အမေပြုံးခွင့်ရှိသေးလား

((( အမေပြုံးခွင့်ရှိသေးလား )))
------------------------------------[ ဝတ္ထုတို ]

( နိဒါန်း )

"သီတင်းသုံးဖော်ညီနောင်များနှင့် တိုက်အုပ်နာယက စာချဆရာတော်တို့ဘုရား! တပည့်တော်ကြောင့် စိတ်မချမ်းမြေ့မှုများရှိခဲ့ပါလျင် ခွင့်လွှတ်ကြပါရန် အနူးအညွတ် တောင်းပန်လျှောက်ထားခဲ့ပါသည်ဘုရား၊ တပည့်တော်အနေဖြင့်---------------"

ဒေါ်ချိုဝင်းတစ်ယောက် လက်ထဲကစာကို နှုတ်မှတီးတိုးဖတ်ရှုရင်း နှုတ်ခမ်းများက တဆတ်ဆတ် တုန်လျက်ရှိ၏။ မှုန်ဝါးလာသော မျက်ဝန်းအိမ်ကို ဖိပိတ်လိုက်တော့ မျက်ရည်ဥက စာရွက်ပေါ်သို့ ပေါက်ခနဲ ပြုတ်ကျလာသည်။

" သြော်---သားတော်ရယ်-----"

နှုတ်ခမ်းကို ဖိကိုက်ရင်း တလှပ်လှပ်ဖြစ်နေသော ရင်အစုံကို လက်တစ်ဖက်ဖြင့်ဖိကာ စာအုပ်များ၊ သင်္ကန်းများ သပ်ရပ်စွာ စီတင်ထားသော သေတ္တာဘေးတွင် ဒူးထောက်ထိုင်ချလိုက်မိလျက်သားဖြစ်တော့သည်။

"မိချို! စိတ်ကိုတင်းမထားနဲ့ ငိုချလိုက် ငိုချလိုက် "

ဘေးက ရပ်ကြည့်နေသော ဦးဝင်းမောင်က သူ့ညီမ ဒေါ်ချိုဝင်း၏ပုခုံးကိုပုတ်ကာ သတိပေးလိုက်ရင်း သေတ္တာဘေးတွင် ထိုင်လိုက်တော့ သေတ္တာ၏ ဘေးဘက်တွင် ရေးထားသည့် ဘွဲ့အမည်နာမတစ်ခုနှင့် စာလုံးအချို့ကို မြင်ရသည်။

"အရှင်ဝရဝံသာလင်္ကာရ၏သေတ္တာ"

/ ရွာဘုရားပွဲ ပြန်ချင်တယ်ဗျို့/

*** ဒီနှစ်စာမေးပွဲအောင်ရမည် ***

\/ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ\/

ဦးဝင်းမောင်တစ်ယောက် သေတ္တာဘေးက စာများကို စိတ်ထဲကနေလှမ်းဖတ်ရင်း ဒေါ်ချိုဝင်း မကြားအောင် သက်ပြင်းတိုးတိုးကို ခိုးကြောင်ခိုးဝှက် ချလိုက်မိတော့သည်။

နံဘေးတွင်တော့ မျက်နှာမကောင်းစွာဖြင့် ကိုယ့်သေတ္တာ ကိုယ်မှီ၍ ထိုင်နေကြသော စာသင်သား သုံး - လေးပါး။ ဒေါ်ချိုဝင်းထိုင်လျက် ခွေကျသွားတော့ ဦးဇင်းလေးများ အနည်းငယ် လှုပ်ခတ်သွားသည်။

ခဏကြာမှ ဦးဇင်းလေးတစ်ပါးက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဒေါ်ချိုဝင်းနှင့် ဦးဝင်းမောင်တို့ မောင်နှမထိုင်နေရာသို့ ထလာသည်။ ဦးဇင်းလေးလက်ထဲမှာတော့ စာနှစ်စောင်။

----------------------***-------------------------

( ၁ )

