မြန်မာ စကားလိမ် လေးတွေပါ...
=================
တစ်ခေတ်တစ်ခါက ရေပန်းစားခဲ့တဲ့ အချစ်နဲ့ ပတ်သက်တဲ့ စကားလိမ် ပဟေဠိလေးတွေကို ပြောပြချင်ပါတယ်။ အများစုကို အငြိမ့်၊ ပြဇာတ်တွေထဲက လူရွှင်တော်တွေ၊ ပျော်တော်ဆက်တွေက အသုံးချခဲ့ကြတာပါ။
မေး။ ။ ခွေးလှေးယားသီး ဘိုင်စကယ်
ဖြေ။ ။ ခွေးလှေးယားသီးကိုင်လျှင် (ယား) တတ်သည်။ ဘိုင်စကယ်ကို (စီး) ရသည်။ ယားစီး = ရည်းစား
မေး။ ။ ပင်လယ် ဓားမြ
ဖြေ။ ။ ပင်လယ်က (ကျယ်) သည်။ ဓားပြက (တိုက်) သည်။ ကျယ်တိုက် = ကြိုက်တယ်။
မေး။ ။ ကန်၏ တန်ဆာ၊ တံငါ၏ လက်နက်
ဖြေ။ ။ ကန်၏ တန်ဆာသည် (ကြာ) ဖြစ်သည်။ တံငါ၏ လက်နက်သည် (ပိုက်) ဖြစ်သည်။ ကြာပိုက် = ကြိုက်ပါ။
မေး။ ။ ပဒုမ္မာ ယုန်ထောင်
ဖြေ။ ။ ပဒုမ္မာ ဆိုသည်ကား (ကြာ) ဖြစ်သည်။ ယုန်ကိုထောင်သည်ကား (ပိုက်) ဖြစ်သည်။ ကြာပိုက် = ကြိုက်ပါ။
မေး။ ။ ကောင်းကင်၏ တန်ဆာ၊ လူမလိမ္မာ
ဖြေ။ ။ ကောင်းကင်၏ တန်ဆာသည် (ကြယ်) ဖြစ်သည်။ လူမလိမ္မာလျှင် (မိုက်) သည်။ ကြယ်မိုက် = ကြိုက်မယ်။
မေး။ ။ ပန်းချီဆရာ ဂဏန်းအစ
ဖြေ။ ။ ပန်းချီဆရာက (ခြယ်) သည်။ ဂဏန်းအစက (တစ်) ဖြစ်သည်။
ခြယ်တစ် = ချစ်တယ်။
မေး။ ။ ရှမ်းဘုရင်၊ ကြွေနှစ်ပေါက်၊ တံငါလျှင် ဒေါင်ဒင်ခေါက်
ဖြေ။ ။ သုံးပုံဖဲတွင် ရှမ်းဘုရင်ကို (ကြူး) ဟုခေါ်သည်။ ကြွေပစ်ရာတွင် နှစ်ပွင့်ကို (ပါ) ဟုခေါ်သည်။ တံငါ ဒေါင်ဒင်ခေါက်ပြီး (ပိုက်) ထဲသို့ ငါးများဝင်အောင် လုပ်သည်။ ကြူးပါပိုက် = ကြိုက်ပါဘူး။
မေး။ ။ စပါးထောင်း၊ ပြောင်းဖူးစားချင်
ဖြေ။ ။ စပါးထောင်းလျှင် (ဆန်) ရသည်။ ပြောင်းဖူးစားချင် (ပြုတ်) ရသည်။ ဆန်ပြုတ် = ဆုတ်ပြန်။
မေး။ ။ အိပ်မပျော် ထိပ်ပေါ်ခဲကျ
ဖြေ။ ။ အိပ်မပျော်လျှင် (နိုး) သည်။ ထိပ်ပေါ်ခဲကျလျှင် (ပေါက်) သည်။
နိုးပေါက် = နောက်ပိုး။
မေး။ ။ မရှိ ဗျိုင်းရောင်
ဖြေ။ ။ မရှိလျှင် (လို) သည်။ ဗျိုင်း၏ အရောင်သည် (ဖြူ) သည်။ လိုဖြူ = လူပျို
မေး။ ။ ထမင်းချဉ်သုတ် ဂါထာစုတ်
ဖြေ။ ။ ထမင်းချဉ်သုတ်ကို (နယ်) ရသည်။ ဂါထာစုတ်သည်ကို (မန်း) သည်ဟု ခေါ်သည်။ နယ်မန်း = နမ်းမယ်။
မေး။ ။ မကျဉ်းတဲ့အိမ် မမှိန်တဲ့ကျောက်
ဖြေ။ ။ မကျဉ်းတဲ့အိမ်က (ကျယ်) သည်။ မမှိန်တဲ့ကျောက်က (တောက်) သည်။ ကျယ်တောက် = ကြောက်တယ်။
မေး။ ။ စပါးထောင်း၊ ပြောင်းဖူးစားချင်
ဖြေ။ ။ စပါးထောင်းလျှင် (ဆန်) ရသည်။ ပြောင်းဖူးစားချင် (ပြုတ်) ရသည်။ ဆန်ပြုတ် = ဆုတ်ပြန်
