ပျိုလေးတို့ အိမ်ခေါင်မိုး (ဂျာနယ်ကျော် မမလေး)
------------------------------------------------
သာလိုက်သည့်လဟု လူတိုင်း၏ ပါးစပ်ဖျား၌ ပြောကြရသော ညဖြစ်၏။ ခုတင်ပေါ်၌ လဲလျောင်းနေသော အဝင်း၏ ကိုယ်ပေါ်၌ လရောင်သည် ရွှန်းစိုလျက် ရှိနေ၏။ လရောင် ဆမ်းထားသော အဝင်း၏ အသည်းနှလုံးတို့သည် ဆီထဲတွင် နှစ်စိမ်ထားသော ဂွမ်းပုံကဲ့သို့ အတိုင်းမသိ နူးညံ့ ပျောင်းအိနေလေသည်။ ငွေလရောင်ထဲ၌ မိန်းမောကြည်နူး နေစဉ်တွင်း အဝေးမှ လွင့်လာသော တယောသံကို သဲ့သဲ့ကြားရစ ပြုသည်။ အဝင်းသည် ရင်ထဲ၌ သိမ့်ခနဲနေအောင် ဖိုသွားသည်။ လှိုက်ဖိုကာ အသက်ရှူ မမှန်ခြင်းကို သတိရတစ်ချက် မရတစ်ချက်ဖြင့် တယောသံမှာ နီးကပ်လာလေသည်။
လက်မောင်းပေါ်၌ တယောကို တင်လျက် ခေါင်းငိုက်ငိုက် ထား၍ ဆွဲငင် ထိုးနေဟန်ကို ဒက်ခနဲ မြင်လိုက်ရသည်။ တယောထိုးသူ၏ ပုံပန်းသဏ္ဌာန်မှာ အဝင်း စိတ်ကြိုက်အတိုင်း ရုပ်ရှင်မင်းသားနှင့် တူလေသည်။ အဝင်း၏ မျက်လုံးထဲတွင် သူ့လောက်ချောသူ မရှိဟု ထင်လေသည်။ ဗိုလ်ကေဖြီးပုံမှာ ဘယ်ကာလသားနှင့်မှ ပုံစံမတူအောင် ဖြီးသည်။ ရှေ့က အမောက်ကလေး ထောင်ထားကာ နောက်လှန်၍ ဖြီးချထား ပုံသည် ချပ်ချပ်ရပ်ရပ် ရှိလွန်းသဖြင့် မျက်လုံးထဲ၌ ဗိုလ်ဆံတောက် ပုံစံကို စွဲနေသည်။
မျက်လုံးမျက်ဖန် ကောင်းသည်မှာ အထူးပြောစရာ မရှိ။ အမှန်မှာ ခပ်ညုညုနှင့် ကြာပေး၍ ကြည့်လေ့ရှိသော အကြည့်ကို စွဲမက်နေခြင်းဖြင့် မျက်လုံးမျက်ဖန် ကောင်းလှသည်ဟု ထင်မှတ် နှစ်သက်နေခြင်း ဖြစ်သည်။ ရှေ့တည့်တည့်က ကြည့်ရသည်ထက် ဘေးစောင်း ကြည့်ရသော သူ့နှာခေါင်းက ပို၍ ပေါ်လှသည်။
အချိုးကျကျ ချွန်၍ နေသော နှာခေါင်းသည် အဝင်း စိတ်ကြိုက်နှင့် အတွေ့ဆုံး ဖြစ်သည်။ ရယ်လိုက်လျှင် သူ့နှုတ်ခမ်းပါးကလေး ပင့်သွားကာ ရွှေသွားများ ပေါ်သွားတတ်သည်။ အဝင်းမှာ ရွှေသွားကို ကြိုက်လှသည်တော့ မဟုတ် ဇာတ်မင်းသား ဆန်သလိုလို ထင်မိသည်။ ရွှေသွားတွေ မပေါ်အောင် ပြုံးရုံပဲ ပြုံးခိုင်းမည်ဟု အလိုမကျသော စိတ်ကို ဖြေဖျောက်ပစ်၏။ အရပ်အမောင်းနှင့် ပတ်သက်၍ သူလိုငါလို မနိမ့်မမြင့်ထဲက ဖြစ်သည့်အတွက် ထူးထူးခြားခြား အမှတ်မထားမိချေ။ ပိုးပုဆိုး တစ်ပတ်ရစ်ကို အမြဲ ဝတ်တတ်လျက် လက်ကိုင်ပဝါဖြူကို လည်ပင်း ချည်တတ်သော အလေ့ရှိသဖြင့် သည်ဟာကိုတော့ ထူးထူးခြားခြား အမှတ်ထားခဲ့သည်။ အဝင်းသည် ခုတင်ပေါ်မှ ထ၍ မကြည့်သော်လည်း ပိုးပုဆိုး တစ်ပတ်ရစ်နှင့် လက်ကိုင်ပဝါ လည်ပင်းချည်၍ တယောထိုးလာသည့် ပုံပန်းသဏ္ဌာန်ကို ကွင်းခနဲ ကွက်ခနဲ မြင်နေရသည်။
"ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာတဲ့လေး"