" ငါတို့ကိုရင်က တစ်မြို့နယ်လုံးမှာ 'ပထမငယ်တန်းပထမ' ရတာတဲ့ဟေ့ "

" မချို နင့်သားက ပထမလတ်တန်းမှာ 'တစ်တိုင်းလုံးဒုတိယ' ဆို၊ ကိုရင်ဝရဝံသက တော်လိုက်တာဟယ်-----"

" အင်း---မချိုသားနဲ့ ကိုမျိုးထွေးသားက ငါတို့ရွာရဲ့ မျှော်လင့်ချက်ပဲဟေ့---သူတို့နှစ်ပါးက မြို့နယ်တွေ တိုင်းတွေမှာ ပထမဆုကို တစ်လှည့်စီ ယူနေကြတာဆိုတော့ ကျန်တဲ့စာသင်သားမိဘတွေ အမြင်ကပ်နေကြရော့မယ်ဟ "

ဒါတွေက ဒေါ်ချိုဝင်း ဂုဏ်ယူမဆုံးရှိခဲ့ရသည့် စကားသံမျာ။ ဒေါ်ချိုဝင်းတစ်ယောက် ကြည်နူးစွာ ကျေနပ်ဝမ်းမြောက်ခဲ့ရသည့် နေ့များ၊ လများ၊ နှစ်များ။

ကိုရင့်အဖေ ပိုးထိပြီး ဆုံးပါးသွားကတည်းက ဒေါ်ချိုဝင်း တစ်ယောက်တည်း သားသမီးသုံးယောက်တာဝန်ကိုယူ၍ တစ်ယောက်တည်း ရုန်းကန်ခဲ့ရသော်လည်း အငယ်ဆုံးသားဖြစ်သည့် ကိုရင်ဝရဝံသ၏ ပညာရေးထူးချွန်မှုကြောင့် ပင်ပန်းသည်ဟူ၍ တစ်ခါမျှ မညည်းခဲ့ရစဖူး။ လယ်ထဲ ကိုင်းထဲ၌ ချွေးသံတရွှဲရွှဲ ပင်ပန်းခဲ့သမျှ ကိုရင့်ဆုတံဆိပ်များ အောင်လက်မှတ်များကို ကြည့်၍ ဖြေဖျောက်ခဲ့ရသည်။

နှစ်စဉ် ရဟန်းသာမဏေများစာမေးပွဲဖြေချိန်တိုင်း 'ကိုရင်စာမေးပွဲဖြေနိုင်ပါစေ'ဆုတောင်းရသည်က အမော။ နယုန်-ဝါဆိုရောက်လို့ စာမေးပွဲအောင်စာရင်းတွေ ကြေငြာချိန်နီးတိုင်း ကိုရင့်ဆီက အောင်သတင်းကို နားစွင့်ရသည်က အလုပ်တစ်ခု။

'ပထမတဲ့ဟဲ့' ဆို လူကြီးတန်မယ့် ထခုန်မိသည့်အခါလည်း ရှိသလို 'ဒုတိယတဲ့ဟဲ့'ဆို အိမ်ထဲဝင်လိုက်ထွက်လိုက်နှင့် ဂနာမငြိမ် ဖြစ်ရအောင် ဝမ်းမြောက်မိရသည်လည်း အခါခါ။

ဆုရသည် တစ်ခါကြားတိုင်း ရွာဦးကျောင်းက ကိုရင့်ဆရာသမားဆီ အပြေးအလွှားသွားရသည်။
ကိုယ်က ကိုရင်၏ မှတ်ဉာဏ်အကြောင်းကို သူ့ဆရာလောက် နားမလည်လှသော်လည်း " ကိုရင်က ဘယ်လို မှတ်ဉာဏ်ကောင်းတာ၊ ဘယ်လိုတော်တာ" စသည်ဖြင့် ရှေးဟောင်းနှောင်းဖြစ် စားမြုံ့ပြန်ကာ လျှာရှည်ခဲ့မိသည်က အကြိမ်ကြိမ်။

