အမှတ်စဉ်(၆) ရင်ခွင်သစ်(ppn)

           ====   မမေ့ရက်နိုင်ပါဘူး ====

     အမှတ်​စဉ်​  ( ၆ )                                                                      ရေးသူ **  ရင် ခွင် သစ် (PPN)

  အခါလွန် မုတ်သုန်မိုးတို့လည်း အားအင်ကုန်ခမ်း
နွမ်းနယ်လေခဲ့ပြီ။  မိုးရာသီကာလလွန်မြောက်ခဲ့ပြီဖြစ်၍
မြင်မြင်သမျှ အရာခပ်သိမ်းတို့သည်လည်း ဟိုအရင်ကလို
စိုထိုင်းထိုင်းနှင့် မရှိတော့ ။ ဆောင်းမရောက်သေးပေမယ့်
ဆောင်းရဲ့ အငွေ့အသက် ဆောင်းရနံ့လေးတွေကို
ထိတွေ့ခံစားမိသယောင်။ နှစ်ဝက်စာမေးပွဲတွေကို
အားသွန်ခွန်စိုက် ဖြေဆိုပြီးလို့ နွမ်းနယ်သယောင်
ဖြစ်နေတဲ့ ကျွန်တော်တို့ကို ကျောင်းပိတ်ရက်တွေနဲ့အတူ
ပျော်ရွှင်စရာ  ရိုးရာပွဲကြီးတစ်ခုက ကျွန်တော်တို့တွေကို
အားအင်အပြည့်နဲ့ ပျော်ရွှင်စေဖို့ အသင့်ကြိုဆို စောင့်ဆိုင်း
နေလေပြီ။
ထိုအရာကတော့… … … …
             သီတင်းဝါလကျွတ် မီးထွန်းပူဇော်ပွဲကြီး
            
      ===========================

`` မင်း ဒီသီတင်းကျွတ် အတွက် မုန့်ဖိုး ဘယ်လောက်
     စုမိပြီလဲ´´

နောက်ကျောမှ နေ၍ အသံခပ်သြသြနှင့် မေးသံကြား၍
ဆတ်ကနဲ့ ခေါင်းငဲ့ကြည့်မိသည်။
ကျွန်တော်တို့ သူငယ်ချင်း အုပ်စုထဲမှာ အသက်အရွယ်
အကြီးဆုံးဖြစ်သည့်  ကိုကြီးလှ ။
ကိုကြီးလှ သည် ကျွန်တော်တို့ အုပ်စု၏ အဖွဲ့ခေါင်းဆောင်ဟု
ဆိုနိုင်သည်။ အသက်ရွယ်က ကျွန်တော်နှင့် ငါးနှစ်ခန့် ကွာသလို
စဉ်းစားတွေးတောမှု အပိုင်းတွင်လည်း ကျွန်တော်တို့ထက်
ခေါင်းတစ်လုံး အရှေ့ ပြေးသူ။ ကျွန်တော့်တွင် သူငယ်ချင်း
များများစားစား မရှိလှ။  လင်းထိုက်၊ ကိုကြီးလှ၊ ဖိုးသော့၊
ချစ်စရာ၊ ဇော်ထွန်း  စသည့် ငယ်ပေါင်းကြီးဖော် သူငယ်ချင်း
များသာ ရှိသည်။ ကောင်းတူ ဆိုးဘက်တွေလေ။

တစ်ချို့က ကျောင်းတစ်ဝက်တစ်ပျက်နှင့်  အိမ်မိသားစု
စီးပွားရေး မပြေလည်သူတွေမို့ အပြင်အလုပ် လုပ်ကိုင်ရင်း
မိသားစုအတွက် တစ်ထောင့်တစ်နေရာကနေ ဘဝကို
ရုန်းကန်နေရသူတွေ။ ကျွန်တော်ကလည်း ကျောင်းတစ်ဖက်နှင့်
ကျောင်းပိတ်ရက်ကလေးတွေမှာ အပြင်အလုပ်ကလေးတွေ
လိုက်လုပ်ရင်း ကျောင်းအတွက် လိုအပ်သော ဗာဟီရတွေ
အတွက် တတ်နိုင်သလောက် ဖြေရှင်းနေရသူ။
ဒါပေမယ့် ကျွန်တော်တို့တွေအားလုံး သီတင်းကျွတ်လပြည့်ညမှာ
သူငယ်ချင်းတစ်သိုက် ဘုရားသွား ၊ မီးထွန်းပွဲတော် ပွဲဈေးတန်းတွေ
သွား၊ စားချင်တာလေးတွေစား၊ လိုချင်တာလေးတွေ ဝယ်ဖို့
အတွက် သူငယ်ချင်းတစ်သိုက် ငွေကြိုစုထားတဲ့ အကျင့်ရှိသည်။
အားလုံးစုဆောင်းထားတဲ့ ငွေတိုငွေစလေးတွေကို ကိုကြီးလှက
အားလုံး တစ်ပေါင်းတည်းဖြစ်အောင် ပုံသည်။
လှူသင့်တာလှူ  ၊  စားသင့်တာ စား၊ အဲ့လို သူက
စီမံကွပ်ကဲတာလေ။ သီတင်းကျွတ်ကာလရောက်ပြီဆိုရင်
ကျွန်တော်တို့အားလုံး  အထူးပျော်ရွှင်ရတဲ့ အချိန်တွေပေါ့။

``ရှိတယ် ကိုကြီးလှ … … အားလုံးထက်တော့
     မျက်နှာ မငယ်စေရပါဘူး´´

`` အေးပါ   အဲ့ညကျရင် ငါတို့ ဖျာပုံသာစည်ကမ်းနားမှာ
      မီးမျှောပွဲကို  အရင်ဆုံးသွားကြည့်ကြမယ်ကွာ
     ပြီးမှ ဘုရားတွေ ဝင်မယ်၊ ပွဲဈေးတန်းကို နောက်ဆုံးမှ
    သွားကြတာပေါ့´´

``  ဟုတ်´´

      ============================
** သီတင်းကျွတ်ပြီ
   မိုးလေကင်းလွတ်တော့မည်
  မီးစာကို ရေနံဆွတ်ထားပါ
  မီးပုံးပျံလွှတ်ကြရအောင်
  မှိုင်း ဝ မှ လွှတ်ပါ   **
 
အိမ်ဘေး တစ်အိမ်ကျော်က ကျောင်းသားပေါက်စန
အငယ်ကောင်က မပီကလာ ပီကလာဖြင့် သူတတ်သိထား
သင်ကြားထားတဲ့ မြန်မာဖတ်စာလေးကို အလွတ်အော်ဟစ်ရင်း
ဖယောင်းတိုင်အတိုလေးတွေကို လိုက်ကောက်နေသည်။
မီးပုံပျံလွှတ်မယ်သာ ပြောနေတာ ။ သူဆော့မှာက ဖယောင်းခဲ
အတိုအစလေးတွေနဲ့ ကလေးတစ်သိုက် ငရဲမီးဆော့ဖို့လေ။
တော်တော်ရီရတဲ့ကောင်။
ဒီည သီတင်းကျွတ်ည။
တစ်လမ်းလုံးလည်း မီးတွေထိန်ထိန်နှင့် ဆီမီးဖယောင်းတိုင်
အလင်းရောင်လေးတွေက ထိန်ထိန်ပြည့်ပြည့်ကြီးလင်းချင်း
နေတဲ့ ငွေလရောင်ကြီးနဲ့ အပြိုင်။

ကျွန်တော်တို့ မြီးကောက်ပေါက်အုပ်စုလည်း ညနေကတည်းက
ရေမိုးချိုး၊ ဦးခေါင်းဆီမွှေးထည့်ပြီး အပြင်ကို လမ်းသလားဖို့
တာစူ လူစုနေပြီလေ။
လူစုံလို့ ထွက်မယ်  လုပ်ကြတုန်း… … … …
အိမ်ရှေ့ မျက်စောင်းထိုးအိမ်မှ … …

`` ဟေ့ ဟေ့ လာကြပါဦးဟ အမြန်လာကြပါဟ

ဒီမှာ ဦးလေးစန်း  ပိုးထိလို့ဟေ့  အမြန်လာကြပါဟ´´

ရုတ်တရက် ကျွန်တော်တို့ အုပ်စု ကြောင်တက်တက်
ဖြစ်သွားပြီးနောက်  ဦးလေးစန်းအိမ်ဘက်ဆီ အုပ်စုလိုက်
ပြေးလွှားသွားမိသည်။
တစ်ခြားအိမ်မှ လူများလည်း  ဓါတ်မီးများ၊ တုတ်များကိုင်ကာ
အလျှိုလျှို ထွက်လာကြသည်။ ဓါတ်မီးရောင်အောက်တွင်
ဦးလေးစန်းမှာ မောဟိုက် ပျော့ခွေနေသည်။ အိမ်နီးချင်း
ဦးမြင့်အောင်က ပွေ့ထားသည်။ ကိုက်သည့်မြွေကို ရှာဖွေ
ကြသည်။ မြွေက အမျိုးအစားမခွဲတတ်။ အရောင်တွေစပ်
နေသည်။ မြွေဆိုး အဆပ်ပြင်းပြင်းထဲကတော့ မဖြစ်နိုင်။
ဒါပေမယ့် အဆိပ်တော့ ရှိမည်။ ဦးလေးစန်းနုတ်ခမ်းတွေပင်
ပြာနေပြီ။ သတိတော့မလစ်သေး။

