အရှင်မောဂ္ဂလာန် (သို့မဟုတ်) နေမင်းလို ရဲရင့်ပြီး၊ လမင်းလို
🌞🌝🌞🌝🌞🌝🌞🌝🌞🌝🌞🌝🌞🌝🌞🌝🌞🌝
အေးမြစေသူ
🌝🌞🌝🌞
ဘုရားရှင်တစ်ဆူ ပွင့်တော်မူတိုင်း အဂ္ဂသာဝကတစ်စုံစီ ပါတော်မူလေ့ရှိရာ ရှေးရှေးသော ဘုရားရှင်တို့ရဲ့ အဂ္ဂသာဝကတို့ကား မည်သို့၊ မည်ပုံရှိမယ်ဆိုတာ မှန်းဆပြီး ကြည်ညိုလို့ မရနိုင် ပေမယ့် စာရေးသူတို့၏ ကိုးကွယ်ရာ ရှင်တော်ဘုရားရဲ့ အဂ္ဂသာဝက အစုံတော်ကတော့ နေနဲ့လ ရွှေနဲ့ မြပမာ အင်မတန် တင့်တယ် တော်မူလှပါတယ်။
ဓမ္မရာဇာဖြစ်တော်မူတဲ့ ရှင်တော်ဘုရားမှာ လက်ယာတော်ရံ ဓမ္မသေနာပတိ အရှင်မြတ်နဲ့ လက်ဝဲတော်ရံ ဓမ္မပုရောဟိတ အရှင် မြတ် ၂-ပါးရှိတော်မူပါတယ်။ လက်ယာတော်ရံ ဓမ္မသေနာပတိဟာ အရှင်သာရိပုတ္တရာမထေရ်ဖြစ်ပြီး၊ လက်ဝဲတော်ရံ ဓမ္မပုရော ဟိတ က အရှင်မောဂ္ဂလာန် မထေရ် မြတ် ဖြစ်တော်မူပါတယ်။
မြင်းမိုရ်တောင်မင်းနဲ့ တူတဲ့ ရှင်တော်ဘုရားကို လက်ယာ တော်ရံ အရှင်သာရိပုတ္တရာမထေရ်မြတ်က `လပြည့်ဝန်းကြီးပမာ´ တည်ကြည်အေးချမ်းစွာ ရွှန်းပတော်မူသကဲ့သို့ လက်ဝဲတော်ရံ အရှင်မောဂ္ဂလာန် မထေရ်မြတ်ကလည်း "နေမင်းကြီးပမာ" ခိုင်ကြည်နွေးထွေးစွာ ထွန်းပတော်မူပါတယ်။
လောကကောင်းကျိုး သယ်ပိုးတဲ့ နေရာမှာ အရှင်သာရိပုတ္တရာက ခန္တီမေတ္တာအား ကြီးမားစွာနဲ့ ငြိမ်းချမ်းစွာ ဆောင်ရွက်တော် မူတတ်တာမို့ မထေရ်မြတ်ကို "လပြည့်ဝန်း"နဲ့ တင်စားတော်မူပြီး၊ အရှင်မောဂ္ဂလာန်ကတော့ သမာဓိ၊ ပညာ အားကြီးစွာနဲ့ ရဲရင့်စွာ ဆောင်ရွက်တော်မူတတ်တာမို့ "နေမင်းကြီး" နဲ့ ခိုင်းနှိုင်းတော်မူလိုက်ခြင်း ဖြစ်ပါတယ်။
အရှင်မောဂ္ဂလာန်မထေရ်မြတ်ရဲ့ နှလုံးသားရုပ်ပုံလွှာကို ရေးဖွဲ့ပူဇော်ဖို့ စဉ်းစား တွေးတောမိတဲ့ အခါ မိတ်ဆွေဖြစ်မှု၊ အကျိုးလိုလားတဲ့ ဆက်နွယ်မှု၊ ရင်းနှီးကျွမ်းဝင်းလှတဲ့ နှောင်ဖွဲ့မှုကို လှပကြည်နူးစွာ ဖူးတွေ့ရပါတယ်။
အရှင်မြတ်နှစ်ပါးဟာ အနောမဒဿီမြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဆုထူး ပန်တော်မူခဲ့ချိန်ကစပြီး တစ်အသေင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး လွန်စွာချစ်ကျွမ်းဝင်တဲ့ ပါရမီဖြည့် သူငယ်ချင်းနှစ်ဦး ဖြစ်ခဲ့ကြတာ နောက်ဆုံးဘ၀မှာလည်း ရာဇဂြိုဟ်မြို့အနီးက ရွာကြီးနှစ်ရွာမှာ အင်မတန် ချစ်ကျွမ်းဝင်တဲ့ သူငယ်ချင်းနှစ်ဦးဖြစ်လာခဲ့ပါတယ်။