ထိုသို့ လျှာရှည်မိလျင် "ဟဲ့ မိချိုရယ် ဝရဝံသက ငါ့တပည့်ပါဟ၊ ဒီကောင့်အကြောင်း ငါသိပါတယ်" ဟု ဆရာတော်က ငေါက်တတ်မှန်း သိလျက်ပင် ဆုရသည်တစ်ခါကြားတိုင်း ကြည်နူးပီတိစိတ်နှင့် ထိန်းမနိုင်သိမ်းမရ လျှောက်ထားမိသည်ချည်း။

ကိုရင့်အဖေမရှိတော့သော်လည်း ကိုရင်ဆုရသည်ဆိုသည်နှင့်
" ကိုမြတ်ထွန်းရေ---တော့်သား ဆုရပြန်ပြီတဲ့တော့်" ဟုဆိုကာ သွားလေသူ၏မြေပုံမှာ ဘယ်သူမှမသိအောင် သွားငိုရသည်မှာလည်း ဒေါ်ချိုဝင်း၏ ဝတ္တရားတစ်ခုပင် ဖြစ်တော့သည်။

----------------------***-------------------------

( ၂ )

ဒေါ်ချိုဝင်းတို့ရွာက ကံကောင်းသည်ဆိုရမည်။ သံဃာမထွန်းကားသောရွာလေး၌ လက်ကျန် ကိုရင်နှစ်ပါးက သင်္ကန်းမြဲသည့်အပြင် ဉာဏ်ကောင်း၍ ပညာထူးချွန်ကြသဖြင့် တစ်ရွာလုံးဝမ်းသာမျှော်လင့်ကြရသည်။

ကိုရင်နှစ်ပါးက စစ်ကိုင်းမှာနေ၍ သာမဏေကျော် စာမေးပွဲများကို နှစ်စဉ်အကျမရှိဘဲ တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်ခဲ့ကြသည်။ ပထမကြီးတန်းရောက်တော့ ဆရာတော်က သူ့တပည့်နှစ်ပါးကို ရဟန်းဒကာကိုယ်စီရှာပေးပြီး ရဟန်းခံပေးကာ စစ်ကိုင်းမှ မန္တလေးရှိ စာသင်တိုက်ကြီးတစ်ခုသို့ ပြောင်းရွှေ့ပေးလိုက်သည်။

ဦးဇင်း မန္တလေးပြောင်းသည့်နှစ်မှာပင် အားကိုးရခါစဖြစ်သော ဒေါ်ချိုဝင်း၏သားအကြီး လှည်းဦးပိ၍ မတော်တဆ ဆုံးပါးသွားခဲ့သည်။ သားကြီးစိတ်နှင့်မျက်ရည်စက်လက် ဖြစ်ခဲ့ရသော်လည်း " အမေ! အားကုန်အောင် မငိုနဲ့၊ ငိုလို့ဝရင် ရယ်ဖို့ကျန်သေးတယ်၊ အားချန်ထားဦး" ဆိုသည့် ဦးဇင်း၏ အားပေးစကားကြောင့် ဒေါ်ချိုဝင်း မျက်ရည်တိတ်ခဲ့ရသည်။

သမီးလတ်က 'အမေ့ကို ကူမည်'ဟု ဆိုကာ ကျောင်းထွက်လိုက်သည်။ သူ့မောင်ကဲ့သို့ ဉာဏ်ကောင်းသော်လည်း သမီးလတ်ခမျာ ပညာရေးအတွက် ကံမကောင်းခဲ့ရှာ။ အခြေအနေ အမျိုးမျိုးကြောင့် ဒေါ်ချိုဝင်းနှင့် ဒိုးတူပေါင်းဘက် လယ်ထဲထွက်၍ လုပ်ကူကိုင်ကူခဲ့သည်။

