#မာနမင်းသမီး
အနည်းဆုံးတော့ မီးပွိုင့်ကိုသုံးခါလောက် မမိမခြင်း အလုပ်ကိုဘယ်တော့မှ ရောက်လေ့မရှိဟု စိတ်ထဲတွင် ခပ်ငေါ့ငေါ့တွေးလိုက်ရင်း ကားစက်အရှိန်ကိုလျော့လိုက်သည်။ ဒီမီးပွိုင့်ကျော်တာနဲ့ နောက်သုံးလေးမှတ်တိုင်ဆိုရင် သူ့အလုပ်ရှိရာကိုရောက်ပြီဖြစ်သော်လည်း သူသည်စိတ်ညစ်ညူးစွာ တောက်ကိုခပ်ပြင်းပြင်း တစ်ချက်ခေါက်လိုက်သည်။
မတ်လ၏ အပူချိန်သည် မနက် ( ၈ ) နာရီပင်ရှိသေးသော်လည်း ကတ္တရာလမ်းများပေါ်၌ တံလျပ်များ အရှိန်တငြီးငြီး ထလောက်အောက်ပင် ပြင်းထန်စွာ ပူလောင်လွန်းလှသည်။ မီးနီစောင့်ရင်း FM လိုင်းတစ်လိုင်းခြင်းစီကို ပျင်းပျင်းနှင့်လျောက်ရွှေ့နေမိတော့သည်။
` ဒေါက်. . ဒေါက် ´
ကားမှန်တံခါးကိုခေါက်လိုက်သော အသံကြောင့် ရုတ်တရက် သူလန့်သွားမိသည်။ အသံလာရာသို့ သူကြည့်မိတော့. . . အဝတ်အစား ခပ်နွမ်းနွမ်းနှင့် ခလေးချီထားသော အမျိုးသမီး တစ်ယောက်။ ကလေးပြပြီး ပိုက်ဆံတောင်းတဲ့ မိန်းမတွေပဲ နေမှာပါ။
ဒါမျိုးကို သူသိပ်မုန်းသည်။
ကိုယ်လက်အင်္ဂါအပြည့်အစုံ ခြေလက်အကောင်းတိုင်းရှိသော အရွယ်ကောင်း တောင်းရမ်းစားသောက်သူများကို သူဘယ်တော့မှ ပိုက်ဆံပေးလေ့မရှိပါ။ လူစွမ်းလူစ မရှိကြသူများဟု သတ်မှတ်ထားသလို ထိုသူများကို ပေးကမ်းစွန့် ကြဲသူများကိုပင် လူမိုက်အားပေးများဟု ကင်ပွန်းတပ်လေ့ရှိသည်။
မီးပွိုင့်လည်း စိမ်းသွားပြီဖြစ်သဖြင့် သူသည် အတွေးစကိုဖြတ်ရင်း ကားကိုအသာအယာ မောင်းထွက်ခဲ့တော့သည်။
===============================
`ဆရာမလေး. . . ဘယ်နှစ်ယောက်ကျန်သေးလဲ ´
သူသည် ကုလားထိုင်နောက်မှီကို လှန်ချလိုက်ရင်း မျက်နှာကို ရှုံ့မဲ့စွာမေးလိုက်သည်။
`တစ်ယောက်ပဲ ကျန်ပါတော့တယ် ဆရာရဲ့။ ဘာလဲ ဆရာ ဗိုက်ဆာနေပြီလား။ သီတာ ဒေါ်ညိုကို ထမင်းချိုင့် ပြင်ခိုင်းလိုက်ရတော့မလား ´
အလိုက်သိလွန်းလှသော သူနာပြုဆရာမလေး ခင်သီတာသည် သူ၏ ကုသမှုပိုင်းဆိုင်ရာကို အထောက်အကူပြုရုံသာမက ဆရာ ဘာဖြစ်နေသည်ကိုပင် မပြောပဲ သိနိုင်လောက်အောင် အားကိုးရသော သွက်လက်ချက်ခြာလွန်းသူလေးဖြစ်သည်။