အတူတူဆော့ကစား အတူတူကြီးပြင်း၊ အတူတူပျှော်ပွဲဝင်၊ အတူတူသံဝေဂရ၊ အတူတူတရား ရှာကြတာ နောက်ဆုံး ရှင်တော်ဘုရားထံ အတူတူ ရောက်ရှိလာကြပြီး အဂ္ဂသာဝက အတူတူဖြစ် တော်မူကြပါတယ်။
သီချင်းတွေ၊ ကဗျာတွေထဲမှာ မကြာခဏ တွေ့ရတတ်တဲ့ နှစ်လွှာပေါင်းမှ တစ်ရွက်ထဲဆိုတဲ့ "စွယ်တော်ရွက်" ဥပမာဟာ အရှင်မြတ်နှစ်ပါးရဲ့ ပါရမီခရီးကို အတိအကျ ထင်ဟပ် ပေါ်လွင်စေပါတယ်။ အရှင်မြတ်နှစ်ပါးရဲ့ တစ်ဦးအပေါ်တစ်ဦး ကတိသစ္စာရှိမှု၊ ငဲ့ညှာထောက်ထားမှု၊ ရင်းနှီးကျွမ်းဝင်မှု၊ ချစ်ကြည်လေးစားမှုတွေဟာ လက်ဖျစ်ရိုက်တီး အံ့ချီးဖွယ်ဖြစ်ရုံမျှမက အတုယူ လိုက်နာဖွယ် နမူနာကောင်းများလည်း ဖြစ်ကြပါတယ်။
တစ်ချိန်တုန်းက အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်မထေရ်မြတ်တို့ဟာ ရာဇဂြိုဟ်မြို့နားက `ကပေါတကန္ဒက´လို့ခေါ်တဲ့ ခိုတောင်ကြားမှာသီတင်းသုံး နေတော်မူကြပါတယ်။ တစ်နေ့တော့ ဆံတော်ရိတ်ပြီးစ အရှင်သာရိပုတ္တရာဟာ လသာသာ ညချမ်းအချိန် ဟင်းလင်းပြင် လွင်တီးခေါင်မှာ သင်္ကန်းကြီးကို ရုံတော်မူပြီး ထက်ဝယ်ဖွဲ့ခွေ ထိုင်တောမူက ဖလသမာပတ် ၀င်စားနေတော်မူပါတယ်။
အဲဒီအချိန်မှာ ဝေဿ၀ဏ်နတ်မင်းထံက ပြန်လာတဲ့ ဘီလူးနှစ်ကောင်ထဲက တစ်ကောင်ဟာ လရောင်ကြောင့် ပြောင်လက်နေတဲ့ အရှင်သာရိပုတ္တရာရဲ့ ဦးခေါင်းတော်ကို အဖော်ဘီလူး တားမြစ်တဲ့ကြားက လက်ဝါးနဲ့ ပြင်းထန်စွာ ရိုက်ချလိုက်ပါတယ်။
အဲဒီဘီလူးရဲ့ ရိုက်ချက်ဟာ ၇-တောင် လောက်မြင့်တဲ့ ဆင်ပြောင်ကို မြေကြီးထဲ နစ်ဝင်သွား လောက်အောင် (ဒါမှမဟုတ်) ကျောက်တောင်ထွတ်ဆိုရင်လည်း ကြေမွပြိုကွဲသွားလောက်အောင် ပြင်းထန်လှပါတယ်။
အရှင်သာရိပုတ္တရာကို ဘီလူးရိုက်ချလိုက်တဲ့အချိန်မှာ အရှင်မောဂ္ဂလာန်က သူငယ်ချင်းဖြစ်သူ ကို လှမ်းကြည့်လိုက်တာနဲ့ ဆုံနေပါတယ်။ ဘီလူးရိုက်ချလိုက်တာနဲံ မြင်လိုက်ရတဲ့ အရှင်မောဂ္ဂလာန် ဟာ အလျင်အမြန် ကြွလာတော်မူပြီး အရှင်သာရိပုတ္တရာ ကို "အရှင်ဘုရား နေသာရဲ့လား မျှတရဲ့လား ဘယ်လိုနေပါသလဲ"လို့ မေးတော်မူတဲ့အခါ "ငါ့ရှင် မောဂ္ဂလာန်၊ နေသာပါတယ်၊ မျှတပါတယ်၊ ဒါပေမယ့် ခေါင်းတော့ နည်းနည်းကိုက်တယ်" လို့ ပြန်လည် ဖြေကြား တော်မူပါတယ်။