ဒေါ်ချိုဝင်းက "ရသမျှ ဦးဇင်းအတွက်"ဟုဆိုကာ ခြစ်ခြုတ်စုဆောင်းသည်။ 'ဦးဇင်းလိုတာ မှာသာမှာလိုက်၊ အမေတို့ အဆင်ပြေတယ်' ဟု ဆိုကာ တစ်ရွာလုံးတွင် တစ်လုံးတည်းသာရှိသော အုပ်ချုပ်ရေးမှူးအိမ်က ဖုန်းကိုနေ့စဉ် မျှော်ရသည်။ သို့သော် ဦးဇင်းကတော့ လိုအပ်မှ တစ်လတစ်ခါလောက်သာ ဆက်သည်။

ဦးဇင်းဆီက ဖုန်းလာသည့်အခါတိုင်း--နေကောင်းလား၊ ဆွမ်းကွမ်းအဆင်ပြေလား၊ စာတွေလိုက်နိုင်ရဲ့လား၊ ဆရာတွေစကား နားထောင်ရဲ့လား--စသည်ဖြင့် စုံအောင်မေး၍ ဂရုစိုက်ခိုင်းရသော်လည်း 'အမေ့ကို သတိရလား' မမေးဖြစ်အောင် မနည်းထိန်းခဲ့ရသည့် အကြိမ်ပေါင်း မရေမတွက်နိုင်တော့။

မိမိမေးခွန်းကြောင့် ဦးဇင်း နောက်ဆံမတင်းစေချင်။ "အမေ့ကိုလွမ်းပြီး စာကျက်မရဘူး" ဆိုသည့်အဖြစ်မျိုး ဒေါ်ချိုဝင်း မလိုချင်။ 'ငါ့ကို သတိမရချင်နေ၊ စာကြိုးစားလျှင် ကျေနပ်ပြီ'ဟု ဒေါ်ချိုဝင်း အမြဲတွေးသည်။

မိဘနှင့်ဝေးသော အရပ်ဒေသတွင် ချိုချဉ်စပ်ငံ၊ ဖန်ဖန်ခါးခါး မည်သူမျှ ဂရုစိုက်မည့်သူမရှိသော ကိုရင့်အတွက် အဝေးမှပင်မေတ္တာပို့ရသည်။ ဖုန်းထဲမှ ဂရုစိုက်ရသည်။ လူကြုံရှိမှ ငွေစ ကြေးစ အနည်းငယ်နှင့် အငံကြော်၊ အခြောက်ကြော်လေးများ ပါးရသည်။

"ဦးဇင်း အဆင်ပြေလား"မေးတိုင်း " အမေသာ စိတ်ချမ်းသာအောင်နေ ဦးဇင်းအဆင်ပြေတယ်" ဆိုတဲ့စကားသာ အမြဲကြားရ၏။ 'ဦးဇင်း တကယ်ရော အဆင်ပြေရဲ့လား'ဟူသည့် သူ၏ နောက်ဆက်တွဲအတွေးကို ဘယ်တုန်းကမှ ထုတ်မမေးဖြစ်ခဲ့ပါ။

-----------------------***------------------------

( ၃ )

" အမေ! အမေ့ဦးဇင်းနဲ့ ဦးထွေးတို့ဦးဇင်း အဆင်မပြေကြဘူးဆိုလား "

အလတ်မ၏ သတင်းစကားကြောင့် ဒေါ်ချိုဝင်း ခေါင်းထောင်သွားရသည်။ ဦးမျိုးထွေးတို့အိမ်ကို သွားမေးတော့လည်း 'မဟုတ်ပါဘူး'ဟုသာ ပြောသည်။ 'ငါတို့ဦးဇင်းက အေးပါတယ်' ဟု စဉ်းစားရင်း 'လူငယ်အချင်းချင်း ခဏတဖြုတ် စကားများကြတာနေမှာပါ'ဟု ဖြေတွေးတွေးပြီး နေလိုက်သည်။

" အမေ ဟိုနေ့က ဦးဇင်းဆီက စာလာတယ် မဟုတ်လား "

" အေး ဟုတ်တယ်လေ၊ ညည်းဖတ်ပြီးပြီ မဟုတ်လား "