အိမ်ရှေ့နား ရောက်ခါနီးမှ တယောသံနှင့်အတူ သူအသံ ထွက်ပေါ်လာသည်။ အဝင်းမှာ သူ့အသံကို ကြားလိုက်ရုံနှင့် တစ်ကိုယ်လုံး သိမ့်သိမ့်တုန်သွား လေသည်။ လက်ဖျား ခြေဖျားတွေ အေးစက်သွားလျက် ရင်ထဲတွင် တလှပ်လှပ် ဖြစ်လာသည်။ စောစောက ငွေလရောင် ပက်ဆမ်းထားသော အသည်းနှလုံးတို့သည် သီချင်းသံ လွှမ်းဖုံးသွား၍ သိမ်းကြုံး ဆွဲငင်ထားသလို ဖိန်းခနဲ ရှိန်းခနဲနှင့် မပြောတတ်သော ဝေဒနာတစ်မျိုး ဖြစ်ပေါ်လာသည်။ ဘယ်သူ့ အသံနှင့်မှ မတူအောင် သူ့အသံထဲတွင် ထူးခြားသော အဆွဲအငင်ဓာတ်တစ်မျိုး ရှိသည်ဟု ယူဆမိသည်။ အသံကို တွန့်ကာတွန့်ကာ ဆွဲငင် ဆိုလိုက်သည့် အခါများ ဆိုလျှင် အဝင်းမှာ နားဝင်စိမ့်သလောက် အသည်းခိုက်အောင် ဖိန်းခနဲ ရှိန်းခနဲ ဝေဒနာ ရစမြဲ ဖြစ်သည်။
အဝင်းသည် သီချင်းသံကို နားစိုက်ထားလျက် အကြည်ဆိုက်ကာ ဖိန်းခနဲ ရှိန်းခနဲ ဖြစ်နေရင်းမှ ဒီနေ့ည သူ့နောက်သို့ လိုက်ပြေးတော့မည့် အချိန်းအချက်ကိုလည်း သတိရှိနေသည်။
ငွေလရောင်ထဲတွင် တစ်ဦးကိုတစ်ဦး တင်းတင်းဖက်ကာ ပြေးကြမည့်ပုံကို မြင်ယောင် ကြည့်လိုက်သည်။ ခေါင်းလိမ်းဆီနံ့ လိုလို၊ ရေမွှေးနံ့ လိုလို ပြေးရင်းလွှားရင်း မွှေးကြိုင်နေမည့် သူ့ကိုယ်နံ့ကို ရှူရှိုက်ကြည့်မိသည်။ အဝင်းမှာ ရင်ခုန်လာသည်။ တအား ဖက်ထားသော သူ့လက်မောင်း၏ အထိအတွေ့ကို ခံစားကြည့်မိသည်။ ယခုပင် လာ၍ ဖက်ထားသလို အောက်မေ့ရလျက် ပခုံးကလေးကို ကြုံ့ထားလေသည်။ အဝင်းသည် ရှက်သွေးဝင်ကာ ရုန်းကြည့်လိုက်သည်။ ရုန်းကာမှ အတင်းလိုက်ဖက်ကာ ပြုံးစိစိနှင့် မျက်နှာချင်းအပ် ကြည့်နေတော့သည်။ ပြုံးစိစိ အကြည့်တွင် ခံတွင်းထဲမှ ရွှေရောင် လက်နေသဖြင့် အဝင်းသည် ကြာရှည်စွာ ဆက်မတွေးချင်တော့ဘဲ တယောသံဆီသို့ အာရုံ ပြောင်းပစ်လိုက်သည်။
တယောသံမှာ လှမ်းသွားလေသည်။ သီချင်းသံမှာ နားထဲတွင် ကျန်ရစ်လေသည်။ အေးမြနေသော ကိုယ်လက်တို့သည် ချက်ချင်း ပူတက်လာသည်။ ရင်ထဲ၌လည်း တဒိတ်ဒိတ် ပိုခုန်သည်။ အသက်ရှူရ ကြပ်သလိုလို ပို၍ သက်ပြင်း ချလိုက်လေသည်။ သက်ပြင်း ချသည့်အခါ တစ်ဖက်၌ အိပ်နေသော အဒေါ်နိုးသွားမှာ ကြောက်သဖြင့် ရဲရဲပင် မချဝံ့ဘဲ မျှင်မျှင်ကလေး ချနေရလေသည်။
တယောသံ ဝေးသွား၍ သီချင်းသံ ပျောက်သွားသည့် အခါ အဝင်းသည် ဘော်လီအိတ်ထဲမှ စာခေါက်တွင် ပါသော အချက်အလက်များကို ပြန်စဉ်းစားလိုက်သည်။ ညဦးယံက အခေါက်ပေါင်း များစွာ ဖတ်ခဲ့သော စာမှာ ဘယ်အခေါက်မှ အေးအေးဆေးဆေး မဖတ်ရချေ။ လူကြီးတွေ အလစ် ခိုးကြောင်ခိုးဝှက် အပြေးအလွှားသာ ဖတ်ခဲ့ရသဖြင့် တချို့ဟာတွေကို မှတ်မိသလိုလို မမှတ်မိသလိုလို ဇဝေဇဝါ ဖြစ်လာပြန်သည်။
နံနက် ၄ နာရီ တိတိ နောက်ဖေးပေါက်က စောင့်နေမည်။ ဆင်းလာခဲ့ပါ။ မြစ်ဆိပ်မှာ သမ္ဗာန်ငှားပြီး စောင့်ခိုင်းထားမယ်။
အဝင်းသည် စာကို ပြန်စဉ်းစား၍ မြစ်ဆိပ်ဆိုတာ ဘယ်မြစ်ဆိပ်ပါလိမ့်။ မြို့စွန်က ဆိပ်လား သင်္ဘောကပ်သည့် ဆိပ်လားဟု မသဲမကွဲ ဇဝေဇဝါ ဖြစ်နေသည်။ နံဘေးတွင် အဒေါ်အိပ်နေသဖြင့် မီးဖွင့်ကာ စာကိုလည်း ထမဖတ်ရဲချေ။ တောင်တွေး မြောက်တွေးနှင့် မရေမရာသော မြစ်ဆိပ် အကြောင်းကို မေ့ပျောက်သွားကာ သမ္ဗာန်ထဲသို့ နှစ်ယောက်အတူ ရောက်သွားပြန်သည်။