အဲဒီအခါ အရှင်မောဂ္ဂလာန်က "အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ဘုန်တန်ခိုး ကြီးမားတော် မူလှပါပေတယ်။ အရှင်ဘုရား မသိလို့သာ အရှင်ဘုရားရဲ့ ဦးခေါင်းတော်ကို ဘီလူးတစ်ကောင်ဟာ ပြင်းထန်စွာ ရိုက်ချပြီး အခုမြေကြီးထဲဝင်ကာ အ၀ီစိငရဲ ကျသွားပါတယ်။ ဒီလို ဖြစ်တာတောင် အရှင်မြတ်မှာ ဒုက္ခအကြီးအကျယ်မဖြစ်တာ အင်မတန် အံ့ချီးထိုက်ပါတယ်ဘုရား"လို့ ချီးမွမ်း စကား လျှောက်ထားတော်မူပါတယ်။
အရှင်သာရိပုတ္တရာကလည်း "အရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ အလွန့်အလွန် တန်ခိုးအာနု ဘော် ကြီးပါပေစွ။ နတ်ဘီလူးတွေကိုကော မျက်စိနဲ့ ထပ်အပ်ထင်ထင် မြင်နိုင်စွမ်း ရှိပါပေစွ။ တပည့်တော်တို့ မှာကား ဘီလူး ကို မဆိုထားနဲ့ တစ္ဆေပြိတ္တာလေး ကိုတောင်မှ မမြင်နိုင်ဘူး"လို့ တုံ့ပြန်ချီးကျူးတော်မူပါတယ်။
သူငယ်ချင်း အရှင်မြတ်ကြီးနှစ်ပါး တစ်ပါးကိုတစ်ပါး အပြန်အလှန် ချစ်ကြည်လေးစားစွာနဲ့ ချီးကျူးစကား ဆိုတော်မူနေတဲ့ ဒီရှုခင်းကလေးဟာ ပရိယာယ်မပါ၊ မာယာမနှော၊ သဘောဖြူ အူစင်း တော်မူတဲ့ သူတောကောင်းတို့ရဲ့ နှလုံးသွင်းနဲ့ ယဉ်ကျေးပျူငှာတတ်တဲ့ သူတော်ကောင်းတို့ရဲ့ နှလုံးသားကို တစ်စွန်းတစ်စ လှစ်ဟဖော်ပြနေတာပဲ ဖြစ်ပါတယ်။
အရှင်သာရိပုတ္တရာ အမိန့်ရှိသလိုပဲ အရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ အင်မတန် ဘုန်းတန်ခိုး ကြီးမားတော်မူပါတယ်။
တန်ခိုးအရာမှာ အရှင်မောဂ္ဂလာန်ကို မှီသူ၊ ယှဉ်နိုင်သူဆိုတာ ရှင်တော် ဘုရားကလွဲလို့ စကြာဝဠာထိုက်ပေါင်း ကုဋေတစ်သောင်း မှာ တစ်ယောက်မှ မရှိပါဘူး။ အရှင် မောဂ္ဂလာန်ဟာ မြင်းမိုရ်တောင်ကို သွားကြားမှာထားပြီး မုံညင်းစေ့ကလေးလို ပရိတ်သတ် အလယ်မှာ ၀ါးစားပြနိုင်သလို မဟာပထ၀ီမြေကြီးကိုလည်း ဖျာတစ်ချပ်လို ခေါက်လိပ်ပြီး လက်ချောင်းကြားထဲမှာ ညှပ်ထားနိုင် ပါတယ်။ ဒါကြောင့်မို့လည်း မထေရ်မြတ်ဟာ နန္ဒောပနန္ဒနဂါးမင်းကို ယဉ်ကျေးအောင် ဆုံးမတော်မူနိုင်ပြီး တန်ခိုးအရာမှာလည်း ဧတဒဂ်ရတော်မူခဲ့တာပါ။
အရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ တန်ခိုးအရာမှာ ဧတဒဂ်ရထားသူပီပီ တန်ခိုးဣဒ္ဓိပါဒ် အစွမ်းနဲ့ သူတစ်ပါးရဲ့ ချမ်းသာမှုကို ရှာဖွေပြုလုပ်ပေးလေ့ရှိပါတယ်။
တန်ခိုးတော်နဲ့ တစ်ခါတစ်ရံ ငရဲပြည်သို့ ကြွတော်မူကာ ငရဲမီးတွေကို အေးမြအောင် ဖန်ဆင်းပြီး ငရဲသားတွေကို သက်သာရာ ရစေသလို လှည်းဘီးပမာဏလောက်ရှိတဲ့ ကြာပွင့်ကြီးကို ဖန်ဆင်းပြီး အဲဒီကြာပွင့်ကြီးထက်မှာ ထိုင်တော်မူကာ ငရဲသားတွေကို တရားလည်း ဟောကြားတော်မူပါတယ်။
တစ်ခါတစ်ရံ နတ်ပြည်, ဗြဟ္မာ့ပြည် ကြွတော်မူပြီး နတ်သား၊ နတ်သမီးတွေရဲ့ ကုသိုလ် ကောင်းမှု တွေကို စူးစမ်းဖော်ထုတ်ကာ သစ္စာလေးပါးတရားကို ဟောကြားတော်မူတတ်ပါတယ်။
နတ်ပြည် ငရဲပြည်က ပြန်ကြွလာတော်မူပြီးတဲ့အခါ လူပြည့်က ဒကာ ဒကာမ ပရိသတ်တွေကို နတ် ပြည်ရဲ့ ချမ်းသာ၊ ငရဲပြည်ရဲ့ ဆင်းရဲမှုတွေကို သက်သေသာဓကအဖြစ် ထုတ်ဖော်ပြသကာ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကို အထူးပေါ်လွင်စေပါတယ်။
အရှင်မောဂ္ဂလာန်မထေရ်မြတ်ရဲ့ သွန်သင် ဟောကြားမှုကြောင့် ထောင်နဲ့ သောင်းနဲ့ချီတဲ့ မိသားစုတွေဟာ သာသနာတော်ကို ယုံကြည်သက်ဝင် လာကြပါတယ်။
ရှင်တော်ဘုရားဟာ ခဲရာခဲဆစ် ချေချွတ်ရမယ့်ကိစ္စတွေမှာ အရှင်မောဂ္ဂလာန်ကိုပဲ များ သောအားဖြင့် စေလွှတ်တော်မူတတ် ပါတယ်။
အရှင်မောဂ္ဂလာန်ကလည်း တန်ခိုးဣဒ္ဓိပါဒ်ကို အခြေခံတဲ့ ဟောကြားဆုံးမမှုနဲ့ ရာဇဂြိုဟ်ပြည်က ကပ်စေးနဲနှမြောရာမှာ စံချိန်တင်ရမယ့် မစ္ဆရိယ ကောသိယသူဌေးလို ပုဂ္ဂိုလ်ပေါင်းများစွာကို အကျွတ်တရား ရစေနိုင်ခဲ့ပါတယ်။
အရှင်မောဂ္ဂလာန် မထေရ်မြတ်ဟာ နတ်စည်းစိမ်ယစ်မူးသွားလို့ ရှင်တော်ဘုရား ဟောကြားတော်မူလိုက်တဲ့ တရား မေ့ပျောက်သွားတဲ့ သိကြားမင်းကို သူစံမြန်းရာ ဝေဇယန္တာနန်းတော်ကြီး ဂျွမ်းထိုးမှောက်ခုံဖြစ်အောင် ပြုလုပ်ပြီး သတိတရား ရစေခဲ့သလို ရှင်တော်ဘုရား သီတင်းသုံး တော်မူရာ ပုဗ္ဗာရုံကျောင်းတော်ကြီးမှာ မဟုတ်တရုတ်စကားတွေပြောပြီး အချိန်အလကားဖြုန်းနေတဲ့ ရှင်ရဟန်းတွေကိုလည်း ထိတ်လန့် သွားအောင် ကျောင်းပြဿဒ်ကြီးကို ခြေမနဲ့ တွန်းလှဲပြီး ဆုံးမတော်မူခဲ့ပါတယ်။