" ဖတ်ပြီးပါပြီ၊ ကိုယ့်အိမ်ကျတော့ စာလေး တစ်မျက်နှာတည်း၊ ဟိုဟာမဆီကျတော့ ဗလာစာရွက်လေးမျက်နှာအပြည့်တော်ရေ့ "

အလတ်မက မဲ့ကာ ရွဲ့ကာနှင့် သူ့မောင် ဦးဇင်းကို မကျေနပ်ကြောင်းပြသည်။ အလတ်မပြောသည့် 'ဟိုဟာမ'ဆိုတာ အရှေ့ရပ်က 'အေးဝင်း'ကို ပြောတာဖြစ်ကြောင်း ဒေါ်ချိုဝင်းသိသည်။ ဦးဇင်းနဲ့ အေးဝင်းက ငယ်သူငယ်ချင်းတွေဖြစ်တော့ ရွာမှာကတည်းက ခင်မင်ရင်းနှီးကြသည်။ ဦးဇင်းမြို့ကို စ,ပြောင်းကတည်းက အိမ်ကို စာတစ်စောင်ရေးလျှင် အေးဝင်းအတွက် တစ်စောင်ပါစမြဲ။

" အိုအေ---သူတို့က သူငယ်ချင်းတွေပဲဟာ၊ နောက်တီးနောက်တောက်တွေ လျှောက်ရေးတာနေမှာပါ့ "

သမီးကို နှစ်သိမ့်ရသော်လည်း 'တကယ်လို့များ' ဆိုသည့်အတွေးများနှင့် ဒေါ်ချိုဝင်းစိတ်မှာလည်း ဇဝေဇဝါ။ ဦးဇင်းဆီက ဖုန်းလာတော့ 'ရွာမှာ သတိရစရာတွေ ကျန်ခဲ့သေးလား ဦးဇင်း" ဟု စကားတောက်ကြည့်မိတော့ ဦးဇင်းအဖြေက---

" ကျန်ခဲ့တယ်လေ၊ အမေရယ်၊ အစ်မရယ်၊ ဆရာတော်ရယ်၊ စာမေးပွဲပြီးရင် ရွာပြန်လာဦးမယ် ' တဲ့။

ဒီစကားကြားတော့ ဒေါ်ချိုဝင်းမျက်နှာမှာ အပြုံးအပြည့်နှင့်။ 'နင့် ငါပြောသားပဲအေရယ်၊ မဟုတ်ပါဘူးဆို" ဟု အလတ်မကို စိတ်ကောက်ပြေ ပြန်ပြောပြရသည်။

'ကိုမျိုးထွေးတို့ ဦးဇင်းနဲ့ရော အဆင်ပြေလား' ဆိုသည့်မေးခွန်းကို 'ဘာမပြေစရာရှိမှာလဲ အမေရ၊ သူလည်း သူ့စာသူကျက်၊ ကိုယ်လည်း ကိုယ်လည်း ကိုယ့်စာကိုယ်ကျက်ပဲလေ" ဟု ပြန်ဖြေသဖြင့် 'အဆင်ပြေသည်'ဟုပဲ ဒေါ်ချိုဝင်း မှတ်ယူလိုက်သည်။

ပြီးခဲ့တဲ့သင်္ကြန်မတိုင်ခင် ဓမ္မာစရိယစာမေးပွဲပြီးလို့ ဦးဇင်းနှစ်ပါး ရွာခဏပြန်လာကြသည်။ နှစ်ပါးလုံးစာမေးပွဲဖြေနိုင်ကြကြောင်း ကြားတော့ ဝမ်းမြောက်ရသည်။ ဆရာတော်၏ 'ဒီတစ်နှစ်တည်းနဲ့ ကျမ်းပြီးနိုင်မလားကွ' ဆိုသည့် အမေးကို နှစ်ပါးလုံးက အပြုံးနှင့်သာ နှုတ်ဆိတ်အဖြေပေးလိုက်ကြသည် ဆို၏။