သူ ဆရာမလေးကို ကြင်နာစွာပြုံးပြရင်း ခေါင်းကိုအသာအယာ ညိတ်ပြလိုက်သည်။
` အိုကေ ဆရာ။ ဒါဆို အပြင်ကတစ်ယောက်ကို သွင်းပြီးတာနဲ့ သီတာ ထမင်းပွဲပြင်လိုက်တော့မယ်နော်။ ´
ခင်သီတာသည် လှစ်လှစ်ကလေးပြုံးပြလိုက်ရင်း လိုက်ကာစကို ဆွဲဖယ်ကာ ဧည့်ခန်းဘက်သို့ လှမ်း၍ အသံပြုလိုက်သည်။
` အပြင်က တစ်ယောက်ဝင်လို့ရပါပြီ ´
`ကဲ. . .ဆရာမလေးလည်း ဒေါ်ညိုကို ထမင်းပွဲပြင်ခိုင်းလိုက်တော့။ ဆရာ ဒီတစ်ယောက်ပြီးတာနဲ့ လိုက်လာခဲ့မယ် ´
ပြောရင်းဆိုရင်း သူ့လက်ပါတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။ အိုး.....ဆယ့်နှစ်နာရီတောင် ခွဲတော့ မှာပါလား ။ နေ့လည်အစည်းအဝေးရှိတယ်။ တစ်နာရီလား. . . တစ်နာရီခွဲလား ။ သူ ရုတ်တရက် စဉ်းစားမရသဖြင့် စားပွဲပေါ်ရှိ စာရွက်စာတမ်းများထဲမှ အစည်းအဝေးဖိတ်စာကို လှန်လျော ရှာဖွေလိုက်သည်။ အိုကေ. . .တွေ့ပြီ. . .တစ်နာရီခွဲမှပဲ။ သူ စိတ်သက်သာရာရသွားရင်း တစ်ချက်ပြုံးမိသည်။
ရုတ်တရက် နှာခေါင်းတွင်းသို့ ဝင်လာသော စူးရှရှ ညှင်းသိုးသိုးအနံ့ကြောင့် သူ အဝင်အဝ တံခါးသို့ တစ်ချက်ကြည့်မိသည်။သြော်. . . လူနာပဲ။
သူ ရုတ်တရက် အသက်ရှုကို မသိမသာအောင့်မိသည်။ အဲ့ဒီလောက်ကြီး ပေပေတေတေ သူတို့မို့နေနိုင်တယ်။
` ကဲ. . . လာ. . လာ ။ ဝင်လာခဲ့ ။ ထိုင်. . ထိုင် အဲ့ဒီ ခုံမှာထိုင်။ ´
သူသည် သူ၏စားပွဲခုံရှေ့တည့်တည့်ရှိ ကုလားထိုင်ကို မေးဆတ်ပြလိုက်ရင်ရင်း အမျိုးသမီးကို တစ်ချက်ကြည့်မိသည်။ အလို. . . ရင်ခွင်ပိုက်ကလေးနဲ့ပါလား။
အမျိုးသမီးကို ကြည့်ရသည်မှာ နွမ်းဖတ်လွန်းလှသည်။ မူလက ဘာအရောင်ရှိခဲ့သည်ကို မမှန်းနိုင်လောက်အောင်ပင် အဝတ်အစားတို့ကား ဂျေး ( ကြေး ) အထပ်ထပ်။ လျော်ဖွတ်မည့်ပုံလည်း မပေါ်ပါ။ ဘာအလှဆီမှ ထိတွေ့ဖူးခြင်းမရှိသော ဆံကေသာတို့ကား နီကြင်ကြင်။ နေလောင်ထားသော အသားအရည်သည် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းကြောင့် ညစ်ထပ်ထပ်။