ရှင်တော်ဘုရားရဲ့ တပည့်သား သံဃာထုဟာ လောကရဲ့ အကျိုးစီးပွားကို ဆောင်ရွတ်တော် မူတဲ့နေရာမှာ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်မထေရ်မြတ်နှစ်ပါးဟာ မဟာဗျူဟာချင်း တူညီပြီး နည်းဗျူဟာတွေက ကွဲပြားကြပါတယ်။ စေတနာချင်းတူညီပြီး လုပ်နည်းလုပ်ဟန်တွေက ခြားနားကြပါတယ်။
အရှင်သာရိပုတ္တရာမထေရ်ဟာ များသောအားဖြင့် တစ်ဖက်သားရဲ့ စိတ်တွင်းအခြေအနေမှန်ကို လမ်းညွန်ပြုပြင်ပေးမှု(အာဒေသနာပါဋိဟာရိယ)ကို အခြေခံရှေ့သွားပြုကာ နောက်မှ တရားဟောပြ ဆုံးမမှု(အနုသာသနီ ပါဋိဟာရိယ)ကို အသုံးပြု တော်မူလေ့ရှိပြီး အရှင်မောဂ္ဂလာန်မထေရ်ကတော့ များသောအားဖြင့် တန်ခိုးတော်နဲ့ တစ်ဖက်သားရဲ့ စိတ်တွင်းကိလေသာ ခေါင်းပါးအောင်ပြုမှု(ဣဒ္ဓိ ပါဋိ ဟာရိယ)ကို အခြေခံရှေ့သွားပြုကာ နောက်မှ တရားဟောပြဆုံးမမှု(အနုသာသနီ ပါဋိဟာရိယ)ကို အသုံးပြုတော်မူလေ့ရှိပါတယ်။
အရှင်မောဂ္ဂလာန်ဟာ မကောင်းမှုကို စက်ဆုပ်ရွံရှာသူပီပီ မကောင်းမှုပြုသူများကို ရဲရဲဝံ့ဝံ့ နှိမ်နင်းတော်မူတတ်ပါတယ်။
တစ်ချိန်က ရှင်တော်ဘုရားနဲ့ ရဟန်းသံဃာထုဟာ ဥပုသ်ပြုဖို့ သိမ်တစ် ခုအတွင်းမှာ စုဝေးကြပါတယ်။ ရဟန်းပရိသတ်ထဲမှာ သီလမရှိတဲ့ ပုဂ္ဂိုလ်(ဒုဿီလ)တစ်ပါး ပါဝင် နေတာမို့ မြတ်စွာဘုရားဟာ ဥပုသ်ပြုတော်မမူပါဘူး။ ဒီလိုနဲ့ ညဥ့်ဦးယံ ၊ သန်းခေါင်းယံ၊ မိုသောက်ယံ ကျော်လွန်လာတဲ့အခါမှာတော့ အရှင်အာနန္ဒာက "မြတ်စွာဘုရား ရဟန်းသံဃာအပေါင်းဟာ ထိုင်နေရတာ ကြာမြင့်လှပါပြီ။ ဥပုသ်ပြုဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း" လျှောက်ထားတဲ့အခါ ရှင်တော်ဘုရားက "အာနန္ဒာ ပရိသတ် မစင်ကြယ်ဘူး"လို့ မိန့်ကြားတော်မူပါတယ်။
အဲဒီအခါ အရှင်မောဂ္ဂလာန်က အဘိညာဉ်တန်ဖိုးနဲ့ ကြည့်တော်မူလို့ ဒုဿီလပုဂ္ဂိုလ်ကို တွေ့ရတဲ့အတွက် ဥပုသ်ပြုရာသိမ်မှ ထွက်ခွာသွားဖို့ သုံးကြိမ်သုံးခါ သတိပေးတော်မူပါတယ်။ ဒီလို သုံးကြိမ်သုံးခါ သတိပေးပါလျက် မရတဲ့အဆုံး အရှင်မောဂ္ဂလာန်ဟာ ဒုဿီလပုဂ္ဂိုလ်ရဲ့ လက်မောင်း ကို ကိုင်စွဲပြီး အပြင်ဖက်ကို ခေါ်ထုတ်သွားကာ သိမ်တံခါးကို ပိတ်ထားလိုက် ပါတယ်။ အရှင်မောဂ္ဂလာန်မထေရ်မြတ်ဟာ တစ်ယောက်နဲ့အများ အကျိုးစီးပွား ယှဉ်လာရင် အများကို ငဲ့ညှာ တတ်ပြီး အများစုနဲ့ သံဃာယှဉ်လာရင်တော့ သံဃာရဲ့ အကျိုးစီးပွားကို ထောက်ထားတော် မူတတ် ပါတယ်။