အဝင်း၏ ကိုယ်ထဲမှ လိပ်ပြာ လွင့်သွားလေသည်။ ပန်းမျိုးစုံ ဖူးပွင့်နေသော ပန်းဥယျာဉ်ကြီးထဲဝယ် ကြိုင်လှိုင်ထုံသင်း နေသော ပန်းရနံ့မျိုးစုံတို့ဖြင့် ကြည်နူး၍ မဆုံးနိုင်သည့် အဝင်း လိပ်ပြာသည် ဟိုမှာ သည်မှာ ကူးလူးပျံသန်း၍ ပျော်မြူးနေလေဘိ၏။
ရုတ်တရက် အဒေါ်က ချောင်းဆိုးလိုက်သည်။ အဝင်းသည် ဖျတ်ခနဲ လန့်သွားလေသည်။ သမ္ဗာန်ထဲ၌ ကြောက်အားပို၍ ဖိုနေသော ရင်ကို ယောင်ယမ်း၍ ဖိမိလျက် အတန်ကြာ အသက်ရှူ မှားနေလေသည်။
အသက်ကို မှန်အောင် ပြန်ရှူရင်း တစ်ချက် စဉ်းစားမိသည်မှာ သမ္ဗာန်နှင့် တစ်ဖက်ကမ်းက ရွာကို ရောက်ကြပြီးနောက် ရှေ့လျှောက် ဘယ်လို နေကြ ထိုင်ကြပါမည်နည်း။ အဝင်းသည် သည်နေရာတွင် ရပ်တန့်သွားသည်။ ရှေ့ဆက်၍ စဉ်းစားထားခြင်း ဘာမျှ မရှိသဖြင့် ရှေ့ဆက်၍ စဉ်းစားစရာ ရှာမတွေ့ဘဲ ယောင်လည်လည် ဖြစ်နေလေသည်။
မောင်မောင်လေး ဆိုလျှင် တစ်မြို့လုံးက သိကြသည်။ ဦးလေး လုပ်သူက သားအဖြစ် မွေးစားကာ ရန်ကုန်ကျောင်းတွင် သွားထားသည်။ ၁၀ တန်း သုံးနှစ်ကျ၍ ပြန်ခေါ်ထားရသည်။ ဦးလေးမှာ စီးပွားပျက်ကာ ဆန်စက်ပိုင်ရှင် ဘဝမှ စပါးပွဲစား လုပ်နေရသည်။ ကျောင်းလည်း မနေ အိမ်လည်း အဖော်မရ တစ်နေ့တစ်နေ့ ပိုးပုဆိုး တစ်ပတ်ရစ် ဝတ်လျက် လက်ကိုင်ပဝါ လည်ပင်းချည်ကာ လတ်လျားလတ်လျား သွားနေသောသူမှန်း အဝင်း မသိ၍တော့ မဟုတ်။ ဖဲဝိုင်းကောင်းလျှင် ဖဲဝင်ရိုက်သည်။ တီးဝိုင်းတွေ့လျှင် တယော ကောက်ထိုးတတ်သော မောင်မောင်လေး အကြောင်းကို ကောင်းကောင်းသိသည်။
အဝင်းသည် တစ်ဖက်ကမ်း ရောက်သွားပြီးနောက် ရှေ့ဆက်၍ မစဉ်းစားတတ်ဘဲ ယောင်လည်လည် ဖြစ်နေရင်း ဗြုံးခနဲ အကြံတစ်ခု ပေါ်လာသည်။ စုံမှိတ်ထားသော မျက်လုံးကို မဖွင့်ဘဲ မျက်ခုံးနှစ်ဖက်ကို အထက်သို့ ပင့်၍ တင်ကာ သက်ပြင်းကို မျှဉ်းချလျက် ပြုံးလိုက်လေသည်။ လက်ဝတ်လက်စားတွေ ရှိသားပဲ။
အဝင်းကိုယ်တွင် ဝတ်ဆင်ထားသော လက်ဝတ် လက်စားများသည် ကာလတန်ဖိုး ငါးထောင်လောက် တန်သည်။ စိန်နားကပ်၊ စိန်လက်စွပ်၊ စိန်ကြိုးနှင့် ရွှေလက်ကောက် ခုနစ်ကွင်းသည် အဝင်းကို စိတ်သက်သာရာ ရအောင် အားသွင်း ပေးနေကြသည်။ စိန်နားကပ် ရောင်းလိုက်မည်။ စိန်ကြိုး ရောင်းလိုက်မည်။ မရောက်ဖူးသော မန္တလေးကို လေယာဉ်ပျံနှင့် သွားတောင် လည်နိုင်သည်။ အဝင်းသည် လေယာဉ်ပျံနှင့် ခရီးသွားအံ့ဆဲဆဲ ဂတ်တဲမှ သံချောင်းခေါက်သံ ကြားလိုက်ရသည်။ သံချောင်းသံကို နားစိုက်ကာ ရေမှတ်ကြည့်သည်။ ဆယ့်တစ်ချက် ခေါက်သွားပြီး သံချောင်းသံကို နားစိုက်ကာ ရေမှတ်ကြည့်သည်။ ဆယ့်တစ်ချက် ခေါက်သွားပြီး သံချောင်းသံ ပျောက်သွားသည်။ အဝင်းမှာ နောက်ထပ် အသံလာနိုးနိုးနှင့် စောင့်ဆိုင်းနေရင်း သံချောင်းသံ ထွက်ပေါ်လာသော ဂတ်တဲကို မျက်စိထဲ၌ မြင်ယောင်သွားသည်။ ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွားလေ၏။ လက်ဝတ်လက်စားများ ယူသွား၍ မိဘတွေက ဘယ်နည်းနှင့်မျှ ကြည့်နေကြမည် မဟုတ်။ အလိုလိုကမှ သူနှင့် လိုက်ပြေး၍ သဘောမတူရသည့်အထဲ လက်ဝတ်လက်စားတွေပါ ယူပြေးလျှင် လူကြီးတွေက ဂတ်ကို သွားတိုင်ကြမှာ သေချာသည်။ အသက် ၁၇ နှစ် ရှိ၍ ဥပဒေကြောင်းနှင့် လွတ်သော်လည်း လက်ဝတ်လက်စားတွေက ဒုက္ခပေးနိုင်သည်။ ပိုးပုဆိုး တစ်ပတ်ရစ်နှင့် လက်ကိုင်ပဝါ လည်ပင်း စည်းထားသော မောင်မောင်လေး၏ ရုပ်ပုံမှာ လက်ထိပ်ကားရားနှင့် ဖြစ်သွားလေ၏။ အဝင်းမှာ ခေါင်းနားပန်း ကြီးသွားလေသည်။ ဒါတွေ ထားခဲ့မှ ထားခဲ့မှဟု စိတ်ထဲမှ ရေရွတ်လျက် စိန်ဆွဲကြိုးကို ဆုတ်ကိုင်ရာ ရင်ထဲ တဒိတ်ဒိတ် ခုန်နေခြင်းကို သတိထားလိုက် မိလေသည်။
လရောင်မှာ သာချင်တိုင်း သာနေတော့သည်။ ညဉ့်နက်လေ ပို၍ သာလာလေသည်။ အိပ်ခန်း တစ်ခန်းလုံး လင်းထိန်လျက် ရှိ၏။ တစ်အိမ်လုံး အပ်ကျသည်ကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေ၏။ အဝင်းသည် အခန်းကို ပတ်ချာလှည့်၍ ကြည့်ကာ ဤ အိမ်ကြီးနှင့် ခွဲခွာ၍ သွားရတော့မည့် အသိကို ခံစားမိသည်။ အထူးသဖြင့် သူ့အိပ်ခန်းမှာ အမှတ်ရစရာ ဖြစ်နေသည်။ ငယ်စဉ်ကတည်းက သည်အိပ်ခန်းထဲတွင် သည်အဒေါ်နှင့် အတူတူ အိပ်ခဲ့သည်။ အဒေါ်ကိုလည်း ချစ်သည်။ မောင်မောင်လေး ပေးသောစာကို အဒေါ်မိသွားစဉ်က "ရေထမ်းသမားနဲ့ ယူရင် နင့်ကို ရေထမ်း ကျွေးလိမ့်ဦးမယ်။ ဒီလို လတ်လျားလတ်လျား ပေါ်ကြော့လုပ်နေတဲ့ အကောင်က နင့်ကို ထမင်းတစ်လုတ် ကျွေးနိုင်လိမ့်မယ် ထင်လို့လား" ဟု လက်ညှိုး ငေါက်ငေါက်ထိုးကာ ပြောဆိုသည်ကို အမှတ်ရမိသည်။ အဝင်းသည် အဒေါ့်ဘက်သို့ အသာ လှည့်ကြည့်လိုက်၏။ ယောက်ျားနှင့် ပတ်သက်လျှင် အရှက်အကြောက် ကြီးသော အဒေါ်အပျိုကြီး၏ ဘဝကို စဉ်းစားကြည့်လေသည်။ တဆိတ်ရှိ "မိန်းမဆိုတာ အရှက်နဲ့ လူလုပ်တာ အသက်နဲ့ လူလုပ်တာမဟုတ်ဘူး" ဟု ဗျစ်တောက်ဗျစ်တောက် ပြောတတ်သော အဒေါ်ကို ပြုံးကြည့်လိုက်လေသည်။ "နက်ဖြန် ငါမရှိရင် ငါ့အစား သူဘယ်လောက် ရှက်လိုက်မလဲ" ဟု တွေးနေခိုက် အဝေးမှ တယောသံ တစ်ပတ်ကျော့လာပြန်သည်။
အဝင်းသည် ဆတ်ခနဲ အောက်နှုတ်ခမ်းကို ကိုက်လိုက်လေသည်။ ဒီတစ်ချီ တယောသံမှာ နားထဲတွင် ခါးသွားလေသည်။
ဘာဖြစ်လို့မှာ တစ်ခေါက် ပြန်လာရပါလိမ့်။ သူလုပ်တာနဲ့ လူကြီးတွေ ရိပ်မိကုန်တော့မယ်။
အဝင်းသည် မောင်မောင်လေးကို စိတ်ဆိုးသွားသည်။ သူလုပ်လိုက်မှဖြင့် သည်လိုချည်းပဲဟု စိတ်ပေါက်လာသည်။ စိတ်ပေါက်သွား၍ စိတ်နှင့် မတွေ့ခဲ့သော အချက်ကလေးတွေမှာ အလျှိုလျှို ပေါ်လာလေသည်။ အဝင်း ကျောင်းတက်လျှင် နောက်က တကောက်ကောက် လိုက်တတ်သည်။ ဈေးသွားလျှင်လည်း နောက်က လိုက်လာကာ မြင်နိုင်လောက်သော လက်ဖက်ရည်ဆိုင်မှ ကိုယ်ယောင် ပြနေတတ်သည်။ အဒေါ်ပါလာမှန်း သိလျက် လူကို အငမ်းမရ ကြည့်ကာ လစ်လျှင် လစ်သလို ပြုံးစိစိနှင့် လျှာထုတ်၍ ပြတတ်သည်။ အဝင်းမှာ ရုပ်ကလေးကိုသာ စွဲ၍ သဘောကျနေကာ သူ့အမူအရာတွေကိုတော့ စိတ်နှင့် မတွေ့ရိုးအမှန် ဖြစ်သည်။