` ကဲ. . . ပြောပါဦး ။ ဘာဖြစ်သလဲ ´
သူ ချောင်းတစ်ချက်ဟန့်လိုက်ရင်း စကားစလိုက်သည်။
`သားလေး နေမကောင်းလို့ လာပြတာပါ ဆရာ ´
`ဟုတ်ပြီလေ ။ ဘာဖြစ်တာလဲ ။ အသက်ဘယ်လောက်ရပြီလဲ ´
သူမေးခွန်းနှစ်ခုကို တဆက်တည်းမေးလိုက်သည်။
` သားလေးက ခြောက်လလောက်တော့ ရပါပြီ ဆရာ။ တနေ့ကတော့ ဝမ်းလျောတာက စတာ။ ခု အဖျားပါ ဝင်လာလို့ ´
အမျိုးသမီးသည် ကလေးကို တစ်ချက်ငုံ့ကြည့်ရင်း တိုးတိုးညှင်းညှင်းဆိုရှာသည်။ ဒါပဲ. . .ဒီလိုမိန်းမတွေ ဒီလိုတွေချည်းပဲ။ ကိုယ်မွေးထားတဲ့ ကလေးအသက်ကိုတောင် ကောင်းကောင်းမမှတ်မိဘူး။
`နေပါဦး. . . . နင့်ကလေး နို့ကောင်းကောင်းစို့သေးလား ´
`သိပ်မစို့တော့ဘူး ဆရာ။ ကလေးက မှိန်းပဲနေတယ် ´
သူ ရင်တစ်ချက်ထိတ်သွားသည်။
` ဒါပဲ. . . နင်တို့က ဒါပဲ။ မရှုနိုင် မကယ်နိုင်ဖြစ်မှ ဆေးရုံဆေးခန်းရောက်တော့တယ်။ ´
သူသည်ပြောပြောဆိုဆို ကလေးရှိရာသို့ စားပွဲကို ကွေ့ဝိုက်လျောက်သွားရင်း ကလေးကို ကြည့်လိုက်သည်။
အလို. . . .ကလေးက မှိန်းလှချည်လား။ မျက်တွင်းတွေ ကျလိုက်တာ။ အဖျားတိုင်းရင်း ကလေး၏ အသက်ရှုနှုံးကို ရေတွက်ကြည့်လိုက်သည်။ အဖျားက ဖာရင်ဟိုက်ဒီဂရီ ၁၀၂ ။ အသက်ရှုနှုံးက စိုးရိမ်စရာကောင်းလောက်အောင် မြန်ဆန်နေသည်။
ကလေးကို ပတ်ထားသော အနှီးကိုဖယ်လိုက်ရင်း ကလေး၏ ရင်ညွန့်ရှိရာသို့ ကြည့်လိုက်သည်။ အခြေအနေ မကောင်းပါ။ ကလေးအသက်ရှုလိုက်တိုင်း ရင်ညွန့်နေရာမှ ချိုင့်ဝင်သွားနေသည်။
ဗိုက်ခေါက်ကလေးကို အသာဆွဲကြည့်တော့ ဆိုးရွားစွာ ရေဓာတ်ခမ်းခြောက်နေသော လက္ခဏာကို တွေ့ရသည်။
သူသည် နားကြပ်ကို ခလေး၏ ရင်ဘတ်ပေါ်သို့ အသာအယာထောက်လိုက်သည်။ အိုး..... ချွဲသံတွေက တခွပ်ခွပ်။
အစွမ်းထက်သော နောက်ဆုံးပေါ်ဆေးဝါးများနှင့် ကျွမ်းကျင်သော ဆရာဝန်ကြီးများ၏ မျက်စိအောက်တွင် အထူးကြပ်မတ်ကုသလျင်တောင် အခြေအနေက ၅၀ _ ၅၀ ။
သူ၏ စမ်းသပ်မှု့ကြောင့် ထင်သည်။ ခလေးသည် ရုတ်တရက် ထငိုလေတော့သည်။ သို့သော် အားမပါ။