ဦးလေးစန်း ဆိုတာက ကျွန်တော်တို့လမ်းထဲမှာ နေတဲ့
မုဆိုးဖိုကြီးပါ။ သားထောက်သမီးခံလည်း မရှိ။ နှီးဖြာ၊ ဝါးယက်နဲ့
ဖြစ်သလိုလေးနေစားပြီး အေးအေးနေတတ်သူ။ ကျွန်တော်တို့ကို
အမြဲပဲ့ပြင်ဆုံးမနေတဲ့  လူကြီးပေါ့။ သူ့ဆီကနေ ကျွန်တော်
ဘဝ အတွေ့အကြုံ  အသိတရားတွေ အများကြီး ရတာပါ။
သင်ဆရာ မြင်ဆရာကြီးတစ်ယောက်ဆို မမှားဘူး။
ခုတော့ ဆရာကြီးခမျာ လပြည့်ညမှာ မမြင်မစမ်းနဲ့
အိမ်နောက်ဖေး တပို့တပါးသွားရင်း မြွေဆိပ်သင့်ရရှာပြီ။

ထိုစဉ်    …  ကိုကြီးလှ    က …
``အောင်ကြီး  မင်းက အခြေခံရှေးဦးသူနာပြုသင်တန်းတွေ
    တက်ဖူးတာပဲ … ဦးလေးစန်းကို နည်းနည်းကြည့်ပါဦး´´

ကျွန်တော်လည်း နီးစပ်ရာ ဝါးခြမ်းပြားတွေနဲ့ ဦးလေးစန်း၏
ပေါင်ရင်းနှင့် ခြေသလုံးကို ပူးတွဲချည်နှောင်သည်။
ဒဏ်ရာကို ရေနှင့်စင်ကြယ်အောင် ဆေးကြောသည်။
ဆေးရုံကို အမြန်ပို့ဖို့ လိုအပ်လာပြီ။
ဆိုက္ကားနင်းသည့် ကိုကြီးလှ က သူ့အိမ်မှ ဆိုက္ကားတစ်စီးကို
ပြေးထုတ်ရှာသည်။ ဦးလေးစန်းကို ပွေ့မသူ မ။
လိုအပ်တာတွေ ပြေးယူသူက ယူနှင့် ကျွန်တော်တို့တစ်တွေ
အလုပ်တွေ ရှုပ်ရှက်ခတ်ကုန်သည်။ဦးလေးစန်းကို
ကျွန်တော်တို့တစ်တွေ ဆေးရုံသို့ လိုက်ပို့ကြသည်။

             =============================

တာဝန်ကျဆရာဝန်ထွက်လာသည်နှင့် ကျွန်တော်တို့အားလုံးရဲ့
မျက်လုံးတွေ ဆရာဝန်ထံ အားလုံး စုပြုံရောက်ရှိကုန်သည်။

`` သိပ်တော့ မစိုးရိမ်ရတော့ပါဘူး ။ ဒဏ်ရာကို ခွဲစိတ်
    အဆိပ်ထုတ်ပစ်လိုက်ပါပြီ ၊ အဆိပ်မပျံ့ခင် မင်းတို့
    အချိန်မီရောက်လာတာ လူနာအတွက် တော်တော်
    ကံကောင်းတယ် ဆိုရမှာပဲ´´

ကျွန်တော်တို့ အားလုံးရဲ့ သက်ပြင်းတွေကိုယ်စီ
ချမိသည်။တော်သေးပါရဲ့။
`` လူနာအတွက် လိုအပ်တဲ့ဆေးပစ္စည်း နည်းနည်းဝယ်ရမယ်
    ခဏနေရင် သူနာပြုဆရာမလေးဆီက ဆေးစာရွက်ကို
    လာယူပါ´´

ဆရာဝန်၏ စကားအဆုံးမှာ ကျွန်တော်တို့အားလုံး
တစ်ယောက်မျက်နှာတစ်ယောက် ပြိုင်တူကြည့်မိကြသည်။
အားလုံးအတွေးတွေ မျက်လုံးထဲက အမေးတွေက
ငါတို့ ဘယ်လိုလုပ်ကြမလဲ  ဆိုတဲ့ မေးခွန်းတစ်မျိုးကလွဲပြီး
တစ်ခြား ရှိမည် မထင်ပါ။
ခဏ ငြိမ်သက်သွားကြပြီးမှ