" ခင်ဗျာ့သားဦးဇင်းက ကျောင်းသိပ်မကပ်ဘူးနော် ကြည့်ပြောထားဦး၊ တော်ကြာ မိန်းမရနေဦးမယ်ဗျ "

ကိုမျိုးထွေးသားဦးဇင်းက စ,နောက်သည်ကို 'ဘယ်--မဦးမချွတ်ပြောရောမယ် ကိုယ်တော့်နှယ်၊ တပည့်တော်တို့ဦးဇင်းက လူအေးပါဘုရာ့ "ဟု လျှောက်လိုက်သည်။ အိမ်ကဦးဇင်းနှင့်အတူ အလည်ကြွဖို့ ပင့်တော့ 'ပြန်ခါနီးမှ ကြွခဲ့မည်'ဟု ဆိုသည်။

သင်္ကြန်တွင်းအခါရက်များအပါဝင် ရွာမှာ ဆယ်ရက်လောက်နေပြီး ဦးဇင်းနှစ်ပါးလည်း ရှေ့ဆင့် နောက်ဆင့်ဆိုသလို မန္တလေးသို့ ပြန်ကြွသွားကြသည်။ 'စာမေးပွဲအောင်စာရင်း သိတဲ့ရက်ကျ အမေ့ကို ဖုန်းဆက်ဦး' ဟု မှာလိုက်သည်။

ဝါဆိုလဆန်းထဲ၌ ကိုမျိုးထွေးတို့ မန္တလေး သွားမည်ကြားထားသည်။ လူကြုံလည်းရှိတုန်း၊ သားဦးဇင်းနေတဲ့ကျောင်းကို တစ်ခေါက်မှလည်း မရောက်ဖူးသေးဆိုတော့ ဒေါ်ချိုဝင်းလည်း အလည်လိုက်ဖို့ပြင်တော့သည်။

---------------------***--------------------------

( ၄ )

" ဟဲလို---အမေလား "

" တင်ပါ့ ဦးဇင်း အမေရယ် ပြောပြော၊ ဘာလိုအပ်လို့တုန်း ဦးဇင်း "

" ဒီနေ့ စာမေးပွဲအောင်စာရင်းထွက်တယ်၊ အဲ့ဒါ အမေ! မနက်ဖြန်ကျရင် ချက်ချင်း မန္တလေးကို လာခဲ့တော့၊ ပိုက်ဆံရော များများယူခဲ့ဦးနော်"

ဦးဇင်းက စာမေးပွဲအောင်စာရင်း ထွက်ကြောင်းသာ ပြောပြီး ကျသည်အောင်သည် မပြောဘဲ စကားတုံးတိတိဖြင့် ဖုန်းချသွားသည်။

သို့သော် ဒေါ်ချိုဝင်းက 'အောင်သည်'ဟု မှတ်ယူသည်။ အဘယ်ကြောင့်ဆိုသော် ဦးဇင်း၏ 'ပိုက်ဆံများများယူခဲ့ဦး' ဆိုသည့်စကားကြောင့် ဖြစ်သည်။ အဲ့ဒီလို 'ပိုက်ဆံများများယူခဲ့' ဟု ဦးဇင်း တစ်ခါမှ မမှာခဲ့ဖူးပါ။ စာမေးပွဲအောင်လျှင် အချင်းချင်းကျွေးမွေးရသည်ဟု ဒေါ်ချိုဝင်း ကြားဖူးထားသည်လေ။

အစက ကိုမျိုးထွေးတို့နှင့်အတူလိုက်ဖို့ စဉ်းစားထားသော်လည်း အခုတော့ ကိုယ့်ဘာသာ သွားရတော့မည်။ တစ်ခါမှ ကိုယ်တိုင်လာခဲ့ဖို့ မခေါ်ဖူးသည့် ဦးဇင်း၏နှုတ်ကပြောသော "မန္တလေးကို ချက်ချင်းလာခဲ့တော့" ဆိုသည့်စကားကိုတော့ ဒေါ်ချိုဝင်းအတွက် အနည်းငယ်ထူးဆန်းနေခဲ့သည်။