တယောသံမှာ အိမ်နားသို့ နီးကပ်လာသည်။ အိမ်ရှေ့ ရောက်ခါမှာ သူ့သီချင်းသံ ထွက်ပေါ်လာသည်။
"ပျိုလေးတို့ အိမ်ခေါင်မိုး၊ ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာတဲ့လေး"
သူ့ သီချင်းသံနှင့်အတူ ခေါင်းရင်းခန်းမှ ဖခင်၏ ချောင်းသံကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။ အစ်ကိုနှစ်ယောက် အိပ်နေသော အလယ်ခန်းမှ လှုပ်လှုပ်ရှားရှား အသံများ ထွက်လာကြသည်။ အပြင်ဘက်မှ တယောသံ စီစီညံညံနှင့် အိမ်ထဲမှ အသံဗလံများ လုံးထွေးသွားကာ သူ့နားထဲသို့ ဝရုန်းသုန်းကား ဝင်ရောက်လာသည်။ အဝင်းမှာ အသက်ရှူ မှားသွားလေသည်။
စိတ်မရှည်နိုင်တော့သည့် အလား တယောသံတွေ မြန်မြန်ဝေးသွား စေချင်သည်။ တယောသံ ဝေးသွားရန် အကြာကြီး စောင့်ရသည်ဟု ထင်မိသည်။ အကြာကြီး စောင့်နေရခိုက် တယောသံကို ကြားနေရသည်မှာ မခံမရပ်နိုင် လောက်အောင်ပင် ဖြစ်လာလေသည်။ နားတစ်ဖက်က အဖေတို့ အခန်းနှင့် အစ်ကိုများ ရှိရာ အခန်းမှ ဘာသံ ကြားရမလဲဟု စွင့်ထားစဉ် ချွေးပြန်လာလေသည်။ လမ်းပေါ်က အသံနှင့် အိမ်ပေါ်က အသံများ ထွေးလုံးရစ်ပတ် ဖြစ်သွားစဉ်က တစ်ဦးတစ်ယောက် ထလာကာ အခန်းတံခါးကို လာတွန်းသလိုလိုပင် စိတ်ထဲ၌ ထင်ယောင်ထင်မှား ဖြစ်မိသေးသည်။
တယောသံလည်း ပျောက် အိမ်ထဲကလည်း ဘာသံညာသံမှ မကြားရမှ အဝင်းသည် အသက်ဖြောင့်ဖြောင့် ရှူနိုင်သွားတော့သည်။ တယောသံ ပျောက်သွားသော်လည်း နားထဲတွင် ဖခင်၏ ချောင်းဆိုးသံကြီး မပျောက်နိုင်ဘဲ စွဲကျန်ရစ်ပြန်၏။
မျက်ထောင့်နီကြီးနှင့် မျက်မှောင်ကြုတ်၍ ထားသော ဖခင်ကြီးသည် စိတ်ဆိုးမာန်ဆိုးနှင့် စိုက်ကြည့်နေသည်။ အဝင်းမှာ နေစရာမရှိအောင် ဖြစ်သွားလေသည်။ အမေ ဆယ်ခါ ကြိမ်းသည်ထက် အဖေ တစ်ကြိမ်တစ်ခါ မျက်နှာထား တင်းသည်ကို ပိုကြောက်ရသည်။ အဖေသာ မဟုတ် အစ်ကိုနှစ်ယောက်ကပါ စားမတတ် ဝါးမတတ် ဒေါသတကြီး ကြည့်နေကြသည်။ အဝင်းမှာ ဒေါသ ချောင်းချောင်း ထွက်နေကြသော မျက်လုံးဒဏ်ကို မခံနိုင်ရကား မျက်စိထဲက မြန်မြန် ပျောက်ကုန်အောင် ဖျောက်ဖျက်ပစ်ယူရသည်။
နံနက်မိုးသောက်စ ဤအိမ်တွင် သူမရှိမှန်း သိသိချင်း တစ်အိမ်သားလုံး ယောက်ယက် ခတ်နေကြမည့် ပုံသဏ္ဌာန်သည် ပေါ်လာပြန်လေသည်။ လူစေ့တက်စေ့ ဒေါသ ထွက်နေကြသော မျက်နှာ အသီးသီးတွင် မျက်ရည်စက်လက်နှင့် ကရုဏာဒေါသော ဖြစ်နေသော အဒေါ်၏ မျက်နှာမှာ စိတ်ထိခိုက်စရာ ကောင်းနေသည်။ အဝင်း ခေါင်းထဲတွင် ဗြုန်းခနဲ မဆီမဆိုင် အတွေးတစ်ခု ရောက်လာသည်။ အိမ်ရှိလူထဲမှ တစ်ဦးတစ်ယောက် အသက်ပျောက်သွားသဖြင့် အပူမီးကပ်ကြကာ နံနက်စောစော ဒေါင်းတောက် ဗျာများနေကြသော မသာအိမ်ကို သွားတွေးနေမိသည်။ ဒီလိုပဲ နေမှာလားဟု ထင်မြင်ကြည့်မိသည်။