တစ်ခါတုန်းက မြတ်စွာဘုရား စာတုမရွာအနီး သျှစ်သျှားတော်မှာ သီတင်းသုံးတော်မူခိုက် အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန် တို့ဟာ တပည့်သစ် ရဟန်း ၅၀၀နဲ့တကွ ရှင်တော်ဘုရားကို ဖူးမြော်ဖို့ ရောက်လာခဲ့ကြပါ တယ်။ အဲဒီရဟန်းသစ် ၅၀၀ရဲ့ နှုတ်ဆက် စကားသံ၊ နေရာလုသံ၊ သပိတ် သင်္ကန်း သိုမှီးသိမ်းဆည်းသံတွေ ကြောင့် တိတ်ဆိတ်မှုကို လိုလားတော်မူတဲ့ ရှင်တော်ဘုရားဟာ အားလုံးကို နှင်ထုတ်တော်မူခဲ့ပါတယ်။
အဲဒီအကြောင်းကို စာတုမရွာသား သာကီဝင်မင်းသားတွေနဲ့ သဟမ္ပတိ ဗြဟ္မာကြီးကပါ သိရှိ သွားပြီး ရဟန်းသစ်တွေကို ပြန်လက်ခံဖို့ နည်းအမျိုးမျိုး ဥပမာ အသွယ်သွယ်နဲ့ ရှင်တော်ဘုရားကို တောင်းပန်လျှောက်ထားကြပါတယ်။ မြတ်စွာဘုရားက လက်ခံတော်မူလို့ အရှင်သာရိပုတ္တရာ၊ အရှင် မောဂ္ဂလာန်နဲ့ ရဟန်းသစ် ၅၀၀ ကို ပြန်လည်ရောက်ရှိလာတဲ့အခါ ရှင်တော်ဘုရားက "ချစ်သား သာရိပုတ္တရာ- ရဟန်းတွေကို ငါဘုရား နှင်ထုတ်တော်မူစဉ်က သင့်အား ဘယ်လိုစိတ်ကူးမျိုး ဖြစ်ပေါ်သလဲ"လို့ မေးမြန်းတော်မူပါတယ်။
အဲဒီအခါ အရှင်သာရိပုတ္တရာက "ရှင်တော်ဘုရားဟာ ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပါ တယ်။ အခုအခါ မြတ်စွာဘုရားက ဖလသမာပတ်နဲ့ ချမ်းသာစွာ နေလိုတော်မူလိမ့်မယ်။ ငါ့တို့လည်းပဲ ဖလသမာပတ်နဲ့ ချမ်းသာစွာ နေတော့မယ်"လို့ အကြံဖြစ်ကြောင်း လျှောက်ထားတော်မူပါတယ်။
မြတ်စွာဘုရားရှင်က "ချစ်သားသာရိပုတ္တရာ…ဆိုင်းငံပါဦး၊ ဖလသမာပတ်နဲ့ ချမ်းသာစွာနေဖို့ စိတ်မကူးပါနဲ့ဦး"လို့ အမိန့်ရှိတော်မူပါတယ်။
ပြီးမှ အရှင်မောဂ္ဂလာန်ကို ဆက်ပြီးမေးတော်မူတဲ့အခါ အရှင်မောဂ္ဂလာန်က "ရှင်တော် ဘုရားဟာ ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီး အခုအခါ မြတ်စွာဘုရားဟာ ဖလသမာပတ်ချမ်း သာနဲ့ ချမ်းသာစွာနေလိုတော်မူလိမ့်မယ်။ ဒါကြောင့် တပည့်တော်နဲ့ အရှင်သာရိပုတ္တရာတို့ဟာ ရဟန်းသံဃာကို ဦးဆောင်ကြရမယ်"လို့ ကြံစည်မိကြောင်း လျှောက်ထားတော် မူပါတယ်။