ထိုနေ့ ညနေခင်းဘက်တွင် 'အေးဝင်း'ကိုလည်း ဖုန်းခေါ်သည်ဆို၏။ အလတ်မ အရှေ့ပိုင်းက ပြန်လာတော့ "ဟိုဟာမဆီ ဦးဇင်းဖုန်းဆက်တာ တဲ့လေ၊ တဟီဟီ တဟားဟားနဲ့၊ မိန်းမက ဣနြေ္ဒကိုမရဘူး" ဟု မျက်စောင်းတချီချီနှင့် ပြောပြသည်။ ' စာမေးပွဲအောင်လို့ ပျော်နေတာ နေမှာပါ သမီးရယ်' ဟုသာ ပြောမိသည်။

ညနေဘက် ဆရာတော့်ဆီသွားကာ 'မန္တလေးကို သွားမည်' ဟု သွားလျှောက်တော့ သူ့တပည့်နှစ်ပါးအတွက် 'အထူးအထွေမှာစရာ မရှိ' ဟုဆိုကာ မာတင်သင်္ကန်းတစ်စုံစီနှင့် ဝတ္တုငွေသုံးသောင်းစီ စွန့်လိုက်သည်။

ထိုနေ့ညက ဒေါ်ချိုဝင်းတစ်ယောက် တော်တော်နှင့် မအိပ်ဖြစ်။ ဦးဇင်း၏စာမေးပွဲအကြောင်း စဉ်းစားမိသည်ကတစ်ကြောင်း၊ ဦးဇင်းအတွက်လိုအပ်သည်များကို ထည့်ရ ယူရ၊ ပြင်ရဆင်ရ လုပ်နေရသည်က တစ်ကြောင်းတို့ကြောင့် အတော်ညနက်မှ ဒေါ်ချိုဝင်းအိပ်ပျော်သွားခဲ့သည်။

----------------------***-------------------------

( နိဂုံး )

" ဒေါင် ဒေါင် "

အချက်ပေးသံချောင်းခေါက်သံကြားပြီး မကြာမီမှာပင် စာဝါမှ ဆင်းလာကြသော စာသင်သား ရဟန်းသံဃာများ၊ လေးထပ်ကျောင်းဆောင်ပေါ်သို့ အလျှိုလျှို တက်လာကြသည်။

အချို့က ဦးဇင်းဝရဝံသ၏ သေတ္တာဘေးတွင် ထိုင်လျက်ရှိသော ဒေါ်ချိုဝင်းနှင့် ဦးဝင်းမောင်တို့အား စူးစမ်းသလို လှမ်းကြည့်ကြသည်။ ထို့နောက် နောက်ထပ်စာဝါ တစ်ချိန်အတွက် စာအုပ်များ ကိုယ်စီပိုက်၍  ကျောင်းအောက်သို့ ပြန်ဆင်းကြရင်း အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

" အဲ့ဒါ ဝရဝံသ ဒကာမကြီးလေ "

" သြော် ဟုတ်လား၊ ဒကာမကြီး သနားပါတယ်၊ ဦးဝရကို အဲ့ဒီလို လုပ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူးကွာ တောက်၊ နှမျှောလိုက်တာ"

" အေး ဟုတ်တယ်---စာမေးပွဲကျတာနဲ့ ကျောင်းပေါ်က ခုန်ချတာ၊ နည်းနည်းတော့ လွန်တယ်ကွာ၊ အခုတော့----"

" သူ့ရွာသားက အဂ္ဂမဟာကျော်ရပြီး သူက စာမေးပွဲကျတော့ ရှက်လို့နေမှာပေါ့ကွာ၊ သူတို့က အချင်းချင်းပြိုင်နေကြတာလေ "

" ------------------ "

" ကောင်မလေးရော ရှိတယ်ဆို၊ ကောင်မလေးနဲ့ အဆင်မပြေလို့လားမသိဘူး နော် "