အဝင်း လင်နောက် လိုက်သွား၍ အိမ်သားတစ်ယောက် လျော့သွားသော အိမ်ကြီးမှာ ညှိုးမှိုင် ခြောက်ကပ်သွားကာ မသာမယာ ဖြစ်နေသည်။ စောစောပိုင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသလောက် အသံများ တစ်စတစ်စ ငြိမ်သက်သွားကာ မျက်စိမျက်နှာ ပျက်လျက် ငိုင်မှိုင်နေကြပုံကို တွေးကြည့်မိသည်။ အဝင်းသည် ချက်ချင်း စိတ်မကောင်း ဖြစ်သွားကာ သနားသွားလေသည်။ လမ်းမှ မထွက်ရဲအောင် ဖြစ်ကြမည့် အစ်ကို နှစ်ယောက်၏ မျက်နှာကို မကြည့်ဝံ့သလောက်ပင် မျက်နှာပူလာသည်။ အမေကသာ မိုးမွှန်အောင် ဒေါသကြီးနေလျက် အဖေမှာ တောက်တစ်ခေါက်ခေါက်နှင့် မျက်နှာကြီး ပုပ်သိုးထားကာ အိမ်ထဲတွင် နေစရာ ထိုင်စရာ မရှိအောင် ဖြစ်နေရှာမှာကိုတော့ အတတ်သိနေသည်။
အဝင်းသည် မျက်လုံးဖွင့်လိုက်ကာ အိမ်ကြီးကို တွယ်တွယ်တာတာ ကြည့်လိုက်မိသည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များ လည်နေလျက် လှိုက်ဖိုလာလေသည်။ အဝင်း မျက်ရည် လည်နေသလို မျက်ရည်စမ်းစမ်းနှင့် ညှိုးမှိုင်နေသော မောင်မောင်လေး၏ မျက်နှာသည် ပေါ်လာပြန်သည်။ မောင်မောင်လေး၏ မေတ္တာစာများထဲတွင် သတ်သေ ရပါလိမ့်မည်ဟူသော စကားလုံးများမှာ အစောင်တိုင်း ထပ်နေရာ သူဆင်းမလိုက်လျှင် သူ့ကိုယ်သူများ သတ်သေမလားဟု ပူပန်သောက ရောက်သွားရပြန်သည်။
ဂတ်ထဲမှ သံချောင်းနှစ်ချက် ခေါက်လိုက်လေသည်။ အဝင်းမှာ အချိန်နီးပြီဟု ရင်ထဲတွင် ဒိန်းခနဲ ဆောင့်သွားသည်။ တုန်ရီသော လက်များဖြင့် နားကပ်ကို ချွတ်ယူသည်။ ဆွဲကြိုးကို ဖြုတ်သည်။ လက်စွပ်ကို ချွတ်ယူလိုက်သည်။ ချွတ်ပြီးသော ပစ္စည်းများကို ခေါင်းအုံးအောက်သို့ အသာထိုးသွင်းသည်။ လက်ကောက် ခုနစ်ကွင်းကို ချွတ်သည့် အခါတွင် အသံထွက်သွားသဖြင့် အဒေါ်သည် လူးလွန့်ကာ သူ့ဘက်သို့ စောင်းလိုက်သည်။ အဝင်းသည် အသက်ပင် မရှူဝံ့ဘဲ အသာ ကုပ်နေလေသည်။ လူကြီးတွေအလစ် ခက်ခက်ခဲခဲ ထုပ်ပိုးထားရသော အဝတ်ထုပ်ကြီးမှာ ခုတင်အောက် ချောင်ထဲတွင် ရှိသည်။ လေးနာရီ မထိုးမီ သည်အထုပ်ကြီး ဆွဲထုတ်ကာ အိမ်အောက် မီးဖိုထဲ၌ ဆင်းစောင့်နေမှဟု တွက်ကိန်းချနေသည်။
အစီအစဉ်များ ပြင်ဆင်တွက်ကိန်း ချနေခိုက်မှ အိမ်ကြီးက ချော့မော့နေသည်။ "မသွားပါနဲ့ အဝင်းရယ်၊ နင်သွားရင်တော့ ဒီအိမ်ကြီးပေါ် ပြန်တက်ရမှာ မဟုတ်ဘူး" အဝင်းမှာ စိတ်တင်း၍ မရနိုင်အောင် ရင်ထဲ၌ ရှိုက်နေလေသည်။ တအား လျော့သွားသော စိတ်များမှာ ချောက်ချား ပူပန်လာသည်။ "ပြန်မလာရဘူး ဆိုတာ သိပါတယ် အိမ်ကြီးရယ်၊ သိပါတယ်" ဟုဝမ်းပန်းတနည်း ပြန်ပြောမိသည်။ ပြောပြီး မျက်ရည်များ စီးကျလာသည်။