ကလေးငိုသံကြောင့် အမျိုးသမီးသည် ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
` အို. . . သားလေးရယ် ။ တိတ်. . တိတ်။ တိတ်ပါကွယ်။ ´
ပြောပြောဆိုဆို အမျိုးသမီးသည် ကလေးကို နို့တိုက်ရန်ပြင်တော့သည်။ နို့တိုက်ဟန်ပြင်နေသော အမျိုးသမီး၏ ရင်သားကိုကြည့်ရင်း သူစုတ်တစ်ချက် သပ်လိုက်သည်။ ဆပ်ပြာသုံးလေ့သုံးထမရှိသော ရင်သားသည် ညစ်ထေးလွန်းလိုက်တာ။ သွားပြီပေါ့. . .ဒီကလေး။
အမျိုးသမီးသည် ကလေးငယ်ကို နို့တိုက်ရန် အစွမ်းကုန်ကြိုးစားသော်လည်း နို့ကားထွက်မလာ။ ထို့နောက် အမျိုးသမီးသည်လက်လျော့လိုက်ဟန်ဖြင့် ရင်သားကို ပြန်ဖုံးရင်း ပါလာသောအိတ်အတွင်းမှ တစ်စုံတစ်ရာကို အသည်းအသန် ရှာနေလေသည်။
သူ ကြည့်လိုက်တော့ ဝါကျင်ကျင့်ရေသန့်ဗူးဟောင်းတစ်ခု။ အမျိုးသမီးသည် ရေသန့်ဗူးအဖုံးကိုဖွင့်လိုက်ရင်း ညစ်ထပ်ထပ် ရေခွက်အတွင်းသို့ ရေဗူးမှရေကို အနည်းငယ်ပြောင်းထည့်လိုက်သည်။ သူကြည့်နေစဉ်မှာပင် အမျိုးသမီးသည် ကလေးငယ်ကို ရေတိုက်ဖို့ပြင်တော့သည်။
`ရပ်လိုက်စမ်း ´
ဒေါသကြောင့် သူ့အသံသည် အနည်းငယ် ဟိန်းထွက်သွားသည်။ အမျိုးသမီးကား သူ့ကိုကြောင်ကြည့်နေဆဲ။
` နင်တို့တွေ တော်တော်စောက်သုံးမကျပါလား။ တွေ့ကရာ လင်ကိုယူတယ်။ မကျွေးနိုင်ပဲနဲ့ ကလေးတွေကို မွေးချင်တိုင်းမွေးတယ်။ နင်တို့ စောက်သုံးမကျသမျှကို ကလေးက ခံရတယ်။ နင်တို့ စောက်သုံးကြတာ ဘာရှိလဲ ´
အမျိုးသမီးသည် ရုတ်တရက် မျက်ရည်ဝဲလျက် ခေါင်းငုံ့သွားတော့သည်။ သူလည်း ပြောပြီးမှ တော်တော်စိတ်မကောင်း။ မတတ်နိုင်တော့. . . ကလေးအတွက်ပဲလို့ ဖြေတွေးလိုက်သည်။
` နင့်ကလေးက ဆေးရုံတင်မှကို ရတော့မယ်။ ရန်ကုန်ကလေးဆေးရုံကြီး သိလား။ ´
`မသိဘူး ဆရာ။ ´
` ဟယ်လ်ပင် မှတ်တိုင်ကိုရောသိလား။ အဲ့ဒီရောက်ရင် မေးမြန်းသွားလို့ရတယ်လေ။ ´
အမျိုးသမီးသည် မျက်လွှာကို အသာချလိုက်ရင်း
` ကျမ မသွားတတ်ဘူး ဆရာ ´
သေပြီပေါ့ကွာ ။ သူသည် စိတ်ပျက်စွာ ခေါင်းတစ်ချက်ရမ်းလိုက်ရင်း