ကိုကြီးလှ  က… ကျွန်တော့် ပုခုံးပေါ်လက်အသာယာ
တင်ရင်း… … … …

`` အောင်ကြီး ငါတို့အားလုံး  သီတင်းကျွတ်သုံးဖို့ စုပေါင်း
    ထားတဲ့  ငွေလေးတွေကို… …´´

တစ်ပိုင်းတစ်စနဲ့ ကိုကြီးလှ စကားရပ်သွားသည်။
အားနာနေပုံရသည်။  ကျန်သူငယ်ချင်းတွေလည်း
ကျွန်တော့် ဆီက ဘာစကားသံထွက်လာမလဲ ဆိုတာ
မျှော်လင့်နေပုံရသည်။

`` မထူးတော့ဘူး  ကိုကြီးလှ   … ကျွန်တော်တို့ရဲ့ ဘုံပိုင်
  ငွေကြေးကလေးကို  ဦးလေးစန်း အတွက်ပဲ သုံးလိုက်ရအောင်´´

ကိုကြီးလှ နုတ်ခမ်းမှ အပြုံးတစ်ပွင့် လင်းလက်သွားသည်။

`` ငါ  မင်းကို အားနာလို့´´

`` ဟာ ဘာအားနာစရာ ရှိသလဲဗျာ…  ဒီလပြည့်ညမှာ
    ကျွန်တော်တို့တွေ ကိုယ့်မိဘ ကိုယ်စီ ကန်တော့ကုသိုလ်
    ယူခဲ့ပြီးပြီပဲ၊ အခု ကျွန်တော်တို့ အပျော်သုံးမယ် ဒီငွေကြေး
   ကလေးကို ကိုယ့်ဆရာသမားလိုဖြစ်နေတဲ့ ဦးလေးစန်းအတွက်
    အသက်တစ်ချောင်းကို ကယ်ဆယ်ရင်း ထပ်ဆင့် ကုသိုလ်
    ယူကြတာပေါ့ ၊ မဟုတ်ဘူးလား သူငယ်ချင်းတို့ ´´

ကျွန်တော့် စကားအဆုံးမှာ ကျန်သူငယ်ချင်းအားလုံး
အပြုံးလေးတွေ ကိုယ်စီဖြင့် ထောက်ခံကြသည်။

ရက်မြတ်ချိန်ခါ သီတင်းကျွတ်အခါသမယ ခုလို
ပြည့်ပြည့်ဝဝကြီး ထိန်လင်းနေသော လမင်းကြီးနှင့်
အပြိုင် ကျွန်တော်တို့လည်း အပြုံးပန်းတွေ လှိုင်ခဲ့ပြီ။ ။

     ===========================

ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်သည် ဆင်းရဲချို့တဲ့သော
မိသားစုတွေက ပေါက်ဖွားလာကြသူတွေချည်းပါပဲ။
ဒါပေမယ့် ကျွန်တော်တို့ အားလုံးသည်  အတွေးအခေါ်နှင့်
အကျင့်စာရိတ္တ ချို့တဲ့ကြသူများ မဟုတ်ကြပါ။
သီတင်းကျွတ်လပြည့်နေ့ ရောက်တိုင်း  ဦးစွာ မိဘများကို
ကန်တော့ကြသည်။ ဆွေမျိုးသားချင်းများကို ကန်တော့ပြီး
ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် နှစ်စဉ်
သီတင်းကျွတ်လပြည့်ညကို ပျော်ရွှင်စွာ ဖြတ်သန်း ကုန်လွန်
ခဲ့ကြသည်။ ထိုနေ့ရောက်တိုင်း  တစ်ခါသော
သီတင်းကျွတ် လပြည့်ညက  သူငယ်ချင်းအားလုံး
ပြုမူဆောင်ရွက်ခဲ့ဖူးသော  ပရဟိတ ကုသိုလ် လုပ်ရပ်လေး
အပေါ်  နောက်ကြောင်းပြန်ပြောရင်း ကျေနပ်ပီတိဲဖြစ်ခဲ့ရသည်။
ထိုနေ့ရက်ကလေးသည် ကျွန်တော်တို့အားလုံးအတွက်
ကြည်နူးပီတိဖြစ်စွာ မမေ့ပျောက်နိုင်အောင် သတိတရ
ဖြစ်ခဲ့ရသည်။ အမှတ်တရ ပေါင်းများစွာထဲက မမေ့နိုင်ပါဘူးဟု
ဆိုရလျှင်  ထိုနေ့ ထိုရက်ကလေးလည်း တစ်ခုအပါအဝင်သာ
ဖြစ်ခဲ့ပါသည်ဟု  ညွှန်းဆိုပြရင်း… … … …
                        
                          လေးစားစွာဖြင့်…
             
                                                                        ရင်  ခွင်  သစ်  (  PPN )
ADMINရာဟုသား

Post a Comment