အချိန် နီးကပ်လေလေ လူကြီးတွေ မျက်နှာကို အိုးမည်သုတ်ကာ ထွက်သွားရမှာ သွေးလန့်လာသည်။ တစ်ဦးတည်းသော သမီးဖြစ်၍ အားလုံးထက် အဖေက သေခန်းဖြတ်မှာကို အသေအချာ တွက်မိသည်။ ဖြတ်ပေစေဟု စိတ်ကိုတင်းသည်။ စိတ်တင်းသည့် ကြားထဲက တကယ်ဖြတ်မှာကို ကြောက်ဆုတ် ကြောက်ဆုတ် ဖြစ်လာသည်။
အဝင်းသည် စက်သူဌေးသမီး မအေးကြည်ကို သတိရလိုက်သည်။ လင့်နောက် လိုက်သွားပြီး လူကြီးတွေက ပြန်လက်မခံဘဲ ပစ်ထားသည်။ မအေးကြည် ယောက်ျား ဂတ်စာရေးကလေး ကိုသန်းမောင်သည် ရသည့်လခ အကုန်လုံး သောက်ပစ်ကာ မယားကို တဖုန်းဖုန်း ရိုက်တတ်သည်။ ဂတ်တဲဆီက လင်မယား ရန်ဖြစ်ပြီး မအေးကြည် အော်ဟစ်ငိုသော အသံများကို တစ်ခါတစ်ခါ ကြားရသည်။ ပါသမျှ ပစ္စည်းများ ဖဲရိုက်ပစ်ကာ ကလေးတစ်ယောက်နှင့် ရုပ်မပေါ်အောင် ဖြစ်နေသော မအေးကြည်ကို မြင်တိုင်း မြင်တိုင်း သူ ကဲ့ရဲ့ခဲ့သည်။ အဝင်းသည် မအေးကြည် အကြောင်းကို ရှေ့ဆက် မတွေးမိရန် ရပ်ပစ်သည်။
မအေးကြည် အကြောင်း ရပ်ပစ်ပြီးမှ သူတို့ သူတို့ အလျှို အလျှို ပေါ်လာကြ ပြန်သည်။
သူနှင့် ရွယ်တူတန်းတူ ဖြစ်ကြသည့် တစ်တန်းတည်းနေ ကျောင်းသူ အဖော် တစ်စုထဲတွင် ယစ်မျိုးဝန်ထောက် သမီးနှစ်ယောက် သူ့ကို မဲ့ရွဲ့ ကဲ့ရဲ့နေကြသည်။ သူတို့နှင့် ပွဲလမ်းသဘင် သွားလျှင် ဂုဏ်တုဂုဏ်ပြိုင် ဖြစ်သည့် သူတို့ အကဲ့အရဲ့ကို ခံနေရသည်။ အဝင်းသည် သူတို့နှင့် ဝေးရာ ထွက်ပြေးကြည့်သည်။ သူတို့နှင့် လွတ်အောင် ရှောင်ကြည့်သည်။ ဘယ်ပြေးပြေး၊ ဘယ်ရှောင်ရှောင် ညီအစ်မ နှစ်ယောက်မှာ မဲ့ကာရွဲ့ကာ မေးထိုးကာနှင့် ပြောင်လှောင် ရှုံ့ချနေကြသည်။ အဝင်းမှာ ရှက်လွန်း၍ လဲသေလိုက်ချင်သည်။ မင်္ဂလသုတ် ဆုရသော အချစ်ဆုံး သူငယ်ချင်း မချစ်ရီကလည်း အဖက်မလုပ်တော့ဘဲ လူမြင်လျက်နှင့် ရှက်ကိုးရှက်ကန်းဖြင့် ချာခနဲ လှည့်သွားသည်။ မချစ်ရီမှာ အမေမရှိဘဲ အဖေအုပ်ထိန်းကာ ကြီးပြင်းလာခဲ့ရသော ရိုးရိုးသားသား နေထိုင်တတ်သူကလေး ဖြစ်သည်။ အသင့်အတင့်သာ ဝတ်စားနိုင်သူ ဖြစ်သဖြင့် သူငယ်ချင်းအားလုံးထဲတွင် သူ့ကို သနားကာ ပို၍ ခင်မင်မိသည်။ မချစ်ရီလေးက မခေါ်ချင်သလိုလို၊ မပြောချင်သလိုလို၊ ကျောခိုင်းသွားပုံမှာ အသည်းအနာဆုံး ဖြစ်တော့သည်။
နက်ဖြန်ည ယစ်မျိုးဝန်ထောက် သမီးနှစ်ယောက်က ဘုရားကိုးဆူ ကပ်၍ အိမ်သို့လာရန် ဖိတ်ထားသည်ကို သွားစဉ်းစားမိလေသည်။ အဝင်းသည် ဆန်းပေ့ လှပေ့ဆိုသော အဝတ်များ ရွေးဝတ်ကာ သွားစရာရှိလျှင် အဒေါ်နှင့် သွားနေကျ ဖြစ်သည်။ နက်ဖြန်ညတော့ ဘယ်နည်းနဲ့မှ သွားနိုင်တော့မည် မဟုတ်။ ဘုရားကိုးဆူအိမ်တွင် သူ့အကြောင်းကို မဲ့ကာရွဲ့ကာ ပြောဆိုကဲ့ရဲ့ နေကြမည့် အသံများသည် သူ့နားဝတွင် ညံစီနေသည်။ သူ့အမေ မိတ်ဆွေများထဲမှ သမီးရှင်တစ်စု နှုတ်ခမ်းတစ်လံ ပန်းတစ်လံနှင့် အဝင်းအကြောင်း အတင်းပြောနေကြသည်။