` အဲ့ဒါဆို အင်းစိန်ဆေးရုံကိုတော့ သိတယ်မဟုတ်လား ´
` အင်းစိန်ကိုတော့ သွားတတ်ပါတယ်။ ဒါပေမယ့် ဆေးရုံတော့ တစ်ခါမှ မရောက်ဖူးဘူး ´
`အေး. . . . အင်းစိန်ပန်းခြံရောက်ရင် ဆေးရုံဘယ်နားလည်း မေးလိုက်။ အဲ့ဒါဆို ရပြီ ´
အမျိုးသမီးက သူ့စကားဆုံးသည်နှင့် ပြန်ရန်ပြင်လိုက်သည်။
` နေအုံး ´
သူ ခပ်မာမာပဲ တားလိုက်သည်။
သူ မယုံပါ ။ လူနာတော်တော်များများသည် ဆေးရုံသွားရမှာကို သေမလောက်ကြောက်သည်။ ဒီဆေးခန်းက ဆေးရုံကိုလွှဲလိုက်လျင် တခြားဆေးခန်းတစ်ခုကို ပြောင်းပြတတ်ကြသည်။ ဒီလိုနှင့် ဆေးရုံကို နောက်ကျမှရောက်တတ်တာမျိုး သူ့ဘဝမှာ ကြုံဖူးတာ ဒုနဲ့ဒေး ။ အကယ်၍ မသွားဖြစ်သည်ရှိသော် ကလေးအတွက် မျှော်လင့်နိုင်စရာ ကုသမူ့တစ်ခုခုတော့ ပေးထားမှရမည်။
သူသည် လိုအပ်သော ပဋိဇီဝဆေးများ ၊ အပူကျဆေးများ ၊ ဓာတ်ဆားထုပ်များကို လုံလောက်စွာ ပြင်ဆင်ပေးလိုက်သည်။ ကံကိုသာ အားကိုးစရာရှိတော့သည်။
` ကဲ. . . .ဒီဆေးတွေပေးလိုက်ရုံနဲ့တော့ နင့်ကလေး မကောင်းနိုင်ဘူး။ ဆေးရုံကို တင်ဖြစ်အောင် တင်ပါ။ ဘာမှ မကြောက်နဲ့။ နင့်ကို ဘယ်သူမှ လက်ပိုက်ကြည့်မနေဘူး ´
သူ ဒီစကားကိုတော့ လှိုက်လှိုက်လှဲလှဲ ယုံကြည်စွာဖြင့် ပြောလိုက်သည်။
` ကျေးဇူးပါ ဆရာ။ ဆေးဖိုးလေး ဘယ်လောက် . . . .´
အမျိုးသမီးသည် ပြောလက်စ စကားကိုရပ်ရင်း သူ့အဖြေကို စောင့်နေသည်။ အင်း. . ပုံမှန်ဆိုရင်တော့ အသက်အရွယ်ကြီးရင့်ပြီး အိုမင်းမစွမ်းရှိသူများကို သူ အခကြေးငွေ ယူလေ့မရှိပါ။ ဒီကလေးကိုလည်း ယူဖို့တော့ မသင့်ပေမယ့် တချို့က အလကားပဲတင်းဆိုလျင် ပေါ့ပျက်ပျက် သဘောထားလေ့ရှိသည်။
` ကဲ . . ကဲ။ နင်လည်း ဆေးရုံသွားရဦးမှာ ။ တစ်ထောင်ပဲပေးခဲ့ ´
သူ၏ ဆေးဖိုးမပါ အတိုင်ပင်ခံ ဥာဏ်ပူဇော်ခပင် သုံးထောင်ရှိသည်။
အမျိုးသမီးသည် သူမ၏ စုံစီနဖာထည့်ထားသော အိတ်အတွင်းလှန်လျောရှာဖွေရင်း ငွေစက္ကူကို ရှာဖွေနေဟန်ရှိသည်။ ခဏနေတော့ သူ့ရှေ့သို့ ဟောင်းနွမ်းညစ်ထွေးနေသော ငွေစက္ကူတစ်ထပ်ရောက်လာသည်။ ပိုက်ဆံအထပ်လိုက်တွင် တန်ဖိုးအကြီးဆုံးဆိုလို့ တစ်ရာတန်ခပ်နွမ်းနွမ်း တစ်ချပ်သာပါသည်။