အဲဒီ အခါမှာ ရှင်တော်ဘုရားက "ချစ်သားမောဂ္ဂလာန် ကောင်းလေစွ၊ ကောင်းလေစွ၊ ငါဘုရားရော သင်ချစ်သားတို့ပါ ရဟန်းသံဃာကို ဦးဆောင်ကြရမယ်"လို့ သာဓုခေါ် မိန့်ကြားတော်မူပါတယ်။
အဂ္ဂသာဝက အရှင်မြတ် ၂-ပါးထဲမှာ အရှင်မောဂ္ဂလာန်မထေရ်ဟာ ရှင်တော်ဘုရားရဲ့ ချီးမြှောက်စောင့်ရှောက်မှု ကို ကြိမ်ဖန်များစွာ လက်ခံရရှိသူ ဖြစ်တော်မူခဲ့ပါတယ်။
ရဟန္တာမဖြစ်မီ တရားအားထုတ်တော်မူရာအခါ အဂ္ဂသာဝကဖြစ်ပြီး (၄၄)၀ါကာလပတ်လုံး ရှင်တော်ဘုရားနဲ့ အတူရှိတော်မူတဲ့အခါ နောက်ဆုံး ပရိနိဗ္ဗာန်ဝင်စံတော်မူတဲ့အခါတွေမှာ မြတ်စွာဘုရားရှင်ရဲ့ မြတ်နိုးမှု၊ ချီးမြှောက်စောင့်ရှောက်မှုကို အရှင်မောဂ္ဂလာန်ဟာ အထူးခံယူတော်မူရပါတယ်။
ဒါကြောင့်မို့လည်း သံယုတ်ပါဠိတော် မောဂ္ဂလာန သံယုတ်ထဲမှာ "ငါသျှင်တို့ မြတ်စွာဘုရား ချီးမြှောက်အပ်သော၊ ထူးမြတ်သော အသိဉာဏ်ရှိသည်အဖြစ်သို့ရောက်သော တပည့် ဟူသောစကားကို ကောင်းစွာ ပြောဆိုလိုသောသူသည် ကောင်းစွာပြောဆိုလိုရင် ငါ့ကိုသာလျှင် ဆိုရာ၏"လို့ ကိုယ်တိုင် ရဲဝံ့စွာ မိန့်တော်မူခဲ့တာဖြစ်ပါတယ်။
ဒိလိုရှင်တော်ဘုရားရဲ့ ချီးမြှင့်မြှောက်စားခြင်းကို ခံယူတော်မူရတာဟာ အရှင်မောဂ္ဂလာန် မထေရ်မြတ်ရဲ့ တစ်ဦးချင်းအပေါ်မှာ ထားတဲ့ ကရုဏာတရား၊ အများအပေါ်မှာထားတဲ့ မေတ္တာတရား၊ လောကအပေါ် မှာထားတဲ့ စေတနာတရားတွေရဲ့ ကြီးမား မြင့်မြတ်တော်မူလို့သာ ဖြစ်ပါတယ်။
တစ်ကိုယ်တော်ကောင်းစားရေးထက် အများကောင်းစားရေးကို ငဲ့ကွက်တတ်သော၊ ပုဂ္ဂလိက ငြိမ်းချမ်းရေးထက် လောကငြိမ်းချမ်းရေးကို ရှေးရှုတတ်သော၊ ဖလသမာပတ် ချမ်းသာထက်၊ ရဟန်း သံဃာတို့ရဲ့ ချမ်းသာမှုကို ဦးစားပေးတတ်သော အရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီးရဲ့ ကြီးကျယ်မြင့် မြတ်လှတဲ့ သူတော်ကောင်းနှလုံးသားကို ဒီဆောင်းပါး တိုလေးနဲ့ပဲ ရိုသေစွာ ဦးနှိမ်ချိုးပြီး ရှိခိုးပူဇော် လိုက်ပါတယ်။
ကျမ်းကို။
၁။ ၀ိနည်းမဟာဝါ ပါဠိတော်
၂။ အင်္ဂုတ္ထိုရ် အဋ္ဌကထာ (ပထမတွဲ)
၃။ အပါဒန် အဋ္ဌကထာ (ပထမတွဲ)
၎။ မဟာဗုဒ္ဓ၀င်ကျမ်း (အဋ္ဌမတွဲ)
တော်ဝင်နွယ်
Post a Comment