွေ မခ မသိဘဲနေမလား..၊ သိတာပေါ့..။ ဒါပေမယ့် မခချစ်တဲ့ မောင်နဲ့ လမ်းခွဲပြီးနောက်ပိုင်း ခံစားချက်မရှိတဲ့ စက်ရုပ်တစ်ရုပ်လို နေလာခဲ့သည်မှာ နေသားကျနေခဲ့ပြီ..။

ဒီငါးနှစ်တာ ကာလအတွင်း
မခ မောင့်ကို တစ်နေ့မှ မေ့မရခဲ့။

မောင်လည်း အခုဆို တည်တည်ငြိမ်ငြိမ် ဘဝလေးတစ်ခု ပိုင်ဆိုင်နေ လောက်ပါပြီ..။

@@@@@@@@@@@@@@@

''မခရေ..သမီးလေး မခ''

မေမေ့အသံကို ကြားပေမယ့် မခ ပြန်မထူးမိ..။

ညက အတွေးလွန်သွား၍ အိပ်ရာဝင်နောက်ကျခဲ့သဖြင့် မထချင်..။

မထလို့ကလည်းမဖြစ်..၊ ရုံးသွားရဦးမယ် ..။

''ထတော့လေကွယ် ရုံးသွားရမယ် မှတ်လား..၊ ခဏနေ မောင်အရင့် လာတော့မယ်လေ..၊ ထထ..၊ ရေမိုးချိုးပြီး အောက်ထပ်ကို ဆင်းခဲ့နော်..၊ သမီးအတွက်မေမေ မနက်စာ ပြင်ပေးထားတယ်''

''ဟုတ်မေမေ မခ ထပါပြီ ခဏနေ ဆင်းခဲ့မယ်နော်''

မေမေ့ကို ပြန်ပြောပြီး အိပ်ရာမှ လူးလဲထကာ ရုံးသွားဖို့ အမြန် ပြင်ဆင်လိုက်သည်။

မနက်စာစားဖို့ အောက်ထပ်ရောက်တော့ အရင့်က ရောက်နေပြီ..။

''ဟော သမီးလေးဆင်းလာပြီ''

''Morningဆောင်း''
''Morningအရင့်''

အရင့်က မခကို သူများတွေလို 'မခ' ဟုမခေါ်ဘဲ 'ဆောင်း' ဟုသာ ခေါ်လေ့ရှိသည်။

မနက်စာ စားပြီးနောက် အရင့် နှင့်အတူ ရုံးကို ထွက်လာခဲ့လိုက်သည်။ လူက သိပ်မကြည်သည်မို့ နေရတာ ငြီးစီစီ..။

လမ်းတစ်လျှောက်လုံး စကားမပြော မိသလို ရုံးရောက်သည် အထိလည်း
ဘေးနားမှာ ရှိနေသော အရင့်ကို သတိမရမိ..။

''ဆောင်း''

အရင့် ခေါ်သံကြောင့် လှည့်ကြည့်မိတော့ အရင့်က အကဲခတ်သလို ကြည့်နေသည်။

''ပြောလေ အရင့် ဘာပြောမို့လဲ''

''ကိုယ့်ကိုတစ်လမ်းလုံးလည်းစကားမပြောဘူးဆောင်းဘာဖြစ်နေတာလဲနေမကောင်းဘူးလား''

နဖူးထက်သို့ ရောက်လာသည့် လက်ကို ဖယ်ချလိုက်ရင်း..

''မခ ဘာမှမဖြစ်ပါဘူး အိပ်ရေးသိပ်မဝလို့ ခေါင်းနည်းနည်း နောက်နေလို့ပါ''

''ဒါဆိုလည်း ခဏ နားလိုက်လေ ပြီးရင် အနားယူလို့ရမယ့် တစ်နေရာရာ သွားကြတာပေါ့''

မခ ဘယ်မှ မသွားချင်ဘူး ဆိုတာကို စိတ်ထဲမှာပဲ ပြောလိုက်မိပြီး..၊ တကယ်တမ်း ပြောဖြစ်သည်က.. 'အင်း'ဆိုတာပင်..။

ချစ်သူ စဖြစ်ကတည်းက အရင့် စီစဉ်သမျှ မခ မငြင်းခဲ့..၊ ငြင်းလို့လည်းမရ..၊ သူမအတွက် အရင့် လုပ်ပေးသမျှ အရာအားလုံးက သူမအတွက်လိုအပ်နေတာ တွေချည်းပဲလေ။   ။

နားနေခန်းထဲ ဆောင်း ဝင်သွားသည် အထိ သူလိုက်ကြည့်နေမိသည်။

ထို့နောက်.. သူ့ရုံးခန်းထဲဝင်ကာ ဆိုဖာပေါ် ကျောမှီချလိုက်ပြီး မျက်လုံးအစုံကို မှိတ်မိတော့ ပေါ်လာတာက..
အေးတိအေးစက်နိုင်လှသော ဆောင်း၏ မျက်နှာလေး..။

သူမြတ်နိုးခဲ့ရတာ..၊သူသိပ်ချစ်ခဲ့ရတာ..၊ သူအရမ်းဂရုစိုက်ခဲ့ရတာ..၊ 'ဆောင်းမခ' ဆိုသော သူမလေး..။

ဆောင်းကို သူ့အသက်ထက်ပိုချစ်ပါသည်။ ဘဝလက်တွဲဖော် အဖြစ်လည်း ရည်ရွယ်ခဲ့သည်။

သို့ပေမယ့်...သူမလေးဘက်က သူ့ကို ချစ်သူအဖြစ်လက်ခံခဲ့သည်က လွဲရင် ဘာမှ တုံ့ပြန်မှုမရှိခဲ့..။

သူ့အပေါ် အေးစက်စက် နိုင်လှသည့် သူမလေးကိုမှသူကလည်း ရူးရူးမူးမူး။    ။

#စာဖတ်သူများအားလေးစားလျက်
#အလင်းဆက်
#အခုမှစာစရေးတာမို့အားမနာပါးမနာဝေဖန်ထောက်ပ်ြပေးကြပါဦးနော်


Post a Comment