သူ ငြင်သာစွာ ပြုံးလျက်ခေါင်းခါပြလိုက်ရင်း
` နင့်ပိုက်ဆံတွေ နင်သာပြန်ယူသွားပါဟာ။ နင်လည်း အဟာရပြည့်အောင်စား ၊ ကလေးအတွက် လိုအပ်တာလည်း ဝယ်လိုက် ´
`ကျေးဇူးပါ ဆရာ ´
ကျေးဇူးတင်စကားကို နှစ်ကြိမ်မြောက်ပြောရင်း အမျိုးသမီးသည် ပြန်ရန်ပြင်တော့သည်။
ထုံးစံအတိုင်း သူမ၏ စုံစီနဖာထည့်ထားသော အိတ်ထဲမှ ပုဆိုးခေါက်ကို ထုတ်လိုက်ရင်း ပုဆိုးကိုလည်ပင်းမှ သိုင်းလိုက်သည်။ ထို့နောက် ကလေးကို သိုင်းထားသောပုဆိုးကွင်းအတွင်းသို့ ကျွမ်းကျင်စွာ ထည့်လိုက်ရင်း တလက်စတည်း နောက်ထပ်ပုဆိုးစုတ်တစ်ခုကို ခေါင်းပေါင်းသဖွယ် ပေါင်းလိုက်ကာ တံခါးပေါက်ဆီသို့ ခြေလှမ်းလှမ်းလိုက်တော့သည်။
နေပါဦး. . . ဒီလို ကလေးကို စလွယ်သိုင်းပြီး ပုဆိုးစုတ်ကို ခေါင်းမှာပေါင်းထားတဲ့ အမျိုးသမီးမျိုး ဘယ်မှာမြင်ဖူးပါလိမ့်။
ခြစ်ခြစ်တောက် ပူလောင်နေသော နေရောင်
အလျံတညီးညီးနှင့် တံလျပ်ထနေသော ကတ္တရာလမ်းမ
မီးပိုင့် အနီ . . . .
နွမ်းဖတ်နေသော ငွေစက္ကူ အဟောင်းလေးများ. . . .
အို . . . ဒါ . . . ဒါဆို
`မသွားနဲ့ဦး ´
သူ၏ အလန့်တကြားတားလိုက်သံကြောင့် အမျိုးသမီးသည် သူ့ကို နားမလည်နိုင်စွာ တစ်ချက်လှည့်ကြည့်သည်။
သူ စကားတစ်ခွန်းကို ညင်သာစွာ မေးလိုက်သည်။
` သမီး. . . ဘာ အလုပ် လုပ်လဲ ´
အမျိုးသမီးသည် သူ့ကို နားမလည်နိုင်စွာ တစ်ချက်ကြည့်ရင်း ခေါင်းငုံ့သွားတော့သည်။ ဘာမှတော့ ပြန်မဖြေ။
` မနက်က မီးပွိုင့်မှာ. . . . ´
သူစကားကို ရှေ့မဆက်ပဲ ဒီအတိုင်းထားလိုက်သည်။
` ဟုတ်ပါတယ် ။ ကျွန်မတောင်းစားပါတယ်။ သားလေးအတွက်ဆိုရင် ကျွန်မ ဘာမဆိုလုပ်ပါတယ် ´
တိုးညှင်းသော်လည်း ပြတ်သားလွန်းသော ၊
နူးညံ့သော်လည်း ခွန်အားအပြည့်ပါသော ဒီစကားများကို ပြောနေစဉ် သူမသည် တစ်ချက်မှ တွေဝေယိမ်းယိုင်သွားခြင်း မရှိပါ။ မျက်ဝန်းတို့သည် အပိုအလိုမရှိသော မိခင်တစ်ယောက်၏ မာနဖြင့် စူးရှစွာ တောက်ပလွန်းလှသည်။