တစ်ခါတုန်းက မြန်မာပြည်အလယ်ပိုင်း ဒေသက လာတဲ့လူကို ရန်ကုန်သားက ဘယ်ကလာသလဲလို့ မေးတော့ ဟိုလူက... “ခြံမကျယ် နွားဖင်နှိုက်” မြို့က လာတာလို့ ပြန်ဖြေတယ်။ ဘာမြို့တုန်း မသိလို့ပါလို့ မေးတော့မှ...“ခြံမကျယ်တော့ ကျဉ်းတယ်လေ။ နွားဖင်နှိုက်တော့ ကန်မှာပေါ့။ ဒီတော့ ကျဉ်းကန် = ကြံခင်း” လို့ ပြောပါသတဲ့။ (ဒီနေရာမှာ အသံကို နီးစပ်ရုံသာ ယူပါတယ်။)
သင်္ဂဇာဆရာတော်ရဲ့ ပုံပြင်တစ်ခုမှာတော့ ဘုန်းကြီးကို ပဟေဠိနဲ့ ဆွမ်းစားပင့်တဲ့အကြောင်း ပါပါတယ်။ ဒကာကလည်း နောက်တတ်ပြောင်တတ်လေတော့ ဘုန်းကြီးကို “လင်ပေးရွာကို ဆွမ်းစားကြွပါဘုရား”လို့လျှောက်ပြီး ပြန်သွားသတဲ့။ ဘုန်းတော်ကြီးက လင်ပေးရွာဆိုတာ မကြားဖူးပါဘူးဆိုပြီး စဉ်းစားတော့“လင်ပေးက လေးပင်၊ လေးပင်ဆိုတော့ အိမ်တွေမှာ လေးပင်ဆိုရင် သုံးခန်းရှိတယ်။ သုံးခန်းဆိုတော့ သန်းကုန်း” ပေါ့ ဆိုပြီး အဲဒီရွာကို ဆွမ်းစားကြွသွားပါသတဲ့။ (ဘုန်းကြီးသာ မဖြေနိုင်ရင် ဆွမ်းငတ်ရကိန်းပဲဗျာ)
ရှေးအခါက လူပျိုကာလသားတွေဟာ ညနေခင်းလသာချိန်တွေများမှာ အပျိုချောလေးတွေ အလုပ်လုပ်ရာ အိမ်ခြံဝင်းတွေကိုသွားပြီး အထက်ကလို ပဟေဠိတွေနဲ့ ပြောဆိုတတ်ကြပါတယ်။ ကောင်လေးက “လူပျို”ဖြစ်ကြောင်း ပြောတဲ့အခါ ကောင်မလေးက “နောက်ပိုး” ဆိုပြီးပြန်ဝှက်ကာ ဖြေပါမယ်။ ကောင်လေးက“ချစ်တယ်၊ ကြိုက်ပါ” စသဖြင့် ဝှက်လိုက်တာကို ကောင်မလေးက မကြိုက်ရင်ဖြင့် “ကြိုက်ပါဘူး။ ဆုတ်ပြန်”စသဖြင့် ဝှက်ပြီး ဖြေတတ်ကြတယ်လို့ ဆိုပါတယ်။
ရှေးမြန်မာတွေဟာ စကားဝှက်၊ စကားလိမ်တွေ ဖွက်ရာမှာ အတော်လေးဝါသနာ ကြီးပုံ ရပါတယ်။ ချစ်မှုရေးရာတွေမှာတင် မဟုတ်ပါဘူး။ အသီးအနှံ၊ အရာဝတ္ထု စတာတွေကိုလည်း ပဟေဠိတွေ ဖွက်လေ့ရှိပါတယ်။
မေး။ ။ ကိစ္စတုံး သောင်ပြင်မှာ ရှိသည်။
ဖြေ။ ။ ကိစ္စတုံးသည်ကို (ပြီး) သည်ဟု ခေါ်၏။ သောင်ပြင်တွင် (သဲ) ရှိ၏။ ပြီးသဲ = ပဲသီး
မေး။ ။ ကျောက်စရစ် စောင်ခြုံ
ဖြေ။ ။ ကျောက်စရစ်က (မာ) သည်။ စောင်ခြုံက (လုံ) သည်။ မာလုံ = မုန်လာ။
မေး။ ။ တောကြီး သီတာ
ဖြေ။ ။ တောကြီးလျှင် (ထွင်) ရ၏။ သီတာက (အေး) သည်။ ထွင်အေး (ထွေးအင်) = ထွေးခံ
မေး။ ။ စန္ဒာ အဖေ့အဖေ သီတာ ပတ်ကြား
ဖြေ။ ။ စန္ဒာသည် (လ) ဖြစ်သည်။ အဖေ့အဖေသည် (ဘိုး) ဖြစ်သည်။ သီတာသည် (ရေ) ဖြစ်သည်။ ပတ်ကြားသည် (အက်) သည်။ လဘိုးရေအက် = လဘက်ရည်အိုး
မေး။ ။ စံပယ်ဖူးစ ဆီယောင်းမ
ဖြေ။ ။ စံပယ်ဖူးစတွင် (ငုံ) သည်။ ဆီယောင်းမက (မွှေ) ရသည်။ ငုံမွှေ = ငွေမှုန်
မေး။ ။ အကို့မယား အိပ်ချင်
ဖြေ။ ။ အကို့မယားကား (မရီး) ဖြစ်သည်။ အိပ်ချင်လျှင် (သမ်း) သည်။ မရီးသမ်း = မရန်းသီး။
မေး။ ။ ထိုထိုဤဤသွားလာလျှင် အိပ်ချင်
ဖြေ။ ။ ထိုထိုဤဤသွားသည်မှာ (ခရီး) ဖြစ်သည်။ အိပ်ချင်လျှင် (သမ်း) သည်။ ခရီးသမ်း
Credit မူရင်း
Post a Comment