ခုတင်ပေါ်၌ လှဲလျောင်းနေသော အဝင်းသည် လူးလွန့် လှုပ်ရှားနေသည်။ မျက်နှာကို လက်ဝါးနှင့် အုပ်လိုက်သည်။ လက်ဝါးနှင့် အုပ်ထားရာက ဆတ်ခနဲ လက်ကို ရုပ်လျက် နားနှစ်ဖက်ပေါ်တွင် အုပ်လိုက်ကာ မျက်လုံးကို တင်းတင်းကြီး မှိတ်ထားလေသည်။ ပက်လက်နေရာမှ စောင်းသွားပြန်၏။ တစ်ဖက်စောင်းရာက တစ်ဖက်သို့ ပြန်ပြောင်း စောင်းပြန်၏။ နားပိတ်ထားသော လက်နှစ်ဖက်ကို နားမှ မခွာရဲဘဲ အုပ်မြဲ အုပ်ထားလေသည်။ အိပ်ရာပေါ်၌ ငါးဖယ်ပြန်သလို လူးလှိမ့်နေရင်း နောက်ဆုံး ခေါင်းအုံးပေါ်၌ မျက်နှာမှောက်ကာ အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက် ရှူရှိုက်နေစဉ် ဂတ်တဲဆီမှာ သံချောင်းသုံးချက် ခေါက်လိုက်သည်။
အဝင်းသည် ငြိမ်ကျသွားလျက် နာရီဝက်ခန့် မလှုပ်မယှက် ငြိမ်သက်နေသည်။ အိပ်ရာနံဘေး စားပွဲကလေးပေါ်မှ စားပွဲတင်နာရီ၏ တစ်ချက်ချက် မြည်နေသော အသံမှတစ်ပါး ဘာသံကိုမျှ မကြားရချေ။ ခေါင်းရင်းခန်းမှ အိမ်မြှောင် စုတ်ထိုးသံ ပေါ်လာ၏။ အဝင်း၏ ရင်ခုန်သံမှာ လျော့သွားလျက် အဝင်း၏ မျက်နှာပေါ်တွင် မျက်ရည်စများ စီးကျနေသည်။
လမ်းထိပ်မှ မြည်လွင့်လာသော အသံကလေးကို သဲ့သဲ့ကြားလိုက်ရသည်။ ဤ အသံမှာ ကြေးစည်သံကလေး ဖြစ်ပေသည်။ လေးနာရီ အရုဏ်တက် ဆွမ်းထချက်ကြရန် နိဗ္ဗာန်ဆော် တစ်သိုက်၏ ရှေ့ပြေးနှိုးဆော်သံ ဖြစ်သည်။ ကြေးစည်ရိုက်ခတ်သံ ကလေးသည် လေထဲတွင် တဝေ့ဝေ့ ပျောက်ကွယ် သွားသလို အဝင်း၏ နှလုံးခုန်ခြင်းသည်လည်း တဖြည်းဖြည်း ငြိမ်သက်ကျသွားသည်။
"ဘွန္တော သဗ္ဗူရိသအပေါင်း သူတော်ကောင်းတို့" နိဗ္ဗာန်ဆော်များ၏ အသံသည် အိမ်ရှေ့သို့ ရောက်လာသည်။ ဤ အသံနှင့် ရောလျက် "ပျိုလေးတို့အိမ်ခေါင်မိုး၊ ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာတဲ့လေး" ဟူသော တေးသံမှာ အဝင်း နားထဲ၌ သဲ့သဲ့ကလေးမျှ ကြားယောင် မိတော့သည်။ အဝင်းသည် မလှုပ်တော့ချေ။
မည်မျှ အချိန်ကြာသွားသည် မသိ၊ အလင်းရောင် သမ်းကာနေသည်။ အတန်ကြာ တစ်ခဲနက် ငြိမ်သက်လျက် ရှိနေစဉ် ချောက်ခနဲ အသံကို ကြားလိုက်ရ၏။ အဝင်းသည် ငြိမ်သက်နေရာမှ ဒိတ်ခနဲ ဖြစ်သွားသည်။ အသံမှာ ပိတ်ထားသော အိပ်ခန်းတံခါးဆီက လာသောအသံ ဖြစ်သည်။
ချောက်ခနဲ မြည်သော အသံနှင့် ဆက်လျက် တချွင်ချွင် ထွက်သွားသော သော့တွဲသံကို ကြားလိုက်ရသည်။
အဝင်းမှာ မျက်လုံးကို စင်းလျက် ပါးစပ်ကလေး ဟကာ ငေးကြည့်နေသည်။ သန်းခေါင်ကျော်လောက်က "ပျိုလေးတို့ အိမ်ခေါင်မိုး၊ ထိုးလာပါတဲ့ ပေဖူးလွှာ" သီချင်းသံက တစ်ပတ် ပြန်ကျော့လာစဉ် သူ့အမေက မသင်္ကာဘဲ အပြင်ဘက်မှ သော့ခတ်ထားမှန်း အခုမှ ရိပ်မိလေသည်။
ပါးစပ်ကလေး ဟထားကာ တံခါးပေါက်သို့ ငေးစိုက်နေသော အဝင်းသည် အသာတိတ်တိတ် သော့လာဖွင့်၍ တချွင်ချွင် ထွက်သွားသော သော့တွဲသံလေးကို သူ့အသက်ထက်ဆုံး အမှတ်ရနေလိမ့်မည်သာ ဖြစ်ပေတော့သည်။
------------------------
ဂျာနယ်ကျော် မမလေး
ရှုမဝ၊ အတွဲ (၃၃)၊ အမှတ်(၁၄၈)၊ စက်တင်ဘာ၊ ၁၉၅၉။
Post a Comment