" အခြားဘာစိတ်ညစ်စရာတွေရှိသေးလဲမှ မသိတာကွာ၊ သူက တအားအေးတော့ အပေါင်းအသင်းလည်းနည်းတယ်၊ အင်း---- ဘာကြောင့်ဆိုတာတော့ သူကိုယ်တိုင်မှ အသေအချာ သိနိုင်မှာပဲလေ "

" ------------------- "

" ဘယ်လိုပဲဖြစ်ဖြစ်လေ---ငယ်ငယ်ရွယ်ရွယ်နဲ့ သာသနာအတွက် အားတစ်ရပ်ဆုံးရှုံးတာပေါ့"

" --------------- "

"ဈာပနကြေးက ဘယ်လောက်ထည့်ရမှာလဲ "

" --------------- "

" --------------- "

" ဒကာမကြီး! ဒါ ဦးဝရဝံသ ရေးထားခဲ့တဲ့ စာတွေပါ၊ သေတ္တာပေါ်ကတွေ့လို့ သိမ်းထားတာ"

သေတ္တာဘေးတွင် အရုပ်ကြိုးပြတ်ထိုင်နေသော ဒေါ်ချိုဝင်းကို စာသင်သားဦးဇင်းလေးတစ်ပါးက စာနှစ်စောင်လာပေးသည်။ ဦးဝင်းမောင်က သူ့ညီမဆီက စာကိုယူ၍ ဖတ်ကြည့်သည်။

တစ်စောင်က ပေးစရာ၊ ရစရာရှိသည့် အကြွေးစာရင်းဖြစ်ပြီး ကျန်တစ်စောင်မှာ သူ၏ စာအုပ်စာတမ်းများ၊ သင်္ကန်းများကို မည်သို့ ခွဲဝေလှူခဲ့ကြောင်း ရေးထားသည့်စာဖြစ်သည်။

ဘေးနားဝန်းကျင်တွင် စာသင်သားဦးဇင်း သုံး-လေးပါး မျက်နှာမကောင်းစွာရပ်နေကြသည်။ ဦးဝင်းမောင်က သက်ပြင်းချပြီး လက်ထဲက စာကို တွေတွေကြီး စိုက်ကြည့်နေသော သူ့ညီမ ဒေါ်ချိုဝင်း၏ကျောကို ပွတ်သပ်ပေးနေသည်။

" ငိုချလိုက်ပါ မိချိုရာ၊ ငိုချလိုက်စမ်းပါ၊ တင်းမထားနဲ့ ငို ငို အားရပါးရ ငိုချလိုက် "

"-----------"

"------------"

"ကျုပ်မငိုချင်ဘူး အစ်ကိုလေးရယ်၊ ဦးဇင်းက ငိုတာ မကြိုက်ဘူး အစ်ကိုလေးရဲ့၊ ဦးဇင်းက ပြောဖူးတယ်၊ အားကုန်အောင် မငိုနဲ့တဲ့၊ ငိုပြီးရင် ရယ်ဖို့ကျန်သေးတယ် အားချန်ထားဦး---တဲ့၊ အခု--အခု ကျုပ်မှာလေ ကျုပ်မှာ 'အား'ချန်ထားရင်တောင် ရယ်ဖို့မပြောပါနဲ့၊ ပြုံးခွင့်တောင်ရှိပါဦးမလား အစ်ကိုလေးရယ် "

ရှိုက်သံကြားမှ တုန်လှုပ်တိုးလျစွာ ထွက်ကျလာသော စကားသံနှင့်အတူ ဦးဝင်းမောင်၏ လက်မောင်းပေါ်၌ ခေါင်းအပ်ကာ ဒေါ်ချိုဝင်းတစ်ယောက် အားရပါးရ ငိုချလိုက်လေတော့သည်။

===================ပြီး။

Credit to အရှင်ကောသလ္လ(ရေဦး)
၁၆၊ ၁၀၊ ၂၀၁၆။

( နာမည်များတိုက်ဆိုင်မှုရှိလျင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )

Post a Comment