ဒီတခါ ကုလားထိုင်ပေါ်သို့ အရုပ်ကြိုးပြတ် ပြုတ်ကျသွားသူမှာ သူကိုယ်တိုင်ပင်ဖြစ်သည်။
အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို တတ်မြောက်ထားသော်လည်း မိဘအရိပ်မှ ယနေ့အချိန်အထိ မလွတ်ကင်းနိုင်သေးသော ၊
ဗမာပြေလူ့အဖွဲ့အစည်းအတွင်း အမြဲတမ်း ဦးစားပေးခံရသော ၊ ဦးစားပေးခံရမှ ကြိုက်ကြသော
မိမိကိုယ်ကို လွန်ကဲစွာ အထင်ကြီးလွန်းပြီး နိမ့်ကျသူများကို ပိုမိုကြင်နာရမည့်အစား စိတ်အခန့်မသင့်လျင် မောက်မာစွာဆက်ဆံတတ်သော
သူလိုလူအဖို့မှာကား ထိုအမျိုးသမီး၏ အဖြေသည် အရိုက်တည့်တည့်သို့ လာမှန်သော ထိုးနှက်ချက်တစ်ခုသာ ဖြစ်တော့သည်။
ပညာဆိုတာ တန်ဖိုးထားရကောင်းမှန်းသိတဲ့ အသိုင်းအဝိုင်းမှာ မွေးဖွားကြီးပြင်းလာလို့သာ ပညာတတ်တစ်ယောက် ဖြစ်လာခြင်းဖြစ်သည်။ တကယ်တော့ ဒါသည် ဘာမှထူးခြားဆန်းကြယ်သော ကိစ္စမဟုတ်သလို မာန်မာနထားစရာ အကြောင်းလည်းမရှိပါ။
သူတပါးအသက်ကို ငါတို့က ကယ်နေရတာဟု ဂုဏ်ယူစွာ ဝင့်ကြွားတတ်သော သူ့အဖို့ အိမ်ခြေမဲ့ အမျိုးသမီးတစ်ယောက်ကို အကာအကွယ်ပေးဖို့ သက်ညှာစွာ စဉ်းစားခဲ့ဖူးပါသလား။
အိမ်ခြေမဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေတာနဲ့တင် သူမ၏ သွေးသားဆန္ဒလိုအပ်ချက်ကို လိုက်လံအပြစ်ပြော တားဆီးတာကရော တရားနည်းလမ်းကျပါရဲ့လား။
သို့သော်. . . သူမသည် မိခင်တစ်ယောက်ဖြစ်ပါသည်။
ဒီတခါ ရှက်ရွှံသိမ်ငယ်စွာ ကြည့်မိသူမှာ သူကိုယ်သူပင်ဖြစ်သည်။
လသားအရွယ် ရင်သွေးငယ်လေး
နားလည်နိုင်သည်ဖြစ်စေ နားမလည်နိုင်သည်ဖြစ်စေ
ခံစားတတ်သည်ဖြစ်စေ ခံစားတတ်ဖို့စောလွန်းသည်ဖြစ်စေ
သူမသည် သူမ၏ ပေးနိုင်သမျှသော စွမ်းအင်အားလုံးကို ရင်သွေးအပေါ် ပုံအောခဲ့လေပြီ။
ဖြူ စင်သော မေတ္တာသက်သက်အပေါ် အခြေခံ၍ ဖြစ်ပေါ်လာသော မိခင့်မာနဖြင့် သူမသည် တောက်ပလင်းလက်စွာ လှပနေလေတော့သည်။
တေဇာမောင်မောင်
Post a Comment